မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၆

ညီအစ်ကို ညီအစ်မတွေနဲ့ ဆက်ဆံရာမှာ ယေဟောဝါကို တုပပါ

ညီအစ်ကို ညီအစ်မတွေနဲ့ ဆက်ဆံရာမှာ ယေဟောဝါကို တုပပါ

“အပြင်ပန်း​ကိုပဲ ကြည့်ပြီး အကဲမဖြတ်​ပါ​နဲ့​တော့။ မှန်မှန်ကန်ကန် အကဲဖြတ်​ကြပါ။ယော. ၇:၂၄

သီချင်း ၁၀၁ စည်းလုံးစွာ လုပ်ဆောင်ခြင်း

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါနဲ့​ပတ်သက်တဲ့ ဘယ်​အမှန်တရားကို ကျမ်းစာမှာ ဖော်ပြသလဲ။

အသားအရောင်၊ မျက်နှာ​ပုံစံ၊ ကိုယ်ခန္ဓာ အရွယ်အစား​ကို ကြည့်ပြီး ကိုယ့်ကို အကဲဖြတ်​ရင် ကြိုက်သလား။ ကြိုက်​မှာ မဟုတ်ဘူး။ အပြင်ပန်း​ကို ကြည့်ပြီး ကျွန်တော်တို့ကို ယေဟောဝါ အကဲမဖြတ်​ကြောင်း သိရလို့ စိတ်သက်သာစရာပါပဲ။ ဥပမာ၊ ယေရှဲ​ရဲ့ သားတွေကို ရှမွေလ သွား​ကြည့်တဲ့အခါ ယေဟောဝါ မြင်​သလို မမြင်ခဲ့ဘူး။ ယေရှဲ​ရဲ့ သားတစ်ယောက် အစ္စရေး​ဘုရင် ဖြစ်လာမယ့်​အကြောင်း ရှမွေလ​ကို ယေဟောဝါ ပြောပြ​ထားတယ်။ ယေရှဲ​ရဲ့ သားကြီး ဧလျာဘကို ရှမွေလ တွေ့​တော့ “သူဟာ ယေဟောဝါဘုရား ဘိသိက်​ပေးထား​သူ ဖြစ်မယ်” လို့ ပြောမိတယ်။ ဧလျာဘရဲ့ ရုပ်ရည်​က ဘုရင်​ဖြစ်မယ့် ရုပ်ရည်​မျိုး။ ‘ဒါပေမဲ့ ယေဟောဝါ​က “သူ့​ရုပ်ရည်၊ အရပ်အမောင်း​ကို မကြည့်​နဲ့။ သူ့ကို ငါ​မရွေး​ဘူး” လို့ ရှမွေလ​ကို ပြောတယ်။’ သင်ခန်းစာ​က ဘာလဲ။ “လူတွေက အပြင်ပန်း​ကိုပဲ ကြည့်​တတ်တယ်။ ယေဟောဝါ​ကတော့ နှလုံးသားကို ကြည့်တယ်။”—၁ ရှ. ၁၆:၁၊ ၆၊ ၇

၂။ ယောဟန် ၇:၂၄ မှာ ပြော​ထားတဲ့​အတိုင်း အပြင်ပန်း​ကို ကြည့်ပြီး ဘာကြောင့် အကဲမဖြတ်​သင့်သလဲ။ ဥပမာ ပေးပါ။

မစုံလင်တဲ့ လူသားတွေ ဖြစ်လို့ ကျွန်တော်တို့ဟာ အပြင်ပန်း​ကို ကြည့်ပြီး အကဲဖြတ်​တတ်ကြတယ်။ (ယောဟန် ၇:၂၄ ကိုဖတ်ပါ။) ဒါပေမဲ့ အပြင်ပန်း​ကို ကြည့်ရုံ​နဲ့ လူတစ်ယောက်​အကြောင်း အကုန်​မသိ​နိုင်ဘူး။ ဥပမာ၊ အတွေ့အကြုံ​ရှိတဲ့ ဆရာဝန် ဖြစ်ရင်တောင် လူနာ​ကို ကြည့်ရုံ​နဲ့ မလုံလောက်​ဘူး။ အရင်က ဘယ်​ကျန်းမာရေး ပြဿနာ​တွေ ရှိခဲ့​ဖူး​တယ်၊ အခု ဘယ်လို ခံစား​နေ​ရတယ်၊ ဘာ​ရောဂါ​လက္ခဏာတွေ ပြ​နေတယ်​ဆိုတာ သိဖို့ ဂရုတစိုက် နားထောင်​ရမယ်။ ကိုယ်​အတွင်းပိုင်း​ကို သိရ​အောင် ဓာတ်မှန်​ရိုက်​ဖို့​တောင် ပြော​နိုင်တယ်။ ဒီလိုမှ မဟုတ်ရင် ရောဂါ​မှား​ပြီး ကုသ​မိ​နိုင်တယ်။ အလားတူပဲ ညီအစ်ကို/မ​တွေကို အပြင်ပန်း ကြည့်ရုံ​နဲ့ အပြည့်အဝ နားမလည်​နိုင်ဘူး။ သူတို့ကို အတွင်းကျကျ နားလည်ဖို့ ကြိုးစား​ရမယ်။ ကျွန်တော်တို့​က လူတွေရဲ့ စိတ်နှလုံးကို မသိနိုင်​လို့ ယေဟောဝါ​လောက် နားလည်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါကို အတတ်နိုင်ဆုံး တုပ​နိုင်တယ်။ ဘယ်လို​နည်းနဲ့လဲ။

၃။ ဒီ​ဆောင်းပါး​မှာပါတဲ့ ကျမ်းစာ​မှတ်တမ်းတွေက ယေဟောဝါကို တုပ​ဖို့ ဘယ်လို ကူညီပေး​မလဲ။

မိမိကို ဝတ်ပြု​သူတွေ​အပေါ် ယေဟောဝါ ဘယ်လို ဆက်ဆံ​သလဲ။ နားထောင်​ပေးတယ်။ သူတို့ရဲ့ နောက်ခံ၊ အခြေအနေတွေကို ထည့်​စဉ်းစားတယ်။ ထောက်ထား​စာနာမှု ပြတယ်။ ယောန၊ ဧလိယ၊ ဟာဂရ၊ လောတ​တို့ကို ယေဟောဝါ ဘယ်လို ဆက်ဆံ​ခဲ့​ကြောင်း၊ ညီအစ်ကို/မ​တွေ​နဲ့ ဆက်ဆံ​ရာ​မှာ ယေဟောဝါကို ဘယ်လို တုပ​နိုင်ကြောင်း ဆွေးနွေးကြစို့။

ဂရုတစိုက် နားထောင်ပါ

၄။ ယောန​ကို ကျွန်တော်တို့ ဘာကြောင့် မကောင်းမြင်​မိ​နိုင်သလဲ။

ယောနရဲ့ အခြေအနေကို ကျွန်တော်တို့ အကုန် မသိတဲ့​အတွက် သူ့ကို ယုံကြည်​စိတ်ချ​လို့ မရသူ၊ နာခံမှု မရှိသူ​အဖြစ် မြင်​မိ​နိုင်တယ်။ နိနဝေ​မြို့မှာ တရားစီရင်ချက် သတင်း ကြေညာ​ဖို့ မိန့်မှာ​ခံရပေမဲ့ ယောနဟာ နာခံ​မယ့်​အစား “ယေဟောဝါနဲ့ ဝေးရာ​ဆီ” ပြေး​ဖို့ တာ​ရှိ​ပြည် သွားမယ့် သင်္ဘော​ပေါ် တက်​သွားတယ်။ (ယောန ၁:၁-၃) သင်သာ​ဆိုရင်ကော ယောန​ကို နောက်​တစ်ကြိမ် တာဝန်ပေး​ဦး​မှာ​လား။ မပေး​လောက်​ဘူး။ ယေဟောဝါ​ကတော့ ယောန​ကို နောက်​တစ်ကြိမ် အခွင့်အရေး ပေး​သင့်တယ်လို့ ယူဆတယ်။—ယောန ၃:၁၊ ၂

၅။ ယောန ၂:၁၊ ၂၊ ၉ ကနေ ယောန​အကြောင်း ဘာ​သိရသလဲ။

ယောန ဘယ်လို လူစားမျိုး​ဖြစ်မှန်း သူ့​ဆုတောင်းချက်မှာ ပေါ်လွင်တယ်။ (ယောန ၂:၁၊ ၂၊  ကိုဖတ်ပါ။) ယောနဟာ ယေဟောဝါ​ဆီ အကြိမ်​များစွာ ဆုတောင်း​ခဲ့​မှာ​ပဲ။ တစ်ကြိမ်​မှာ​တော့ ငါးရဲ့ ဝမ်းဗိုက်​ထဲ​ကနေ ဆုတောင်းခဲ့တယ်။ အဲဒီ​ဆုတောင်း​စကားတွေက ယောနဟာ တာဝန်​ကနေ ထွက်ပြေး​သူ​လောက်​သာ မဟုတ်ဘဲ နှိမ့်ချ​သူ၊ ကျေးဇူး​သိ​တတ်​သူ၊ ယေဟောဝါကို နာခံဖို့ စိတ်ပိုင်းဖြတ်​ထားသူ ဖြစ်ကြောင်း ဖော်ပြတယ်။ ဒါကြောင့် ယောနရဲ့ အမှား​ကို ယေဟောဝါ အာရုံမစိုက်​ခဲ့​ဘူး။ ဆုတောင်းချက်ကို အဖြေ​ပေးတယ်။ ပရောဖက်​အဖြစ် ဆက်​အသုံးပြုတယ်။

အကြောင်းစုံ သိ​မှ ပို​စာနာ​နိုင်မယ် (စာပိုဒ် ၆ ကို​ကြည့်ပါ) *

၆။ ဘာကြောင့် ဂရုတစိုက် နားထောင်​သင့်သလဲ။

တခြားသူ ပြောတာကို ဂရုတစိုက် နားထောင်​နိုင်ဖို့ဆိုရင် နှိမ့်ချမှု၊ စိတ်ရှည်မှု လိုအပ်တယ်။ ဂရုတစိုက် နားထောင်​သင့်တဲ့ အကြောင်းရင်း သုံးခု​ရှိတယ်။ ပထမ၊ လူတွေကို အလျင်စလို မှားယွင်းစွာ အကဲဖြတ်​မိ​မှာ မဟုတ်ဘူး။ ဒုတိယ၊ သူတို့ရဲ့ ခံစားချက်၊ စိတ်ရင်းကို ပို​သိလာ​လို့ ပို​စာနာ​တတ်လာမယ်။ တတိယ၊ ခံစားချက်တွေကို ပြောပြ​သူက ပြော​ရင်း​နဲ့ ကိုယ့်​အခြေအနေမှန်​ကို သိသွား​တာ​မျိုး ဖြစ်နိုင်တယ်။ တစ်ခါတလေ ကိုယ့်​ခံစားချက်တွေကို စကားနဲ့ ထုတ်ပြော​တော့​မှ ပို​သိလာတာမျိုး ဖြစ်တတ်လို့​ပဲ။ (ပညာ. ၂၀:၅) အာရှ​မှာ​နေတဲ့ အကြီးအကဲ တစ်ယောက်က “အကြောင်းစုံကို နားမထောင်​ဘဲ ပြော​မိ​တဲ့အခါ ရှိ​ဖူး​တယ်။ အစည်းအဝေး​မှာ မှတ်ချက်တွေကို ထိထိရောက်ရောက် ပေးဖို့ ညီအစ်မ​တစ်ယောက်ကို ပြောခဲ့တယ်။ အဲဒီ​ညီအစ်မ စာကောင်းကောင်း မဖတ်​တတ်​လို့ မှတ်ချက်​ပေးဖို့ အတော် ကြိုးစား​ရ​မှန်း နောက်​မှ သိလိုက်​ရတယ်” လို့ ပြောတယ်။ ဒါကြောင့် အကြီးအကဲ​တွေဟာ အကြံ​မပေးခင် “အကြောင်းစုံကို” နားထောင်ဖို့ အရေးကြီးတယ်။—ပညာ. ၁၈:၁၃

၇။ ဧလိယ​ကို ယေဟောဝါ ဆက်ဆံပုံ​ကနေ ဘာ​သိရသလဲ။

ညီအစ်ကို/မတ​ချို့​ဟာ နောက်ခံ၊ ယဉ်ကျေးမှု၊ ကိုယ်ရည်​ကိုယ်သွေး​ကြောင့် ခံစားချက်တွေကို ထုတ်​ပြောဖို့ ခက်​တတ်တယ်။ သူတို့ကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။ ယေဇဗေလ​ရန်​ကနေ ထွက်ပြေး​လာတဲ့ ဧလိယ​ကို ယေဟောဝါ ဘယ်လို ဆက်ဆံ​ခဲ့​ကြောင်း သတိရပါ။ ရက်​အတော်ကြာ​မှ ယေဟောဝါ​ဆီ ဧလိယ ရင်ဖွင့်​ပြောပြ​ခဲ့တယ်။ ယေဟောဝါ ဂရုတစိုက် နားထောင်​ပေးတယ်။ ဧလိယ​ကို အားပေးပြီး​နောက် အရေးကြီး​တာဝန် ပေးတယ်။ (၁ ဘု. ၁၉:၁-၁၈) ညီအစ်ကို/မ​တွေ​လည်း ကျွန်တော်တို့ကို ရင်ဖွင့်​ပြောရဲ​လာဖို့ အချိန်​လိုတယ်။ သူတို့ ရင်ဖွင့်​ပြော​မှ သူတို့ရဲ့ ခံစားချက်​အစစ်​ကို ကျွန်တော်တို့ နားလည်​နိုင်မယ်။ စိတ်ရှည်မှု ပြခြင်းအားဖြင့် ယေဟောဝါကို တုပမယ်​ဆိုရင် ကျွန်တော်တို့ကို သူတို့ ယုံကြည်​စိတ်ချ​လာပါလိမ့်မယ်။ ခံစားချက်တွေကို ရင်ဖွင့်​ပြောဖို့ သူတို့ အသင့်​ဖြစ်လာတဲ့​အခါ ဂရုတစိုက် နားထောင်ပေး​သင့်တယ်။

ညီအစ်ကို/မ​တွေကို သိကျွမ်း​အောင် လုပ်ပါ

၈။ ကမ္ဘာဦး ၁၆:၇-၁၃ အရ ဟာဂရ​ကို ယေဟောဝါ ဘယ်လို ကူညီပေး​သလဲ။

စာရဲ​ရဲ့ ကျွန်မ ဟာဂရ​ဟာ အာဗြံရဲ့ ဇနီး ဖြစ်လာပြီး ကိုယ်ဝန်​ရှိလာတဲ့​အခါ သားသမီး မရှိတဲ့ စာရဲ​ကို မလေးမစား လုပ်တယ်။ အခြေအနေ ဆိုး​လာလို့ ဟာဂရ​ကို စာရဲ နှင်ထုတ်​လိုက်တယ်။ (က. ၁၆:၄-၆) မစုံလင်တဲ့ လူ့​ရှုထောင့်​က ကြည့်ရင် ဟာဂရ အဲဒီလိုပဲ ဆက်ဆံခံရ​သင့်တယ်လို့ တွေးမိ​နိုင်တယ်။ ယေဟောဝါ​ကတော့ အဲဒီလို မတွေး​ဘူး။ ဟာဂရ​ဆီ ကောင်းကင်တမန်​ကို စေလွှတ်တယ်။ ကောင်းကင်တမန်​က ဟာဂရ သဘောထား ပြောင်းလဲ​အောင် ကူညီ​ပေးပြီး ကောင်းချီး​ပေးခဲ့တယ်။ မိမိကို ယေဟောဝါ ကြည့်နေမှန်း၊ အခြေအနေကို ကောင်းကောင်း သိမှန်း ဟာဂရ ခံစား​လိုက်ရတယ်။ ဒါကြောင့် ယေဟောဝါဟာ “အရာအားလုံးကို မြင်​တဲ့​ဘုရား၊ ငါ့ကို​မြင်​တဲ့​အရှင်” လို့ ဟာဂရ ပြောတယ်။ကမ္ဘာဦး ၁၆:၇-၁၃ ကိုဖတ်ပါ။

၉။ ဟာဂရ​နဲ့​ပတ်သက်ပြီး ဘုရား ဘာတွေကို ထည့်​စဉ်းစား​ပေး​သလဲ။

ဟာဂရ​နဲ့​ပတ်သက်ပြီး ယေဟောဝါ ဘာကို သတိပြုမိ​သလဲ။ ဟာဂရ​ရဲ့ နောက်ခံ​နဲ့ သူ​ကြုံခဲ့ရ​တာတွေကို ဘုရား သိတယ်။ (ပညာ. ၁၅:၃) ဟာဂရ​ဟာ ဟီဘရူး​အိမ်မှာ အလုပ်​လုပ်တဲ့ အီဂျစ်လူ​မျိုး ဖြစ်တယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် သူစိမ်း​တစ်ယောက်လို ခံစားခဲ့​ရမလား။ မိသားစုနဲ့ တိုင်းပြည်​ကို သတိရ​နေ​မလား။ အာဗြံရဲ့ တစ်ဦးတည်းသော မိန်းမလည်း မဟုတ်​ရှာ​ဘူး။ အဲဒီခေတ်​က သစ္စာရှိ အမျိုးသား​တချို့ဟာ ဇနီး တစ်ယောက်​ထက်မက ယူ​ခဲ့​ကြတယ်။ ယေဟောဝါရဲ့ မူလ​ရည်ရွယ်ချက်​တော့ မဟုတ်ဘူး။ (မ. ၁၉:၄-၆) ဒါကြောင့် အိမ်ထောင်မှာ မနာလိုမှု၊ မုန်းတီးမှု​တွေ ပေါ်လာတာ မဆန်းပါဘူး။ စာရဲ​ကို ဟာဂရ မလေးမစား လုပ်တာ မှား​မှန်း ယေဟောဝါ သိတယ်။ ဒါပေမဲ့ ဟာဂရ​ရဲ့ နောက်ခံ​နဲ့ အခြေအနေကို ထည့်​စဉ်းစား​ပေးတယ်။

ညီအစ်ကို/မ​တွေကို ပို​သိကျွမ်း​အောင် လုပ်ပါ (စာပိုဒ် ၁၀-၁၂ ကို​ကြည့်ပါ) *

၁၀။ ညီအစ်ကို/မ​တွေကို ဘယ်လို ပို​သိကျွမ်း​လာနိုင်သလဲ။

၁၀ အချင်းချင်း နားလည်ဖို့ ကြိုးစားခြင်း​အားဖြင့် ယေဟောဝါကို တုပ​နိုင်တယ်။ ညီအစ်ကို/မ​တွေကို ပို​သိကျွမ်း​အောင် လုပ်ပါ။ အစည်းအဝေး မစ​ခင်​နဲ့ ပြီးနောက် စကား​ပြောပါ။ အမှုဆောင်မှာ အတူပါ​ဝင်ပါ။ ဖြစ်နိုင်ရင် ထမင်း​ဖိတ်ကျွေး​ပါ။ မ​ဖော်ရွေ​ဘူးလို့ ထင်ရတဲ့ ညီအစ်မ​တစ်ယောက်ဟာ တကယ်တော့ ရှက်တတ်​သူ ဖြစ်နေမှန်း၊ ရုပ်ပစ္စည်း​ကို အဓိက​ထားတယ်လို့ ထင်ရတဲ့ ညီအစ်ကို​တစ်ယောက်ဟာ ဧည့်ဝတ်​ကျေပွန်​မှန်း၊ အစည်းအဝေး နောက်​ကျလေ့​ရှိတဲ့ မိသားစုဟာ ဆန့်ကျင်မှု ကြုံနေ​ရ​မှန်း သိလာ​ရနိုင်တယ်။ (ယောဘ ၆:၂၉) ကျွန်တော်တို့ဟာ “သူတစ်ပါး​ကိစ္စမှာ ဝင်စွက်” တဲ့​သူ မဖြစ်သင့်ဘူး။ (၁ တိ. ၅:၁၃) ဒါပေမဲ့ ညီအစ်ကို/မ​တွေ​အကြောင်း၊ သူတို့ရဲ့ ဘဝနောက်ခံ​အကြောင်း သိထားတာ ကောင်းပါတယ်။ ဒါမှ သူတို့ကို ပို​နားလည်​ပေး​နိုင်မယ်။

၁၁။ ညီအစ်ကို/မ​တွေ​အကြောင်း အကြီးအကဲ​တွေ သိဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၁ အထူးသဖြင့် အကြီးအကဲ​တွေဟာ ညီအစ်ကို/မ​တွေရဲ့ နောက်ခံ​ကို သိထား​ရမယ်။ တိုက်နယ်​ကြီးကြပ်မှူး ညီအစ်ကို အာသာ​နဲ့ နောက်​အကြီးအကဲ တစ်ယောက်ဟာ လူတွေနဲ့​မ​ရော​ဘဲ ခပ်တန်းတန်း​နေတတ်​တဲ့ ညီအစ်မ​တစ်ယောက်​ဆီ လည်ပတ်​ခဲ့တယ်။ “အိမ်ထောင်​ကျ​ပြီး နှစ်​အနည်းငယ်မှာပဲ အဲဒီ​ညီအစ်မရဲ့ ခင်ပွန်း ဆုံးသွားတယ်။ အခက်အခဲ​တွေ​ကြား သမီး​နှစ်ယောက်ကို ဘုရားရေးရာဘက်​မှာ ပျိုးထောင်ခဲ့တယ်။ အခု မျက်စိ မကောင်း​တော့​ဘူး။ စိတ်ကျ​ဝေဒနာ​လည်း ခံစား​နေ​ရတယ်။ ဒါတောင် ယေဟောဝါကို ချစ်တဲ့ မေတ္တာနဲ့ ယုံကြည်ခြင်း ခိုင်မာ​နေတုန်းပဲ။ အဲဒီ​ညီအစ်မရဲ့ ပုံသက်သေ​ကောင်း​ကနေ သင်ယူစရာ အများကြီး ရှိ​မှန်း သိလိုက်​ရတယ်” လို့ ညီအစ်ကို အာသာ ပြောတယ်။ (ဖိ. ၂:၃) ဒီ​တိုက်နယ်​ကြီးကြပ်မှူး​ဟာ ယေဟောဝါရဲ့ ပုံသက်သေကို တုပ​နေတာပဲ။ ယေဟောဝါ​က မိမိ​သိုး​တွေကို သိတယ်။ ခံစား​ရတဲ့ ဝေဒနာတွေကို​လည်း သိတယ်။ (ထွ. ၃:၇) အကြီးအကဲ​တွေ​လည်း ညီအစ်ကို/မ​တွေ​အကြောင်း ကောင်းကောင်း သိ​ရင် အကောင်းဆုံး ကူညီပေး​နိုင်​ပါလိမ့်မယ်။

၁၂။ အသင်းတော်က ညီအစ်မ​တစ်ယောက်​အကြောင်း သိလာ​လို့ ညီအစ်မ ယိယီ ဘယ်လို အကျိုး​ရသလဲ။

၁၂ စိတ်​အနှောင့်အယှက် ဖြစ်စရာ​ကောင်းတဲ့ ခရစ်ယာန်ချင်း​တစ်ယောက်ရဲ့ နောက်ခံ​ကို သိတဲ့​အခါ ပို​စာနာ​တတ်လာမယ်။ ဥပမာ၊ အာရှ​မှာ နေတဲ့ ညီအစ်မ ယိယီက “အသင်းတော်မှာ ညီအစ်မ​တစ်ယောက် သိပ်​အာကျယ်​တာ​ပဲ။ ယဉ်ကျေးမှု မရှိဘူးလို့ ခံစား​ရတယ်။ ဒါပေမဲ့ အမှုဆောင်မှာ သူနဲ့ တွဲ​တော့​မှ ဈေး​မှာ မိဘတွေကို ကူ​ပြီး ငါး​ရော​င်း​ပေး​ရ​မှန်း သိလိုက်​ရတယ်။ ဖောက်သည်​တွေကို အော်ခေါ်တာ အကျင့်​ဖြစ်နေတာ” လို့ ပြောတယ်။ “ညီအစ်ကို/မ​တွေကို နားလည်​ပေးနိုင်​ဖို့ သူတို့ရဲ့ နောက်ခံ​ကို သိဖို့ လိုတယ်” လို့ သူ​ဆက်ပြောတယ်။ ညီအစ်ကို/မ​တွေကို ကောင်းကောင်း သိနိုင်ဖို့ ကြိုးစား​အားထုတ်​ရတယ်။ နှလုံးသားကို ကျယ်ကျယ် ဖွင့်​ထားပါ​ဆိုတဲ့ ကျမ်းစာ​အကြံဉာဏ်​ကို လိုက်နာတာ​ဟာ “လူအမျိုးမျိုးကို” ချစ်တဲ့ ယေဟောဝါကို တုပ​ရာ​ရောက်တယ်။—၁ တိ. ၂:၃၊ ၄။ ၂ ကော. ၆:၁၁-၁၃၊ အောက်ခြေမှတ်ချက်။

ထောက်ထား​စာနာမှု ပြပါ

၁၃။ ကမ္ဘာဦး ၁၉:၁၅၊ ၁၆ အရ လောတ အချိန်ဆွဲ​နေလို့ ကောင်းကင်တမန်တွေ ဘာလုပ်ခဲ့သလဲ။ ဘာကြောင့်လဲ။

၁၃ လောတဟာ အရေးကြီးဆုံး အချိန်မှာတောင် ယေဟောဝါရဲ့ ညွှန်ကြားချက်ကို နာခံဖို့ နှောင့်နှေး​ခဲ့တယ်။ ‘သောဒုံ​မြို့ကို ဖျက်ဆီး​တော့’ မှာ ဖြစ်လို့ မိသားစုကို မြို့ကနေ ခေါ်ထုတ်​သွားဖို့ လောတ​ကို ကောင်းကင်တမန် နှစ်ပါး လာ​ပြောတယ်။ (က. ၁၉:၁၂၊ ၁၃) နောက်​တစ်နေ့ မနက် လောတ​နဲ့ မိသားစုဟာ အိမ်မှာ ရှိနေတုန်းပဲ။ လောတ​ကို ကောင်းကင်တမန်တွေ ထပ်​သတိ​ပေးတယ်။ ဒါပေမဲ့ “အချိန်ဆွဲ​နေ” တယ်။ မထုံတက်သေးနဲ့ နာခံမှု မရှိ​လိုက်တာ​လို့ လောတ​ကို ကျွန်တော်တို့ အပြစ်တင်​မိ​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ လက်မလျှော့​ဘူး။ “ယေဟောဝါရဲ့ သနား​ညှာတာမှု​ကြောင့်” ကောင်းကင်တမန်တွေ​က လောတ​မိသားစုကို လက်ဆွဲ​ပြီး မြို့ပြင် ခေါ်ထုတ်​သွားကြတယ်။ကမ္ဘာဦး ၁၉:၁၅၊ ၁၆ ကိုဖတ်ပါ။

၁၄။ လောတ​ကို ယေဟောဝါ ဘာကြောင့် ထောက်ထား​စာနာ​တာ ဖြစ်နိုင်သလဲ။

၁၄ လောတ​ကို ယေဟောဝါ ထောက်ထား​စာနာ​ရတဲ့ အကြောင်းရင်း​များစွာ ရှိ​နိုင်တယ်။ မြို့ပြင်​က လူတွေကို ကြောက်လို့ အိမ်ထဲ​က မ​ထွက်တာ ဖြစ်နိုင်တယ်။ တခြား​အန္တရာယ်​တွေ​လည်း ရှိသေးတယ်။ အနားက ချိုင့်ဝှမ်း​မှာ ရှိတဲ့ က​တ္တ​ရာ​တွင်း​တွေ​ထဲ ကျသွားတဲ့ ဘုရင်​နှစ်ပါး​အကြောင်း လောတ ကြား​ထား​ပုံ​ရတယ်။ (က. ၁၄:၈-၁၂) အိမ်ထောင်ဦးစီး​တစ်ယောက်​အနေနဲ့ မိသားစု​အတွက် စိတ်ပူ​မှာ​ပဲ။ ဒါ့အပြင် ချမ်းသာတဲ့ လောတဟာ သောဒုံ​မြို့မှာ အိမ်ကြီးအိမ်ကောင်း ပိုင်ဆိုင်​ထားတာ ဖြစ်နိုင်တယ်။ (က. ၁၃:၅၊ ၆) ယေဟောဝါကို ချက်ချင်း မနာခံ​တာ အဲဒီ​အကြောင်းရင်း​တွေ​ကြောင့်​ဆိုပြီး ဆင်ခြေ​ပေးလို့​တော့ မရဘူး။ ဒါပေမဲ့ လောတရဲ့ အမှား​ကို ယေဟောဝါ ကျော်​ကြည့်​ပေးတယ်။ “ဖြောင့်မတ်သူ” အဖြစ် မြင်​ပေးတယ်။—၂ ပေ. ၂:၇၊ ၈

နားထောင်​မှ ဘယ်လို စာနာမှု ပြ​ရမယ်ဆိုတာ သိလာ​နိုင် (စာပိုဒ် ၁၅-၁၆ ကို​ကြည့်ပါ) *

၁၅။ လူတစ်ယောက်ရဲ့ လုပ်ရပ်​ကို ဝေဖန်မယ့်​အစား ဘာ​လုပ်သင့်သလဲ။

၁၅ တခြားသူရဲ့ လုပ်ရပ်​ကို ဝေဖန်မယ့်​အစား သူ့​ခံစားချက်ကို နားလည်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ဥရောပ​က ညီအစ်မ ဘရော်နီကာ အဲဒီလိုလုပ်​ခဲ့တယ်။ “ညီအစ်မ​တစ်ယောက် တစ်ချိန်လုံး စိတ်အလိုမကျ ဖြစ်နေ​တတ်တယ်။ တစ်သီးပုဂ္ဂလ နေတယ်။ တစ်ခါတလေ သူ့ကို စကား​သွား​မပြောရဲဘူး။ ဒါပေမဲ့ ‘သူ့​နေရာမှာ ငါ​သာ​ဆိုရင် သူငယ်ချင်း လို​မှာ​ပဲ’ လို့ တွေးမိတယ်။ ဒါကြောင့် သူ့​ခံစားချက်ကို မေး​ဖို့ ဆုံးဖြတ်​လိုက်တယ်။ သူ​ရင်ဖွင့်​ပြော​လာတယ်။ အခု သူ့​အကြောင်း တော်​တော် သိလာ​ပြီ” လို့ ဘရော်နီကာ ပြောတယ်။

၁၆။ စာနာမှု ရှိအောင် ကူညီ​ပေးပါလို့ ဘာကြောင့် ဆုတောင်း​သင့်သလဲ။

၁၆ ကျွန်တော်တို့ကို အပြည့်အဝ နားလည်​ပေးနိုင်တာ ယေဟောဝါပဲ ရှိတယ်။ (ပညာ. ၁၅:၁၁) ဒါကြောင့် တခြား​သူတွေကို ဘုရား မြင်​သလို မြင်တတ်​အောင်၊ စာနာမှု ဘယ်လို ပြ​ရမယ်ဆိုတာ နားလည်အောင် ကူညီ​ပေးဖို့ ဆုတောင်းပါ။ ဆုတောင်းခြင်းက ပို​စာနာ​တတ်အောင် ညီအစ်မ အန်ဇီလာကို ကူညီ​ပေးတယ်။ အသင်းတော်မှာ ညီအစ်မ​တစ်ယောက် ပေါင်းသင်းရခက်​တယ်။ “သူ့ကို ပြစ်တင်​ဝေဖန်​မိဖို့၊ ရှောင်​မိဖို့ သိပ်​လွယ်တယ်။ ဒါပေမဲ့ ဒီ​ညီအစ်မ​ကို စာနာ​နိုင်အောင် ကူညီ​ပေးပါလို့ ယေဟောဝါ​ဆီ ဆုတောင်း​လိုက်တယ်” လို့ အန်ဇီလာ ပြောတယ်။ ယေဟောဝါ အဖြေပေး​သလား။ “အမှုဆောင် အတူ​သွားပြီး​နောက် နာရီ​နဲ့​ချီ စကားပြော​ဖြစ်ကြတယ်။ ကျွန်မ သူ့ကို စာနာမှု​ရှိ​ရှိ နားထောင်​ပေးတယ်။ အခု သူ့ကို ပို​ချစ်​လာပြီ။ ကူညီ​ပေးဖို့​လည်း စိတ်ပိုင်းဖြတ်​ထားတယ်” လို့ ဆက်ပြောတယ်။

၁၇။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားသင့်​သလဲ။

၁၇ ကျွန်တော်တို့ဟာ ဘယ်ညီအစ်ကို/မကိုတော့ ထောက်ထားစာနာမှု ပြမယ်ဆိုပြီး ရွေးလို့ မရဘူး။ သူတို့အားလုံးက ယောန၊ ဧလိယ၊ ဟာဂရ၊ လောတတို့လို ပြဿနာတွေ ရင်ဆိုင်နေရတယ်။ များသောအားဖြင့် ကိုယ့်ဒုက္ခ ကိုယ်ရှာထားတာ။ တကယ်တော့ ကျွန်တော်တို့အားလုံး တစ်ချိန်မဟုတ် တစ်ချိန် အဲဒီလို ဖြစ်တတ်ကြတာပဲ။ ဒါကြောင့် အချင်းချင်း ကိုယ်ချင်းစာ​ဖို့ ယေဟောဝါ တောင်းဆိုထားတာ သင့်တော်​ပါတယ်။ (၁ ပေ. ၃:၈) ယေဟောဝါကို နာခံတာဟာ နောက်ခံ​အမျိုးမျိုး​က လူတွေ ပါဝင်တဲ့ ကမ္ဘာချီ​မိသားစုကြီး​ရဲ့ စည်းလုံးမှု တိုးများ​အောင် လုပ်နေတာပဲ။ ဒါကြောင့် အချင်းချင်း ဆက်ဆံ​တဲ့အခါ နားထောင်​ပေးဖို့၊ အကြောင်းစုံ​သိအောင် လုပ်ဖို့၊ ထောက်ထား​စာနာ​ဖို့ စိတ်ပိုင်းဖြတ်​ထားပါ။

သီချင်း ၈၇ လာ​ကြ၊ လန်းဆန်းမှု ရယူ​ကြ

^ အပိုဒ်၊ 5 မစုံလင်တဲ့ လူသားတွေ​ဖြစ်တဲ့ ကျွန်တော်တို့ဟာ လူတွေကို၊ လူတွေရဲ့ စိတ်ရင်းကို ချက်ချင်း အကဲဖြတ်​တတ်ကြတယ်။ ယေဟောဝါ​ကတော့ “နှလုံးသားကို ကြည့်တယ်။” (၁ ရှ. ၁၆:၇) ယောန၊ ဧလိယ၊ ဟာဂရ၊ လောတ​တို့ကို ယေဟောဝါ ဘယ်လို မေတ္တာပါပါ ကူညီ​ခဲ့​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ ညီအစ်ကို/မ​တွေ​နဲ့ ဆက်ဆံ​ရာ​မှာ ယေဟောဝါကို တုပ​နိုင်ဖို့​လည်း ဒီ​ဆောင်းပါး​က ကူညီ​ပေးပါမယ်။

^ အပိုဒ်၊ 52 ပုံ​အညွှန်း– အစည်းအဝေး နောက်ကျတဲ့ ညီအစ်ကို​ငယ်​တစ်ယောက်​ကြောင့် သက်ကြီး​ညီအစ်ကို စိတ်​အနှောင့်အယှက် ဖြစ်နေ။ ကား​မတော်တဆမှု​ကြောင့် နောက်ကျ​တာ ဖြစ်မှန်း နောက်ပိုင်း သိလိုက်ရ။

^ အပိုဒ်၊ 54 ပုံ​အညွှန်– ညီအစ်မ​တစ်ယောက်ကို ခင်မင်​ဖော်ရွေမှု မရှိသူလို့ လယ်ကွင်း အုပ်စု​ကြီးကြပ်မှူး ထင်​မိ​ပေမဲ့ သူဟာ ရှက်တတ်​သူ၊ သိပ်​မ​ရင်းနှီး​သူတွေ​ကြားမှာ အနေရခက်​သူ ဖြစ်မှန်း နောက်ပိုင်း သိလိုက်ရ။

^ အပိုဒ်၊ 56 ပုံ​အညွှန်– ညီအစ်မ​တစ်ယောက်ဟာ နောက်​ညီအစ်မ​အကြောင်း ပိုသိလာ​မှ နိုင်ငံတော်​ခန်းမ​မှာ စ​တွေ့​တုန်း​က ထင်​မိ​သလို မကြင်နာ​တတ်တဲ့ ဘု​ကန့်​လန့်​သ​မား မဟုတ်​ကြောင်း သိလာ။