မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၅

ယေရှုကို တုပပြီး စိတ်ငြိမ်သက်မှု ဆက်ရှိနေပါ

ယေရှုကို တုပပြီး စိတ်ငြိမ်သက်မှု ဆက်ရှိနေပါ

‘လူ့ဉာဏ်​နဲ့​မမီနိုင်တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်းက ခင်ဗျားတို့ရဲ့ စိတ်နှလုံးကို စောင့်ရှောက်​ပေးပါလိမ့်မယ်။’—ဖိ. ၄:၇

သီချင်း ၁၁၃ တို့​ပိုင်ဆိုင်တဲ့ ငြိမ်သက်ခြင်း

အကြို​သုံးသပ်ချက် *

၁-၂။ ယေရှု ဘာကြောင့် စိတ်ဒုက္ခ​ရောက်နေသလဲ။

မြေကြီး​အသက်တာ နောက်ဆုံး​နေ့မှာ ယေရှု စိတ်​ဒုက္ခရောက်​နေတယ်။ တရားမဲ့​သူတွေ လက်ချက်​နဲ့ ရက်ရက်စက်စက် အသတ်​ခံရ​တော့​မယ်။ ဒါပေမဲ့ သေ​ရမှာ​ထက် ပို​စိတ်ပူ​တာ ရှိသေးတယ်။ ယေရှုဟာ ဖခင်​ကို သိပ်​ချစ်​ပြီး စိတ်​ကျေနပ်​စေချင်တယ်။ ကြုံ​ရတော့မယ့် စမ်းသပ်မှုကို သစ္စာရှိ​ရှိ ခံရပ်နိုင်​မှ ယေဟောဝါရဲ့ နာမည်ကို သံသယ​ကင်းရှင်း​စေနိုင်​မယ်​ဆိုတာ သိတယ်။ လူတွေကိုလည်း ယေရှု ချစ်တယ်။ လူတွေရဲ့ ထာဝရ​အသက် အလားအလာ​ဟာ မိမိရဲ့ သစ္စာရှိ​ရှိ သေဆုံးခြင်း​အပေါ် မူတည်​ကြောင်း​လည်း သိတယ်။

အလွန် စိတ်ဖိစီး​နေချိန်မှာ​တောင် ယေရှု စိတ်​ငြိမ်သက်​နေတယ်။ “ငြိမ်သက်ခြင်းကို ခင်ဗျားတို့​ဆီ ထားခဲ့​မယ်” လို့ တမန်တော်တွေကို ပြောတယ်။ (ယော. ၁၄:၂၇) ယေရှု ခံစား​နေရတဲ့ “ဘုရားသခင့် ငြိမ်သက်ခြင်း” ဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိ​ထားလို့ ရလာတဲ့ ငြိမ်သက်​အေးချမ်းမှု​ပဲ။ အဲဒါက ယေရှုရဲ့ စိတ်နှလုံးကို တည်ငြိမ်​စေတယ်။—ဖိ. ၄:၆၊ ၇

၃။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း သုံးသပ်ကြ​မလဲ။

ကျွန်တော်တို့ဟာ ယေရှု ကြုံရတဲ့ ဖိစီးမှု​မျိုး ကြုံရမှာ မဟုတ်ပေမဲ့ အခက်အခဲ​တွေ​တော့ ကြုံ​ရမယ်။ (မ. ၁၆:၂၄၊ ၂၅။ ယော. ၁၅:၂၀) တစ်ခါတလေ ယေရှု​လို​ပဲ စိတ်ဒုက္ခ​ရောက်​နိုင်တယ်။ အလွန်အကျွံ မစိုးရိမ်​ဖို့၊ စိတ်​ငြိမ်သက်မှု မပျောက်​သွားဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။ မြေကြီးပေါ် အမှုဆောင်ချိန်​အတွင်း ယေရှု လုပ်ဆောင်ခဲ့တဲ့ အချက်​သုံးချက်​အကြောင်း၊ အခက်အခဲ​တွေ ကြုံရ​ချိန်မှာ ယေရှုကို ကျွန်တော်တို့ ဘယ်လို တုပ​နိုင်ကြောင်း သုံးသပ်​ကြည့်ကြစို့။

ယေရှု အမြဲ ဆုတောင်း

ဆုတောင်းခြင်းက စိတ်​ငြိမ်သက်မှု ဆက်​ရှိစေ​နိုင် (အပိုဒ် ၄-၇ ကို​ကြည့်ပါ)

၄။ မြေကြီး​အသက်တာ နောက်ဆုံး​နေ့မှာ ယေရှု မကြာခဏ ဆုတောင်း​ခဲ့​ကြောင်း ဘယ်အချက်တွေ​က ဖော်ပြသလဲ။ နောက်ပိုင်း ၁ သက်သာလောနိတ် ၅:၁၇ မှာ ခရစ်ယာန်တွေကို ဘယ်လို မိန့်မှာ​ထားသလဲ။

၁ သက်သာလောနိတ် ၅:၁၇ ကိုဖတ်ပါ။ မြေကြီး​အသက်တာ နောက်ဆုံး​နေ့မှာ ယေရှု အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်။ မိမိရဲ့ သေခြင်း အောက်မေ့ရာပွဲ အစ​ပြု​ချိန်မှာ မုန့်​နဲ့ ဝိုင်​အတွက် ဆုတောင်းတယ်။ (၁ ကော. ၁၁:၂၃-၂၅) ပွဲ​ပြီးနောက် ထွက်​မသွား​ခင် တပည့်​တွေ​နဲ့​အတူ ဆုတောင်းတယ်။ (ယော. ၁၇:၁-၂၆) အဲဒီ​ညမှာ​ပဲ တပည့်​တွေ​နဲ့​အတူ သံလွင်​တောင်ကို ရောက်တဲ့အခါ အကြိမ်ကြိမ် ဆုတောင်းတယ်။ (မ. ၂၆:၃၆-၃၉၊ ၄၂၊ ၄၄) မသေဆုံးခင် ယေရှု နောက်ဆုံး​ပြော​သွားတာ ဆုတောင်း​စကားတွေ​ပါ။ (လု. ၂၃:၄၆) မြေကြီး​အသက်တာရဲ့ အရေးကြီးဆုံး​နေ့မှာ ဖြစ်သမျှကို ယေဟောဝါ​ဆီ ဆုတောင်း​ပြောပြတယ်။

၅။ တမန်တော်တွေ ဘာကြောင့် သတ္တိ​လျော့နည်း​ခဲ့သလဲ။

အခက်အခဲ​ကို ယေရှု ခံရပ်​နိုင်တဲ့ အကြောင်းရင်း​ တစ်ခုက ဆုတောင်းခြင်း​အားဖြင့် ဖခင်​ကို အားကိုးခဲ့လို့ပဲ။ တမန်တော်တွေက​တော့ အဲဒီ​ညမှာ စွဲစွဲမြဲမြဲ ဆုမတောင်း​တဲ့​အတွက် သတ္တိ​လျော့နည်း​ခဲ့​တယ်။ (မ. ၂၆:၄၀၊ ၄၁၊ ၄၃၊ ၄၅၊ ၅၆) အခက်အခဲ​တွေ ကြုံရတဲ့​အခါ ယေရှုရဲ့ ပုံသက်သေ​အတိုင်း “အမြဲ ဆုတောင်းနေ” မှ ကျွန်တော်တို့ သစ္စာရှိ​နိုင်မယ်။ ဒါပေမဲ့ ဘာ​အတွက် ဆုတောင်း​ရမလဲ။

၆။ ယုံကြည်ခြင်းက စိတ်​ငြိမ်သက်​အောင် ဘယ်လို ကူညီပေး​မလဲ။

“ယုံကြည်ခြင်း တိုးများ​အောင် လုပ်​ပေးပါ” ဆိုပြီး ယေဟောဝါ​ဆီ ကျွန်တော်တို့ ဆုတောင်း​နိုင်တယ်။ (လု. ၁၇:၅။ ယော. ၁၄:၁) ကျွန်တော်တို့​အားလုံးကို စာတန် စမ်းသပ်​မှာ​ဖြစ်လို့ ယုံကြည်ခြင်း ရှိဖို့ လိုတယ်။ (လု. ၂၂:၃၁) အခက်အခဲ တစ်ခု​ပြီး​တစ်ခု ကြုံရ​ချိန်မှာ ယုံကြည်ခြင်းက ဘယ်လို စိတ်​ငြိမ်သက်​စေနိုင်သလဲ။ အခက်အခဲ​ကို ဖြေရှင်းဖို့ အတတ်နိုင်ဆုံး ကြိုးစား​ပြီးနောက် ယေဟောဝါ​လက်ထဲ အပ်​ထားဖို့ ယုံကြည်ခြင်းက ကူညီ​ပေးပါလိမ့်မယ်။ ယေဟောဝါသာ အကောင်းဆုံး ဖြေရှင်း​ပေးနိုင်မှန်း ကျွန်တော်တို့ ယုံကြည်တဲ့​အတွက် စိတ်​ငြိမ်သက်​နေပါလိမ့်မယ်။—၁ ပေ. ၅:၆၊ ၇

၇။ ရောဘတ်​ရဲ့​စကား​ကနေ ဘာ​သိရသလဲ။

ဘယ်​အခက်အခဲ​ပဲ ရင်ဆိုင်​ရ​ပါစေ ဆုတောင်းခြင်းက စိတ်​ငြိမ်သက်​အောင် ကူညီ​ပေး​နိုင်တယ်။ အသက် ၈၀ ကျော် သစ္စာရှိ အကြီးအကဲ ရောဘတ်​အကြောင်း စဉ်းစားကြည့်ပါ။ “ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ အကြံဉာဏ်​က ဘဝ​အခက်အခဲ​များစွာကို ရင်ဆိုင်​နိုင်ဖို့ ကူညီ​ပေးတယ်။ ကျွန်တော် ငွေကြေး​ပြဿနာ ကြုံရတယ်။ ဒီ့အပြင် အကြီးအကဲ​တာဝန် ခဏနား​လိုက်ရတယ်” လို့ သူပြောတယ်။ စိတ်​ငြိမ်သက်​ဖို့ သူ့ကို ဘာက ကူညီပေးသလဲ။ “စိုးရိမ်စိတ်​ ဝင်လာ​တာ​နဲ့ ဆုတောင်း​လိုက်တယ်။ ဆုတောင်း​လေ ငြိမ်​သက်​မှု ခံစား​ရလေပဲ” လို့ သူပြောတယ်။

ယေရှု ထက်သန်​စွာ ဟောပြော

ဟောပြောခြင်းက စိတ်​ငြိမ်သက်မှု ဆက်​ရှိစေ​နိုင် (အပိုဒ် ၈-၁၀ ကို​ကြည့်ပါ)

၈။ ယောဟန် ၈:၂၉ အရ ယေရှု စိတ်​ငြိမ်သက်​ရတဲ့ နောက်​အကြောင်းရင်း​က ဘာလဲ။

ယောဟန် ၈:၂၉ ကိုဖတ်ပါ။ နှိပ်စက်ညှဉ်းပန်းမှုကို သစ္စာရှိ​ရှိ ခံရပ်ခြင်းက ဖခင်​ကို စိတ်ရွှင်လန်း​စေ​မှန်း ယေရှု သိလို့ စိတ်​ငြိမ်သက်​နေတယ်။ ခက်ခဲ​ချိန်မှာတောင် ဖခင်​ကို နာခံတယ်။ ဖခင်​ကို ချစ်​ပြီး ဘဝမှာ အမှုဆောင်​လုပ်ငန်းကို အဓိက ထားတယ်။ မြေကြီးပေါ် မလာခင်​တုန်း​က “ကျွမ်းကျင်လုပ်သား” အဖြစ် ဘုရားနဲ့​အတူ လုပ်ဆောင်ခဲ့တယ်။ (ပညာ. ၈:၃၀) မြေကြီး​ပေါ်မှာ​လည်း ဖခင်​အကြောင်း ထက်သန်​စွာ သွန်သင်​ပေးတယ်။ (မ. ၆:၉။ ယော. ၅:၁၇) အဲဒါက ယေရှုကို ကျေနပ်​ပျော်ရွှင်​စေတယ်။—ယော. ၄:၃၄-၃၆

၉။ ဟောပြောခြင်း​လုပ်ငန်းကို အာရုံစိုက်​ခြင်းက ဘယ်လို စိတ်​ငြိမ်သက်​စေနိုင်သလဲ။

ကျွန်တော်တို့လည်း ယေဟောဝါကို နာခံခြင်း၊ “သခင့်​အလုပ်မှာ အမြဲ​အလုပ်​များနေ” ခြင်းအားဖြင့် ယေရှုကို တုပ​နိုင်တယ်။ (၁ ကော. ၁၅:၅၈) “ဟောပြောတဲ့ အလုပ်ကိုပဲ အာရုံစိုက်” မယ်​ဆိုရင် ပြဿနာ​တွေ ကြုံရတဲ့​အခါ အပြုသဘော ပို​ရှိ​နိုင်မယ်။ (တ. ၁၈:၅) ဥပမာ၊ ကိုယ့်ထက် အခြေအနေ ပို​ဆိုး​သူတွေကို အမှုဆောင်မှာ ကြုံရလေ့​ရှိတယ်။ ဒါပေမဲ့ သူတို့ဟာ ယေဟောဝါကို သိ​ပြီး ချစ်​လာတဲ့အခါ၊ ဘုရားရဲ့ သွန်သင်ချက်တွေကို လိုက်နာတဲ့အခါ ဘဝ တိုးတက်​ပျော်ရွှင်​လာတယ်။ အဲဒါကို မြင်ရ​တိုင်း ကျွန်တော်တို့ကို ယေဟောဝါ စောင့်ရှောက်​မယ်​ဆိုတာ ပို​ယုံကြည်​စိတ်ချ​လာတယ်။ ဒါက စိတ်​ငြိမ်သက်​ဖို့ ကူညီ​ပေးတယ်။ အဲဒီ​အချက် မှန်ကန်ကြောင်း ညီအစ်မ​တစ်ယောက် သိလာတယ်။ သူဟာ အသုံးမကျ​ဘူးလို့ ခံစား​နေရ​ပြီး စိတ်ကျ​ဝေဒနာ​ကို တိုက်လှန်​နေ​ရပေမဲ့ “အမှုဆောင်​လုပ်ငန်းမှာ အလုပ်​များနေ​တဲ့အခါ စိတ်​ငြိမ်သက်​ပြီး ပို​ပျော်​လာတယ်။ ယေဟောဝါနဲ့ ပို​ရင်းနှီး​လာတယ်” လို့ ပြောတယ်။

၁၀။ ဘ​ရန်​ဒါ​ရဲ့ စကား​ကနေ ဘာ​သိရသလဲ။

၁၀ ညီအစ်မ ဘ​ရန်​ဒါ​အကြောင်းကိုလည်း စဉ်းစားကြည့်ပါ။ သူနဲ့ သမီး​ဖြစ်သူဟာ နာတာရှည် အာရုံကြော​ရောဂါ ခံစား​နေရ​တယ်။ သူဟာ ဘီးတပ်ကုလားထိုင်​နဲ့​ပဲ နေရ​ပြီး အား​သိပ်​မရှိဘူး။ တစ်ခါတလေ တစ်အိမ်တက်ဆင်း သွား​နိုင်ပေမဲ့ အများအားဖြင့်​တော့ စာရေးသက်သေခံ​တယ်။ “ဒီ​စနစ်​မှာ ကိုယ့်​အခြေအနေကို ပြောင်းလဲဖို့ မဖြစ်​နိုင်မှန်း လက်ခံ​လိုက်တာနဲ့ အမှုဆောင်​လုပ်ငန်းကို ပိုပြီး​အာရုံစိုက်​နိုင်ခဲ့တယ်။ ဟောပြော​နေရလို့ စိုးရိမ်စရာတွေကို အာရုံမရောက်​တော့​ဘူး။ လူတွေကို ကူညီ​ပေးဖို့ပဲ အာရုံစိုက်​လာတယ်။ အနာဂတ် မျှော်လင့်ချက် ပို​တောက်ပ​လာတယ်” လို့ သူပြောတယ်။

မိတ်ဆွေ​တွေရဲ့ အကူအညီကို ယေရှု လက်ခံ

မိတ်ဆွေကောင်း​တွေ​နဲ့ ပေါင်းသင်းခြင်းက စိတ်​ငြိမ်သက်မှု ဆက်​ရှိစေ​နိုင် (အပိုဒ် ၁၁-၁၅ ကို​ကြည့်ပါ)

၁၁-၁၃။ (က) တမန်တော်တွေ​နဲ့ တခြား​သူတွေဟာ ယေရှု​အတွက် ဘယ်​လို​နည်းနဲ့ မိတ်ဆွေစစ် ဖြစ်သလဲ။ (ခ) မိတ်ဆွေ​တွေ​ကြောင့် ယေရှု ဘယ်လို ခံစား​ရသလဲ။

၁၁ အမှုဆောင်​လုပ်ငန်း​တစ်လျှောက် သစ္စာရှိ တမန်​တော်​တွေ​ဟာ ယေရှု​အတွက် မိတ်ဆွေစစ်​တွေ ဖြစ်ခဲ့တယ်။ “ညီအစ်ကို​ထက် တွယ်တာ​တဲ့ မိတ်ဆွေ​လည်း ရှိတယ်”​ ဆိုတဲ့ ပညာရှိ​စကား မှန်ကန်ကြောင်း သူတို့ သက်သေထူ​ခဲ့​တယ်။ (ပညာ. ၁၈:၂၄) အဲဒီလို​မိတ်ဆွေတွေကို ယေရှု တန်ဖိုး​ထားတယ်။ အမှုဆောင်​လုပ်ငန်း​တစ်လျှောက် ယေရှုကို ညီ​တစ်ယောက်မှ မယုံကြည်ကြဘူး။ (ယော. ၇:၃-၅) ယေရှု စိတ်ဖောက်ပြန်​သွားပြီ​လို့​တောင် ဆွေမျိုးတွေ ထင်ကြတယ်။ (မာ. ၃:၂၁) သစ္စာရှိ တမန်တော်တွေ​နဲ့​ပတ်သက်​ရင်​တော့ “ခင်ဗျားတို့​က ကျွန်တော် စမ်းသပ်မှု​ကြုံရချိန်​တွေ​မှာ ကျွန်တော့်ကို မစွန့်ခွာ​ကြဘူး” လို့ မသေဆုံးခင်​ညမှာ ယေရှု ပြော​နိုင်ခဲ့တယ်။—လု. ၂၂:၂၈

၁၂ တမန်တော်တွေ အကြိမ်ကြိမ် အမှား​လုပ်​ပေမဲ့ အမှားတွေ​အစား သူတို့ရဲ့ ယုံကြည်ခြင်းကို ယေရှု အာရုံစိုက်​တယ်။ (မ. ၂၆:၄၀။ မာ. ၁၀:၁၃၊ ၁၄။ ယော. ၆:၆၆-၆၉) “အဖ​ဘုရားဆီက ကြားနာ​ခဲ့သ​မျှ ပြန်​ပြောပြတဲ့​အတွက် ခင်ဗျားတို့ကို မိတ်ဆွေ​လို့ ခေါ်​မယ်” ဆိုပြီး မသေဆုံးခင် နောက်ဆုံး​ညမှာ အဲဒီသစ္စာရှိ အမျိုးသားတွေကို ယေရှု ပြောတယ်။ (ယော. ၁၅:၁၅) မိတ်ဆွေ​တွေ​ကြောင့် ယေရှု အလွန် အားတက်ခဲ့​မှာ သေချာတယ်။ အမှုဆောင်​လုပ်ငန်းမှာ သူတို့ရဲ့ ကူညီမှုကြောင့် ယေရှု အလွန်​ပျော်ရွှင်ခဲ့တယ်။—လု. ၁၀:၁၇၊ ၂၁

၁၃ ယေရှုမှာ တမန်တော်တွေ​အပြင် တခြား​မိတ်ဆွေတွေလည်း ရှိသေးတယ်။ အဲဒီ​အမျိုးသား/သမီးတွေဟာ ဟောပြောခြင်း​လုပ်ငန်းမှာ ကူညီတဲ့​အပြင် တခြား​နည်းတွေနဲ့လည်း ကူညီပေး​ကြတယ်။ တချို့က အိမ်မှာ ဧည့်ခံ​ကျွေးမွေး​ကြတယ်။ (လု. ၁၀:၃၈-၄၂။ ယော. ၁၂:၁၊ ၂) တချို့က ယေရှုနဲ့အတူ လိုက်ပါ​ပြီး ကိုယ့်​ပစ္စည်းဥစ္စာတွေကို ဝေမျှ​သုံးစွဲ​ကြတယ်။ (လု. ၈:၃) ယေရှုဟာ ကိုယ်တိုင် မိတ်ဆွေကောင်း​ဖြစ်လို့ မိတ်ဆွေကောင်း​တွေ ရတာ ဖြစ်တယ်။ မိတ်ဆွေ​တွေ​အတွက် ကောင်းတာတွေ လုပ်ပေးတယ်။ သူတို့​တတ်နိုင်​တာ​ထက် ပို​မမျှော်လင့်​ဘူး။ ယေရှုဟာ စုံလင်သူ​ဖြစ်ပေမဲ့ မစုံလင်တဲ့ မိတ်ဆွေ​တွေရဲ့ ထောက်မမှုကို ကျေးဇူးတင်​လေးမြတ်​ခဲ့​တယ်။ သူတို့​ကြောင့်လည်း ယေရှု စိတ်​ငြိမ်သက်​နိုင်​ခဲ့တာပါ။

၁၄-၁၅။ မိတ်ဆွေကောင်း ဘယ်လို ဖွဲ့​နိုင်သလဲ။ ကျွန်တော်တို့ကို သူတို့ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၄ မိတ်ဆွေကောင်း​တွေ​က ယေဟောဝါကို သစ္စာ​စောင့်သိ​နိုင်ဖို့ ကူညီ​ပေးတယ်။ မိတ်ဆွေကောင်း ဖွဲ့​နိုင်တဲ့ အကောင်းဆုံးနည်း​ကတော့ ကိုယ်တိုင် မိတ်ဆွေကောင်း ဖြစ်​ခြင်း​ပါပဲ။ (မ. ၇:၁၂) ဥပမာ၊ တခြားသူတွေ၊ အထူးသဖြင့် “လိုအပ်သူ” တွေကို အတတ်နိုင်ဆုံး ကူညီ​ပေးဖို့ ကျမ်းစာမှာ အားပေး​ထားတယ်။ (ဧ. ၄:၂၈) အသင်းတော်မှာ ဘယ်သူတွေကို ကူညီ​ပေးနိုင်​မလဲ​ဆိုတာ စဉ်းစားကြည့်ပါ။ အိမ်ပြင် မ​ထွက်​နိုင်​သူ​အတွက် ဈေးဝယ်​ပေး​နိုင်မလား။ ငွေကြေး​ခက်ခဲ​နေတဲ့ မိသားစုကို တစ်​နပ်​စာ​လောက် ကျွေး​နိုင်မလား။ jw.org® နဲ့ JW Library® app ကို သုံး​တတ်အောင် တခြား​သူတွေကို ကူညီ​ပေး​နိုင်မလား။ တခြား​သူတွေကို ကူညီ​ပေးခြင်း​မှာ အလုပ်များ​နေမယ်​ဆိုရင် ပို​ပျော်ရွှင်​ပါလိမ့်မယ်။—တ. ၂၀:၃၅

၁၅ မိတ်ဆွေတွေဟာ ကျွန်တော်တို့ အခက်အခဲ ကြုံ​တဲ့အခါ စိတ်​ငြိမ်သက်​အောင် ကူညီ​ထောက်မ​ပါလိမ့်မယ်။ ယောဘရဲ့ ဒုက္ခတွေ​အကြောင်း ဧလိဟု နားထောင်ပေးသလို မိတ်ဆွေတွေဟာ ကျွန်တော်တို့ရဲ့ အခက်အခဲ​တွေ​အကြောင်း စိတ်ရှည်​စွာ နားထောင်ပေး​ကြတယ်။ (ယောဘ ၃၂:၄) ကိုယ့်​အတွက် ဆုံးဖြတ်​ပေးဖို့ မမျှော်လင့်သင့်​ပေမဲ့ သူတို့ရဲ့ ကျမ်းစာ​အခြေပြု အကြံဉာဏ်​ကို နားထောင်တာက ပညာ​ရှိရာ​ရောက်တယ်။ (ပညာ. ၁၅:၂၂) မိတ်ဆွေ​တွေရဲ့ အကူအညီကို ဘုရင်​ဒါဝိဒ် နှိမ့်ချ​စွာ လက်ခံသလို ကျွန်တော်တို့လည်း လိုအပ်​ချိန်မှာ မိတ်ဆွေ​တွေရဲ့ အကူအညီကို နှိမ့်ချ​စွာ လက်ခံသင့်တယ်။ (၂ ရှ. ၁၇:၂၇-၂၉) အဲဒီလို မိတ်ဆွေကောင်း​တွေဟာ ယေဟောဝါ​ဆီက လက်ဆောင်ပါပဲ။—ယာ. ၁:၁၇

စိတ်​ငြိမ်သက်​နေနိုင်ပုံ

၁၆။ ဖိလိပ္ပိ ၄:၆၊ ၇ အရ စိတ်​ငြိမ်သက်မှု​ ဘယ်လို ရနိုင်မလဲ။ ရှင်းပြပါ။

၁၆ ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။ “ခရစ်တော်​ယေရှု​က​တစ်ဆင့်” ငြိမ်သက်မှု ပေးမယ်လို့ ယေဟောဝါ ဘာကြောင့် ပြောတာလဲ။ ယေရှုရဲ့ အခန်းကဏ္ဍကို နားလည်​ယုံကြည်​မှ စိတ်​ငြိမ်သက်​နိုင်မှာ ဖြစ်လို့ပဲ။ ဥပမာ၊ ယေရှုရဲ့ ရွေးဖိုး​ပူဇော်သက္ကာ​အားဖြင့် အပြစ်တွေ ခွင့်လွှတ်​ခံရ​နိုင်တယ်။ (၁ ယော. ၂:၁၂) စိတ်သက်သာစရာပါပဲ။ ဘုရား​နိုင်ငံတော်​ဘုရင် ယေရှုဟာ စာတန်နဲ့ စာတန့်​လောက​ကြောင့် ဖြစ်လာတဲ့ ထိခိုက်​ပျက်စီးမှု မှန်သမျှကို ပြုပြင်​ပေးမယ်။ (ဟေရှာ. ၆၅:၁၇။ ၁ ယော. ၃:၈။ ဗျာ. ၂၁:၃၊ ၄) သိပ်​ကောင်းတဲ့ မျှော်လင့်ချက်​ပါပဲ။ ယေရှု​က ကျွန်တော်တို့ကို ခက်ခဲတဲ့​တာဝန် ပေး​ထားပေမဲ့ ဒီ​စနစ် ဆုံးခန်း​တစ်လျှောက် ကျွန်တော်တို့နဲ့​အတူ ရှိနေပြီး ထောက်မ​ပေးပါလိမ့်မယ်။ (မ. ၂၈:၁၉၊ ၂၀) တကယ့်ကို သတ္တိ​ရှိစေတဲ့ အာမခံချက်​ပါပဲ။ စိတ်သက်သာမှု၊ မျှော်လင့်ချက်၊ သတ္တိ​တို့ဟာ စိတ်​ငြိမ်သက်​စေတဲ့ အကြောင်းရင်း​တချို့​ပါပဲ။

၁၇။ (က) စိတ်​ငြိမ်သက်မှု ဘယ်လို ဆက်ရှိ​နိုင်မလဲ။ (ခ) ယောဟန် ၁၆:၃၃ မှာ ကတိ​ပေးထားတဲ့​အတိုင်း ကျွန်တော်တို့ ဘာလုပ်​နိုင်မလဲ။

၁၇ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ကြုံရ​ချိန်မှာ ဘယ်လို စိတ်​ငြိမ်သက်​နိုင်မလဲ။ ယေရှု​လို လုပ်ဆောင်ခြင်း​အားဖြင့်​ပါပဲ။ ပထမ၊ အမြဲ ဆုတောင်းပါ။ ဒုတိယ၊ ခက်ခဲ​ချိန်မှာတောင် ယေဟောဝါကို နာခံပြီး ထက်သန်​စွာ ဟောပြောပါ။ တတိယ၊ မိတ်ဆွေ​တွေရဲ့ အကူအညီကို အားထားပါ။ ဒါဆိုရင် ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက သင့်​စိတ်နှလုံးကို စောင့်ရှောက်​ပေးပါလိမ့်မယ်။ ယေရှု​လို​ပဲ ဘယ်​စမ်းသပ်မှုကို​မဆို အောင်မြင်နိုင်​ပါလိမ့်မယ်။ယောဟန် ၁၆:၃၃ ကိုဖတ်ပါ။

သီချင်း ၄၁ ဆုတောင်းသံ​ကို နားထောင်​ပေးပါ

^ အပိုဒ်၊ 5 စိတ်​ငြိမ်သက်​ဖို့ ခက်​စေတဲ့ ပြဿနာတွေကို ကျွန်တော်တို့​ အားလုံး ကြုံနေ​ရတယ်။ စိတ်​ငြိမ်သက်မှု ရှိဖို့ ယေရှု လုပ်ဆောင် ခဲ့တဲ့ အချက်​သုံးချက်​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ထားတယ်။ ကျွန်တော်တို့လည်း ပြင်းထန်တဲ့ အခက်အခဲ​တွေ ကြုံရ​ချိန်မှာ စိတ်​ငြိမ်သက်မှု ဆက်​ရှိအောင် အဲဒီ​သုံးချက်​ကို လုပ်ဆောင်​နိုင်တယ်။