မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၆

သေခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအမှန်တရား

သေခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအမှန်တရား

“မှန်တဲ့သတင်း​စကားနဲ့ မှားတဲ့သတင်းစကားကို ခွဲခြား​နိုင်တယ်။” —၁ ယော. ၄:၆

သီချင်း ၇၃ ရဲစွမ်းသတ္တိ ပေးပါ

အကြို​သုံးသပ်ချက် *

ဘုရား မနှစ်သက်တဲ့ ထုံးစံတွေ​မှာ မပါဝင်ပါ​နဲ့။ ချစ်ရသူ သေဆုံးသွားတဲ့ ဆွေမျိုးတွေကို နှစ်သိမ့်​ပေးပါ (အပိုဒ် ၁-၂ ကို​ကြည့်ပါ) *

၁-၂။ (က) လူတွေကို စာတန် ဘယ်နည်းတွေနဲ့ လှည့်စား​ထားသလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

“မုသားရဲ့​အဖ” စာတန်ဟာ လူ့သမိုင်း အစ​ကတည်းက လူတွေကို လှည့်စား​ထားတယ်။ (ယော. ၈:၄၄) စာတန်ရဲ့ အ​လိမ်​အ​ညာ​တွေ​ထဲမှာ သေခြင်း​အကြောင်း၊ တ​မ​လွန်​ဘဝ​အကြောင်း မှားယွင်းတဲ့ သွန်သင်ချက်တွေ ပါဝင်တယ်။ လူကြိုက်များ​တဲ့ ဓလေ့​ထုံးစံတွေ၊ အယူသီးမှု​တွေဟာ အဲဒီ​သွန်သင်ချက်​အပေါ် အခြေခံတယ်။ ဒါကြောင့် ညီအစ်ကို/မ အတော်များများဟာ မိသားစုမှာ၊ ရပ်ကွက်မှာ တစ်ယောက်ယောက် သေဆုံး​တဲ့အခါ “ယုံကြည်ခြင်း​အတွက် ကြိုးစား​တိုက်လှန်” ကြရမယ်။—ယု. ၃

အဲဒီ​အခြေအနေ​မျိုး သင် ကြုံရတဲ့​အခါ သေခြင်းနဲ့​ပတ်သက်တဲ့ ကျမ်းစာ​သွန်သင်ချက်တွေ​ဘက် ဘယ်လို အခိုင်အမာ ရပ်တည်​နိုင်မလဲ။ (ဧ. ၆:၁၁) ဘုရား မနှစ်သက်တဲ့ ဓလေ့​ထုံးစံတွေ​မှာ ပါဝင်ဖို့ ဖိအားပေး​ခံရသူ​ကို ဘယ်လို နှစ်သိမ့်​အားပေးနိုင်​မလဲ။ ယေဟောဝါ​ပေးတဲ့ လမ်းညွှန်မှု​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ ဦးဆုံး၊ သေခြင်းနဲ့​ပတ်သက်တဲ့ ကျမ်းစာ​အဆိုကို ဆွေးနွေးကြစို့။

လူသေတွေရဲ့ အခြေအနေနဲ့​ပတ်သက်တဲ့ အမှန်တရား

၃။ ဦးဆုံး​လိမ်လည်မှု​ကြောင့် ဘာ​ရလဒ် ရခဲ့သလဲ။

လူတွေ သေ​ဖို့ ဘုရားသခင် မရည်ရွယ်​ဘူး။ ဒါပေမဲ့ ထာဝစဉ် အသက်ရှင်ဖို့ ယေဟောဝါကို နာခံရမယ်။ “အကောင်းအဆိုး သိကျွမ်းရာ​အပင်ရဲ့ အသီးကို​တော့ မစား​နဲ့။ စားတဲ့​နေ့မှာ မင်း သေကိုသေ​ရမယ်” လို့ အာဒံနဲ့ ဧဝကို ဘုရား မိန့်မှာတယ်။ (က. ၂:၁၆၊ ၁၇) ဒါပေမဲ့ စာတန်​က “မင်းတို့ လုံးဝ သေ​မှာ မဟုတ်ဘူး” လို့ မြွေ​က​တစ်ဆင့် ဧဝကို ပြောတယ်။ အဲဒီ​အလိမ်အညာကို ဧဝ ယုံပြီး အသီး​စား​လိုက်တယ်။ အာဒံလည်း စား​လိုက်တယ်။ (က. ၃:၄၊ ၆) ဒီ​နည်း​အားဖြင့် လူတွေဟာ အပြစ်နဲ့ သေခြင်း​အောက် ရောက်​ခဲ့​ရတယ်။—ရော. ၅:၁၂

၄-၅။ လူတွေကို စာတန် ဘယ်လို ဆက်​လှည့်စား​နေသလဲ။

ဘုရား ပြောတဲ့​အတိုင်း အာဒံနဲ့ ဧဝ သေ​ခဲ့​ရတယ်။ ဒါပေမဲ့ သေခြင်းနဲ့​ပတ်သက်ပြီး စာတန် ဆက်​လိမ်​တယ်။ နောက်ပိုင်းမှာ တခြား အ​လိမ်​အ​ညာ​တွေကို သုံး​လာတယ်။ တစ်ခုကတော့ ပကတိ​ခန္ဓာ သေသွားပေမဲ့ ဝိညာဉ် ဆက်​အသက်​ရှင်​နေတယ်​ဆိုတဲ့ သွန်သင်ချက်​ပဲ။ အဲဒီ​အ​လိမ်​အညာ​နဲ့ ဆက်နွှယ်​နေတဲ့ အယူအဆတွေက ဒီနေ့​ထိ လူတွေကို လှည့်စား​နေတုန်းပဲ။—၁ တိ. ၄:၁

လူများစွာ ဘာကြောင့် လှည့်စား​ခံ​နေရသလဲ။ ဘာကြောင့်လဲ​ဆိုတော့ စာတန်ရဲ့ အ​လိမ်​အ​ညာ​က သေခြင်းနဲ့​ပတ်သက်တဲ့ လူတွေရဲ့ ပင်ကို​ခံစားချက်ကို အမြတ်​ထုတ်​ထားလို့​ပဲ။ လူတွေဟာ ထာဝစဉ် အသက်ရှင်ဖို့ ဖန်ဆင်း​ခံ​ထား​ရလို့ မသေ​ချင်​ကြဘူး။ (ဒေ. ၃:၁၁) သေခြင်းကို ရန်သူ​အဖြစ် သဘောထား​ကြတယ်။—၁ ကော. ၁၅:၂၆

၆-၇။ (က) လူသေတွေနဲ့​ပတ်သက်တဲ့ အမှန်တရားကို ဖုံးကွယ်​ရာ​မှာ စာတန် အောင်မြင်သလား။ ရှင်းပြပါ။ (ခ) ကျမ်းစာ​အမှန်တရားက မလိုအပ်တဲ့ ကြောက်ရွံ့မှု​ကို ဘယ်လို ဖယ်ရှား​ပေးသလဲ။

စာတန် ဘယ်လောက်​ပဲ ကြိုးစားပါစေ သေခြင်းနဲ့​ပတ်သက်တဲ့ အမှန်တရားကို​တော့ မ​ဖုံးကွယ်​နိုင်ဘူး။ လူသေတွေရဲ့ အခြေအနေနဲ့ မျှော်လင့်ချက်​အကြောင်း ကျမ်းစာ​သွန်သင်ချက်တွေကို လူတွေ အခု ပို​သိလာ​ကြပြီ။ (ဒေ. ၉:၅၊ ၁၀။ တ. ၂၄:၁၅) အဲဒီ​အမှန်တရား​တွေ​က ကျွန်တော်တို့ကို နှစ်သိမ့်​ပေးတယ်။ မလိုအပ်တဲ့ ကြောက်ရွံ့မှု၊ မသေချာ မရေရာမှု​တွေ​ကနေ လွတ်ကင်း​စေတယ်။ ဥပမာ၊ လူသေတွေကို ကျွန်တော်တို့ မကြောက်​ဘူး။ သူတို့​အတွက်လည်း မစိုးရိမ်​ဘူး။ သူတို့ အသက်မရှင်​တော့​ကြောင်း၊ ဘယ်သူ့ကိုမှ အန္တရာယ် မပြု​နိုင်ကြောင်း၊ အိပ်မောကျသလို ဖြစ်​နေကြောင်း သိထားတယ်။ (ယော. ၁၁:၁၁-၁၄) လူသေ​တွေဟာ အချိန်ကုန်​လို့​ကုန်​မှန်း​လည်း မသိ​ဘူး။ ဒါကြောင့် သေဆုံး​တာ နှစ်ပေါင်း ရာနဲ့ချီ ရှိနေ​သူတွေတောင် ထမြောက်​လာတဲ့အခါ မ​နေ့​တစ်နေ့​ကလို​ပဲ ခံစား​ရလိမ့်မယ်။

လူသေတွေရဲ့ အခြေအနေနဲ့​ပတ်သက်တဲ့ အမှန်တရားဟာ ရိုးရှင်း​ပြီး ယုတ္တိ​ရှိ​မှန်း သင် သဘောတူတယ် မဟုတ်လား။ ရှုပ်ထွေး​တဲ့ စာတန့် အ​လိမ်​အ​ညာ​တွေ​နဲ့​တော့ တခြား​စီ​ပဲ။ အဲဒီ​အ​လိမ်​အ​ညာ​တွေ​က လူတွေကို လှည့်စား​ရုံ​မက​ ဖန်ဆင်းရှင်ကိုလည်း ရှုတ်ချ​တယ်။ စာတန် ဖြစ်ပေါ်​စေတဲ့ ထိခိုက်​နစ်နာမှု​အကြောင်း ပို​နားလည်ဖို့ ဒီ​မေးခွန်းတွေကို သုံးသပ်​ကြမယ်– စာတန့် လိမ်ညာမှု​တွေ​က ယေဟောဝါကို ဘယ်လို ရှုတ်ချသလဲ။ ခရစ်တော်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ​အပေါ် ယုံကြည်မှုကို ဘယ်လို ကင်းမဲ့​စေသလဲ။ လူတွေရဲ့ ဝမ်းနည်းပူဆွေးမှု​ကို ဘယ်လို ပို​ဆိုး​စေသလဲ။

စာတန့်​လိမ်ညာမှု​ကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်​နစ်နာမှု

၈။ ယေရမိ ၁၉:၅ အရ လူသေတွေနဲ့​ပတ်သက်တဲ့ စာတန့် လိမ်ညာမှု​တွေဟာ ယေဟောဝါကို ဘယ်လို ရှုတ်ချသလဲ။

လူသေတွေနဲ့​ပတ်သက်တဲ့ စာတန့် လိမ်ညာမှု​တွေ​က ယေဟောဝါကို ရှုတ်ချ​တယ်။ အဲဒီ​လိမ်ညာမှု​တွေ​ထဲမှာ လူသေ​တွေ မီးငရဲ​မှာ ဝေဒနာ​ခံ​နေရ​တယ်​ဆိုတဲ့ သွန်သင်​ချက်​အမှား ပါဝင်တယ်။ အဲဒါက ဘုရားကို ရှုတ်ချ​တာ​ပဲ။ ဘယ်​နည်းနဲ့လဲ။ မေတ္တာရှင် ဘုရားသခင်ဟာ မာရ်နတ်​လို​ပဲ ရက်စက်​သူ​ဖြစ်တယ်လို့ လူတွေကို ယုံကြည်​စေ​လို့​ပဲ။ (၁ ယော. ၄:၈) အဲဒီ​သွန်သင်ချက်​အမှား​ကြောင့် သင် ဘယ်လို ခံစား​ရသလဲ။ ယေဟောဝါ​ကော ဘယ်လို ခံစား​ရသလဲ။ တကယ်တော့ ရက်စက်မှု မှန်သမျှကို ဘုရား ရွံမုန်းတယ်။ယေရမိ ၁၉:၅ ကိုဖတ်ပါ။

၉။ စာတန့် လိမ်ညာမှု​တွေ​က ယောဟန် ၃:၁၆ နဲ့ ၁၅:၁၃ မှာ ဖော်ပြ​ထားတဲ့ ခရစ်တော်ရဲ့ ရွေးဖိုး​အပေါ် ယုံကြည်မှုကို ဘယ်လို ထိခိုက်​စေသလဲ။

သေခြင်းနဲ့​ပတ်သက်တဲ့ စာတန်ရဲ့ လိမ်ညာမှု​တွေဟာ ခရစ်တော်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ​ကို အယုံအကြည်မဲ့​စေတယ်။ (မ. ၂၀:၂၈) စာတန့်​လိမ်ညာမှု နောက်​တစ်ခုက လူတွေမှာ မသေနိုင်တဲ့ ဝိညာဉ်​ရှိတယ်ဆိုတာ​ပဲ။ အဲဒီလိုသာ​ဆိုရင် လူတွေ ထာဝစဉ် အသက်ရှင်​နေကြတာပဲ။ လူတွေ ထာဝရ​အသက်​ရအောင် ရွေးဖိုး​အဖြစ် ခရစ်တော် အသေခံဖို့​တောင် မလို​တော့​ဘူး။ တကယ်တော့ ခရစ်တော်ရဲ့ ရွေးဖိုးဟာ လူတွေ​အပေါ် ပြ​တဲ့ အကြီးမားဆုံး မေတ္တာ ဖော်ပြချက်​ပဲ။ (ယောဟန် ၃:၁၆။ ၁၅:၁၃ ကိုဖတ်ပါ။) အဲဒီ​အဖိုးတန် ဆုလက်ဆောင်​ကို တန်ဖိုး​မဲ့​သွား​စေတဲ့ သွန်သင်ချက်​ကြောင့် ယေဟောဝါနဲ့ သားတော် ဘယ်လို ခံစား​ရမယ်ဆိုတာ စဉ်းစားကြည့်ပါ။

၁၀။ သေခြင်းနဲ့​ပတ်သက်တဲ့ စာတန့် လိမ်ညာမှု​တွေ​က ဝမ်းနည်းပူဆွေးမှု​ကို ဘယ်လို ပို​ဆိုး​စေသလဲ။

၁၀ စာတန့် လိမ်ညာမှု​တွေ​က လူတွေရဲ့ ဝမ်းနည်းပူဆွေး​မှု​ကို ပို​ဆိုး​စေတယ်။ ကလေး​တစ်ယောက် သေဆုံးသွားလို့ ဝမ်းနည်း​နေတဲ့ မိဘတွေကို ကောင်းကင်မှာ ကောင်းကင်တမန် လို​နေလို့ ဘုရား ခေါ်သွားတယ်​ဆိုပြီး ပြော​ကြတယ်။ စာတန်ရဲ့ အဲဒီ​လိမ်ညာမှုဟာ ဝမ်းနည်းပူဆွေးမှု​ကို လျော့​သွား​စေသလား၊ ပို​ဆိုး​စေသလား။ ချာ့ချ်​သွန်သင်ချက် ငြင်းပယ်​သူတွေကို သစ်တိုင်​မှာ မီးရှို့ခြင်း အပါအဝင် နှိပ်စက်မှုတွေကို ဆင်ခြေ​ပေးဖို့ မီးငရဲ သွန်သင်ချက်​အမှား​ကို လူတွေ သုံး​ကြတယ်။ အယူမှား​သူတွေကို နှိပ်စက်ခြင်း​ဟာ မသေ​ခင် နောင်တ​ရပြီး ငရဲ​ကနေ လွတ်​အောင် “ငရဲ​ကို မြည်းစမ်း” ခိုင်း​ခြင်းသာ ဖြစ်တယ်လို့ နှိပ်စက်​သူတွေ ယူဆ​ကြောင်း စပိန်​ခုံရုံး​ဆိုင်ရာ စာအုပ်​တစ်အုပ်​က ဆိုတယ်။ နိုင်ငံ​များစွာမှာ လူတွေဟာ သေဆုံးသွားတဲ့ ဘိုးဘေးတွေကို ကိုးကွယ်​ကြတယ်၊ အရိုအသေ ပေး​ကြတယ်၊ ကောင်းချီး တောင်းခံ​ကြတယ်။ ကိုယ့်ကို ဒုက္ခ​မပေး​စေဖို့ ဘိုးဘေး​တွေ စိတ်ဆိုး​အောင် မလုပ်ကြဘူး။ စာတန့် လိမ်ညာမှု​တွေ​ပေါ် အခြေခံ​တဲ့ အဲဒီ​ယုံကြည်ချက်တွေ​ဟာ စစ်မှန်တဲ့ နှစ်သိမ့်မှု ပေးမယ့်​အစား မလိုအပ်တဲ့ စိုးရိမ်​ပူပန်မှု​နဲ့ ကြောက်ရွံ့မှု​တွေကို​ပဲ ဖြစ်ပေါ်​စေတယ်။

ကျမ်းစာ​အမှန်တရားကို ခုခံ​ကာကွယ်​နိုင်ပုံ

၁၁။ ကျမ်းစာနဲ့ မညီ​တာ​တွေ​လုပ်ဖို့ ဆွေမျိုး၊ မိတ်ဆွေ​တွေ ဘယ်လို ဖိအား​ပေးနိုင်သလဲ။

၁၁ ယေဟောဝါနဲ့ ကျမ်းစာကို ချစ်မြတ်နိုးခြင်းက ကျမ်းစာနဲ့ မညီတဲ့ ဓလေ့​ထုံးစံတွေ​မှာ ပါဝင်ဖို့ ဆွေမျိုး၊ မိတ်ဆွေ​တွေ စိတ်ရင်းမှန်နဲ့ ဖိအား​ပေးတဲ့​အခါမှာ​တောင် ဘုရားကို နာခံဖို့ ခွန်အား​ရှိစေတယ်။ သေလွန်​သူကို မချစ်​ဘူး၊ မလေးစား​ဘူးလို့ သူတို့ စွပ်စွဲ​နိုင်တယ်။ ကိုယ့်လုပ်ရပ်​ကြောင့် သေလွန်​သူက ကျန်ရစ်​သူတွေကို တစ်နည်းနည်းနဲ့ ဒုက္ခ​ပေးလိမ့်မယ်​လို့​လည်း ပြော​နိုင်တယ်။ အဲဒီအချိန်မှာ ကျမ်းစာ​အမှန်တရားကို ဘယ်လို ခုခံ​ကာကွယ်​နိုင်မလဲ။ ကျမ်းစာ​မူတွေကို ဘယ်လို ကျင့်သုံး​နိုင်မလဲ​ဆိုတာ သုံးသပ်​ကြည့်ကြစို့။

၁၂။ လူသေတွေနဲ့​ပတ်သက်ပြီး ကျမ်းစာနဲ့ မညီတဲ့ ဓလေ့​ထုံးစံ​တချို့က ဘာတွေလဲ။

၁၂ ကျမ်းစာနဲ့ မညီတဲ့ ယုံကြည်ချက်၊ ဓလေ့​ထုံးစံတွေနဲ့ “တ​သီး​တခြား​နေ” ဖို့ စိတ်ပိုင်းဖြတ်​ထားပါ။ (၂ ကော. ၆:၁၇) လူတစ်ယောက် သေဆုံး​ပြီးနောက် “ဝိညာဉ်” ဟာ အနီး​နား​မှာ ရှိနေပြီး မလေးမစား လုပ်ခဲ့​သူတွေကို ဒုက္ခ​ပေးတယ်လို့ ကရစ်ဘီယံ​နိုင်ငံ​တစ်ခုမှာ ယုံကြည်​ကြတယ်။ “ဝိညာဉ်​ဟာ တစ်မျိုးလုံးကိုတောင် ဒုက္ခ​ပေး​နိုင်တယ်” လို့ စာအုပ်​တစ်အုပ် ဆိုတယ်။ အာဖရိက​ထုံးစံ​တစ်ခုမှာ သေလွန်​သူရဲ့ အိမ်မှာ​ရှိတဲ့ မှန်​တွေကို ဖုံးပြီး သူ့​ဓာတ်ပုံတွေကို မှောက်ထား​ရတယ်။ ဘာကြောင့်လဲ။ လူသေ​တွေ ကိုယ့်ကိုယ်ကိုယ် မမြင်​စေဖို့​ပဲ ဆိုပြီး ပြော​ကြတယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေ​ကတော့ စာတန့် လိမ်ညာမှု​တွေကို အားပေးတဲ့ ယုံ​တမ်း​စကားတွေ၊ ဓလေ့​ထုံးစံတွေနဲ့ လုံးဝ မပတ်သက်​ကြဘူး။—၁ ကော. ၁၀:၂၁၊ ၂၂

ကျမ်းစာကို အသေအချာ ရှာဖွေ​လေ့လာခြင်း၊ သက်သေခံ​မဟုတ်တဲ့ ဆွေမျိုးတွေ​နဲ့ ဆက်သွယ်ရေး​ကောင်း ရှိ​ခြင်းက ပြဿနာတွေကို ရှောင်​ဖို့ ကူညီ​ပေးနိုင် (အပိုဒ် ၁၃-၁၄ ကို​ကြည့်ပါ) *

၁၃။ ဓလေ့​ထုံးစံ​တစ်ခုနဲ့​ပတ်သက်ပြီး မသေ​မ​ချာ ဖြစ်နေရင် ယာကုပ် ၁:၅ အရ ဘာ​လုပ်သင့်သလဲ။

၁၃ ဓလေ့​ထုံးစံ​တစ်ခုနဲ့​ပတ်သက်ပြီး မသေ​မ​ချာ ဖြစ်နေရင် ဉာဏ်​ပညာ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်းပါ။ (ယာကုပ် ၁:၅ ကိုဖတ်ပါ။) အဖွဲ့အစည်းထုတ် စာပေတွေမှာ ရှာဖွေ​လေ့လာပါ။ လိုအပ်​ရင် အသင်းတော် အကြီးအကဲ​တွေ​နဲ့ တိုင်ပင်​ပါ။ ဘာ​လုပ်ရမယ်​ဆိုတာ သူတို့ ဆုံးဖြတ်​ပေးမှာ မဟုတ်ပေမဲ့ ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ထားသလို​မျိုး ကျမ်းစာ​မူတွေကို ထောက်ပြ​ပါလိမ့်မယ်။ အဲဒါတွေ လုပ်ဆောင်ခြင်းက သင့်ရဲ့ “ပိုင်းခြား​သိမြင်နိုင်စွမ်း” ကို လေ့ကျင့်ပေး​ရာ​ရောက်​ပြီး “အမှားအမှန် ခွဲခြားသိနိုင်” စေပါလိမ့်မယ်။—ဟီ. ၅:၁၄

၁၄။ တခြားသူတွေ တိုက်မိ​မလဲ​အောင် ကျွန်တော်တို့ ဘာ​လုပ်နိုင်သလဲ။

၁၄ “ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်​ပြီး အရာရာကို လုပ်ဆောင်ကြပါ။ . . . တိုက်မိ​လဲစရာ မဖြစ်ပါစေနဲ့။” (၁ ကော. ၁၀:၃၁၊ ၃၂) ဓလေ့​ထုံးစံ​တစ်ခုမှာ ပါဝင်ဖို့ ဆုံးဖြတ်တဲ့​အခါ တခြားသူတွေ၊ အထူးသဖြင့် ခရစ်ယာန်ချင်း​တွေရဲ့ သိစိတ်ကို တိုက်မိ​လဲ​စေ​မလား​ဆိုတာ စဉ်းစားသင့်တယ်။ ဘယ်သူ့ကိုမှ ကျွန်တော်တို့ တိုက်မိ​မလဲ​စေချင်ဘူး။ (မာ. ၉:၄၂) သက်သေခံ​မဟုတ်တဲ့​သူတွေကိုလည်း စိတ်မဆိုး​စေချင်ဘူး။ သူတို့ရဲ့ ဓလေ့​ထုံးစံတွေနဲ့​ပတ်သက်ပြီး ကျွန်တော်တို့ မငြင်းခုံ​ဘူး၊ မ​ကဲ့ရဲ့​ဘူး။ မေတ္တာက လေးလေးစားစား ပြောဆိုဖို့ လှုံ့ဆော်​ပေးပါလိမ့်မယ်။ အဲဒါက ယေဟောဝါရဲ့ ဘုန်းတော်ကို ထင်ရှားစေတယ်။ မေတ္တာဟာ တန်ခိုး​ပါတယ်။ ထောက်ထား​စာနာစိတ်နဲ့ လေးစား​စွာ မေတ္တာပြ​မယ်​ဆိုရင် ဆန့်ကျင်​သူတွေကို​တောင် စိတ်​ပျော့ပျောင်း​လာ​စေနိုင်တယ်။

၁၅-၁၆။ (က) ကိုယ့်​ယုံကြည်ချက်​အကြောင်း တခြား​သူတွေကို အသိပေး​ထားတာ​က ဘာကြောင့် ပညာ​ရှိရာ​ရောက်သလဲ။ ဥပမာ​ပေးပါ။ (ခ) ရောမ ၁:၁၆ မှာပါတဲ့ ပေါလုရဲ့​စကားကို ဘယ်လို လိုက်နာ​နိုင်သလဲ။

၁၅ ယေဟောဝါသက်သေ​တစ်ဦး ဖြစ်ကြောင်း အသိ​ပေးထား​ပါ။ (ဟေရှာ. ၄၃:၁၀) သင်ဟာ ယေဟောဝါသက်သေ​ဖြစ်မှန်း ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေကို ကြို​အသိပေး​ထားမယ်​ဆိုရင် စိတ်ဖိစီး​စ​ရာ အခြေအနေတွေကို ကိုင်တွယ်​ရ ပိုလွယ်​ကူ​ပါလိမ့်မယ်။ မိုဇမ်ဘစ်​မှာ​နေတဲ့ ဖ​ရန်​စ္စ​ကို ဒီလို​ရေးတယ်– “အမှန်တရား သိလာတဲ့​အခါ ကျွန်တော်တို့ ဇနီးမောင်နှံ​က လူသေတွေကို မကိုးကွယ်​တော့​ဘူးလို့ မိသားစုကို ပြော​ထား​လိုက်တယ်။ မကြာခင်မှာပဲ ကယ်ရိုလိုင်းနားရဲ့ အစ်မ ဆုံးသွားတယ်။ အလောင်းကို ဘာသာရေး​ထုံးတမ်း​နဲ့​အညီ ရေချိုး​ပေးတယ်။ ချိုး​ပေးတဲ့​ရေ​ကို သွန်​တဲ့​နေရာမှာ အနီးစပ်ဆုံး ဆွေမျိုး​က သုံး​ည အိပ်​ပေး​ရတယ်။ သေလွန်​သူရဲ့ ဝိညာဉ် ကျေနပ်​စေဖို့​ပဲ။ မိသားစုက ကယ်ရိုလိုင်းနားကို အဲဒီလို လုပ်​စေ​ချင်ကြတယ်။”

၁၆ ဖရန်စ္စကိုနဲ့ ဇနီး ဘာလုပ်ခဲ့သလဲ။ “ယေဟောဝါကို ချစ်​ပြီး ဘုရားရဲ့ နှစ်သက်မှု ရ​ချင်​လို့ အဲဒီ​ဓလေ့​မှာ မပါဝင်​နိုင်ဘူး​လို့ ငြင်း​တော့ သူတို့ အရမ်း​ဒေါသ​ထွက်တယ်။ သေလွန်​သူကို မလေးစား​ဘူးလို့ စွပ်စွဲကြတယ်။ ကျွန်တော်တို့ကို မကူညီ​တော့​ဘူး၊ ဆွေ​ပြတ်​မျိုး​ပြတ်​ပဲ​လို့ ပြော​ကြတယ်။ ကိုယ့်​ယုံကြည်ချက်ကို ကြိုပြော​ပြီးသား​ဖြစ်လို့ သူတို့ ဒေါသ​ထွက်​နေချိန်မှာ မငြင်းခုံ​တော့​ဘူး။ ကျွန်တော်တို့ ကြိုပြော​ထားတာပဲ​လို့ ဆွေမျိုး​တချို့ ကူ​ပြောပေး​ကြတယ်။ နောက်ပိုင်း ကယ်ရိုလိုင်းနားရဲ့ ဆွေမျိုးတွေ စိတ်​ပြေသွား​တယ်။ တချို့​ဆိုရင် အိမ်ကို​လာပြီး ကျမ်းစာ​စာပေတွေ​တောင် တောင်း​ကြတယ်။” သေခြင်းနဲ့​ပတ်သက်တဲ့ အမှန်တရားကို ခုခံ​ကာကွယ်ဖို့ ဘယ်တော့မှ မရှက်ပါနဲ့။ရောမ ၁:၁၆ ကိုဖတ်ပါ။

ဝမ်းနည်းပူဆွေး​နေ​သူတွေကို နှစ်သိမ့်​ထောက်မ​ပေးပါ

ချစ်ရသူ သေဆုံးသွားလို့ ဝမ်းနည်း​နေ​သူကို မိတ်ဆွေစစ်​တွေ နှစ်သိမ့်​အားပေး (အပိုဒ် ၁၇-၁၉ ကို​ကြည့်ပါ) *

၁၇။ ဝမ်းနည်းပူဆွေး​နေတဲ့ ခရစ်ယာန်ချင်း​အတွက် ဘယ်နည်းနဲ့ မိတ်ဆွေစစ် ဖြစ်နိုင်သလဲ။

၁၇ ယုံကြည်သူချင်း​တစ်ယောက်ရဲ့ ချစ်ရသူ သေဆုံး​သွားတဲ့အခါ အကောင်းဆုံး ကူညီပေးခြင်း​အားဖြင့် “ဒုက္ခ​ရောက်ချိန်​မှာ အားကိုး​ရတဲ့ ညီအစ်ကို၊” “မိတ်ဆွေစစ်” ဖြစ်ဖို့ ကြိုးစားပါ။ (ပညာ. ၁၇:၁၇) ဝမ်းနည်းပူဆွေး​နေတဲ့ ညီအစ်ကို/မ​တစ်ယောက် ကျမ်းစာနဲ့ မညီတဲ့ ဓလေ့​ထုံးစံတွေ​မှာ ပါဝင်ဖို့ ဖိအားပေး​ခံရတဲ့​အခါ ကျွန်တော်တို့ ဘယ်နည်းနဲ့ “မိတ်ဆွေစစ်” ဖြစ်နိုင်သလဲ။ ဝမ်းနည်း​သူကို နှစ်သိမ့်​ပေးနိုင်တဲ့ အောက်ပါ ကျမ်းစာမူ နှစ်ခု​ကို ကျင့်သုံးခြင်း​အားဖြင့်​ပါပဲ။

၁၈။ ယေရှု ဘာကြောင့် မျက်ရည်ကျသလဲ။ ယေရှုရဲ့ ပုံသက်သေ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၈ “ငိုကြွေး​သူတွေနဲ့​အတူ ငိုကြွေး​ပါ။” (ရော. ၁၂:၁၅)​ ဝမ်းနည်း​နေ​သူကို ဘာ​ပြောရမှန်းမသိ ဖြစ်နေ​နိုင်တယ်။ အဲဒီအခါ သူတို့နဲ့အတူ ငိုကြွေး​လိုက်တာ​က ကိုယ်လည်း ထပ်တူ​ခံစားရ​ကြောင်း သိစေတယ်။ ယေရှုရဲ့ မိတ်ဆွေ လာဇရု သေဆုံး​တဲ့အခါ မာရိ၊ မာသ​နဲ့ တခြားသူတွေ ငို​ကြတယ်။ လေး​ရက်​ကြာပြီးမှ ယေရှု ရောက်လာတယ်။ လာဇရု​ကို ရှင်ပြန်ထမြောက်​ပေးတော့မယ်​ဆိုတာ သိ​နေပေမဲ့ ယေရှု “မျက်ရည်ကျ” ခဲ့​တယ်။ (ယော. ၁၁:၁၇၊ ၃၃-၃၅) ယေရှုရဲ့ မျက်ရည်က ယေဟောဝါလည်း ဝမ်းနည်း​ကြောင်း၊ လာဇရု​တို့​မိသားစုကို ယေရှု ချစ်ကြောင်း ဖော်ပြတယ်။ အဲဒါက မာရိ​နဲ့ မာသ​ကို နှစ်သိမ့်မှု ဖြစ်စေခဲ့တယ်။ အဲဒီလိုပဲ​ ကျွန်တော်တို့ရဲ့ မေတ္တာကို ညီအစ်ကို​တွေ ခံစား​မိ​တဲ့အခါ သူတို့ တစ်ယောက်တည်း မဟုတ်မှန်း၊ ကူညီ​ထောက်မပေး​မယ့် မိတ်ဆွေ​တွေ ရှိနေမှန်း သိလာမယ်။

၁၉။ ဝမ်းနည်း​နေတဲ့ ခရစ်ယာန်ချင်း​တစ်ယောက်ကို နှစ်သိမ့်​တဲ့အခါ ဒေသနာ ၃:၇ ကို ဘယ်လို ကျင့်သုံး​နိုင်သလဲ။

၁၉ “နှုတ်ဆိတ်​နေရတဲ့​အချိန်နဲ့ စကားပြော​ရတဲ့​အချိန် ရှိတယ်။” (ဒေ. ၃:၇) ဝမ်းနည်း​နေတဲ့ ခရစ်ယာန်​တစ်ယောက်ကို နှစ်သိမ့်​ပေးနိုင်တဲ့ နောက်​တစ်နည်း​က ကောင်းကောင်း နားထောင်​ပေးခြင်း ဖြစ်တယ်။ သူ ရင်ဖွင့်​လာတဲ့အခါ နားထောင်​ပေးလိုက်ပါ။ “မဆင်မခြင် ပြော” တာ​ကို ဗွေမယူ​ပါ​နဲ့။ (ယောဘ ၆:၂၊ ၃) သက်သေခံ​မဟုတ်တဲ့ ဆွေမျိုးတွေ​ကြောင့် သူ စိတ်ဖိစီး​နေ​နိုင်တယ်။ သူနဲ့အတူ ဆုတောင်းပါ။ သူ့ကို ခွန်အား​ပေးဖို့၊ စိတ်​ငြိမ်သက်မှု ပေးဖို့ “ဆုတောင်းသံ​ကို နားထောင်တဲ့​အရှင်” ဆီ အသနားခံ​ပါ။ (ဆာ. ၆၅:၂) ဖြစ်နိုင်ရင် သူနဲ့အတူ ကျမ်းစာ​ဖတ်ပါ။ အားရှိစေတဲ့ ဘဝ​အတ္ထုပ္ပတ္တိ​လို သင့်တော်​တဲ့ ဆောင်းပါး​တစ်ခုခု ဖတ်ပြပါ။

၂၀။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

၂၀ လူသေတွေနဲ့​ပတ်သက်တဲ့ အမှန်တရား၊ သူတို့​အတွက် တောက်ပတဲ့ အနာဂတ်​အကြောင်း သိထားရ​တာ အခွင့်ထူးပါပဲ။ (ယော. ၅:၂၈၊ ၂၉) ကျမ်းစာ​အမှန်တရားကို အပြော၊ အလုပ်နဲ့ သတ္တိရှိရှိ ခုခံ​ကာကွယ်ပါ။ အခွင့်အရေး​ရ​တိုင်း ဝေမျှပါ။ စာတန်ဟာ အမှန်တရားကို ဖုံးကွယ်​ဖို့ နတ်ဆိုး​ပညာ​ကို သုံးတဲ့​အကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ကြပါမယ်။ နတ်ဆိုး​တွေ​နဲ့​ပတ်သက်တဲ့ ဓလေ့​ထုံးစံတွေ၊ ဖျော်ဖြေမှုတွေကို ဘာကြောင့် ရှောင်သင့်​ကြောင်း သိလာ​ပါလိမ့်မယ်။

သီချင်း ၂၄ ယေဟောဝါရဲ့ တောင်တော်​ဆီ လာ​ကြ

^ အပိုဒ်၊ 5 စာတန်နဲ့ နတ်ဆိုးတွေဟာ လူသေတွေရဲ့ အခြေအနေနဲ့​ ပတ်သက်ပြီး လူတွေကို လိမ်ညာ​လှည့်စား​ထားတယ်။ အဲဒီ​အ​လိမ်​ အ​ညာ​တွေ​ထဲမှာ ကျမ်းစာနဲ့ မညီတဲ့ ဓလေ့​ထုံးစံတွေ ပါဝင်တယ်။ အဲဒီ​ဓလေ့​ထုံးစံတွေကို လိုက်​ဖို့ ဖိအားပေး​ခံရတဲ့​အခါ ယေဟောဝါကို ဆက်သစ္စာ​ရှိနိုင်ဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပါလိမ့်မယ်။

^ အပိုဒ်၊ 55 ပုံ​အညွှန်း– သက်သေခံ မိသားစုဝင်တွေက ချစ်ရသူ သေဆုံးသွားလို့ ငို​နေတဲ့ ဆွေမျိုး​တစ်ယောက်ကို နှစ်သိမ့်​ပေးနေ။

^ အပိုဒ်၊ 57 ပုံ​အညွှန်း– သက်သေခံ​တစ်ယောက် အသုဘ​ထုံးစံတွေ​အကြောင်း ရှာဖွေ​လေ့လာပြီး​နောက် ဆွေမျိုးတွေကို ယုံကြည်ချက်​အကြောင်း ရှင်းပြ​နေ။

^ အပိုဒ်၊ 59 ပုံ​အညွှန်း– ချစ်ရသူ သေဆုံးသွားတဲ့ သက်သေခံ​ကို အသင်းတော် အကြီးအကဲ​တွေ နှစ်သိမ့်​ပေးနေ။