မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၄

ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား

ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား

“သတင်းကောင်းကို ဆက်​ဟောပြောနေ​ပါ။ ဘုရားပေး တာဝန်ကို ကျေပွန်​အောင် ဆောင်ရွက်​ပါ။”—၂ တိ. ၄:၅

သီချင်း ၅၇ လူအမျိုးမျိုးကို ဟောပြောခြင်း

အကြို​သုံးသပ်ချက် *

ယေရှု ရှင်ပြန်ထမြောက်​ပြီးနောက် ‘သွားပြီး တပည့် ဖြစ်​လာ​အောင် သွန်သင်​ပေးကြပါ’ လို့ တပည့်​တွေကို မိန့်မှာ​နေ (အပိုဒ် ၁ ကို​ကြည့်ပါ)

၁။ ဘုရားသခင့် ကျေးကျွန်​အားလုံး ဘာလုပ်​ချင်​ကြသလဲ။ ဘာကြောင့်လဲ။ (မျက်နှာဖုံး​ပုံကို ကြည့်ပါ။)

“လူမျိုးတကာ​ဆီ သွားပြီး . . . တပည့် ဖြစ်လာအောင် သွန်သင်​ပေးကြပါ” လို့ နောက်လိုက်​တွေကို ခရစ်တော်​ယေရှု မိန့်မှာတယ်။ (မ. ၂၈:၁၉) ဘုရားသခင့် သစ္စာရှိ ကျေးကျွန်​အားလုံးဟာ မိမိတို့​ရထားတဲ့ အမှုဆောင်​လုပ်ငန်းကို “ကျေပွန်​အောင်” ဘယ်လို ဆောင်ရွက်​ရမယ်ဆိုတာ သိချင်​ကြတယ်။ (၂ တိ. ၄:၅) ဒီ​​လုပ်ငန်းဟာ တခြား​အလုပ်တွေ​ထက် ပို​အရေးကြီး​ပြီး ပို​အကျိုးရှိ​လို့​ပဲ။ ဒါပေမဲ့ ဆန္ဒရှိသလော​က် အချိန်​ပေးဖို့ ခက်​နိုင်တယ်။

၂။ အမှုဆောင်​လုပ်ငန်းကို ဆောင်ရွက်​ရာ​မှာ ဘာ​အခက်အခဲ​တွေ ရှိသလဲ။

အချိန်နဲ့ ခွန်အား စိုက်ထုတ်​ရမယ့် တခြား​အရေးကြီး​ကိစ္စ​တွေ ရှိသေးတယ်။ ကိုယ်တိုင်နဲ့ မိသားစုကို ထောက်ပံ့ဖို့ တစ်ရက်ကို နာရီ​ပေါင်း​များစွာ အလုပ်လုပ်​နေရတာ ဖြစ်နိုင်တယ်။ မိသားစု​တာဝန်၊ ကျန်းမာရေး ပြဿနာ၊ စိတ်ဓာတ်ကျ​မှု၊ ဇ​ရာ​အရွယ်​ရဲ့ နာကျင်​ကိုက်ခဲ​မှု​တွေ​နဲ့ လုံးပန်း​နေရတာ ဖြစ်နိုင်တယ်။ အဲဒီလို အခက်အခဲ​တွေ​ကြား အမှုဆောင်​လုပ်ငန်းကို ကျေပွန်​အောင် ဘယ်လို ဆောင်ရွက်​နိုင်သလဲ။

၃။ မဿဲ ၁၃:၂၃ မှာပါတဲ့ ယေရှုရဲ့​စကား​အရ ဘာ​ကောက်ချက်ချ​နိုင်သလဲ။

ကိုယ့်​အခြေအနေ​အရ ယေဟောဝါရဲ့ အမှုတော်မှာ အချိန်​အကန့်အသတ်​ပဲ ပါဝင်​နိုင်ရင်တောင် စိတ်ဓာတ်မကျသင့်​ဘူး။ ယောက်​တိုင်း တစ်​ပုံစံ​တည်း သီးပွင့်​ဖြစ်ထွန်း​မှာ မဟုတ်​ကြောင်း ယေရှု သိတယ်။ (မဿဲ ၁၃:၂၃ ကိုဖတ်ပါ။) အမှုတော်မှာ အတတ်နိုင်ဆုံး ပါဝင်​နေသရွေ့ ကျွန်တော်တို့ လုပ်ဆောင်သမျှကို ယေဟောဝါ အလွန် တန်ဖိုး​ထားတယ်။ (ဟီ. ၆:၁၀-၁၂) ဒါပေမဲ့ ကိုယ့်​အခြေအနေ​အရ ဒီထက်ပိုပြီး လုပ်နိုင်​သေးတယ်​လို့ ခံစား​ရနိုင်တယ်။ ဘဝမှာ အမှုဆောင်​လုပ်ငန်းကို ဘယ်လို ဦးစား​ထား​နိုင်ကြောင်း၊ ဘဝကို ဘယ်လို ရိုးရှင်း​စေနိုင်​ကြောင်း၊ ဟောပြော​သွန်သင်ခြင်း စွမ်းရည်ကို ဘယ်လို တိုးတက်​စေနိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ အမှုဆောင်​လုပ်ငန်းကို ကျေပွန်​အောင် ဆောင်ရွက်ခြင်း​ဆိုတာ ဘာကို ဆိုလို​ကြောင်း အရင် သုံးသပ်​ကြစို့။

၄။ အမှုဆောင်​လုပ်ငန်းကို ကျေပွန်​အောင် ဆောင်ရွက်ခြင်း​ဆိုတာ ဘာကို ဆိုလိုသလဲ။

အမှုဆောင်​လုပ်ငန်းကို ကျေပွန်​အောင် ဆောင်ရွက်ခြင်း​ဆိုတာ ဟောပြော​သွန်သင်ခြင်း​လုပ်ငန်းမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်ခြင်း​ကို ဆိုလိုတယ်။ ဒါပေမဲ့ အချိန်ပေး​ရုံ​ထက်မက ပါဝင်တယ်။ စိတ်ရင်းကို ယေဟောဝါ အဓိက​ထားတယ်။ ယေဟောဝါနဲ့ လူလူချင်းကို ချစ်မယ်​ဆိုရင် အမှုဆောင်​လုပ်ငန်းမှာ * ကိုယ်စွမ်း​ရှိသမျှ ပါဝင်​ပါလိမ့်မယ်။ (မာ. ၁၂:၃၀၊ ၃၁။ ကော. ၃:၂၃) ကိုယ်စွမ်း​ရှိသမျှ​ဆိုတာ အမှုတော်မှာ အစွမ်း​ခွန်အား ရှိသမျှ အသုံးပြုခြင်း​ဖြစ်တယ်။ ဟောပြော​ခွင့်​ကို တန်ဖိုး​ထားမယ်​ဆိုရင် လူများ​နိုင်သမျှ များများ​ကို သတင်းကောင်း ဝေမျှ​ဖို့ ကြိုးစား​ပါလိမ့်မယ်။

၅-၆။ အချိန်​အနည်းငယ်​ပဲ ပေး​နိုင်ရင်တောင် အမှုဆောင်​လုပ်ငန်းကို ဦးစား​ထား​နိုင်ကြောင်း ဥပမာ​ပေးပါ။

ဂီတာတီး ဝါသနာ​ပါတဲ့ လူငယ်​တစ်ယောက်​အကြောင်း စဉ်းစားကြည့်ပါ။ အချိန်​ရ​တိုင်း ဂီတာတီး​လေ့​ရှိတယ်။ နောက်ပိုင်း ကော်ဖီ​ဆိုင်​တစ်ဆိုင်​မှာ စ​နေ၊ တနင်္ဂနွေ​နေ့တိုင်း ဂီတာတီး​တဲ့​အလုပ် ရတယ်။ ငွေ​မလောက်​လို့ တနင်္လာ​နေ့​ကနေ သောကြာ​နေ့​အထိ စ​တိုး​ဆိုင်​မှာ ငွေ​ကိုင်​အလုပ် လုပ်​ရတယ်။ စ​တိုး​ဆိုင်​မှာ အများဆုံး လုပ်​ရပေမဲ့ စိတ်​ကတော့ ဂီတာ တီး​ဖို့​ပဲ။ လက်ရည်တက်အောင် ကြိုးစားပြီး အချိန်ပြည့် ဂီတာသမား ဖြစ်ချင်တဲ့​အတွက် အချိန်​ရ​တိုင်း ဂီတာတီး​လေ့​ရှိတယ်။

သင်လည်း ဟောပြောခြင်း​လုပ်ငန်းမှာ အချိန်​အနည်းငယ်​ပဲ ပေး​နိုင်ရင်တောင် ဒီ​လုပ်ငန်းကို မြတ်နိုးတဲ့​အတွက် ဟောပြောခြင်း​စွမ်းရည် တိုးတက်အောင် ကြိုးစားတယ်။ အချိန်ပေး​ရမယ့် တာဝန်တွေ များ​ပေမဲ့ ဟောပြောခြင်း​လုပ်ငန်းကို ဘယ်လို ဦးစား​ထားရမလဲ​ဆိုတာ စဉ်းစားနေမှာ​ပဲ။

အမှုဆောင်​လုပ်ငန်းကို ဦးစား​ထား​နိုင်ပုံ

၇-၈။ အမှုဆောင်​လုပ်ငန်းမှာ ယေရှုရဲ့ သဘောထားကို ဘယ်လို တုပ​နိုင်သလဲ။

အမှုဆောင်​လုပ်ငန်းမှာ ယေရှု ပုံသက်သေ​ကောင်း ပြခဲ့​တယ်။ ဘုရား​နိုင်ငံတော်​အကြောင်း အဓိက ဟောပြောတယ်။ (ယော. ၄:၃၄၊ ၃၅) မိုင်​ပေါင်း ရာနဲ့ချီ ခြေကျင်​လျှောက်ပြီး လူများ​နိုင်သမျှ များများ​ကို ဟောခဲ့တယ်။ အိမ်တွေမှာ​ဖြစ်ဖြစ်၊ ဘယ်​နေရာမှာပဲ​ဖြစ်ဖြစ် အခွင့်အရေး​ရတိုင်း ဟောတယ်။ ဘဝမှာ အမှုဆောင်​လုပ်ငန်းကို​ပဲ အဓိက​ထားတယ်။

အချိန်မရွေး၊ နေရာ​မရွေး သတင်းကောင်း ဟော​နိုင်မယ့် အခွင့်အရေး ရှာယူခြင်း​အားဖြင့် ခရစ်တော်ကို ကျွန်တော်တို့ တုပ​နိုင်တယ်။ အမှုဆောင်​လုပ်ငန်းမှာ ပါဝင်ဖို့ သက်သောင့်သက်သာ အခြေအနေတွေကို လိုလို​လားလား စွန့်လွှတ်​ကြတယ်။ (မာ. ၆:၃၁-၃၄။ ၁ ပေ.​ ၂:၂၁) အသင်းတော်မှာ တချို့က အထူး​ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင်၊ အရန်ရှေ့ဆောင်​အဖြစ် အမှုဆောင်​နိုင်ကြတယ်။ တချို့က ဘာသာခြား​စကား သင်ယူ​ကြတယ်။ ဟောပြောသူ ပို​လိုအပ်တဲ့ နေရာကို ပြောင်းရွှေ့​ကြတယ်။ ဒါပေမဲ့ အမှုဆောင်​လုပ်ငန်း ပြီးမြောက်မှု​အများစုက​တော့ အတတ်နိုင်ဆုံး ကြိုးစား​နေတဲ့ ပုံမှန်​ကြေညာသူတွေ​ကြောင့်ပါပဲ။ ယေဟောဝါ​က ကျွန်တော်တို့ တတ်နိုင်​တာ​ထက် ပို​မတောင်းဆို​ဘူး။ “ပျော်ရွှင်တဲ့ ဘုရားသခင်​ဆီက လာတဲ့ ဘုန်းအသရေ​ပြည့်ဝတဲ့ သတင်းကောင်း” ကို ကြေညာ​ရင်း အမှုတော်မြတ်​မှာ ပျော်ရွှင်​စေချင်တယ်။—၁ တိ. ၁:၁၁။ တရား. ၃၀:၁၁

၉။ (က) လောက​အလုပ် လုပ်​ရချိန်မှာ​တောင် ဟောပြောခြင်း​လုပ်ငန်းကို ပေါလု ဘယ်လို ဦးစား​ထားခဲ့သလဲ။ (ခ) တမန်တော် ၂၈:၁၆၊ ၃၀၊ ၃၁ က အမှုဆောင်​လုပ်ငန်း​အပေါ် ပေါလုရဲ့ သဘောထားကို ဘယ်လို ဖော်ပြသလဲ။

တမန်တော် ပေါလုလည်း ဘဝမှာ အမှုဆောင်​လုပ်ငန်းကို အဓိက​ထားခြင်း​အားဖြင့် ပုံသက်သေ​ကောင်း ပြခဲ့တယ်။ ဒုတိယ သာသနာပြု​ခရီးစဉ်​အတွင်း ကောရိန္သုမြို့မှာ ငွေကြေး​ခက်ခဲ​လာလို့ ခဏလောက် တဲရှင်​ချုပ်​ခဲ့​ရတယ်။ ဒါပေမဲ့ တဲရှင်​ချုပ်တာ​ကို အဓိက မထားဘူး။ “အဖိုးအခ မယူ​ဘဲ” ကောရိန္သုမြို့သား​တွေကို သတင်းကောင်း ဟော​နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့သာ အလုပ်​လုပ်ခဲ့တာ ဖြစ်တယ်။ (၂ ကော. ၁၁:၇) ပေါလုဟာ လောက​အလုပ် လုပ်ခဲ့​ရပေမဲ့ အမှုဆောင်​လုပ်ငန်းကို ဆက်​ဦးစား​ထားပြီး ဥပုသ်​နေ့တိုင်း ဟောပြောတယ်။ အခြေအနေ အဆင်ပြေ​လာတဲ့အခါ ဟောပြောခြင်း​လုပ်ငန်းကို ပို​အာရုံစိုက်​နိုင်ခဲ့တယ်။ ‘တရား​စကား ဟောပြောတဲ့​အလုပ်ကိုပဲ အာရုံစိုက်​ပြီး ယေရှုဟာ ခရစ်တော်​ဖြစ်တဲ့အကြောင်း ဂျူးတွေကို သက်သေခံ​တယ်။’ (တ. ၁၈:၃-၅။ ၂ ကော. ၁၁:၉) နောက်ပိုင်း ရောမ​မြို့မှာ နေအိမ် အကျယ်ချုပ်​ဘဝနဲ့ နှစ်နှစ် နေရ​ချိန် လာတဲ့​ဧည့်သည်တွေကို သက်သေခံ​ပြီး စာတွေ ရေးတယ်။ (တမန်တော် ၂၈:၁၆၊ ၃၀၊ ၃၁ ကိုဖတ်ပါ။) ဘာ​အကြောင်းကြောင့်​မှ အမှုဆောင်​လုပ်ငန်း​ကနေ အာရုံ​မလွဲသွား​ဖို့ စိတ်ပိုင်းဖြတ်​ထားတယ်။ “ကရုဏာတော် ခံစား​ရလို့ ဒီ​အမှုတော်ကို ဆောင်ရွက်​နေရတာ။ ဒါကြောင့် အရှုံး​မပေးဘူး” လို့ သူ​ရေးတယ်။ (၂ ကော. ၄:၁) ကျွန်တော်တို့လည်း လောက​အလုပ်​အတွက် အချိန်​များစွာ ပေး​ရ​ရင်တောင် ပေါလု​လို​ပဲ အမှုဆောင်​လုပ်ငန်းကို အဓိက​ထား​နိုင်တယ်။

အမှုဆောင်​လုပ်ငန်းကို ကျေပွန်​အောင် ဆောင်ရွက်​နိုင်တဲ့ နည်း​များစွာ ရှိတယ် (အပိုဒ် ၁၀-၁၁ ကို​ကြည့်ပါ)

၁၀-၁၁။ ကျန်းမာရေး မကောင်း​ရင်တောင် အမှုဆောင်​လုပ်ငန်းမှာ ဘယ်လို အပြည့်အဝ ပါဝင်​နိုင်သလဲ။

၁၀ အသက်အရွယ်​ကြောင့်၊ ကျန်းမာရေး ပြဿနာ​ကြောင့် တစ်အိမ်တက်ဆင်း မသွား​နိုင်​ရင် တခြား​ဟောပြောခြင်း​ကဏ္ဍတွေမှာ ပါဝင်​နိုင်ပါတယ်။ ပထမရာစု ခရစ်ယာန်တွေဟာ တစ်အိမ်တက်ဆင်း သွားပြီး​တော့​ဖြစ်စေ၊ လူအများရှေ့​မှာ​ဖြစ်စေ၊ အလွတ်သဘော​ဖြစ်စေ “တွေ့ရတဲ့​သူတွေ” ကို အခွင့်အရေး ရ​တိုင်း ဟောပြောတယ်။ (တ. ၁၇:၁၇။ ၂၀:၂၀) ကျွန်တော်တို့လည်း လမ်း​သိပ်​မလျှောက်​နိုင်​ရင် လူ​သွား​လူ​လာ​များတဲ့ နေရာမှာ ထိုင်ပြီး ဟော​နိုင်တယ်။ အလွတ်သဘော​ဖြစ်စေ၊ စာ​နဲ့​ဖြစ်စေ၊ ဖုန်း​နဲ့​ဖြစ်စေ သက်သေ​ခံ​နိုင်တယ်။ အခြေအနေ အကန့်အသတ်​ရှိတဲ့ ကြေညာသူ​များစွာဟာ အဲဒီ​ဟောပြောခြင်း​ကဏ္ဍတွေမှာ ပါဝင်​ရင်း ပျော်ရွှင်​နေကြ​တယ်။

၁၁ ကျန်းမာရေး မကောင်း​ရင်တောင် အမှုဆောင်​လုပ်ငန်းမှာ အပြည့်အဝ ပါဝင်​နိုင်ပါတယ်။ တမန်တော် ပေါလု​အကြောင်း ပြန်​စဉ်းစားကြည့်ပါ။ “ကျွန်တော့်ကို အစွမ်း​ခွန်အား​ပေးတဲ့ ဘုရားသခင်​ကြောင့် အရာရာကို စွမ်းဆောင်​နိုင်” တယ်လို့ သူပြောတယ်။ (ဖိ. ၄:၁၃) သာသနာပြု ခရီးစဉ်​တစ်ခုမှာ ပေါလု နေမကောင်း​ဖြစ်တဲ့အခါ အဲဒီ​အစွမ်း​ခွန်အားကို လိုအပ်ခဲ့​တယ်။ “ကျွန်တော် နေမကောင်း​ဖြစ်သွားတဲ့​အတွက် ခင်ဗျားတို့ကို ဦးဆုံး​အကြိမ် သတင်းကောင်း ဟောပြော​ခွင့်​ရတာ” လို့ ဂလာတိ​မြို့သား​တွေကို သူ ပြောတယ်။ (ဂ​လ. ၄:၁၃) သင်လည်း ကျန်းမာရေး ပြဿနာ​ကြောင့် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး စောင့်ရှောက်​သူတွေကို ဟောပြောဖို့ အခွင့်အရေး ရနိုင်တယ်။ သူတို့​အိမ်ကို ကြေညာသူတွေ ရောက်​သွားချိန်မှာ သူတို့ဟာ အလုပ်ခွင်​ထဲ ရောက်နေ​ကြလို့ပဲ။

ဘဝကို ရိုးရှင်း​စေနိုင်​ပုံ

၁၂။ “တစ်ခုတည်းကိုပဲ အာရုံစိုက်” တယ်​ဆိုတာ ဘာကို ဆိုလိုသလဲ။

၁၂ “မျက်လုံးဟာ ခန္ဓာကိုယ်ရဲ့ မီးခွက်​ပဲ။ တစ်ခုတည်းကိုပဲ အာရုံစိုက်​ကြည့်ရင် တစ်ကိုယ်လုံး လင်း​နေလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မ. ၆:၂၂) ဘာကို ဆိုလိုသလဲ။ ဘဝကို ရိုးရှင်း​စေ​တာ၊ ပန်းတိုင်၊ ရည်ရွယ်ချက် တစ်ခု​တည်းကိုပဲ အာရုံစိုက်​တာ၊ အာရုံလွဲ​မသွား​တာ​ကို ဆိုလိုတယ်။ အမှုဆောင်​လုပ်ငန်းကို​ပဲ အာရုံစိုက်​ခြင်းအားဖြင့် ယေရှု ပုံသက်သေ​ကောင်း ပြခဲ့တယ်။ ဘုရား​အမှုဆောင်ခြင်းနဲ့ နိုင်ငံတော်ကို ဆက်​အာရုံစိုက်​နေဖို့ တပည့်​တွေကို သင်ပေး​တယ်။ ဘဝမှာ အမှုဆောင်​လုပ်ငန်းကို အဓိက​ထားခြင်း၊ “နိုင်ငံတော်​နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အမြဲ ဦးစား​ထား” ခြင်းအားဖြင့် ယေရှုရဲ့ ပုံသက်သေကို ကျွန်တော်တို့ တုပ​နေကြ​တယ်။—မ. ၆:၃၃

၁၃။ အမှုဆောင်​လုပ်ငန်းကို အာရုံစိုက်​ဖို့ ဘာက ကူညီ​နိုင်သလဲ။

၁၃ အမှုဆောင်​လုပ်ငန်းကို အာရုံစိုက်​နိုင်တဲ့ နည်း​တစ်နည်း​ကတော့ ဘဝကို ရိုးရှင်း​စွာ ထားခြင်း *ပါပဲ။ ဒါမှ ယေဟောဝါကို သိ​ပြီး ချစ်​လာ​အောင် တခြား​သူတွေကို ကူညီ​နိုင်မယ်။ ဥပမာ၊ ကြားရက် အမှုဆောင်မှာ အချိန် ပို​ပေးနိုင်​ဖို့ လောက​အလုပ်ကို ချိန်ညှိ​နိုင်မလား။ အလွန် အချိန်​စားတဲ့ ဖျော်ဖြေရေး​တချို့ကို လျှော့ချ​နိုင်မလား။

၁၄။ အမှုဆောင်​လုပ်ငန်းကို ပို​အာရုံစိုက်​နိုင်ဖို့ မောင်နှံ​တစ်စုံ ဘာ​အပြောင်းအလဲ​တွေ လုပ်ခဲ့သလဲ။

၁၄ အကြီးအကဲ ညီအစ်ကို အဲလီယက်နဲ့ ဇနီး အဲဒီလို လုပ်ခဲ့​တယ်။ “ချက်ချင်း ရှေ့ဆောင် မ​လုပ်နိုင်​ပေမဲ့ အမှုဆောင်မှာ ပို​အချိန်ပေး​နိုင်အောင် တစ်ဆင့်​ချင်း ကြိုးစား​ခဲ့​ကြတယ်။ ဥပမာ၊ အသုံးစရိတ်​တွေ၊ အလွန်အကျွံ အပန်းဖြေ​တာတွေကို လျှော့ချတယ်။ အလုပ်ချိန် ပြောင်း​ပေးဖို့ အလုပ်ရှင်​ကို တောင်းဆိုတယ်။ ဒါကြောင့် ညနေပိုင်း အမှုဆောင်မှာ ပါဝင်​နိုင်ပြီး သင်အံမှု​တွေ ပို​လုပ်​နိုင်ခဲ့တယ်။ ကြားရက် အမှုဆောင်မှာ တစ်လ နှစ်ကြိမ် ပါဝင်လာ​နိုင်တယ်” လို့ အဲလီယက် ပြောတယ်။

ဟောပြော​သွန်သင်ခြင်း စွမ်းရည် တိုးတက်​လာနိုင်​ပုံ

ကြားရက် အစည်းအဝေးကနေ သိလာတာကို ကျင့်သုံးခြင်းက အမှုဆောင်​လုပ်ငန်းမှာ တိုးတက်ဖို့ ကူညီပေး (အပိုဒ် ၁၅-၁၆ ကို​ကြည့်ပါ) *

၁၅-၁၆။ ၁ တိမောသေ ၄:၁၃၊ ၁၅ အရ ဟောပြောခြင်း​စွမ်းရည်ကို ဘယ်လို ဆက်​တိုးတက်စေ​နိုင်သလဲ။ (“ အမှုဆောင်​လုပ်ငန်းကို ကျေပွန်​အောင် ဆောင်ရွက်​နိုင်ဖို့ ကူညီ​ပေးတဲ့ ပန်းတိုင်များ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၁၅ အမှုဆောင်​လုပ်ငန်းမှာ အပြည့်အဝ ပါဝင်​နိုင်တဲ့ နောက်​တစ်နည်း​ကတော့ ဟောပြောခြင်း​စွမ်းရည် တိုးတက်​စေခြင်း​ပါပဲ။ အတတ်ပညာ​ရှင်​တချို့ဟာ ပညာနဲ့ စွမ်းရည် တိုးတက်အောင် အမြဲ သင်ယူ​လေ့ကျင့်​နေကြ​ရတယ်။ သတင်းကောင်း ဟောပြော​သူတွေလည်း အဲဒီလိုပဲ။ အမှုဆောင်​လုပ်ငန်းမှာ စွမ်းရည် ပို​တိုးတက်အောင် ဆက်သင်​ယူ​နေဖို့ လိုတယ်။—ပညာ. ၁:၅။ ၁ တိမောသေ ၄:၁၃၊ ၁၅ ကိုဖတ်ပါ။

၁၆ အမှုဆောင်​လုပ်ငန်းမှာ ဘယ်လို ဆက်​တိုးတက်​နိုင်မလဲ။ အပတ်စဉ် ခရစ်ယာန်​အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး​မှာ​ရတဲ့ ညွှန်ကြားချက်တွေကို အာရုံစိုက်​ခြင်းအားဖြင့်​ပါပဲ။ အဲဒီ​အစည်းအဝေးဟာ အမှုဆောင်​လုပ်ငန်းမှာ တိုးတက်ဖို့ တန်ဖိုးမဖြတ်​နိုင်တဲ့ လေ့ကျင့်မှု​တွေ ရရှိ​စေတယ်။ ဥပမာ၊ ကျောင်းသား​တာဝန်ကျ​သူတွေကို သဘာပတိ​က သွန်သင်ချက်​ပေးတဲ့​အခါ လက်တွေ့ ကျင့်သုံး​နိုင်မယ့်​အချက်တွေကို သင်ယူနိုင်တယ်။ နောက်​တစ်ကြိမ် အမှုဆောင်​လုပ်ငန်းမှာ ပါဝင်တဲ့​အခါ အဲဒီ​အကြံပြုချက်တွေကို လက်တွေ့ ကျင့်သုံး​နိုင်တယ်။ အုပ်စု ကြီးကြပ်မှူး​ဆီမှာ​လည်း အကူအညီ တောင်း​နိုင်တယ်။ သူနဲ့​ဖြစ်စေ၊ အတွေ့အကြုံရင့် ကြေညာသူ၊ ရှေ့ဆောင်၊ တိုက်နယ်ကြီးကြပ်မှူး​နဲ့​ဖြစ်စေ တွဲ​အမှုဆောင်ဖို့ တောင်းဆို​နိုင်တယ်။ သွန်သင်ခြင်း ကိရိယာ​တိုင်း​ကို ကျွမ်းကျွမ်းကျင်ကျင် သုံး​တတ်လာ​ရင် ဟောပြော​သွန်သင်ခြင်း​လုပ်ငန်းမှာ ပို​ပျော်ရွှင်​လာမယ်။​

၁၇။ အမှုဆောင်​လုပ်ငန်းကို အပြည့်အဝ ဆောင်ရွက်​တဲ့အခါ ဘာတွေ ခံစား​ရမလဲ။

၁၇ ဘုရားသခင်ရဲ့ “လုပ်ဖော်ဆောင်ဖက်” ဖြစ်ခွင့်​ရတာ အခွင့်ထူးပါပဲ။ (၁ ကော. ၃:၉) “ပို​အရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိ” ပြီး အမှုဆောင်​လုပ်ငန်းကို အာရုံစိုက်​မယ်​ဆိုရင် “ယေဟောဝါကို ဝမ်းမြောက်​စွာ ဝတ်ပြု” နိုင်​ပါလိမ့်မယ်။ (ဖိ. ၁:၁၀။ ဆာ. ၁၀၀:၂) ဘယ်လို အခက်အခဲ​တွေ၊ ကန့်သတ်ချက်​တွေ​ပဲ ရှိပါစေ အမှုဆောင်​လုပ်ငန်းကို ကျေပွန်​အောင် ဆောင်ရွက်ဖို့ ဘုရား ခွန်အားပေး​မယ်​ဆိုတာ စိတ်ချ​နိုင်ပါတယ်။ (၂ ကော. ၄:၁၊ ၇။ ၆:၄) အခြေအနေ​ကြောင့် အမှုဆောင်​လုပ်ငန်းမှာ နည်းနည်း​ဖြစ်ဖြစ်၊ များများ​ဖြစ်ဖြစ် ဘယ်လောက်​ပဲ ပါဝင်​နိုင်ပါစေ အကြွင်းမဲ့ လုပ်ဆောင်ခြင်း​အားဖြင့် “ပျော်ရွှင်​ကျေနပ်” နိုင်ပါတယ်။ (ဂ​လ. ၆:၄) အမှုဆောင်​လုပ်ငန်းကို အပြည့်အဝ ဆောင်ရွက်ခြင်းက ယေဟောဝါနဲ့ လူလူ​ချင်းကို ချစ်ကြောင်း ဖော်ပြရာ​ရောက်တယ်။ “အဲဒီလို​လုပ်မယ်ဆိုရင် ကိုယ်တိုင်သာမက ကိုယ့်ရဲ့ သွန်သင်ချက်ကို နားထောင်​သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်။”—၁ တိ. ၄:၁၆

သီချင်း ၅၈ ငြိမ်သက်ခြင်း မြတ်နိုးသူ​များ​ကို ရှာဖွေခြင်း

^ အပိုဒ်၊ 5 နိုင်ငံတော်သတင်း ဟော​ဖို့၊ တပည့်​ဖြစ်စေဖို့ ကျွန်တော်တို့ တာဝန်​ရထားတယ်။ အခက်အခဲ​တွေ​ကြားမှာ​တောင် အဲဒီ​တာဝန်ကို ကျေပွန်​အောင် ဆောင်ရွက်​နိုင်ပုံ​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ ပို​ထိရောက်​အောင်မြင်နိုင်ပုံ​ကိုလည်း သုံးသပ်ပါမယ်။

^ အပိုဒ်၊ 4 စကားလုံး ရှင်းလင်းချက်– အမှုဆောင်​လုပ်ငန်းမှာ ဟောပြော​သွန်သင်ခြင်း၊ အဖွဲ့အစည်း အဆောက်အအုံ​တွေ ဆောက်လုပ် ထိန်းသိမ်း​ခြင်း၊ သဘာဝဘေး ကယ်ဆယ်ရေး​လုပ်ငန်း​စတဲ့ ကဏ္ဍ​အမျိုးမျိုး ပါဝင်တယ်။—၂ ကော. ၅:၁၈၊ ၁၉။ ၈:၄

^ အပိုဒ်၊ 13 ၂၀၁၆၊ ဇူလိုင်​လထုတ် ကင်းမျှော်စင် စာ. ၁၀၊ “ဘဝကို ရိုးရှင်း​စေနိုင်​ပုံ” လေးထောင့်ကွက်​မှာ ပါတဲ့ အချက်​ခုနစ်​ချက်​ကို ကြည့်ပါ။

^ အပိုဒ်၊ 62 ပုံ​အညွှန်း– ပြန်လည်ပတ်မှု​လုပ်ပုံ​ကို ကြားရက် အစည်းအဝေး​မှာ ညီအစ်မ​တစ်ယောက် သရုပ်ပြ​နေ။ သဘာပတိ ပေးတဲ့ သွန်သင်ချက်ကို သွန်သင်ခြင်း ဘရိုရှာ​မှာ မှတ်စု​ယူ​နေ။ အဲဒီနောက် စ​နေ၊ တနင်္ဂနွေ အမှုဆောင်မှာ လက်တွေ့ သုံး​နေ။