မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၇

နတ်ဆိုးတွေကို တွန်းလှန်ဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ

နတ်ဆိုးတွေကို တွန်းလှန်ဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ

“ကျွန်တော်တို့ဟာ . . .ကောင်းကင်က နတ်ဆိုး​များစွာနဲ့ တိုက်ခိုက်​နေရတာပါ။”—ဧ. ၆:၁၂

သီချင်း ၅၅ သူတို့ကို မကြောက်​နဲ့

အကြို​သုံးသပ်ချက် *

၁။ ဧဖက် ၆:၁၀-၁၃ အရ ကျွန်တော်တို့​အတွက် စိုးရိမ်​ကြောင်း ယေဟောဝါ ဖော်ပြတဲ့ နည်း​တစ်နည်း​က ဘာလဲ။ ရှင်းပြပါ။

ကျွန်တော်တို့​အတွက် စိုးရိမ်​ကြောင်း ယေဟောဝါ ဖော်ပြတဲ့ နည်း​တစ်​နည်းကတော့ ရန်သူတွေကို တွန်းလှန်ဖို့ ကူညီ​ပေးခြင်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဓိက ရန်သူ​ဟာ စာတန်နဲ့ နတ်ဆိုး​တွေ​ပဲ။ အဲဒီ​ရန်သူတွေ​အကြောင်း ယေဟောဝါ သတိပေး​ထားတယ်။ သူတို့ကို တွန်းလှန်​နိုင်ဖို့ လိုအပ်တာတွေကိုလည်း ပေးထားတယ်။ (ဧဖက် ၆:၁၀-၁၃ ကိုဖတ်ပါ။) ယေဟောဝါရဲ့ အကူအညီကို လက်ခံ​ပြီး ဘုရားကို အပြည့်အဝ အားကိုးမယ်​ဆိုရင် မာရ်နတ်ကို အောင်မြင်​စွာ တွန်းလှန်နိုင်​ပါလိမ့်မယ်။ “ဘုရားသခင်သာ ကျွန်တော်တို့​ဘက်မှာ ရှိရင် ကျွန်တော်တို့ကို ဘယ်သူ ဆန့်ကျင်​နိုင်မလဲ” လို့ ပြောခဲ့တဲ့ တမန်တော် ပေါလု​လို ယုံကြည်​စိတ်ချမှု ရှိ​နိုင်ပါတယ်။—ရော. ၈:၃၁

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

ခရစ်ယာန်စစ်​တွေ​ဖြစ်တဲ့ ကျွန်တော်တို့ဟာ စာတန်နဲ့ နတ်ဆိုး​တွေ​အကြောင်း စိတ်မဝင်စား​ကြဘူး။ ယေဟောဝါ​အကြောင်း သင်ယူဖို့၊ အလိုတော်​ဆောင်ဖို့​ပဲ အာရုံစိုက်​ကြတယ်။ (ဆာ. ၂၅:၅) ဒါပေမဲ့ စာတန်​သုံးတဲ့ နည်းတွေကို သိထားဖို့ လိုတယ်။ အဲဒါတွေကို သိ​မှ စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်​တွေကို ရှောင်​နိုင်မှာ ဖြစ်လို့ပဲ။ (၂ ကော. ၂:၁၁) လူတွေကို စာတန်နဲ့ နတ်ဆိုး​တွေ လှည့်စား​နေတဲ့ အဓိက​နည်းအကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ သူတို့ကို ဘယ်လို အောင်မြင်​စွာ တွန်းလှန်​နိုင်ကြောင်း​လည်း ဆွေးနွေးပါမယ်။

လူတွေကို နတ်ဆိုး​တွေ လှည့်စား​ပုံ

၃-၄။ (က) နတ်ဆိုး​ပညာ​ဆိုတာ ဘာလဲ။ (ခ) နတ်ဆိုး​ပညာ ဘယ်လောက် ပျံ့နှံ့​နေသလဲ။

လူတွေကို စာတန်နဲ့ နတ်ဆိုး​တွေ လှည့်စားတဲ့ အဓိက​နည်း​ကတော့ နတ်ဆိုး​ပညာ​အားဖြင့်​ပဲ။ နတ်ဆိုး​ပညာ လိုက်စား​သူတွေဟာ လူတွေ မသိတာ၊ မထိန်းချုပ်​နိုင်တာ​တွေကို သိတယ်၊ ထိန်းချုပ်​နိုင်တယ်လို့ ပြော​ကြတယ်။ ဥပမာ၊ နတ်​ဝိဇ္ဇာ​အတတ်​နဲ့ ဗေဒင်​ပညာ သုံးပြီး အနာဂတ်ကို သိ​နိုင်တယ်လို့ ပြော​ကြတယ်။ သေလွန်​သူတွေနဲ့ စကားပြော​နိုင်တဲ့​ပုံ ဖမ်း​ကြတယ်။ တချို့က စုန်းအတတ်၊ မှော်အတတ် လိုက်စား​ပြီး ပြုစား​ကြတယ်။ *

နတ်ဆိုး​ပညာ ဘယ်လောက် ပျံ့နှံ့​နေသလဲ။ လက်တင်အမေရိက​နဲ့ ကရစ်ဘီယံ ၁၈ နိုင်ငံမှာ လုပ်တဲ့ စစ်တမ်း​အရ မှော်အတတ်၊ စုန်း​အတတ်ကို ယုံတဲ့သူ သုံးပုံတစ်ပုံ ရှိပြီး အများစုက ဝိညာဉ်​တွေ​နဲ့ ဆက်သွယ်​လို့​ရတယ်​ဆိုပြီး ယူမှတ်တယ်။ အာဖရိက​မှာလည်း ၁၈ နိုင်ငံ​ကို စစ်တမ်း​ကောက်ခဲ့​တယ်။ တစ်ဝက်​ကျော်ဟာ စုန်း​အတတ်ကို ယုံကြ​တယ်။ ဒါကြောင့် ဘယ်မှာ​ပဲ နေထိုင်​ပါစေ နတ်ဆိုး​ပညာ​ကို တွန်းလှန်​ရမယ်။ စာတန်ဟာ “လူ​နေထိုင်​ရာ မြေတစ်ပြင်လုံး​ကို” လှည့်စားဖို့ ကြိုးစား​နေတယ်။—ဗျာ. ၁၂:၉

၅။ နတ်ဆိုး​ပညာ​ကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။

ယေဟောဝါဟာ “အမှန်တရားရဲ့​ဘုရား” ဖြစ်တယ်။ (ဆာ. ၃၁:၅) နတ်ဆိုး​ပညာ​ကို ဘုရား ဘယ်လို သဘောထားသလဲ။ ရွံမုန်းတယ်။ “ခင်ဗျားတို့ဆီမှာ ကိုယ့်သားသမီးကို မီးရှို့​ပူဇော်သူ၊ နတ်​ဆရာ၊ မှော်ဆရာ၊ နိမိတ်ဖတ်​သူ၊ ပယောဂ​ဆရာ၊ စုန်းအတတ်နဲ့​ပြုစား​သူ၊ နတ်ကတော်​ကို၊ ဗေဒင်​ဆရာ​ကို မေးမြန်းတဲ့​သူ၊ လူသေကို မေးမြန်းတဲ့​သူ တစ်ယောက်မှ မရှိ​ရ​ဘူး။ အဲဒီလို​လူတွေကို ယေဟောဝါ ရွံမုန်းတယ်” လို့ အစ္စရေးတွေကို ယေဟောဝါ ပြောတယ်။ (တရား. ၁၈:၁၀-၁၂) ခရစ်ယာန်တွေဟာ အစ္စရေးတွေကို ပေးခဲ့တဲ့ ပညတ်တရား​အောက်မှာ မရှိတော့ဘူး။ ဒါပေမဲ့ နတ်ဆိုး​တွေ​နဲ့​ပတ်သက်တဲ့ ဘုရားရဲ့ သဘောထား မပြောင်းလဲ​ဘူးဆို​တာ သိထားကြတယ်။—မာ​လ. ၃:၆

၆။ (က) လူတွေကို အန္တရာယ်​ပြု​ဖို့ နတ်ဆိုး​ပညာ​ကို စာတန် ဘယ်လို သုံး​နေသလဲ။ (ခ) ဒေသနာ ၉:၅ အရ လူသေတွေရဲ့ အခြေအနေမှန်​က ဘာလဲ။

နတ်ဆိုး​ပညာ သုံးပြီး လူတွေကို စာတန် အန္တရာယ်​ပြု​နေမှန်း ယေဟောဝါ သိတဲ့​အတွက် သတိပေး​ထားတယ်။ စာတန်ဟာ နတ်ဆိုး​ပညာ သုံးပြီး လိမ်ညာမှု​တွေကို ဖြန့်​နေတယ်။ အဲဒီ​ထဲမှာ လူသေ​တွေ တခြား​ဘုံမှာ အသက်​ရှင်​နေတယ်​ဆိုတဲ့ လိမ်ညာမှု​လည်း ပါဝင်တယ်။ (ဒေသနာ ၉:၅ ကိုဖတ်ပါ။) လူတွေ ကြောက်လန့်​အောင်၊ ယေဟောဝါနဲ့ ဝေးကွာ​သွားအောင်လည်း နတ်ဆိုး​ပညာ​ကို စာတန် သုံး​နေတယ်။ အဓိက​ရည်ရွယ်ချက်ကတော့ ယေဟောဝါ​အစား နတ်ဆိုးတွေကို ယုံကြည်​လာစေဖို့​ပဲ။

နတ်ဆိုးတွေကို တွန်းလှန်​နိုင်ပုံ

၇။ ကျွန်တော်တို့ကို ယေဟောဝါ ဘာ​ပြော​ထားသလဲ။

စာတန်နဲ့ နတ်ဆိုးတွေရဲ့ လှည့်စားမှု​ကို ရှောင်နိုင်ဖို့ သိထားသင့်​တာတွေကို ယေဟောဝါ ပြော​ထားတယ်။ စာတန်နဲ့ နတ်ဆိုးတွေကို တွန်းလှန်ဖို့ လုပ်ဆောင်​ရမယ့်​အချက် တချို့ကို သုံးသပ်​ကြည့်ပါ။

၈။ (က) နတ်ဆိုးတွေကို  တွန်းလှန်​နိုင်တဲ့  အဓိက​နည်း​က  ဘာလဲ။​ (ခ) ဆာလံ​ ၁၄၆:၄ က လူသေတွေနဲ့​ပတ်သက်တဲ့ စာတန့်​လိမ်ညာမှု​ကို ဘယ်လို ဖော်ထုတ်သလဲ။

ကျမ်းစာ ဖတ်ပြီး တွေးတော​ဆင်ခြင်ပါ။ ဒါဟာ နတ်ဆိုး​တွေ ဖြန့်​နေတဲ့ လိမ်ညာမှု​တွေကို ငြင်းပယ်​နိုင်တဲ့ အဓိက​နည်းပါပဲ။ ကျမ်းစာဟာ ထက်​တဲ့​ဓား​လို​ပဲ စာတန့်​ လိမ်ညာမှု​တွေကို ဖော်ထုတ်​နိုင်တယ်။ (ဧ. ၆:၁၇) ဥပမာ၊ အသက်​ရှင်သူတွေ​နဲ့ လူသေ​တွေ ဆက်သွယ်​နိုင်တယ်​ဆိုတဲ့ အလိမ်အညာကို ဖော်ထုတ်​ပေးတယ်။ (ဆာလံ ၁၄၆:၄ ကိုဖတ်ပါ။) ယေဟောဝါသာ အနာဂတ်ကို ကြိုဟော​နိုင်ကြောင်း ဖော်ပြတယ်။ (ဟေရှာ. ၄၅:၂၁။ ၄၆:၁၀) ကျမ်းစာ ပုံမှန် ဖတ်ပြီး တွေးတော​ဆင်ခြင်မယ်​ဆိုရင် နတ်ဆိုးတွေရဲ့ လိမ်ညာမှု​ကို ရွံမုန်းပြီး တွန်းလှန်နိုင်​ပါလိမ့်မယ်။

၉။ နတ်ဆိုး​ပညာနဲ့​ဆက်နွှယ်​နေတဲ့ ဘယ်​ဓလေ့တွေကို ရှောင်သင့်သလဲ။

နတ်ဆိုး​ပညာနဲ့​ပတ်သက်​တာ မှန်သမျှကို ရှောင်ပါ။ ခရစ်ယာန်စစ်​တွေ​ဖြစ်တဲ့ ကျွန်တော်တို့ဟာ နတ်ဆိုး​ပညာ မှန်သမျှနဲ့ မပတ်သက်​ကြဘူး။ ဥပမာ၊ နတ်ကတော်​တွေ​ဆီ မသွား​ဘူး။ လူသေတွေနဲ့ မ​ဆက်သွယ်​ဘူး။ ရှေ့​ဆောင်းပါး​မှာ လေ့လာခဲ့တဲ့​အတိုင်း တစ်​နေရာ​ရာ​မှာ လူသေ​တွေ အသက်​ရှင်​နေတယ်​ဆိုတဲ့ ယုံကြည်ချက်ကို အခြေခံ​တဲ့ အသုဘ​ထုံးစံတွေကို ရှောင်ကြတယ်။ အနာဂတ်ကို သိဖို့ နက္ခတ်ဗေဒင် မကြည့်​ဘူး။ (ဟေရှာ. ၈:၁၉) အဲဒီ​ဓလေ့​ အားလုံးဟာ အလွန် အန္တရာယ်​ရှိပြီး စာတန်၊ နတ်ဆိုး​တွေ​နဲ့ တိုက်ရိုက် ဆက်သွယ်​ပေး​မှန်း ကျွန်တော်တို့ သိတယ်။

မှော်အတတ်​နဲ့ ဆက်နွှယ်​တာ မှန်သမျှကို ရှင်း​ထုတ်ခြင်း၊ နတ်ဆိုး​ပညာနဲ့​ပတ်သက်တဲ့ ဖျော်ဖြေမှုတွေကို ငြင်းပယ်ခြင်း​အားဖြင့် အစောပိုင်း ခရစ်ယာန်တွေကို တုပပါ (အပိုဒ် ၁၀-၁၂ ကို​ကြည့်ပါ)

၁၀-၁၁။ (က) ပထမရာစု ခရစ်ယာန်​တချို့ အမှန်တရား သိလာတဲ့​အခါ ဘာ​လုပ်ခဲ့ကြသလဲ။ (ခ) ၁ ကောရိန္သု ၁၀:၂၁ အရ အစောပိုင်း​ခရစ်ယာန်တွေရဲ့ ပုံသက်သေကို ဘာကြောင့် တုပသင့်သလဲ။ ဘယ်လို တုပ​နိုင်သလဲ။

၁၀ မှော်ပညာ​နဲ့​ပတ်သက်​တာ မှန်သမျှကို ရှင်း​ထုတ်ပစ်ပါ။ ပထမရာစု၊ ဧဖက်​မြို့မှာ နေထိုင်သူ​တချို့ဟာ နတ်ဆိုး​ပညာနဲ့ ပတ်သက်​ခဲ့​သူတွေ ဖြစ်တယ်။ အမှန်တရား သိလာပြီး​နောက်မှာ လုပ်သင့်တာကို ချက်ချင်း လုပ်ခဲ့ကြတယ်။ “မှော်အတတ်​လိုက်စားသူ များစွာလည်း သူတို့ရဲ့​စာစောင်​တွေ ယူလာ​ပြီး လူအားလုံး​ရှေ့မှာ မီးရှို့​လိုက်တယ်။” (တ. ၁၉:၁၉) နတ်ဆိုးတွေကို သူတို့ အတတ်နိုင်ဆုံး တွန်းလှန်​ခဲ့​ကြတယ်။ အလွန်​ဈေးကြီး​တဲ့ သူတို့ရဲ့ မှော်​စာအုပ်တွေ​ကို တခြား​သူတွေကို ပေးမယ့်​အစား၊ ပြန်ရောင်းမယ့်​အစား ဖျက်ဆီး​ပစ်​ကြတယ်။ ငွေကြေး​ထက် ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ပို​အလေးထား​ခဲ့​ကြတယ်။

၁၁ အစောပိုင်း​ခရစ်ယာန်တွေရဲ့ ပုံသက်သေကို ကျွန်တော်တို့ ဘယ်လို တုပ​နိုင်သလဲ။ မှော်အတတ်​နဲ့​ဆက်နွှယ်​တာ မှန်သမျှကို ရှင်းထုတ်သင့်တယ်။ အဲဒီ​အထဲမှာ နတ်ဆိုးတွေရဲ့​ရန်​ကနေ ကာကွယ်ဖို့ ဝတ်​တဲ့၊ ဆောင်​ထားတဲ့ အဆောင်​ပစ္စည်း​တွေ ပါဝင်တယ်။၁ ကောရိန္သု ၁၀:၂၁ ကိုဖတ်ပါ။

၁၂။ ဖျော်ဖြေရေး​နဲ့​ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေး​သင့်သလဲ။

၁၂ ကိုယ်​ရွေးချယ်​တဲ့ ဖျော်ဖြေမှုကို ဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘မှော်အတတ်​နဲ့​ပတ်သက်တဲ့ စာအုပ်၊ မဂ္ဂဇင်း၊ အင်တာနက် ဆောင်းပါး​တွေကို ငါ ဖတ်နေသလား။ ငါ​နားထောင်တဲ့ သီချင်း၊ ကြည့်တဲ့ ရုပ်ရှင်၊ တီဗီ​အစီအစဉ်၊ ဆော့​တဲ့ ဗီဒီယိုဂိမ်း​တွေ​ကော ဘယ်လို​လဲ။ နတ်ဆိုး​ပညာ​တွေ၊ သွေးစုပ်​ဖုတ်ကောင်တွေ၊ သဘာဝလွန် စွမ်းအားရှင်​တွေ ပါ​နေသလား။ ပြုစားတာ၊ ကျိန်စာတိုက်​တာတွေကို အန္တရာယ်​မရှိတဲ့ ပျော်စရာ​အဖြစ် တင်ဆက်​ထားသလား။’ စိတ်ကူးယဉ်​ဇာတ်လမ်း​တွေ၊ ကလေးပုံပြင်​တွေ အားလုံး နတ်ဆိုး​ပညာနဲ့ ပတ်သက်​နေတာ​တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်​ရွေးချယ်​တဲ့ ဖျော်ဖြေမှုကို ဆန်းစစ်​ပြီး ယေဟောဝါ မုန်းတဲ့​အရာ မှန်သမျှကို ဝေးဝေးရှောင်​ဖို့ စိတ်ပိုင်းဖြတ်​ထားပါ။ ဘုရား​ရှေ့မှာ “ကြည်လင်​တဲ့ အမှားအမှန်​သိစိတ်” ရှိဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။—တ. ၂၄:၁၆ *

၁၃။ ကျွန်တော်တို့ ဘာကို ရှောင်​ရမလဲ။

၁၃ နတ်ဆိုး​တွေ​အကြောင်း မပြောပါနဲ့။ ဒီ​ကိစ္စမှာ ယေရှုရဲ့ ပုံသက်သေကို တုပပါ။ (၁ ပေ. ၂:၂၁) ယေရှု​ဟာ​ မြေကြီးပေါ် မလာခင် ကောင်းကင်မှာ နေခဲ့တဲ့​အတွက် စာတန်နဲ့ နတ်ဆိုး​တွေ​အကြောင်း ကောင်းကောင်း​ သိတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်တွေ​အကြောင်း မပြောဘူး။ ယေရှုဟာ ယေဟောဝါရဲ့ သက်သေ​ပဲ ဖြစ်ချင်တယ်။ စာတန်​အကြောင်း ကြော်ငြာ​သူ မဖြစ်​ချင်ဘူး။ ကျွန်တော်တို့လည်း နတ်ဆိုး​တွေ​အကြောင်း မပြောခြင်း​အားဖြင့် ယေရှုကို တုပ​နိုင်တယ်။ အမှန်တရား​ဖြစ်တဲ့ “ကြည်နူးစရာ​အကြောင်း” အတွက်ပဲ “စိတ်လှုပ်ရှား” နေကြောင်း စကား​အားဖြင့် ဖော်ပြ​ကြတယ်။—ဆာ. ၄၅:၁

နတ်ဆိုးတွေကို ကြောက်ဖို့ မလိုဘူး။ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်တမန်တွေ​က သူတို့ထက် အဆပေါင်း​များစွာ ပို​တန်ခိုးကြီး (အပိုဒ် ၁၄-၁၅ ကို​ကြည့်ပါ) *

၁၄-၁၅။ (က) နတ်ဆိုးတွေကို  ဘာကြောင့်  မကြောက်သင့်သလဲ။ (ခ) ဒီနေ့ မိမိ​လူမျိုးကို ယေဟောဝါ ကာကွယ်​နေကြောင်း ဘာ​အထောက်အထား ရှိသလဲ။

၁၄ နတ်ဆိုးတွေကို  မကြောက်ပါနဲ့။ မစုံလင်တဲ့ လောကမှာ အဖြစ်ဆိုး​တွေ ကြုံရ​နိုင်တယ်။ မတော်တဆမှု၊ ဖျားနာမှု၊ သေခြင်းကိုတောင် ရုတ်တရက် ကြုံရ​နိုင်တယ်။ ဒါပေမဲ့ အဲဒါတွေ ကြုံ​ရတာ နတ်ဆိုး​တွေ​ကြောင့်​လို့ မယူဆသင့်​ဘူး။ လူတိုင်း “မျှော်လင့်​မထားတဲ့ အချိန်မှာ မျှော်လင့်​မထားတဲ့ ဖြစ်ရပ်တွေ ကြုံရ​တတ်” တယ်လို့ ကျမ်းစာ ပြောတယ်။ (ဒေ. ၉:၁၁) ယေဟောဝါဟာ နတ်ဆိုးတွေထက် အဆပေါင်း​များစွာ တန်ခိုး​ကြီးတယ်။ ဥပမာ၊ ယောဘ​ကို သတ်ပစ်ဖို့ စာတန်ကို ခွင့်မပြု​ခဲ့​ဘူး။ (ယောဘ ၂:၆) မောရှေ​ခေတ်မှာ ယေဟောဝါဟာ အီဂျစ် မှော်ဆရာ​တွေ​ထက် တန်ခိုးကြီး​ကြောင်း ပြခဲ့တယ်။ (ထွ. ၈:၁၈။ ၉:၁၁) နောက်ပိုင်း ယေရှုဟာ ယေဟောဝါ​ပေးတဲ့ တန်ခိုးကို သုံးပြီး စာတန်နဲ့ နတ်ဆိုးတွေကို ကောင်းကင်​ကနေ မြေကြီးပေါ် နှင်ချ​ခဲ့​တယ်။ မကြာခင် ဘယ်သူ့ကိုမှ အန္တရာယ်​မပြု​နိုင်တဲ့ တွင်း​နက်​ကြီး​ထဲ သူတို့ကို ပစ်ချ​ပါတော့မယ်။—ဗျာ. ၁၂:၉။ ၂၀:၂၊ ၃

၁၅ ဒီနေ့​ခေတ် မိမိ​လူမျိုးကို ယေဟောဝါ ကာကွယ်​ပေးတဲ့ အထောက်အထား​များစွာ ရှိတယ်။ မြေကြီး​တစ်ခွင်လုံးမှာ အမှန်တရား ဟောပြော​သွန်သင်​နေတာကို စဉ်းစားကြည့်ပါ။ (မ. ၂၈:၁၉၊ ၂၀) မာရ်နတ်ရဲ့ ဆိုးသွမ်းတဲ့​လုပ်ရပ်တွေကို ကျွန်တော်တို့ ဖော်ထုတ်​နေတာ​ဖြစ်တယ်။ ကျွန်တော်တို့ကို စာတန် တားနိုင်ရင် တားမှာပဲ။ ဒါပေမဲ့ မတား​နိုင်ဘူး။ ဒါကြောင့် နတ်ဆိုးတွေကို ကြောက်ဖို့ မလိုပါဘူး။ “ယေဟောဝါ​ဘုရားက စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​သူတွေရဲ့ အကျိုးအတွက် အစွမ်း​တန်ခိုး​ပြဖို့ မြေတစ်ပြင်လုံး​ကို ဂရုတစိုက် ကြည့်နေ” မှန်း ကျွန်တော်တို့ သိတယ်။ (၂ ရာ. ၁၆:၉) ယေဟောဝါကိုသာ သစ္စာ​ရှိမယ်ဆိုရင် ကျွန်တော်တို့ကို နတ်ဆိုး​တွေ အန္တရာယ် မပြု​နိုင်ပါဘူး။

ယေဟောဝါရဲ့ အကူအညီကို လက်ခံ​သူတွေ​အတွက် ကောင်းချီး​များ

၁၆-၁၇။ နတ်ဆိုးတွေကို တွန်းလှန်ဖို့ သတ္တိ​လို​ကြောင်း ဥပမာ​ပေးပါ။

၁၆ နတ်ဆိုးတွေကို တွန်းလှန်ဖို့ သတ္တိ လိုတယ်။ အထူးသဖြင့် ဆွေမျိုး၊ မိတ်ဆွေ​တွေရဲ့ ဆန့်ကျင်မှု ကြုံရ​ချိန်မှာ ဖြစ်တယ်။ သတ္တိ​ရှိသူ​ကို ယေဟောဝါ ကောင်းချီး​ပေးတယ်။ ဂါနာ​နိုင်ငံမှာ​နေတဲ့ ညီအစ်မ အယ်​ရီ​ကာ​အကြောင်း သုံးသပ်​ကြည့်ပါ။ ကျမ်းစာ စ​လေ့လာချိန်​မှာ သူ့​အသက် ၂၁ နှစ် ရှိပြီ။ အဖေက မှော်ဆရာ​ဆိုတော့ အဖေ နတ်​တင်ထားတဲ့ အသားတွေကို စားခြင်း ပါဝင်တဲ့ နတ်ဆိုး​ဓလေ့​ကို အယ်​ရီ​ကာ လိုက်ရမယ်။ သူ ငြင်း​တဲ့အခါ နတ်​တွေကို စော်ကားတယ်လို့ မိသားစုဝင်​တွေ ယူဆကြတယ်။ စိတ်​ကော၊ လူ​ကော ရောဂါ​ရအောင် ဒဏ်ခတ်​လိမ့်မယ်လို့ ထင်နေ​ကြတယ်။

၁၇ မိသားစုက အတင်း​ဖိအား​ပေးတဲ့​အခါ အယ်​ရီ​ကာ မ​လိုက်လျော​တဲ့​အတွက် အိမ်ပေါ်​ကနေ ဆင်း​ခဲ့​ရတယ်။ သက်သေခံ​တချို့က အိမ်မှာ ခေါ်ထားတယ်။ ယေဟောဝါရဲ့ ကောင်းချီး​ကြောင့် မိသားစု​အသစ် ရ​လိုက်တယ်။ ယုံကြည်​သူ​ချင်း​တွေဟာ သူ့​အတွက် မောင်နှမ​တွေ​လို ဖြစ်လာတယ်။ (မာ. ၁၀:၂၉၊ ၃၀) အယ်​ရီ​ကာ​ကို ဆွေမျိုးတွေ ပယ်​ထားပြီး သူ့ရဲ့​ပစ္စည်းတွေကို​တောင် မီးရှို့​လိုက်​ပေမဲ့ အယ်​ရီ​ကာ​ကတော့ ယေဟောဝါကို ဆက်သစ္စာ​ရှိခဲ့တယ်။ နှစ်ခြင်းခံ​ပြီး မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ နတ်ဆိုးတွေကို မကြောက်​ဘူး။ “ယေဟောဝါကို သိခြင်း၊ အမှုဆောင်ခြင်း​ကနေ ရတဲ့ လွတ်လပ်မှုနဲ့ ကောင်းချီးတွေကို ကျွန်မ​မိသားစု​လည်း ရဖို့ နေ့တိုင်း ဆုတောင်း​ပေးတယ်” လို့​ပြောတယ်။

၁၈။ ယေဟောဝါကို ယုံကြည်​ကိုးစား​ရင် ဘာ​ကောင်းချီးတွေ ရမလဲ။

၁၈ ကျွန်တော်တို့​အားလုံး အဲဒီလို ယုံကြည်ခြင်း စမ်းသပ်မှု​တော့ ကြုံရမှာ မဟုတ်ဘူး။ ဒါပေမဲ့ နတ်ဆိုးတွေကို တွန်းလှန်​နိုင်ဖို့ ယေဟောဝါကို ယုံကြည်​ကိုးစား​ရမယ်။ ဒါဆိုရင် ကောင်းချီးတွေ ခံစား​ရပြီး စာတန့်​လိမ်ညာမှု​ကြောင့် လှည့်စား​မခံရအောင် ရှောင်နိုင်​ပါလိမ့်မယ်။ နတ်ဆိုးတွေကို​လည်း အလွန်အမင်း ကြောက်​တော့​မှာ မဟုတ်ဘူး။ ယေဟောဝါနဲ့ ပို​ရင်းနှီး​လာပါလိမ့်မယ်။ ယာကုပ် ရေးခဲ့သလို “ဘုရားသခင်ကို လက်အောက်​ခံကြ​ပါ။ မာရ်နတ်ကို ခုခံ​တွန်းလှန်​ကြပါ။ ဒါဆိုရင် ခင်ဗျားတို့​ဆီကနေ သူ​ထွက်ပြေး​သွား​လိမ့်မယ်။ ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီး​လာလိမ့်မယ်။”—ယာ. ၄:၇၊ ၈

သီချင်း ၁၅၀ ကယ်တင်​ခံရဖို့ ဘုရားသခင်ကို ရှာပါ

^ အပိုဒ်၊ 5 နတ်ဆိုး​တွေ​နဲ့ သူတို့ရဲ့ အန္တရာယ်​အကြောင်း ယေဟောဝါ မေတ္တာ ပါ​စွာ သတိပေး​ထားတယ်။ လူတွေကို နတ်ဆိုး​တွေ ဘယ်လို လှည့်စား​နေသလဲ။ နတ်ဆိုးတွေကို ဘယ်လို တွန်းလှန်​နိုင်သလဲ။ နတ်ဆိုးတွေရဲ့ ဩဇာ​လွှမ်းမိုးမှုကို ရှောင်​ဖို့ ယေဟောဝါ ဘယ်လို ကူညီ​နေကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။

^ အပိုဒ်၊ 3 စကားလုံး ရှင်းလင်းချက်– နတ်ဆိုး​ပညာ​ဆိုတာ နတ်ဆိုး​တွေ​နဲ့​ဆက်​နွှယ်​တဲ့ ယုံကြည်မှု​တွေ၊ လုပ်ဆောင်မှုတွေကို ဆိုလိုတယ်။ လူသေတဲ့​အခါ ဝိညာဉ် ထွက်သွား​ပြီး နတ်ဝင်သည်​က​တစ်ဆင့် အသက်​ရှင်သူတွေ​နဲ့ ဆက်သွယ်​နိုင်တယ်​ဆိုတဲ့ ယုံကြည်ချက် ပါဝင်တယ်။ စုန်းအတတ်၊ ဗေဒင်​အတတ်​တွေ​လည်း ပါဝင်တယ်။ ဒီ​ဆောင်းပါး​မှာ ပါတဲ့ မှော်အတတ်​ဆိုတာ သဘာဝလွန်​စွမ်းအားတွေနဲ့ ဆက်စပ်​နေတဲ့ လုပ်ရပ်တွေကို ဆိုလိုတယ်။ ကျိန်စာတိုက်​ခြင်း၊ ပြုစားခြင်း​တွေ​လည်း ပါဝင်တယ်။ ဖျော်ဖြေ​တဲ့သဘော​နဲ့ လက်နဲ့ ကျွမ်းကျင်စွာ​ လှည့်စားပြ​တဲ့ မျက်​လှည့်​နည်းတွေကို ဆိုလို​နေတာ မဟုတ်ဘူး။

^ အပိုဒ်၊ 12 ဖျော်ဖြေရေး​နဲ့​ပတ်သက်ပြီး စည်းမျဉ်း​ထုတ်​ဖို့ အကြီးအကဲ​တွေ​မှာ အခွင့်အာဏာ မရှိပါဘူး။ ခရစ်ယာန်တိုင်း​ဟာ ကျမ်းစာနဲ့ လေ့ကျင့်​ထားတဲ့ သိစိတ်ကို သုံးပြီး ကိုယ်​ဖတ်မယ့်၊ ကြည့်​မယ့်၊ ဆော့​မယ့်​အရာတွေကို ရွေးချယ်​ရမယ်။ ပညာ​ရှိတဲ့ အိမ်ထောင်ဦးစီး​တွေဟာ ကျမ်းစာမူ​နဲ့ ကိုက်ညီ​တဲ့ ဖျော်ဖြေရေး​ကို မိသားစုဝင်​တွေ ရွေးချယ်​ကြောင်း သေချာ​စေ​ရမယ်။—jw.org® ဝက်ဘ်ဆိုက်​မှာပါတဲ့ ကျွန်ုပ်တို့​အကြောင်း > မေးလေ့​ရှိတဲ့ မေးခွန်းများ ခေါင်းစဉ်​အောက်​က “ယေဟောဝါသက်သေတွေဟာ တချို့သော ရုပ်ရှင်၊ စာအုပ်နဲ့ သီချင်းတွေကို တားမြစ်ထား​တာ​မျိုး ရှိသလား” ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 54 ပုံ​အညွှန်း– ကောင်းကင်တမန် စစ်တပ်​ကို ဦးဆောင်နေတဲ့ တန်ခိုးကြီး​ဘုရင် ယေရှု။