မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၈

‘ပြေးပွဲကို အဆုံးအထိ ပြေးပါ’

‘ပြေးပွဲကို အဆုံးအထိ ပြေးပါ’

“ပြေးပွဲကို အဆုံးအထိ ပြေးခဲ့​ပြီ။”—၂ တိ. ၄:၇

သီချင်း ၁၂၉ ခံရပ်​နေမယ်

အကြို​သုံးသပ်ချက် *

၁။ ကျွန်တော်တို့​အားလုံး ဘာလုပ်ရမလဲ။

သင်ဟာ ဖျားနာ​နေတယ်၊ မောပန်း​နေတယ်​ဆိုရင် သိပ်​ခက်တဲ့ ပြေးပွဲ​မှာ ဝင်ပြေး​မလား။ ပြေး​မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခရစ်ယာန်စစ်​အားလုံး ပြေးပွဲ​မှာ ပြေး​နေတယ်လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၁၂:၁) ပျိုရွယ်သူ၊ အိုမင်း​သူ၊ ခွန်အား​ရှိသူ၊ ခွန်အား​မရှိသူ အားလုံး ယေဟောဝါ​ပေးတဲ့ ဆု​ရဖို့ အဆုံးအထိ ခံနိုင်ရည် ရှိရမယ်။—မ. ၂၄:၁၃

၂။ ၂ တိမောသေ ၄:၇၊ ၈ အရ ပေါလု​မှာ ဘာကြောင့် ပြော​အားရှိ​သလဲ။

ပေါလုဟာ “ပြေးပွဲကို အဆုံးအထိ ပြေးခဲ့” တဲ့​အတွက် ပြော​အားရှိ​တယ်။ (၂ တိမောသေ ၄:၇၊ ၈ ကိုဖတ်ပါ။) ဒါပေမဲ့ ပေါလု ပြောတဲ့ ပြေးပွဲ​ဆိုတာ ဘာလဲ။

ပြေးပွဲ​ဆိုတာ ဘာလဲ

၃။ ပေါလု ပြောတဲ့ ပြေးပွဲ​ဆိုတာ ဘာလဲ။

ပေါလုက အရေးကြီး သင်ခန်းစာ​တွေ သင်ပေးဖို့ ရှေးခေတ်​ဂရိ​နိုင်ငံမှာ ကျင်းပတဲ့ အားကစားပွဲ​တွေ​အကြောင်း ပြောလေ့ရှိ​တယ်။ (၁ ကော. ၉:၂၅-၂၇။ ၂ တိ. ၂:၅) ခရစ်ယာန် အသက်တာကို ပြေးပွဲနဲ့ မကြာခဏ နှိုင်းယှဉ်ခဲ့​တယ်။ (၁ ကော. ၉:၂၄။ ဂလ. ၅:၇) လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ နှစ်ခြင်းခံ​လိုက်တာနဲ့ “ပြေးပွဲ” မှာ စ​ပြေး​လိုက်တာပဲ။ (၁ ပေ. ၃:၂၁) ယေဟောဝါ ပေးတဲ့ ထာဝရ​အသက်ဆု​ကို ရချိန်မှာ သူ ပန်းဝင်​မယ်။—မ. ၂၅:၃၁-၃၄၊ ၄၆။ ၂ တိ. ၄:၈

၄။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း သုံးသပ်ကြ​မလဲ။

ပြေးပွဲနဲ့ ခရစ်ယာန် အသက်တာရဲ့ ဆင်တူချက်တွေ​က ဘာလဲ။ ဆင်တူချက် များစွာ ရှိတယ်။ သုံးခုကို သုံးသပ်​ကြည့်ကြစို့။ ပထမ၊ လမ်းမှန်​အတိုင်း ပြေး​ရမယ်။ ဒုတိယ၊ ပန်းတိုင်​ကို အာရုံစိုက်​ရမယ်။ တတိယ၊ ပြေးလမ်း​တစ်လျှောက်​မှာ ရှိတဲ့ အခက်အခဲတွေကို ကျော်လွှား​ရမယ်။

လမ်းမှန်​အတိုင်း ပြေး​ပါ

ကျွန်တော်တို့​အားလုံး ခရစ်ယာန် ဘဝ​လမ်းစဉ်​အတိုင်း ပြေး​ရမယ် (စာပိုဒ် ၅-၇ ကို​ကြည့်ပါ) *

၅။ ဘယ်​လမ်းစဉ်​ကို ကျွန်တော်တို့ လိုက်ရ​မလဲ။ ဘာကြောင့်လဲ။

အပြေးသမား​တွေဟာ ပြေးပွဲ​မှာ ဆု​ရဖို့ ပွဲ​စီစဉ်သူတွေ သတ်မှတ်​ထားတဲ့ လမ်းကြောင်း​အတိုင်း ပြေးရမယ်။ ကျွန်တော်တို့လည်း ထာဝရ​အသက်ဆု ရ​ချင်​ရင် ခရစ်ယာန်​လမ်းစဉ်​အတိုင်း ပြေး​ရမယ်။ (တ. ၂၀:၂၄။ ၁ ပေ. ၂:၂၁) ဒါပေမဲ့ စာတန်နဲ့ နောက်လိုက်​တွေ​က ကျွန်တော်တို့ကို ခရစ်ယာန် ဘဝ​လမ်းစဉ်​အတိုင်း မလိုက်​စေချင်ဘူး။ သူတို့နဲ့အတူ လမ်းစဉ်​ဟောင်း​မှာ​ပဲ ဆက်​ပြေး​စေချင်တယ်။ (၁ ပေ. ၄:၄) ကျွန်တော်တို့ရဲ့ ဘဝ​လမ်းစဉ်​ကို ကဲ့ရဲ့​လှောင်ပြောင်​ကြတယ်။ သူတို့​လမ်းစဉ်​က ပို​ကောင်းတယ်၊ ပို​လွတ်လပ်​တယ်လို့ ပြော​ကြတယ်။ ဒါပေမဲ့ အဲဒါ မှားတယ်။—၂ ပေ. ၂:၁၉

၆။ ဘရိုင်ယန်​ရဲ့ အတွေ့အကြုံ​ကနေ ဘာ​သိရသလဲ။

မိမိတို့​ရွေး​တဲ့​လမ်း​ဟာ လွတ်လပ်မှု မပေး​ဘဲ ကျွန်ဘဝ​ကို ရောက်​စေ​ကြောင်း စာတန့်​လောကရဲ့ လွှမ်းမိုးမှု ခံရသူတွေ မကြာခင်မှာ သိ​လာကြတယ်။ (ရော. ၆:၁၆) ဘရိုင်ယန်​အကြောင်း စဉ်းစား​ကြည့်ပါ။ ခရစ်ယာန် ဘဝ​လမ်းစဉ်​အတိုင်း လိုက်​ဖို့ မိဘတွေ အားပေး​ပေမဲ့ အဲဒီ​လမ်းစဉ်​လိုက်လို့ ပျော်​ပါ့မလား​ဆိုပြီး ဆယ်ကျော်သက် အရွယ်မှာ သံသယ ဝင်လာ​တယ်။ ဒါနဲ့ စာတန့်​စံနှုန်း​အတိုင်း အသက်​ရှင်သူတွေ​နဲ့ အတူ​ပြေး​ဖို့ ဆုံးဖြတ်​လိုက်တယ်။ “ကျွန်တော် တောင့်တ​ခဲ့​တဲ့ လွတ်လပ်မှုက ကျွန်တော့်ကို ပျက်စီးခြင်း​ဝဲ​ကတော့​ထဲ နစ်​သည်ထက်​နစ်​ဝင်​သွား​အောင် တွန်းပို့​လိမ့်မယ်​ဆိုတာ နည်းနည်းမှ မ​ရိပ်မိ​ခဲ့​ဘူး။ . . . နောက်တော့ ဆေးဝါးတွေ တလွဲသုံး​လာတယ်။ အရက်စွဲ​လာတယ်။ စာရိတ္တ​ပါ ယိုယွင်း​လာခဲ့တယ်။ နှစ်​အတော်ကြာ​လာတော့ ဆေးစွဲ​သည်ထက်​စွဲ​သွားပြီး အဲဒီ​အကျင့်ဆိုး​တွေရဲ့ ကျွန်​ဖြစ်လာခဲ့တယ်။ . . . ကျွန်တော် အသက်ဆက်​နိုင်ဖို့ မူးယစ်​ဆေးဝါးတွေ အရောင်းအဝယ်​လုပ်​ရတယ်” လို့ ဘရိုင်ယန် ပြောတယ်။ နောက်ဆုံး​တော့ ယေဟောဝါရဲ့ စံနှုန်းတွေ​အတိုင်း နေထိုင်ဖို့ ဆုံးဖြတ်​လိုက်တယ်။ ဘဝ​လမ်းစဉ်​ကို ပြောင်းလဲ​ပြီး ၂၀၀၁ မှာ နှစ်ခြင်းခံခဲ့တယ်။ ခရစ်ယာန် ဘဝ​လမ်းစဉ်​ကို လိုက်လို့ သူ အခု ပျော်​နေပြီ။ *

၇။ မဿဲ ၇:၁၃၊ ၁၄ အရ ကျွန်တော်တို့​ရှေ့မှာ ဘယ်​လမ်း​နှစ်​လမ်း ရှိသလဲ။

လမ်းမှန်​ကို ရွေး​ဖို့ သိပ်​အရေးကြီးတယ်။ စာတန်​က “အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့” လမ်းကျဉ်း​ပေါ်မှာ ကျွန်တော်တို့ကို ဆက်​မ​ပြေး​စေချင်ဘူး။ လူအများစု ပြေး​နေတဲ့ လမ်း​ကျယ်​ပေါ် ရောက်​စေချင်တယ်။ အဲဒီ​လမ်း​ကျယ်​ဟာ လူကြိုက်များ​တယ်၊ လွယ်ကူတယ်။ ဒါပေမဲ့ “ပျက်စီးခြင်းကို ပို့ဆောင်” တယ်။ (မဿဲ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။) လမ်းမှန်​ပေါ် ဆက်ရှိ​နေဖို့၊ လမ်းမ​လွဲသွား​ဖို့ ယေဟောဝါကို ယုံကြည်​ကိုးစားပြီး ဘုရား​စကား နားထောင်​ရမယ်။

အာရုံစိုက်​ပြီး ပြေး​ပါ

အာရုံစိုက်​ရမယ်၊ တခြားသူတွေ​အတွက် တိုက်မိ​လဲစရာ မဖြစ်အောင် ရှောင်ရမယ် (စာပိုဒ် ၈-၁၂ ကို​ကြည့်ပါ) *

၈။ အပြေးသမား​တစ်ယောက် လဲကျ​သွား​ရင် ဘာ​လုပ်သလဲ။

အပြေးသမား​တွေဟာ ပြေးပွဲ​မှာ ခလုတ်​မ​တိုက်​ဖို့ ရှေ့​တည့်တည့်​ကို အာရုံစိုက်​ကြတယ်။ ဒါပေမဲ့ အချင်းချင်း မတော်တဆ တိုက်မိ​နိုင်တယ်။ ချိုင့်ခွက်​ကို နင်း​မိ​ပြီး လဲကျ​သွားနိုင်တယ်။ လဲသွား​ရင် ပြန်ထ​ပြီး ဆက်​ပြေး​တယ်။ ဘာကြောင့် လဲသွား​တယ်​ဆိုတာ အာရုံမစိုက်​ဘူး။ ပန်းဝင်​ဖို့၊ ဆု​ရဖို့​ပဲ အာရုံစိုက်​တယ်။

၉။ တိုက်မိ​လဲသွား​ရင် ဘာ​လုပ်သင့်သလဲ။

ကျွန်တော်တို့လည်း ပြောမှားဆိုမှား၊ လုပ်​မှား​ကိုင်​မှား​ဖြစ်ပြီး အကြိမ်ကြိမ် တိုက်မိ​လဲ​နိုင်တယ်။ ဒါမှမဟုတ် အချင်းချင်းရဲ့ အမှား​ကြောင့် ထိခိုက်​မိ​နိုင်တယ်။ အဲဒါကို မျှော်လင့်​ထားရမယ်။ ကျွန်တော်တို့​အားလုံး မစုံလင်တဲ့​အပြင် လမ်းကျဉ်း​ပေါ်မှာ ပြေး​နေရလို့ “တိုက်မိ” နိုင်တယ်။ တစ်ခါတလေ “မကျေနပ်စရာ ရှိ” လာမယ်လို့ ပေါလု ပြောတယ်။ (ကော. ၃:၁၃) ဒါပေမဲ့ ဘာကြောင့် တိုက်မိ​လဲ​တယ်​ဆိုတာ အာရုံမစိုက်​ဘဲ ရှေ့မှာ​ရမယ့်​ဆု​ကို အာရုံစိုက်​ကြပါစို့။ တိုက်မိ​လဲ​ရင်​လည်း ပြန်ထ​ပြီး ဆက်​ပြေးကြပါ​စို့။ စိတ်ဆိုး​နာကြည်း​ပြီး ပြန်​မ​ထတော့​ရင် ပန်းဝင်​မှာ၊ ဆု​ရတော့​မှာ မဟုတ်ဘူး။ အဲဒီအပြင် အသက်​လမ်းကျဉ်း​ပေါ် ပြေး​နေတဲ့ တခြားသူတွေ​အတွက် ဆူးငြောင့်ခလုတ်​တောင် ဖြစ်သွား​နိုင်တယ်။

၁၀။ တခြားသူတွေ​အတွက် “တိုက်မိ​လဲစရာ” မဖြစ်အောင် ဘယ်လို ရှောင်နိုင်​သလဲ။

၁၀ အချင်းချင်း​အတွက် “တိုက်မိ​လဲစရာ” မဖြစ်အောင် ရှောင်နိုင်​တဲ့ နောက်​တစ်နည်း​ကတော့ ကိုယ့်​အခွင့်အရေး​ကို မရ​မ​က တောင်းဆိုမယ့်​အစား ဖြစ်နိုင်တဲ့​အခါတိုင်း တခြား​သူတွေရဲ့ အကြိုက်ကို လိုက်လျော​ပေးခြင်း​ပါပဲ။ (ရော. ၁၄:၁၃၊ ၁၉-၂၁။ ၁ ကော. ၈:၉၊ ၁၃) ဒီ​နည်း​အားဖြင့် ပကတိ အပြေး​ပြိုင်ပွဲ​ရဲ့ အပြေးသမား​တွေ​လို ဖြစ်မှာ​မဟုတ်ဘူး။ သူတို့ဟာ အချင်းချင်း ပြိုင်​ပြေး​ပြီး ကိုယ်​ပဲ ဆု​ရချင်တယ်။ ကိုယ့်​အတွက်ပဲ စဉ်းစားတယ်။ တခြားသူကို တွန်းတိုက်​တယ်။ ကျွန်တော်တို့​ကတော့ အချင်းချင်း မပြိုင်ဆိုင်​ကြဘူး။ (ဂလ. ၅:၂၆။ ၆:၄) ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ လူများ​နိုင်သမျှ များများ​ကို ကျွန်တော်တို့နဲ့​အတူ ပန်းဝင်​ပြီး အသက်ဆု ရအောင် ကူညီ​ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် “ကိုယ့်​အကျိုးကို​ပဲ အာရုံ​မစိုက်ပါနဲ့၊ သူတစ်ပါး​အကျိုးကို​လည်း ထည့်​စဉ်းစား​ပေးကြပါ” ဆိုတဲ့ ပေါလုရဲ့ အကြံဉာဏ်​ကို လိုက်နာကြတယ်။—ဖိ. ၂:၄

၁၁။ အပြေးသမား​က ဘာကို အာရုံစိုက်​သလဲ။ ဘာကြောင့်လဲ။

၁၁ အပြေးသမား​တွေဟာ ရှေ့​တည့်တည့်​ကို ကြည့်တဲ့​အပြင် ပန်းတိုင်​ကိုလည်း အာရုံစိုက်​ကြတယ်။ ပန်းတိုင်​ကို မမြင်​ရ​ရင်တောင် ပန်းဝင်​ပြီး ဆု​ရတာကို မြင်ယောင်​နိုင်တယ်။ ဒီ​နည်း​အားဖြင့် ဆက်​ပြေး​ဖို့ အားရှိစေတယ်။

၁၂။ ယေဟောဝါ ဘာက​တိ​ပေးထား​သလဲ။

၁၂ ယေဟောဝါ​က အသက်ပြေးပွဲ​မှာ ပန်းဝင်​သူ​တိုင်း​ကို ကောင်းကင်မှာ​ဖြစ်စေ၊ မြေကြီး ပရဒိသုမှာ​ဖြစ်စေ ထာဝရ​အသက်ဆု ပေးမယ်လို့ ကတိ​ပေးထားတယ်။ အဲဒီ​ဆု​အကြောင်း ကျမ်းစာမှာ ဖော်ပြ​ထားတဲ့​အတွက် မြင်ယောင်​ကြည့်နိုင်တယ်။ စိတ်နှလုံးထဲမှာ မျှော်လင့်ချက် ရှင်သန်​နေရင် ခံနိုင်ရည်ရှိရှိ ဆက်​ပြေး​မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပို​ခိုင်မာ​လာမယ်။

အခက်အခဲ​တွေ​ကြား ဆက်​ပြေး​ပါ

အခက်အခဲ​တွေ​ကြား အသက်ပြေးပွဲ​မှာ ဆက်​ပြေး​ချင်ကြတယ် (စာပိုဒ် ၁၃-၂၀ ကို​ကြည့်ပါ) *

၁၃။ ကျွန်တော်တို့ဟာ ပကတိ အပြေးသမားတွေထက် ဘယ်လို ပိုသာ​သလဲ။

၁၃ ဂရိ​ပြေးပွဲ​မှာ ပကတိ အပြေးသမား​တွေဟာ မောပန်း​တာ၊ နာကျင်​တာ​စတဲ့ အခက်အခဲတွေကို ကျော်လွှား​ရတယ်။ သူတို့မှာ အားထားစရာ​ဆိုလို့ လေ့ကျင့်မှု​နဲ့ ကိုယ့်​အစွမ်း​ခွန်အား​ပဲ ရှိတယ်။ သူတို့​လို​ပဲ ကျွန်တော်တို့လည်း လေ့ကျင့်မှု ရ​နေတယ်။ ဒါပေမဲ့ သူတို့နဲ့ မတူတာ​ကတော့ ကျွန်တော်တို့ဟာ အကန့်အသတ်မဲ့ တန်ခိုးရှင်​ဆီကနေ အစွမ်း​ခွန်အား ရနိုင်တယ်။ ယေဟောဝါကို အားကိုးမယ်​ဆိုရင် ကျွန်တော်တို့ကို လေ့ကျင့်ပေး​မယ်၊ ခွန်အား​ရှိစေမယ်​လို့ ကတိ​ပေးထားတယ်။—၁ ပေ. ၅:၁၀

၁၄။ အခက်အခဲတွေကို ရင်ဆိုင်ဖို့ ၂ ကောရိန္သု ၁၂:၉၊ ၁၀ က ကျွန်တော်တို့ကို ဘယ်လို ကူညီပေး​သလဲ။

၁၄ ပေါလုဟာ အခက်အခဲ​များစွာ ကြုံခဲ့​ရတယ်။ တခြား​သူတွေရဲ့ စော်ကား​နှိပ်စက်မှု​အပြင် “ကိုယ်ခန္ဓာမှာ​စူးတဲ့ ဆူး” ကို ရင်ဆိုင်ခဲ့​ရတယ်။ (၂ ကော. ၁၂:၇) ဒါပေမဲ့ အခက်အခဲတွေကို အကြောင်း​ပြပြီး လက်လျှော့​လိုက်မယ့်​အစား ယေဟောဝါကို အားကိုး​ဖို့ အခွင့်အရေး​အဖြစ် သဘော​ထားတယ်။ (၂ ကောရိန္သု ၁၂:၉၊ ၁၀ ကိုဖတ်ပါ။) ဒါကြောင့် ခက်ခဲချိန်​တစ်လျှောက်လုံး ယေဟောဝါ ကူညီ​ပေးတယ်။

၁၅။ ပေါလုကို တုပမယ်​ဆိုရင် ဘာ​အကျိုး​ရမလဲ။

၁၅ ကျွန်တော်တို့လည်း ယုံကြည်ခြင်း​ကြောင့် စော်ကားမှု၊ နှိပ်စက်မှု ခံရ​နိုင်တယ်။ ကျန်းမာရေး မကောင်းတာ၊ ခြေကုန်လက်ပန်း ကျ​တာ​တွေ ဖြစ်နိုင်တယ်။ ပေါလုကို တုပမယ်​ဆိုရင် အဲဒီ​အခက်အခဲ​တိုင်း​ဟာ ယေဟောဝါရဲ့ မေတ္တာပါ ထောက်မမှု ရမယ့် အခွင့်အရေး ဖြစ်သွား​နိုင်တယ်။

၁၆။ ကျန်းမာရေး မကောင်း​ရင်တောင် သင် ဘာ​လုပ်နိုင်သလဲ။

၁၆ သင်ဟာ အိပ်ရာ​ထဲ လဲနေ​တာ၊ ဘီးတပ်ကုလားထိုင်​နဲ့ နေရတာ ဖြစ်နိုင်တယ်။ ဒူး​နာ​တာ၊ မျက်စိမှုန်​တာ ဖြစ်နိုင်တယ်။ ဒါဆိုရင် ငယ်ရွယ်​ကျန်းမာ​သူတွေနဲ့ ယှဉ်​ပြေး​နိုင်​ပါ့မလား။ ပြေး​နိုင်ပါတယ်။ အိုမင်းမစွမ်း​သူများစွာ​ဟာ အသက်​လမ်းပေါ် ပြေး​နေကြတယ်။ ကိုယ့်​အစွမ်းအစနဲ့​တော့ မဟုတ်ဘူး။ ခရစ်ယာန် အစည်းအဝေးတွေကို ဖုန်း​နဲ့ ချိတ်ဆက် နားထောင်ခြင်း၊ ဗီဒီယို​နဲ့ ချိတ်ဆက် ကြည့်ရှုခြင်း​အားဖြင့် ယေဟောဝါ​ဆီကနေ ခွန်အားရ​နေကြတယ်။ ဆရာဝန်၊ သူနာပြု၊ ဆွေမျိုးတွေကို သက်သေခံခြင်း​အားဖြင့် တပည့်ဖြစ်စေခြင်း​လုပ်ငန်းမှာ ပါဝင်​နေကြတယ်။

၁၇။ ကာယရေး ကန့်သတ်မှု ကြုံနေ​ရသူတွေကို ယေဟောဝါ ဘယ်လို သဘောထား​သလဲ။

၁၇ ကာယရေး ကန့်သတ်မှု​တွေ​ကြောင့် အသက်​လမ်းမှာ ဆက်​မ​ပြေး​နိုင်တော့ဘူး​ဆိုပြီး စိတ်ဓာတ်​မကျပါနဲ့။ သင့်ရဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်​ကြောင့် သင့်ကို ယေဟောဝါ ချစ်တယ်။ အရင်ကထက် အကူအညီ ပို​လိုအပ်​နေချိန်မှာ သင့်ကို စွန့်ပစ်​မှာ မဟုတ်ဘူး။ (ဆာ. ၉:၁၀) သင်နဲ့ ပိုလို့တောင် ရင်းနှီး​လာမယ်။ ကျန်းမာရေး မကောင်းတဲ့ ညီအစ်မ​တစ်ယောက် ဒီလို​ပြောတယ်– “ကျန်းမာရေး ပို​ဆိုး​လာလို့ တခြား​သူတွေကို ဟောပြောဖို့ အခွင့်အရေး သိပ်​မရတော့ဘူး။ ဒါပေမဲ့ အမှုတော်မှာ နည်းနည်းလေး ပါဝင်​ရင်တောင် ယေဟောဝါကို စိတ်ရွှင်လန်း​စေတယ်​ဆိုတာ သိရလို့ ကျွန်မ ပျော်တယ်။” သင်လည်း စိတ်ဓာတ်​ကျတဲ့​အခါ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရပါ။ ပေါလုရဲ့ ပုံသက်သေကို စဉ်းစားပါ။ ‘အားနည်းခြင်း​ကို ကျွန်တော် ကျေနပ်​စွာ ခံယူပါတယ်။ ဘာလို့လဲ​ဆိုတော့ ကျွန်တော် အားနည်း​တဲ့အခါ အစွမ်း​ခွန်အား ပြည့်နေ​လို့​ပဲ’ ဆိုတဲ့ ပေါလုရဲ့ အားရှိစရာ စကားတွေကို ပြန်​တွေးပါ။—၂ ကော. ၁၂:၁၀

၁၈။ တချို့ရဲ့ အခြေအနေ​က ဘာကြောင့် ပို​ခက်​သလဲ။

၁၈ အသက်​လမ်းမှာ ပြေး​နေ​သူတချို့ ကြုံရတဲ့ နောက်​အခက်အခဲ​တစ်ခု ရှိတယ်။ တခြားသူတွေ မမြင်နိုင်၊ နားမလည်​နိုင်တဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေတွေကို ရင်ဆိုင်​နေ​ရတယ်။ ဥပမာ၊ စိတ်ကျ ဝေဒနာ၊ စိုးရိမ်​ပူပန်မှု လွန်ကဲ​တာတွေကို ခံစား​နေ​ရတယ်။ သူတို့ရဲ့ အခြေအနေ​က ဘာကြောင့် သိပ်​ခက်တာလဲ။ လူတစ်ယောက် အရိုးကျိုး​နေရင်၊ ဘီးတပ်ကုလားထိုင်​နဲ့ နေရ​ရင် သူ့​ပြဿနာကို လူတိုင်း မြင်ပြီး ကူညီပေး​ချင်စိတ် ပေါ်လာ​နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ကြုံနေ​ရသူ​ကတော့ အပြင်ပန်း လက္ခဏာ ပြ​ချင်​မှ ပြမယ်။ အရိုးကျိုး​တဲ့​သူလို​ပဲ ဝေဒနာ ခံစား​နေ​ရပေမဲ့ တခြား​သူတွေဆီ​က စာနာမှု မရဘဲ ဖြစ်နေ​နိုင်တယ်။

၁၉။ မေဖိဗောရှက်​ဆီကနေ ဘာ​သင်ယူ​ရသလဲ။

၁၉ ကန့်သတ်မှု​တွေ​ကြောင့် ယေဟောဝါရဲ့ အမှုတော်မှာ ဆန္ဒရှိ​သလော​က် မပါဝင်နိုင်​ရင်၊ ကိုယ့်ကို တခြားသူတွေ အထင်လွဲ​နေကြပြီ​လို့ ခံစား​နေရ​ရင် မေဖိဗောရှက်​ဆီကနေ အားယူပါ။ (၂ ရှ. ၄:၄) မေဖိဗောရှက်​ဟာ မသန်စွမ်း​သူ ဖြစ်တဲ့​အပြင် ဘုရင် ဒါဝိဒ် အထင်လွဲတာကို အကြောင်းမဲ့​သက်​သက် ခံခဲ့ရတယ်။ ဒါပေမဲ့ စိတ်​မ​နာကြည်း​ဘူး။ ကိုယ်​ရထားတဲ့ ကောင်းချီးတွေကို တန်ဖိုး​ထားတယ်။ အရင်တုန်းက ဒါဝိဒ် ပြခဲ့တဲ့ ကြင်နာမှု​အတွက် ကျေးဇူး​တင်တယ်။ (၂ ရှ. ၉:၆-၁၀) ဒါကြောင့် ဒါဝိဒ် အထင်လွဲ​တဲ့အခါ ကိစ္စ​တစ်ခုလုံးကို မြင်​ဖို့ ကြိုးစားတယ်။ ဒါဝိဒ်​ကို စိတ်​မ​နာ​သလို ယေဟောဝါကိုလည်း အပြစ်မတင်​ဘူး။ ယေဟောဝါရဲ့ ဘိသိက်ခံ ဘုရင်ကို အတတ်နိုင်ဆုံး ထောက်မ​ဖို့​ပဲ အာရုံစိုက်​တယ်။ (၂ ရှ. ၁၆:၁-၄။ ၁၉:၂၄-၃၀) ကျွန်တော်တို့ အကျိုးအတွက် မေဖိဗောရှက်​ရဲ့ အကောင်းဆုံး ပုံသက်သေကို ကျမ်းစာမှာ ယေဟောဝါ မှတ်တမ်းတင်​စေခဲ့တယ်။—ရော. ၁၅:၄

၂၀။ စိုးရိမ်​ပူပန်မှု​ကြောင့် တချို့ ဘယ်လို အခက်​ကြုံနေ​ရသလဲ။ ဘာကို စိတ်ချ​နိုင်သလဲ။

၂၀ ညီအစ်ကို/မတ​ချို့​ဟာ စိုးရိမ်​ပူပန်မှု လွန်ကဲ​တတ်​လို့ လူ​ကြားထဲ​ရောက်ရင် စိတ်ရှုပ်​နေတတ်တယ်။ ဒါပေမဲ့ လူအများ​ကြားထဲ​မှာ အနေရခက်​ရင်တောင် အသင်းတော် အစည်းအဝေးတွေ၊ အစည်းအဝေးကြီး​တွေ ဆက်​တက်​နေကြတယ်။ သူစိမ်းတွေကို စကား​စ​ပြောဖို့ ခက်​ရင်တောင် အမှုဆောင်​လုပ်ငန်းမှာ ဆက်​ပါဝင်​ကြတယ်။ သင် အဲဒီလို​ဖြစ်နေရင် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားသူ​များစွာလည်း အလားတူ အခက်အခဲ​တွေ ရင်ဆိုင်​နေ​ရတယ်။ သင့်ရဲ့ စိတ်နှလုံး အကြွင်းမဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ နှစ်သက်တယ်​ဆိုတာ သတိရပါ။ သင် လက်မလျှော့​ဘူးဆိုတဲ့ အချက်ကို​က သင့်ကို ဘုရား ကောင်းချီး​ပေးနေ​တယ်၊ အစွမ်း​ခွန်အား ပေးနေ​တယ်​ဆိုတဲ့ အထောက်အထား​ပဲ။ * (ဖိ. ၄:၆၊ ၇။ ၁ ပေ. ၅:၇) ရုပ်ပိုင်း၊ စိတ်ပိုင်း ကန့်သတ်မှု​တွေ​ကြား ယေဟောဝါကို ဆက်​အမှုဆောင်မယ်​ဆိုရင် ဘုရားရဲ့ နှစ်သက်မှု ရမယ်ဆိုတာ စိတ်ချ​နိုင်ပါတယ်။

၂၁။ ယေဟောဝါရဲ့ အကူအညီ​နဲ့ ကျွန်တော်တို့​အားလုံး ဘာလုပ်နိုင်​ကြ​မလဲ။

၂၁ ပကတိ​ပြေးပွဲနဲ့ ပေါလု​ပြောတဲ့ ပြေးပွဲ​မှာ ကွာခြားချက်​တွေ ရှိတယ်။ ကျမ်းစာ​ခေတ်​က ပကတိ​ပြေးပွဲ​မှာ တစ်ယောက်တည်း ဆု​ရပေမဲ့ ခရစ်ယာန် ဘဝ​လမ်းစဉ်​မှာ​တော့ သစ္စာရှိ​ရှိ ခံရပ်​သူ​အားလုံး ထာဝရ​အသက်ဆု ရမယ်။ (ယော. ၃:၁၆) ပကတိ​ပြေးပွဲ​မှာ အပြေးသမား​အားလုံး ကျန်းမာရေး ကောင်း​ရမယ်။ မကောင်း​ရင် ဆု​ရ​နိုင်မှာ မဟုတ်ဘူး။ ခရစ်ယာန် ဘဝ​လမ်းစဉ်​မှာ​တော့ ကျွန်တော်တို့ အများစုဟာ ကာယရေး ကန့်သတ်ချက်​တွေ ရှိပေမဲ့ ခံနိုင်ရည်ရှိရှိ ဆက်​ပြေး​နေကြတယ်။ (၂ ကော. ၄:၁၆) ယေဟောဝါရဲ့ အကူအညီ​နဲ့ ပန်းဝင်​တဲ့​အထိ ပြေး​နိုင်ကြ​ပါလိမ့်မယ်။

သီချင်း ၁၄၄ ဆုလာဘ်​တော်​ကို မျက်ခြည်မပြတ်​စေ​နဲ့

^ အပိုဒ်၊ 5 ဒီနေ့​ခေတ် ယေဟောဝါရဲ့ ကျေးကျွန်​များစွာဟာ အိုမင်း​လို့၊ ကျန်းမာရေး မကောင်း​လို့ အခက်အခဲ​တွေ ကြုံနေ​ရတယ်။ ကျွန်တော်တို့​အားလုံး တစ်ခါတလေ ခြေကုန်လက်ပန်း ကျ​တတ်ကြတယ်။ ဒါကြောင့် ပြေးပွဲ​မှာ ဝင်​ပြေး​ဖို့​ဆိုတာ မဖြစ်နိုင်ပုံပဲ။ တမန်တော် ပေါလု ပြောတဲ့ အသက်ပြေးပွဲ​မှာ ပန်းဝင်​တဲ့​အထိ ဘယ်လို ခံနိုင်ရည်ရှိရှိ ပြေး​နိုင်မလဲ​ဆိုတာ ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 6 ၂၀၁၃၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် သမ္မာကျမ်းစာက ဘဝပုံစံ​တွေကို ပြောင်းလဲ​ပေးနိုင်” ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 20 စိုးရိမ်​ပူပန်မှု​ကို ဖြေရှင်းခြင်း​နဲ့​ပတ်သက်တဲ့ လက်တွေ့ကျ အကြံပြုချက်​တွေ၊ အောင်မြင်​စွာ ဖြေရှင်း​ခဲ့​သူတွေရဲ့ တွေ့ကြုံမှု​တွေကို jw.org® ထဲ​က စာကြည့်တိုက် > JW ရုပ်သံ​ထုတ်လွှင့်​မှု®၂၀၁၉၊ မေလ အစီအစဉ်မှာ ကြည့်ပါ။

^ အပိုဒ်၊ 63 ပုံ​အညွှန်း– အမှုဆောင်​လုပ်ငန်းမှာ အလုပ်​များနေတာက သက်ကြီး​ညီအစ်ကိုကို ခရစ်ယာန် ဘဝ​လမ်းစဉ်​မှာ ဆက်​ရှိနေ​စေ။

^ အပိုဒ်၊ 65 ပုံ​အညွှန်– တခြားသူကို အရက် ပို​သောက်ဖို့ တွန်းအားပေး​ခြင်း၊ ကိုယ်တိုင်လည်း မထိန်းချုပ်​ခြင်းအားဖြင့် တခြား​သူတွေကို တိုက်မိ​လဲ​စေနိုင်။

^ အပိုဒ်၊ 67 ပုံ​အညွှန်– ညီအစ်ကို​တစ်ယောက် ဆေးရုံတက်​နေရ​ချိန်မှာတောင် ပြုစု​စောင့်ရှောက်​သူတွေကို သက်သေခံခြင်း​အားဖြင့် ခရစ်ယာန် အသက်ပြေးပွဲ​မှာ ဆက်​ပြေး​နေ။