မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လွတ်လပ်မှုရဲ့ ဘုရားသခင် ယေဟောဝါကို ဝတ်ပြုပါ

လွတ်လပ်မှုရဲ့ ဘုရားသခင် ယေဟောဝါကို ဝတ်ပြုပါ

“ယေဟောဝါရဲ့ စွမ်းအားတော် ရရှိ​သူတွေဟာ လွတ်လပ်မှု ရှိကြ​တယ်။” ၂ ကော. ၃:၁၇

သီချင်း– ၄၉၊ ၇၃

၁၊ ၂။ (က) တမန်တော် ပေါလု​ခေတ်​က လူတွေဟာ ကျွန်ဘဝနဲ့ လွတ်လပ်မှု​အကြောင်း ဘာကြောင့် စိတ်ဝင်စားကြ​သလဲ။ (ခ) စစ်မှန်တဲ့ လွတ်လပ်မှု ရနိုင်ဖို့ ဘယ်သူ့​ဆီ​ကို ပေါလု လမ်းညွှန်ပေး​သလဲ။

အစောပိုင်း ခရစ်ယာန်​တွေ နေထိုင်တဲ့ ရောမ​အင်ပါယာ​မှာ လူတွေဟာ ဥပဒေ၊ တရားမျှတမှု၊ လွတ်လပ်မှုအတွက် ဂုဏ်ယူ​ကြ​တယ်။ တကယ်တော့ အဲဒီ​အင်ပါယာ​ရဲ့ တန်ခိုး​အာဏာကို ကျွန်​တွေ​ရဲ့ အင်အား​နဲ့ တည်ဆောက်​ခဲ့​တာ ဖြစ်တယ်။ လူဦးရေ ၃၀ ရာခိုင်နှုန်း​လောက်​ဟာ ကျွန်​တွေ​ပဲ။ ခရစ်ယာန်​တွေ အပါအဝင် လူ​အများစုဟာ ကျွန်ဘဝနဲ့ လွတ်လပ်မှု​အကြောင်း စိတ်ဝင်စားကြ​မှာ သေချာ​တယ်။

တမန်တော် ပေါလု​ရေးတဲ့ စာ​တွေ​မှာ လွတ်လပ်မှု​အကြောင်း အများကြီး ပါတယ်။ ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာ​တော့ အဲဒီခေတ်​လူတွေ စိတ်ဝင်​စားတဲ့ လူမှုရေး၊ နိုင်ငံရေး​အကြောင်း အဓိက​ထား မဟောခဲ့ဘူး။ ပေါလုနဲ့ ခရစ်ယာန်​တွေ​ဟာ လွပ်လပ်မှုအတွက် လူ့​အုပ်စိုးရှင်​နဲ့ အဖွဲ့အစည်း​တွေကို အားကိုး​မယ့်အစား ဘုရား​နိုင်ငံ​တော် သတင်းကောင်းနဲ့ ခရစ်တော်​ယေရှုရဲ့ ရွေးဖိုး​ပူဇော်သက္ကာ​အကြောင်း လူတွေ သိလာအောင် ကြိုးစား​ကူညီ​ပေးကြတယ်။ စစ်မှန်တဲ့ လွတ်လပ်မှုရဲ့ ပင်ရင်း​ဆီ လမ်းညွှန်​ပေးတယ်။ ကောရိန္သုမြို့​က ခရစ်ယာန်တွေဆီ ရေးတဲ့ ဒုတိယ​စာမှာ “ယေဟောဝါဟာ ဝိညာဉ်​ပုဂ္ဂိုလ် ဖြစ်တယ်။ ယေဟောဝါရဲ့ စွမ်းအားတော် ရရှိ​သူတွေဟာ လွတ်လပ်မှု ရှိကြ​တယ်” လို့ ဖော်ပြခဲ့တယ်။—၂ ကော. ၃:၁၇

၃၊ ၄။ (က) ၂ ကောရိန္သု ၃:၁၇ ပါစကားကို ပေါလု ဘာကြောင့် ရေးခဲ့​သလဲ။ (ခ) ယေဟောဝါ​ဆီက လွတ်လပ်မှု ခံစားနိုင်ဖို့ ဘာ​လုပ်​ရ​မ​လဲ။

ကောရိန္သုမြို့​က ခရစ်ယာန်တွေဆီ ပေါလု​ရေးတဲ့ ဒီစာရဲ့ ပထမပိုင်းမှာ မောရှေ​ဟာ ယေဟောဝါရဲ့ ကောင်းကင်တမန်​တစ်ပါး​နဲ့ တွေ့ဆုံ​ပြီး ဆိုင်းနိုင်း​တောင်ပေါ်​က​နေ ဆင်း​လာ​ချိန်မှာ သူ့​မျက်နှာ ဘုန်းထွန်းတောက်​တဲ့​အကြောင်း ပါတယ်။ အဲဒါကို လူတွေ မြင်ပြီး ကြောက်​တဲ့​အတွက် မောရှေ​က မျက်နှာ​ကို ဖုံး​ထား​ရတယ်။ (ထွ. ၃၄:၂၉၊ ၃၀၊ ၃၃။ ၂ ကော. ၃:၇၊ ၁၃) “ယေဟောဝါ​ဆီ ပြန်လှည့်​လာတဲ့အခါ​မှ အဲဒီ​မျက်နှာဖုံး ဖယ်ရှားခံရ​တယ်” လို့ ပေါလု ရှင်းပြ​တယ်။ (၂ ကော. ၃:၁၆) ဘာကို ဆိုလို​သလဲ။

ရှေ့ဆောင်းပါး​အရ အရာခပ်သိမ်း​ကို ဖန်ဆင်း​တဲ့ ယေဟောဝါဟာ အကြွင်းမဲ့​လွတ်လပ်မှု ပိုင်ဆိုင်သူ ဖြစ်တယ်။ ဒါကြောင့် ယေဟောဝါ ရှိတဲ့​နေရာမှာ၊ “ယေဟောဝါရဲ့ စွမ်းအားတော် ရရှိသူတွေ” မှာ လွတ်လပ်မှု ရှိတယ်။ အဲဒီ​လွတ်လပ်မှုက​နေ အကျိုး​ခံစားနိုင်ဖို့ “ယေဟောဝါ​ဆီ ပြန်လှည့်လာ” ရမယ်။ တစ်နည်း​အား​ဖြင့် ဘုရား​သခင်​နဲ့ ဆက်ဆံရေးကောင်း ရှိ​ရမယ်။ အစ္စရေးတွေ တောကန္တာရ​မှာ ရှိနေတုန်းက ယေဟောဝါ လုပ်ပေးခဲ့တာ​တွေ​အပေါ် သဘောထား​မှန် မရှိကြဘူး။ စိတ်နှလုံး အမှောင်​ဖုံးပြီး ရလာတဲ့ လွတ်လပ်မှုကို ကိုယ်ကျိုး​အတွက် သုံး​ဖို့ပဲ အာရုံစိုက်​ခဲ့ကြ​တယ်။—ဟီ. ၃:၈-၁၀

၅။ (က) ယေဟောဝါရဲ့ စွမ်းအားတော်​က ဘယ်လို​လွတ်လပ်မှု​မျိုး ရရှိစေ​သလဲ။ (ခ) ပကတိ ချုပ်နှောင်ခံရ​ပေ​မဲ့ ယေဟောဝါ​ပေး​တဲ့ လွတ်လပ်မှု မဆုံးရှုံး​မှန်း ဘယ်လို သိနိုင်​သလဲ။ (ဂ) ဘယ်မေးခွန်းတွေကို သုံးသပ်​ဖို့ လို​သလဲ။

ယေဟောဝါရဲ့ စွမ်းအားတော်​နဲ့​ဆိုင်တဲ့ လွတ်လပ်မှု​ဟာ ပကတိ ကျွန်ဘဝက​နေ လွတ်မြောက်​စေ​ရုံ​လောက်ပဲ မဟုတ်ဘူး။ ယေဟောဝါရဲ့ စွမ်းအားတော်​က အပြစ်နဲ့ သေခြင်း​အပြင် မှားယွင်းတဲ့ ဝတ်ပြုရေး​နဲ့ ဓလေ့ထုံးစံ​တွေ​ရဲ့ ကျွန်ဘဝက​နေ​လည်း လွတ်မြောက်​စေတယ်။ ဒါကို ဘယ်​လူသား​မှ မလုပ်ပေးနိုင်ဘူး။ (ရော. ၆:၂၃။ ၈:၂) တကယ့် လွတ်လပ်မှု​ကြီး​ပါပဲ။ ထောင်ကျ​နေချိန်၊ ကျွန်ဘဝ​ရောက်နေ​ချိန်မှာ​တောင် အဲဒီ​လွတ်လပ်မှုကို ခံစား​နိုင်တယ်။ (က. ၃၉:၂၀-၂၃) ယုံကြည်ခြင်း​အတွက် နှစ်ပေါင်း​များစွာ ထောင်ကျ​ခဲ့တဲ့ ညီအစ်မ နန်စီယွန်နဲ့ ညီအစ်ကို ဟ​ယ်​ရယ်​ကင်း​တို့ အဲဒီအတိုင်း ခံစားခဲ့​ရတယ်။ JW ရုပ်သံ​မှာ သူတို့ရဲ့​တွေ့ကြုံမှု ပါတယ်။ (လူတွေ့မေးမြန်းခန်းနဲ့ တွေ့ကြုံမှုများ > စမ်းသပ်မှု​များ ရင်ဆိုင်​ရချိန် ခေါင်းစဉ်​အောက်မှာ ကြည့်ပါ။) လွတ်လပ်မှုကို မြတ်နိုး​ကြောင်း ဘယ်လို ဖော်ပြ​နိုင်သလဲ၊ လွတ်လပ်မှုကို အကျိုးရှိရှိ ဘယ်လို​သုံးနိုင်​သလဲ ဆို​တဲ့​မေးခွန်း​တွေကို သုံးသပ်​ဖို့ လိုတယ်။

ဘုရားပေး လွတ်လပ်မှုကို တန်ဖိုးထားခြင်း

၆။ ယေဟောဝါ​ပေး​တဲ့ လွတ်လပ်မှုကို ကျေးဇူး​မတင်​ကြောင်း အစ္စရေးတွေ ဘယ်လို ပြခဲ့ကြသလဲ။

လက်ဆောင်​တစ်ခု​ရဲ့ တန်ဖိုးကြီး​မား​မှု​ကို သိလိုက်​ရတဲ့​အ​ခါ လက်ဆောင်ပေးသူကို ကျေးဇူးတင်ကြောင်း ပြ​ချင်​ကြမှာ​ပဲ။ အစ္စရေးတွေကတော့ အီဂျစ်​ကျွန်ဘဝက​နေ လွတ်မြောက်​အောင် ယေဟောဝါ လုပ်ပေးခဲ့တာ​ကို ကျေးဇူး​မတင်​ကြဘူး။ လ​အနည်းငယ်​ကြာ​တော့ အီဂျစ်​မှာ စား​သောက်ခဲ့​ရတာတွေကို ပြန်တမ်း​တ​ကြ​တယ်။ ယေဟောဝါ ပြင်ဆင်​ပေးတာကို ညည်းညူ​ပြီး အီဂျစ်​ကို​တောင် ပြန်​ချင်​ကြ​တယ်။ စစ်မှန်တဲ့​ဘုရား ယေဟောဝါကို လွတ်လပ်​စွာ ဝတ်ပြုခွင့်​ထက် “ငါး၊ သ​ခွား​သီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ​တွေ” ကို အဓိက​ထား​ကြ​တယ်။ ဒါကြောင့် သူတို့ကို ယေဟောဝါ စိတ်ဆိုး​ခဲ့​တာ အံ့သြစရာ မဟုတ်ပါဘူး။ (တော. ၁၁:၅၊ ၆၊ ၁၀။ ၁၄:၃၊ ၄) ကျွန်တော်တို့​အတွက် သင်ခန်းစာ​ပါပဲ။

၇။ ၂ ကောရိန္သု ၆:၁ မှာပါတဲ့ အကြံပေးချက်​နဲ့အညီ ပေါလု ဘယ်လို လုပ်ဆောင်ခဲ့​သလဲ။ ကျွန်တော်တို့လည်း ဘယ်လို လုပ်​နိုင်သလဲ။

သားတော် ယေရှု​ခရစ်​က​တစ်ဆင့် ယေဟောဝါ​ပေးတဲ့ လွတ်လပ်မှုကို အခွင့်ကောင်း မယူဖို့ ခရစ်ယာန်​အားလုံးကို တမန်တော်​ပေါလု တိုက်တွန်း​တယ်။ (၂ ကောရိန္သု ၆:၁ ကို​ဖတ်ပါ။) အပြစ်နဲ့ သေခြင်း​ရဲ့ ကျွန်ဘဝ​ရောက်နေ​ပြီ​လို့ ခံစား​ရတဲ့ ပေါလု​ရဲ့ စိတ်ဒုက္ခ၊ သိစိတ်​ရဲ့ ထိုးနှက်မှု​ဒဏ်​ကို စဉ်းစားကြည့်ပါ။ ဒါတောင်မှ “သခင်ယေရှု​ခရစ်​အား​ဖြင့် ကျွန်တော့်ကို ကယ်တင်​တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ သူပြောတယ်။ ဘာကြောင့်လဲ။ “ခရစ်တော်​ယေရှုနဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ရှိနေ​သူတွေကို အသက်ပေးတဲ့ စွမ်းအားတော်​နဲ့​ဆိုင်တဲ့ တရား​က ခင်ဗျားတို့​ကို အပြစ်​တရား​နဲ့ သေခြင်းတရား​ရဲ့ လက်အောက်​က​နေ လွတ်မြောက်​စေ​လို့ပဲ” ဆို​ပြီး သူ​ရှင်းပြ​တယ်။ (ရော. ၇:၂၄၊ ၂၅။ ၈:၂) ကျွန်တော်တို့လည်း အပြစ်နဲ့ သေခြင်းကနေ ယေဟောဝါ လွတ်မြောက်​စေခဲ့တာ​ကို ပေါလု​လိုပဲ ကျေးဇူးတင်​သင့်တယ်။ ရွေးဖိုး​ပူဇော်သက္ကာ​ကြောင့် ဘုရားသခင်ကို စင်ကြယ်​တဲ့ သိစိတ်နဲ့ ကိုးကွယ်​နိုင်​လို့ တကယ်​ပျော်ရွှင်​နေကြတယ်။—ဆာ. ၄၀:၈

လွတ်လပ်​စွာ ရွေးချယ်ခွင့်​ကို နိုင်ငံ​တော်​လုပ်ငန်း တိုးတက်ရေး​အတွက် အသုံးချ​နေ​သလား၊ ဒါမှမဟုတ် ကိုယ်ကျိုး​အတွက် အသုံးချ​နေ​သလား (အပိုဒ် ၈-၁၀ ကို ကြည့်ပါ)

၈၊ ၉။ (က) လွတ်လပ်မှုနဲ့​ပတ်သက်ပြီး တမန်တော် ပေတရု ဘယ်လို သတိပေး​သလဲ။ (ခ) အခု ဘယ်​အန္တရာယ်​တွေ ရင်ဆိုင်​နေရသလဲ။

ကျေးဇူးတင်ကြောင်း ပြ​တဲ့​အပြင် လွတ်လပ်မှုကို အလွဲသုံးစား မ​လုပ်ဖို့​လည်း သတိထား​ရမယ်။ လွတ်လပ်မှုကို ခုတုံး​လုပ်ပြီး သွေးသားဆန္ဒ ဖြည့်ဆည်း​တာကို တမန်တော် ပေတရု သတိ​ပေးခဲ့တယ်။ (၁ ပေတရု ၂:၁၆ ကို​ဖတ်ပါ။) ဒီ​သတိပေးချက်​က တောကန္တာရ​မှာ အစ္စရေးတွေ ဘာတွေ ကြုံခဲ့ရ​တယ်ဆိုတာ ပြန်သတိရ​စေတယ်။ ကျွန်တော်တို့မှာ ဒီထက်မက အန္တရာယ် ရှိ​နိုင်တယ်။ စာတန်​နဲ့ လောက​ဟာ အဝတ်အစား၊ အစားအသောက်၊ ဖျော်ဖြေရေး၊ အပန်းဖြေမှု စတဲ့​ကဏ္ဍ​တွေ​မှာ မက်လုံး​အမျိုးမျိုး​ပေး​ပြီး ဆွဲဆောင်​နေတယ်။ ကြော်ငြာ​တွေကလည်း မလိုအပ်ဘဲ ပစ္စည်း​တွေ ဝယ်​ချင်​လာအောင် ဆွဲဆောင်​နေတယ်။ လွတ်လပ်မှုကို အလွဲသုံးစား​လုပ်ပြီး အဲဒီ​ထောင်ချောက်​တွေ​ထဲ ကျဖို့ သိပ်​လွယ်​တယ်။

ပေတရု​ရဲ့​အကြံဉာဏ်​ဟာ ပညာရေး၊ အလုပ်အကိုင် ရွေးချယ်ခြင်း​စတဲ့ အရေးကြီး ဘဝကဏ္ဍ​တွေ​နဲ့လည်း သက်ဆိုင်​တယ်။ ဥပမာ၊ လူငယ်တွေဟာ နာမည်ကြီး​တက္ကသိုလ် ဝင်နိုင်အောင် အမှတ်​ကောင်းရဖို့ ဖိအားပေး​ခံ​နေရတယ်။ တက္ကသိုလ်​တက်​မှ လစာ​ကောင်းပြီး ဂုဏ်​ရှိတဲ့​အလုပ် ရနိုင်မယ်လို့ အယုံသွင်း​ခံ​နေရတယ်။ နာမည်ကြီး​တက္ကသိုလ်က​နေ ဘွဲ့​ရသူ​တွေ​နဲ့ အခြေခံ​ပညာ​ပဲ သင်​ထား​သူတွေ​ရဲ့ ဝင်ငွေ ကွာဟချက်​ကို​လည်း တွက်​ပြ​ကြ​တယ်။ တစ်ဘဝလုံး​အပေါ် သက်ရောက်မှု ရှိစေ​တဲ့ ဆုံးဖြတ်ချက် ချ​ရမယ့်​အခါမျိုးမှာ အဲဒါတွေ​က သွေးဆောင်မှု​ဖြစ်စေတယ်။ လူငယ်တွေ​နဲ့ မိဘတွေ ဘာကို စိတ်​စွဲမှတ်​ထား​သင့်သလဲ။

၁၀။ ကိုယ်ရေးကိုယ်တာ​ကိစ္စတွေမှာ လွတ်လပ်​စွာ ရွေးချယ်ခွင့် ရှိပေမဲ့ ဘာကို အမှတ်ရ​နေဖို့ လို​သလဲ။

၁၀ အဲဒါတွေဟာ ကိုယ်ရေးကိုယ်တာ​ကိစ္စ​ဆို​တော့ ကိုယ့်​သိစိတ် ခွင့်ပြု​တယ်ဆိုရင် လွတ်လွတ်လပ်လပ် လုပ်​ခွင့်​ရှိတယ်လို့ တချို့ ယူဆကြ​မယ်။ ‘အခြား​သောသူ​၏​စိတ်​သည် ငါ၏​အခွင့်​ကို အဘယ်ကြောင့် စစ်ကြောစီရင်​ရမည်​နည်း’ ဆို​တဲ့ အစားအသောက်​နဲ့ပတ်သက်တဲ့ တမန်တော်​ပေါလု ပြောတဲ့​စကားကို စိတ်ထဲ​ရှိနေ​လို့ ဖြစ်မယ်။ (၁ ကော. ၁၀:၂၉ယုဒသန်) ပညာရေး၊ အလုပ်အကိုင် စ​တာ​တွေ​မှာ လွတ်လွတ်လပ်လပ် ကိုယ်ပိုင် ရွေးချယ်ခွင့် ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ လွတ်လပ်မှု အကန့်အသတ် ရှိတယ်၊ ဆုံးဖြတ်ချက်​တိုင်းမှာ အကျိုးဆက်​တွေ ရှိတယ်ဆိုတာ အမှတ်ရ​နေဖို့ လိုတယ်။ ဒါကြောင့် ပေါလုက “အရာအားလုံးကို လုပ်​လို့​ရတာ မှန်​ပေ​မဲ့ အရာအားလုံး အကျိုးရှိတာ မဟုတ်ဘူး။ အရာအားလုံးကို လုပ်​လို့​ရတာ မှန်​ပေ​မဲ့ အရာအားလုံး အားပေးမှု​ဖြစ်စေ​တာ မဟုတ်ဘူး” လို့ ဆို​တယ်။ (၁ ကော. ၁၀:၂၃) အဲဒါက ဘဝ​ကဏ္ဍအသီးသီး​မှာ ကိုယ့်​အကြိုက်​ထက် ပို​အရေးကြီး​တာ ရှိ​ကြောင်း သိမြင်​စေတယ်။

လွတ်လပ်မှုကို ဘုရား​အမှုဆောင်​ရာမှာ အကျိုးရှိရှိ သုံး​ပါ

၁၁။ ကျွန်တော်တို့ကို လွတ်လပ်မှု​ပေး​တဲ့ ရည်ရွယ်ချက်​က ဘာလဲ။

၁၁ လွတ်လပ်မှုကို အလွဲသုံးစား မ​လုပ်ဖို့ ပေတရု သတိပေး​တဲ့​အ​ခါ အကြောင်းရင်းကို ထောက်ပြ​တယ်။ “ဘုရားသခင်ကို ဝတ်ပြု​ကိုးကွယ်​သူတွေ​အဖြစ်” လွတ်လပ်မှုကို သုံး​ဖို့ သူ​တိုက်တွန်း​တယ်။ အပြစ်နဲ့ သေခြင်းကနေ ယေရှု​က​တစ်ဆင့် ယေဟောဝါ လွတ်မြောက်​စေတဲ့ ရည်ရွယ်ချက်​က “ဘုရားသခင်ကို ဝတ်ပြု​ကိုးကွယ်​သူတွေ၊” ဆက်ကပ်​အပ်နှံထားသူ​တွေ​အဖြစ် အသက်ရှင်ဖို့​ပဲ။

၁၂။ နောဧ​နဲ့ မိသားစု ဘာ​ပုံသက်သေ ချမှတ်​ခဲ့​သလဲ။

၁၂ လွတ်လပ်မှုကို အလွဲသုံးစား လုပ်ခြင်း၊ ရည်မှန်းချက်​ကြီး​ခြင်း၊ လောက​အလိုဆန္ဒ​တွေ ရှိ​ခြင်းကနေ ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်း​က ဘုရားရေးရာ​လုပ်ဆောင်မှု​တွေ​မှာ စိတ်​နှစ်မြှုပ်​ထားဖို့​ပဲ။ (ဂ​လ. ၅:၁၆) နောဧ​နဲ့ မိသားစု​အကြောင်း သုံးသပ်ကြည့်ပါ။ အကြမ်းဖက် အကျင့်ပျက် လောကမှာ အသက်ရှင်​ခဲ့​ရပေမဲ့ ဝန်းကျင်ရှိ​သူတွေ​ရဲ့ အလိုဆန္ဒ​တွေ၊ လိုက်စားမှုတွေနဲ့ ကင်းကင်းရှင်းရှင်း နေ​ခဲ့ကြ​တယ်။ ဘယ်လို နေ​နိုင်ခဲ့ကြ​သလဲ။ ယေဟောဝါ ခိုင်း​ထားတဲ့ သင်္ဘော​ဆောက်​ခြင်း၊ ကိုယ်တိုင်​နဲ့ တိရစ္ဆာန်တွေ​အတွက် အစားအစာ သိုလှောင်​ခြင်း၊ တခြား​သူတွေကို သတိပေးခြင်း​လုပ်ငန်း​တွေ​မှာ အလုပ်များ​နေကြ​လို့​ပါပဲ။ ‘နောဧဟာ ဘုရား​သခင် မိန့်မှာ​သမျှ​အတိုင်း လုပ်တယ်။ မှာ​ထားတဲ့​အတိုင်း လုပ်တယ်။’ (က. ၆:၂၂) ဘာ​ရလဒ် ရခဲ့​သလဲ။ ဖျက်ဆီးခြင်းဘေး​က​နေ နောဧ​နဲ့ မိသားစု လွတ်မြောက်​ခဲ့​တယ်။—ဟီ. ၁၁:၇

၁၃။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ကို ယေဟောဝါ ဘာ​မိန့်မှာ​ထားသလဲ။

၁၃ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ကို ယေဟောဝါ ဘာ​မိန့်မှာ​ထားသလဲ။ ယေရှု​တပည့်​တွေ​အနေနဲ့ ဘုရားပေး​တာဝန်ကို ကောင်းကောင်း သိထားကြတယ်။ (လုကာ ၄:၁၈၊ ၁၉ ကို​ဖတ်ပါ။) လူ​အများစုဟာ ဒီ​လောက​စနစ်​ရဲ့ ဘုရား​ကြောင့် ဉာဏ်​မျက်စိ ကွယ်​နေ​ပြီး ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး​အချုပ်အနှောင်​အောက် ရောက်​နေကြတယ်။ (၂ ကော. ၄:၄) ကျွန်တော်တို့​က​တော့ ယေရှု​ပုံသက်သေ​ကို တုပ​ပြီး လွတ်လပ်မှုရဲ့​ဘုရား ယေဟောဝါကို ဝတ်ပြု​လာအောင် လူတွေကို ကူညီပေး​ခွင့် ရထားတယ်။ (မ. ၂၈:၁၉၊ ၂၀) လွယ်​တဲ့​အလုပ်​တော့ မဟုတ်ဘူး။ အခက်အခဲ အများကြီး ရှိတယ်။ တချို့​နိုင်ငံမှာ လူတွေဟာ ဘာသိဘာသာ နေ​လာကြတယ်၊ ရန်လို​လာကြတယ်။ ကျွန်တော်​တို့​ယောက်​တိုင်း​ ‘ငါ့​လွတ်လပ်မှုကို နိုင်ငံ​တော်​လုပ်ငန်း ထောက်ပံ့​ရာမှာ သုံး​နိုင်မလား’ လို့ စဉ်းစား​သင့်တယ်။

၁၄၊ ၁၅။ ဟောပြောခြင်း​လုပ်ငန်းကို ယေဟောဝါရဲ့​လူမျိုး ဘယ်လို သဘောထားကြသလဲ။ (ဆောင်းပါး​အစ​မှာပါတဲ့ ပုံကို​ ကြည့်ပါ။)

၁၄ လက်ရှိ​အချိန်​ရဲ့ အရေးကြီးမှုကို လူ​များစွာ သတိပြုမိ​ပြီး အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်နိုင်ဖို့ ဘဝကို ရိုးရှင်း​စေခဲ့​ကြ​တယ်။ (၁ ကော. ၉:၁၉၊ ၂၃) ကို​ယ့်​နယ်မြေ​မှာ အမှုဆောင်​သူတွေ ရှိ​သလို ပိုလိုအပ်တဲ့​နေရာကို ပြောင်းရွှေ့​သူတွေလည်း ရှိတယ်။ မှတ်တမ်း​တွေ​အရ လွန်ခဲ့တဲ့ ငါးနှစ်​အတွင်း မှန်မှန်ရှေ့ဆောင် ပျမ်းမျှ​အရေအတွက် ၁,၁၀၀,၀​၀​၀ ကျော်​အထိ တိုးများလာတယ်။ ဒါကြောင့် အချိန်ပြည့် ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​သူ ၂၅၀,၀​၀​၀ ကျော် ထပ်​တိုးလာ​တယ်။ လွတ်လပ်မှုကို ယေဟောဝါ အမှုတော်ဆောင်​ရာမှာ အကျိုးရှိရှိ သုံး​ခြင်း​ရဲ့ ရလဒ်ကောင်း​ပါပဲ။—ဆာ. ၁၁၀:၃

၁၅ လွတ်လပ်မှုကို အကျိုးရှိရှိ သုံး​ဖို့ ညီအစ်ကို/မတွေကို ဘာ​က ကူညီပေး​သလဲ။ နိုင်ငံများစွာ​မှာ နှစ်ပေါင်း ၃၀ ကြာ အမှုဆောင်ခဲ့​တဲ့ ဂျွန်​နဲ့ ဂျူးဒစ်ကို သုံးသပ်ကြည့်ပါ။ ရှေ့ဆောင်လုပ်ငန်း​ကျောင်း စတင်​တဲ့ ၁၉၇၇ ခုနှစ်မှာ ပိုလိုအပ်တဲ့​နေရာတွေ​ကို ပြောင်းရွှေ့​အမှုဆောင်​ကြ​ဖို့ အလေးပေး ပြောခဲ့တာကို သူတို့ မှတ်မိ​သေးတယ်။ အဲဒီ​ပန်းတိုင် ရောက်​နိုင်ဖို့ ဂျွန်​ဟာ အလုပ်​အမျိုးမျိုး ပြောင်း​လုပ်ပြီး ဘဝကို ရိုးရိုးရှင်းရှင်း ထားခဲ့​တယ်။ သူတို့ နိုင်ငံ​ရပ်​ခြား​ကို ရောက်​တော့ ယေဟောဝါ​ဆီ ဆုတောင်း အားထားခြင်းက ဘာသာစကား​သစ် သင်ယူဖို့၊ ယဉ်ကျေးမှု​အသစ်​မှာ နေသားကျ​ဖို့၊ ရာသီဥတုဒဏ် ခံ​နိုင်ဖို့ အကူအညီ ဖြစ်စေတယ်။ သူတို့ ဘယ်လို အကျိုး​ရခဲ့​သလဲ။ “အကောင်းဆုံး​အလုပ်မှာ ဘဝကို မြှုပ်နှံ​ခဲ့​တယ်လို့ ခံစား​မိတယ်။ ယေဟောဝါဟာ တကယ့်​ပုဂ္ဂိုလ်၊ မေတ္တာပြည့်ဝ​တဲ့ ဖခင်​လို ဖြစ်လာတယ်။ ‘ဘုရား​သခင်​နဲ့ ရင်းနှီး​အောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရား​သခင်​လည်း ခင်ဗျားတို့​နဲ့ ရင်းနှီး​လာလိမ့်မယ်’ ဆို​တဲ့ ယာကုပ် ၄:၈ ပါ ကျမ်းစကား​ရဲ့ အဓိပ္ပာယ်​ကို ပို​နားလည်​လာတယ်။ ကျွန်တော်​ရှာ​နေတဲ့ ဘဝ​ရည်ရွယ်ချက်ကို တွေ့ပြီ” ဆို​ပြီး ဂျွန် ပြောတယ်။

၁၆။ လူများ​စွာ​ဟာ အခြေအနေ​ခွင့်ပြု​သ​ရွေ့ လွတ်လပ်မှုကို ဘယ်လို အကျိုးရှိရှိ အသုံးပြု​ခဲ့​သလဲ။

၁၆ တချို့ကျတော့ ဂျွန်​နဲ့ ဂျူးဒစ်​တို့​လို မဟုတ်ဘဲ အချိန်ပြည့်​လုပ်ငန်းမှာ တစ်ခဏ​ပဲ ပါဝင်​နိုင်ကြ​တယ်။ အများစုက ကမ္ဘာ​တစ်ဝန်း ဆောက်လုပ်ရေး စီမံကိန်း​တွေ​မှာ စေတနာ့ဝန်ထမ်း လုပ်ကြတယ်။ ဥပမာ၊ နယူးယောက်​ပြည်နယ်၊ ဝေါဝစ် ကမ္ဘာ့ဌာနချုပ်​ကို ဆောက်​ချိန်မှာ ညီအစ်ကို/မ ၂၇,၀​၀​၀ ခန့်​ဟာ နှစ်ပတ်​ကနေ တစ်နှစ်​မက လုပ်အားပေး​ခဲ့ကြ​တယ်။ အများစုဟာ ကိုယ်ကျိုး​စွန့်ပြီး လုပ်အားပေး​ကြ​တာ။ လွတ်လပ်မှုရဲ့​ဘုရား ယေဟောဝါကို ချီးမွမ်း​ဂုဏ်တင်​ဖို့ ဘုရားပေး လွတ်လပ်မှုကို အကောင်းဆုံး အသုံးချ​ခဲ့တဲ့ နမူနာ​ပါပဲ။

၁၇။ ဘုရားပေး လွတ်လပ်မှုကို အကျိုးရှိရှိ အသုံးချ​သူတွေ​အတွက် ဘာ​ကောင်းချီးတွေ စောင့်ကြို​နေသလဲ။

၁၇ ယေဟောဝါကို သိကျွမ်းခွင့်​ရပြီး စစ်မှန်တဲ့ ဝတ်ပြု​ရေး​ကြောင့် လွတ်လပ်မှု ခံစားရ​နေတဲ့​အတွက်​ ကျေးဇူး​တင်စရာ​ပါပဲ။ ကိုယ့်ရဲ့ ရွေးချယ်မှုတွေက လွတ်လပ်မှုကို တန်ဖိုးထားကြောင်း ဖော်ပြ​နိုင်ပါစေ။ လွတ်လပ်မှုကို တလွဲသုံး​မယ့်အစား ယေဟောဝါကို စိတ်နှလုံး​အပြည့်အဝ​နဲ့ အတတ်နိုင်ဆုံး အမှုဆောင်​ကြ​စို့။ ဒါဆိုရင် “ဖန်ဆင်းရာတွေဟာ ဖောက်ပြန်ပျက်စီးခြင်းရဲ့ ကျွန်ဘဝက​နေ လွတ်မြောက်ပြီး ဘုရားသခင့် သားသမီး​တွေရဲ့​ ဘုန်းအသရေ​နဲ့​ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစား​ရမယ်”​ ဆို​တဲ့ ယေဟောဝါရဲ့ ပရောဖက်ပြုချက်​ပါ​ ကောင်းချီးတွေ ခံစားရဖို့ စောင့်မျှော်​နိုင်ပါတယ်။—ရော.​ ၈:၂၁