လေ့လာရန် ဆောင်းပါး ၁၅
အမှုဆောင်လုပ်ငန်းမှာ ကြုံရသူတွေကို သင် ဘယ်လို သဘောထားသလဲ
“လယ်ကွင်းကို လှမ်းမျှော်ကြည့်လိုက်ပါ။ ရိတ်စရာစပါးတွေ မှည့်ဝင်းနေပြီ။”—ယော. ၄:၃၅။
သီချင်း ၆၄ ရိတ်သိမ်းခြင်းမှာ ပျော်ရွှင်စွာ
အကြိုသုံးသပ်ချက် *
၁-၂။ ယောဟန် ၄:၃၅၊ ၃၆ မှာပါတဲ့ စကားတွေကို ယေရှု ဘာကြောင့် ပြောတာ ဖြစ်မလဲ။
ယေရှုဟာ မုယောပျိုးခင်းတွေထဲ ဖြတ်လျှောက်လာတယ်။ (ယော. ၄:၃-၆) မုယော ရိတ်သိမ်းဖို့ လေးလလောက် လိုသေးတယ်။ ဒါကြောင့် “လယ်ကွင်းကို လှမ်းမျှော်ကြည့်လိုက်ပါ။ ရိတ်စရာစပါးတွေ မှည့်ဝင်းနေပြီ” ဆိုတဲ့ ယေရှုစကားက အတော်လေး ထူးဆန်းနေပုံရတယ်။ (ယောဟန် ၄:၃၅၊ ၃၆ ကိုဖတ်ပါ။) ယေရှု ဘာကို ဆိုလိုသလဲ။
၂ ပုံဆောင် ရိတ်သိမ်းခြင်းအကြောင်း ယေရှု ပြောနေတာ။ ဂျူးတွေဟာ ရှမာရိတွေနဲ့ အပေါင်းအသင်း မလုပ်ကြပေမဲ့ ရှမာရိ အမျိုးသမီးတစ်ယောက်ကို ယေရှု ဟောပြောတဲ့အခါ အမျိုးသမီး နားထောင်တယ်။ သူ့ဆီကတစ်ဆင့် ယေရှုအကြောင်းကို ရှမာရိလူတွေ ကြားပြီး ထပ်သိချင်လို့ လိုက်လာကြတယ်။ “မှည့်ဝင်း” နေတဲ့ လယ်ကွင်းအကြောင်း ယေရှု ပြောတာ အဲဒီအချိန်ပဲ။ (ယော. ၄:၉၊ ၃၉-၄၂) “မှည့်ဝင်းနေတဲ့ ကောက်နှံတွေလိုပဲ ရိတ်သိမ်းချိန်တန်ပြီဆိုတာ သူတို့ရဲ့ စိတ်ထက်သန်မှုက ဖော်ပြတယ်” လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။
၃။ လူတွေကို ယေရှု မြင်သလို မြင်မယ်ဆိုရင် ဟောပြောခြင်းလုပ်ငန်းအပေါ် ဘယ်လို အကျိုးသက်ရောက်မလဲ။
၃ သင်ကော။ သတင်းကောင်း ဟောပြောတဲ့အခါ လူတွေကို ရိတ်သိမ်းဖို့ မှည့်ဝင်းနေတဲ့ ကောက်နှံတွေအဖြစ် ရှုမြင်သလား။ ဒါဆိုရင် (၁) အရေးကြီး သဘောထားနဲ့ ဟောပြောပါလိမ့်မယ်။ ရိတ်သိမ်းတဲ့ကာလ အကန့်အသတ် ရှိတဲ့အတွက် အချိန်ဖြုန်းနေမှာ မဟုတ်ဘူး။ (၂) လူတွေ သတင်းကောင်း နားထောင်တဲ့အခါ သင် ပျော်ရွှင်ရပါလိမ့်မယ်။ ‘ရိတ်သိမ်းချိန်မှာ လူတွေ ရွှင်လန်းတယ်’ လို့ ကျမ်းစာ ပြောတယ်။ (ဟေရှာ. ၉:၃) (၃) လူတိုင်းကို တပည့်ဖြစ်လာမယ့်သူတွေအဖြစ် ရှုမြင်တဲ့အတွက် တစ်ယောက်စီနဲ့ ကိုက်ညီမယ့် တင်ဆက်နည်းကို သုံးပါလိမ့်မယ်။
၄။ ဒီဆောင်းပါးမှာ တမန်တော် ပေါလုဆီကနေ ဘာသင်ယူရမလဲ။
၄ ရှမာရိတွေ ဘယ်တော့မှ တပည့်ဖြစ်လာမှာ မဟုတ်ဘူးလို့ နောက်လိုက်တွေ တွေးသလို ယေရှု မတွေးဘူး။ သူတို့ကို တပည့်ဖြစ်လာမယ့်သူတွေအဖြစ် ရှုမြင်တယ်။ ကျွန်တော်တို့လည်း ရပ်ကွက်မှာရှိတဲ့ လူတွေကို ခရစ်တော်ရဲ့ တပည့်ဖြစ်လာမယ့်သူတွေအဖြစ် ရှုမြင်ရမယ်။ ဒီကိစ္စမှာ တမန်တော် ပေါလု ပုံသက်သေကောင်း ပြခဲ့တယ်။ ပေါလုဆီကနေ ဘာသင်ယူနိုင်သလဲ။ ပေါလုဟာ (၁) ကိုယ်ဟောပြောမယ့်သူတွေရဲ့ ယုံကြည်ချက်အကြောင်း သိအောင် ဘယ်လို လုပ်သလဲ၊ (၂) သူတို့ စိတ်ဝင်စားရာတွေကို သိအောင် ဘယ်လို လုပ်သလဲ၊ (၃) လူတွေကို ယေရှုရဲ့ တပည့်ဖြစ်လာမယ့်သူတွေအဖြစ် ရှုမြင်ကြောင်း ဘယ်လို ပြသလဲ ဆိုတာ ဒီဆောင်းပါးမှာ လေ့လာပါမယ်။
သူတို့ ဘာကို ယုံကြည်သလဲ
၅။ တရားဇရပ်မှာ နားထောင်သူတွေအကြောင်း ပေါလု ဘာကြောင့် နားလည်နိုင်သလဲ။
၅ ဂျူးတရားဇရပ်တွေမှာ ပေါလု ဟောပြောလေ့ရှိတယ်။ ဥပမာ၊ သက်သာလောနိတ်မြို့ တရားဇရပ်မှာ “ဥပုသ်နေ့ သုံးနေ့တိုင်တိုင် ကျမ်းစာသုံးပြီး သူတို့ (ဂျူးတွေ) နဲ့ ကျိုးကြောင်းဆင်ခြင်တယ်။” (တ. ၁၇:၁၊ ၂) ပေါလုဟာ ဂျူးလူမျိုးအဖြစ် ကြီးပြင်းလာတဲ့အတွက် တရားဇရပ်မှာ ဟောဖို့ ခက်မှာ မဟုတ်ဘူး။ (တ. ၂၆:၄၊ ၅) ဂျူးတွေအကြောင်း နားလည်တဲ့အတွက် ယုံကြည်စိတ်ချမှု အပြည့်နဲ့ ဟောနိုင်တယ်။—ဖိ. ၃:၄၊ ၅။
၆။ အေသင်မြို့ ဈေးက လူတွေနဲ့ တရားဇရပ်က ဂျူးတွေ ဘာကွာသလဲ။
၆ ညှဉ်းပန်းနှိပ်စက်သူတွေကြောင့် သက်သာလောနိတ်မြို့၊ ဗေရိမြို့၊ အေသင်မြို့တွေဆီ ထွက်ပြေးခဲ့ရတယ်။ အေသင်မြို့ကို ရောက်တော့ ‘တရားဇရပ်မှာရှိတဲ့ ဂျူးတွေ၊ ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေနဲ့ ကျိုးကြောင်းဆင်ခြင်တယ်။’ (တ. ၁၇:၁၇) ဒါပေမဲ့ ဈေးမှာတော့ နားထောင်သူတွေ ပြောင်းသွားပြီ။ အတွေးအခေါ်သမားတွေ၊ လူမျိုးခြားတွေ ဖြစ်နေလို့ ပေါလု ပြောတာတွေကို မကြားဖူးကြဘူး။ ဒါကြောင့် “အဲဒီအကြောင်းတွေက ကျုပ်တို့အတွက် အသစ်အဆန်း ဖြစ်နေတယ်” လို့ ပြောကြတယ်။—တ. ၁၇:၁၈-၂၀။
၇။ တမန်တော် ၁၇:၂၂၊ ၂၃ အရ ချဉ်းကပ်နည်းကို ပေါလု ဘယ်လို ပြောင်းလဲခဲ့သလဲ။
၇ တမန်တော် ၁၇:၂၂၊ ၂၃ ကိုဖတ်ပါ။ အေသင်မြို့က လူမျိုးခြားတွေကို ပေါလု ဟောတဲ့ပုံနဲ့ တရားဇရပ်က ဂျူးတွေကို ဟောတဲ့ပုံ မတူဘူး။ ‘ဒီအေသင်မြို့သားတွေ ဘာယုံကြည်ကြသလဲ’ ဆိုတာ ပေါလု စဉ်းစားခဲ့မှာပဲ။ ပတ်ဝန်းကျင်ကို အသေအချာ အကဲခတ်ပြီး ဘာသာရေး ထုံးစံတွေကို သတိပြုတယ်။ ပြီးနောက် သူတို့ လက်ခံထားတဲ့ အချက်ကို အခြေခံပြီး ကျမ်းစာ အမှန်တရားကို တင်ဆက်တယ်။ “ဂျူးနဲ့ ခရစ်ယာန်တွေရဲ့ ‘စစ်မှန်တဲ့’ ဘုရားကို ဂရိတွေ မကိုးကွယ်မှန်း ဂျူးခရစ်ယာန်တစ်ယောက်အနေနဲ့ ပေါလု နားလည်တယ်။ ဒါပေမဲ့ သူပြောမယ့် ဘုရားဟာ အေသင်မြို့သားတွေနဲ့ မစိမ်းဘူး ဆိုတာ သိစေချင်တယ်” လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။ ဒါကြောင့် သူ့ရဲ့ ချဉ်းကပ်နည်းကို ပြောင်းလဲခဲ့တယ်။ မိမိရဲ့ သတင်းဟာ အေသင်မြို့သားတွေ “မသိဘဲ ကိုးကွယ်နေတဲ့ ဘုရားသခင်” ဆီက ဖြစ်တယ်ဆိုပြီး ပြောတယ်။ ကျမ်းစာအကြောင်း လူမျိုးခြားတွေ မသိပေမဲ့ ပေါလု လက်မလျှော့ဘူး။ ရိတ်သိမ်းဖို့ မှည့်ဝင်းနေတဲ့ ကောက်နှံတွေအဖြစ် ရှုမြင်ပြီး တင်ဆက်နည်းကို ပြုပြင်ပြောင်းလဲခဲ့တယ်။
၈။ (က) ရပ်ကွက်မှာရှိတဲ့ လူတွေရဲ့ ဘာသာရေး ယုံကြည်ချက်ကို ဘယ်လို သိနိုင်မလဲ။ (ခ) ကိုယ်ပိုင် ဘာသာ ရှိတယ်လို့ ပြောလာရင် သင် ဘယ်လို တုံ့ပြန်မလဲ။
၈ ပေါလုလို မျက်စိရှင်ပါ။ ရပ်ကွက်မှာရှိတဲ့ လူတွေ ဘာကို ယုံကြည်သလဲ ဆိုတာ ဖော်ပြတဲ့ အမှတ်အသားတွေကို ရှာပါ။ အိမ် ဒါမှမဟုတ် ကားကို ဘယ်လို အလှဆင်ထားသလဲ။ နာမည်၊ လိပ်စာ၊ အဝတ်အစား၊ စကားအသုံးအနှုန်းက ဘယ်ဘာသာဝင် ဖြစ်ကြောင်း ဖော်ပြနေသလဲ။ ကိုယ်ပိုင် ဘာသာ ရှိတယ်လို့ တိုက်ရိုက်ပြောတာလည်း ဖြစ်နိုင်တယ်။ အထူးရှေ့ဆောင် ညီအစ်မတစ်ယောက် အဲဒီလို ကြုံရတဲ့အခါ “ဘာသာဆွယ်ဖို့ လာတာ မဟုတ်ပါဘူး။ ဒီအကြောင်းလေး ပြောပြချင်လို့ပါ” ဆိုပြီး ပြန်ပြောတယ်။
၉။ ဘာသာတရား ကိုင်းရှိုင်းသူနဲ့ ဘာအကြောင်းတွေ ဆွေးနွေးနိုင်သလဲ။
၉ ဘာသာတရား ကိုင်းရှိုင်းသူနဲ့ ဘာအကြောင်းတွေ ဆွေးနွေးနိုင်သလဲ။ နှစ်ဦးနှစ်ဖက် သဘောတူနိုင်မယ့် အကြောင်းကို ရှာပါ။ သူဟာ ဘုရားတစ်ဆူတည်းကို ကိုးကွယ်တာ၊ ယေရှုကို ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုတာ၊ ဆိုးသွမ်းမှုတွေ အဆုံးတိုင်ခါနီးချိန်မှာ အသက်ရှင်နေရမှန်း ယုံကြည်တာ ဖြစ်နိုင်တယ်။ နှစ်ဦးနှစ်ဖက် ယုံကြည်တဲ့အချက်ပေါ် အခြေခံပြီး ကျမ်းစာသတင်းစကားကို သူစိတ်ဝင်စားလာအောင် တင်ဆက်နိုင်တယ်။
၁၀။ ဘာလုပ်ဖို့ ကြိုးစားသင့်သလဲ။ ဘာကြောင့်လဲ။
၁၀ လူတွေဟာ ကိုယ့်ဘာသာရေးက သွန်သင်ပေးသမျှကို လက်ခံချင်မှ လက်ခံကြတာ။ ဒါကြောင့် ဘယ်ဘာသာဝင် ဖြစ်တယ်ဆိုတာ သိပြီးနောက် သူတို့ ဘာကို တကယ်ယုံကြည်တယ်ဆိုတာ သိအောင် လုပ်ပါ။ “ဒီနေ့ခေတ်မှာ လူတွေက ဘာသာရေးနဲ့ အတွေးအခေါ်တွေ ရောထွေးကုန်ကြပြီ” လို့ ဩစတြေးလျက အထူးရှေ့ဆောင် ဒေးဗစ် ပြောတယ်။ အယ်ဘေးနီးယားက ညီအစ်မ ဒိုနယ်တာကလည်း “လူတချို့က ဘာသာရှိတယ်လို့ ဆိုပေမဲ့ ဘုရားကို တကယ် မယုံမှန်း နောက်ပိုင်းမှာ ဝန်ခံကြတယ်” လို့ ပြောတယ်။ အာဂျင်တီးနားက သာသနာပြု ညီအစ်ကို တစ်ယောက်လည်း သုံးပါးပေါင်းတစ်ဆူကို လူတချို့ ယုံပေမဲ့ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်ကို ဘုရားတစ်ပါးအဖြစ် လက်ခံတာ မဟုတ်မှန်း သိရှိခဲ့တယ်။ ၁ ကော. ၉:၁၉-၂၃။
“အဲဒီလို သိလိုက်ရလို့ သူတို့နဲ့ စကားပြောဖို့ ပိုလွယ်ကူလာတယ်” လို့ ပြောတယ်။ ဒါကြောင့် လူတွေ ဘာကို တကယ်ယုံမှန်း သိအောင် လုပ်ပါ။ ဒါဆိုရင် ပေါလုလိုပဲ ‘လူအမျိုးမျိုးကို ကူညီပေးဖို့ လုပ်နိုင်တာမှန်သမျှ လုပ်’ ပါလိမ့်မယ်။—သူတို့ ဘာကို စိတ်ဝင်စားသလဲ
၁၁။ တမန်တော် ၁၄:၁၄-၁၇ အရ ပေါလုဟာ လုတ္တရမြို့သားတွေ လက်ခံနိုင်မယ့်နည်းနဲ့ ဘယ်လို ဟောပြောသလဲ။
၁၁ တမန်တော် ၁၄:၁၄-၁၇ ကိုဖတ်ပါ။ ပေါလုဟာ နားထောင်သူတွေ ဘာကို စိတ်ဝင်စားမှန်း သိလာတဲ့အတွက် တင်ဆက်နည်းကို ပြောင်းလဲခဲ့တယ်။ ဥပမာ၊ ပေါလုဟောတဲ့ လုတ္တရမြို့သားတွေဟာ ကျမ်းစာအကြောင်း မသိကြဘူး။ ဒါကြောင့် သူတို့ နားလည်နိုင်မယ့်နည်းနဲ့ ကျိုးကြောင်းဆင်ခြင်တယ်။ သီးနှံဖြစ်ထွန်းတဲ့အကြောင်း၊ ဘဝကို ပျော်မွေ့နိုင်စွမ်းအကြောင်း ပြောတယ်။ နားထောင်သူတွေ နားလည်လွယ်မယ့် စကားလုံးတွေ၊ ဥပမာတွေ သုံးတယ်။
၁၂။ လူတစ်ယောက်ရဲ့ စိတ်ဝင်စားရာကို ဘယ်လို သိနိုင်သလဲ။ တင်ဆက်နည်းကို ဘယ်လို ပြောင်းလဲနိုင်သလဲ။
၁၂ ရပ်ကွက်မှာရှိတဲ့ လူတွေရဲ့ စိတ်ဝင်စားရာကို ပိုင်းခြားသိမြင်ပါ။ တင်ဆက်နည်းကို ပြုပြင်ပြောင်းလဲပါ။ လူတစ်ယောက်နဲ့ တွေ့တဲ့အခါ၊ အိမ်တစ်အိမ် ဝင်တဲ့အခါ သူဘာစိတ်ဝင်စားမှန်း ဘယ်လို သိနိုင်သလဲ။ မျက်စိရှင်ရှင် ထားပါ။ အပင်စိုက်နေတာ၊ စာဖတ်နေတာ၊ စက်ပြင်နေတာ၊ တစ်ခုခု လုပ်နေတာ ဖြစ်နိုင်တယ်။ သူလုပ်နေတဲ့ အကြောင်းအရာကို အခြေခံပြီး စကားစပြောနိုင်တယ်။ (ယော. ၄:၇) သူဝတ်ထားတဲ့ အဝတ်အစားကို ကြည့်ပြီး လူမျိုး၊ အလုပ်အကိုင်၊ အကြိုက်ဆုံး အားကစားအသင်း စတာတွေကို သိနိုင်တယ်။ “နာမည်ကြီး အဆိုတော်ပုံပါတဲ့ တီရှပ် ဝတ်ထားတဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ကို တွေ့တော့ သူဝတ်ထားတဲ့ တီရှပ်အကြောင်းကနေ စကားစလိုက်တယ်။ အဲဒီအဆိုတော်ကို ဘာလို့ ကြိုက်မှန်း သူပြောပြတယ်။ အဲဒီကနေ ကျမ်းစာလေ့လာမှု စတင်နိုင်ခဲ့ပြီး အခုဆိုရင် ညီအစ်ကို ဖြစ်နေပြီ” လို့ ညီအစ်ကို ဂူစတာဘို ပြောပြတယ်။
၁၃။ လက်ခံချင်စရာ ဖြစ်စေတဲ့နည်းနဲ့ ကျမ်းစာသင်အံမှု ဘယ်လို ကမ်းလှမ်းနိုင်မလဲ။
၁၃ ကျမ်းစာလေ့လာဖို့ တစ်ယောက်ယောက်ကို ကမ်းလှမ်းတဲ့အခါ လေ့လာမှုကနေ သူ ဘာအကျိုးရနိုင်သလဲဆိုတာ ပြောပြပါ။ (ယော. ၄:၁၃-၁၅) ဥပမာ၊ စိတ်ဝင်စားသူ အမျိုးသမီးက ညီအစ်မ ပေါ်ပီကို အိမ်ထဲ ဖိတ်တယ်။ အဲဒီအမျိုးသမီးဟာ ပညာရေး ပါမောက္ခဖြစ်မှန်း နံရံမှာ ချိတ်ထားတဲ့ ဘွဲ့လက်မှတ်ကို ကြည့်ပြီး သိလိုက်တယ်။ ဒါနဲ့ သက်သေခံတွေလည်း ကျမ်းစာလေ့လာမှု အစီအစဉ်နဲ့ အစည်းအဝေးတွေအားဖြင့် လူတွေကို ပညာပေးနေကြောင်း ပြောပြလိုက်တယ်။ အဲဒီအမျိုးသမီး ကျမ်းစာလေ့လာမှုကို လက်ခံပြီး နောက်နေ့မှာ အစည်းအဝေး လိုက်တက်တယ်။ မကြာခင် တိုက်နယ်အစည်းအဝေး လိုက်တက်တယ်။ တစ်နှစ်ကြာပြီးနောက် နှစ်ခြင်းခံတယ်။ ဒါကြောင့် ‘ငါ့ပြန်လည်ပတ်မှုတွေ ဘာကို စိတ်ဝင်စားသလဲ။ ကျမ်းစာလေ့လာမှု အစီအစဉ်အကြောင်း လက်ခံချင်စရာ ဖြစ်စေတဲ့နည်းနဲ့ ဘယ်လို ပြောမလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။
၁၄။ သင်သားတစ်ယောက်စီရဲ့ လိုအပ်ချက်နဲ့အညီ သင်အံမှုကို ဘယ်လို အလိုက်သင့် ပြောင်းလဲနိုင်သလဲ။
၁၄ ကျမ်းစာ စသင်ပြီးနောက် သင်သားရဲ့ နောက်ခံ၊ စိတ်ဝင်စားရာကို ထည့်စဉ်းစားပြီး သင်အံမှု တစ်ခုစီအတွက် သပ်သပ်စီ ကြိုတင်ပြင်ဆင်ပါ။ ပြင်ဆင်တဲ့အခါ ဘယ်ကျမ်းချက်တွေ ဖတ်မယ်၊ ဘယ်ဗီဒီယို ပြမယ်၊ ကျမ်းစာ အမှန်တရားကို ရှင်းပြဖို့ ဘယ်ဥပမာ သုံးမယ်ဆိုတာ ကြိုဆုံးဖြတ်ထားပါ။ ‘ဘယ်အချက်က ဒီသင်သားရဲ့ စိတ်နှလုံးကို ထိမိမလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ပညာ. ၁၆:၂၃) အယ်ဘေးနီးယားက ရှေ့ဆောင်ညီအစ်မ ဖလော်ရာနဲ့ ကျမ်းစာ လေ့လာနေတဲ့ အမျိုးသမီးက “ရှင်ပြန်ထမြောက်ခြင်း သွန်သင်ချက်ကို လက်မခံနိုင်ဘူး” လို့ အပြတ်ပြောတဲ့အခါ လက်ခံဖို့ ဖလော်ရာ အတင်း ဖိအားမပေးဘူး။ “ရှင်ပြန်ထမြောက်ပေးမယ်လို့ ကတိပေးထားတဲ့ ဘုရားအကြောင်း သူ အရင် သိဖို့ လိုတယ်” ဆိုပြီး ဖလော်ရာ ပြောတယ်။ အဲဒီအချိန်ကစပြီး လေ့လာမှုတိုင်းမှာ ယေဟောဝါရဲ့ မေတ္တာ၊ ဉာဏ်ပညာ၊ တန်ခိုးအကြောင်း အလေးပေးပြောတယ်။ နောက်ပိုင်း ထမြောက်ခြင်းကို အဲဒီအမျိုးသမီး ယုံကြည်လာတယ်။ အခု ထက်သန်တဲ့ သက်သေခံ ဖြစ်နေပြီ။
တပည့်ဖြစ်လာမယ့်သူတွေအဖြစ် ရှုမြင်ပါ
၁၅။ တမန်တော် ၁၇:၁၆-၁၈ အရ အေသင်မြို့သားတွေရဲ့ ဘယ်အကျင့်တွေက ပေါလုကို စိတ်အနှောင့်အယှက် ဖြစ်စေသလဲ။ သူတို့ကို ပေါလု ဘာကြောင့် ဆက်ဟောခဲ့သလဲ။
၁၅ တမန်တော် ၁၇:၁၆-၁၈ ကိုဖတ်ပါ။ အေသင်မြို့မှာ ရုပ်တုကိုးကွယ်မှု၊ လိင်အကျင့် ယိုယွင်းမှု၊ အယူမှား အတွေးအခေါ်တွေ ပြည့်နေပေမဲ့ အေသင်မြို့သားတွေကို ပေါလု လက်မလျှော့ဘူး။ သူတို့ရဲ့ စော်ကားပြောဆိုမှုကြောင့် စိတ်ဓာတ်မကျဘူး။ ပေါလု ကိုယ်တိုင်လည်း “ဘုရားကို စော်ကားပြောဆိုသူ၊ ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းသူ ဖြစ်ခဲ့တာတောင်” ခရစ်ယာန် ဖြစ်လာခဲ့လို့ပဲ။ (၁ တိ. ၁:၁၃) ပေါလုကို ယေရှု မြင်သလို အေသင်မြို့သားတွေကိုလည်း တပည့်ဖြစ်လာမယ့်သူတွေအဖြစ် ပေါလု ရှုမြင်တယ်။ ပေါလုရဲ့ ရှုမြင်ချက် မမှားခဲ့ပါဘူး။—တ. ၉:၁၃-၁၅။ ၁၇:၃၄။
၁၆-၁၇။ နောက်ခံအမျိုးမျိုးက လူတွေ ခရစ်တော်ရဲ့ တပည့်ဖြစ်လာနိုင်မှန်း ဘာက ဖော်ပြသလဲ။ ဥပမာပေးပါ။
၁၆ ပထမရာစုမှာ နောက်ခံအမျိုးမျိုး ရှိတဲ့လူတွေ ယေရှုရဲ့ တပည့် ဖြစ်လာကြတယ်။ ဂရိမြို့တစ်မြို့ဖြစ်တဲ့ ကောရိန္သုမြို့က ခရစ်ယာန်တွေဆီ ပေါလု စာရေးတဲ့အခါ အသင်းတော်သားတချို့ဟာ တစ်ချိန်က ရာဇဝတ်သားတွေ၊ အကျင့်ပျက်သူတွေ ဖြစ်ခဲ့တယ်လို့ ပြောတယ်။ အဲဒီနောက် “ခင်ဗျားတို့ထဲက တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြတယ်။ အခုတော့ ဘုရားသခင်က ခင်ဗျားတို့ကို ဆေးကြောသန့်စင်ပေးလိုက်ပြီ” လို့ ဆက်ပြောတယ်။ (၁ ကော. ၆:၉-၁၁) သင်ဆိုရင်ကော အဲဒီလိုလူတွေကို တပည့်ဖြစ်လာမယ့်သူတွေအဖြစ် ရှုမြင်မလား။
၁၇ ဒီနေ့ လူများစွာဟာ ယေရှုရဲ့ တပည့် ဖြစ်လာဖို့၊ အပြောင်းအလဲတွေ လုပ်ဖို့ လိုလိုလားလား ရှိကြတယ်။ ဥပမာ၊ ကျမ်းစာသတင်းစကားကို နောက်ခံအမျိုးမျိုးက လူတွေ လက်ခံမှန်း ဩစတြေးလျက အထူးရှေ့ဆောင် ညီအစ်မ ယူကီနာ သတိပြုမိတယ်။ တစ်ခါက အင်္ကျီပွပွဝတ်ထားပြီး တက်တူးတွေ ထိုးထားတဲ့ အမျိုးသမီးငယ်တစ်ယောက်ကို အကျိုးဆောင်လုပ်ငန်း ရုံးခန်းတစ်ခုမှာ တွေ့တယ်။ *
“ခဏလောက် တွေဝေမိပေမဲ့ စကားစပြောလိုက်တယ်။ သူထိုးထားတဲ့ တက်တူးတချို့က ဆာလံကျမ်းထဲက စာသားတွေ ဖြစ်နေလို့ ကျမ်းစာကို စိတ်ဝင်စားသူ ဖြစ်မှန်း သိလိုက်ရတယ်။ မကြာခင် အဲဒီအမျိုးသမီး ကျမ်းစာ စလေ့လာပြီး အစည်းအဝေးတွေ လိုက်တက်တယ်” လို့ ယူကီနာ ပြောတယ်။၁၈။ လူတွေကို ကြိုတင် အကဲဖြတ်တာမျိုး ဘာကြောင့် မလုပ်သင့်သလဲ။
၁၈ ရိတ်စရာ စပါးတွေ မှည့်ဝင်းနေပြီလို့ ယေရှု ပြောတာက လူများစွာ မိမိနောက်ကို လိုက်မယ်ဆိုပြီး မျှော်လင့်လို့လား။ မဟုတ်ပါဘူး။ လူနည်းနည်းပဲ ယေရှုကို ယုံကြည်မယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။ (ယော. ၁၂:၃၇၊ ၃၈) ဒါ့အပြင် ယေရှုဟာ လူတွေရဲ့ စိတ်နှလုံးကို သိမြင်နိုင်စွမ်း ရှိတယ်။ (မ. ၉:၄) ဒါတောင် ယုံကြည်သူဖြစ်လာမယ့် လူအနည်းငယ်ကို အာရုံစိုက်ရင်း တစ်ချိန်တည်းမှာ ယောက်တိုင်းကို ထက်သန်စွာ ဟောပြောတယ်။ ကျွန်တော်တို့ကတော့ လူတွေရဲ့ စိတ်နှလုံးကို သိမြင်နိုင်စွမ်း မရှိဘူး။ ဒါကြောင့် ရပ်ကွက်နဲ့ လူတွေကို ကြိုတင် အကဲမဖြတ်သင့်ဘူး။ လူတွေကို တပည့်ဖြစ်လာနိုင်သူတွေအဖြစ် ရှုမြင်ရမယ်။ ဘာကီနာဖာဆိုနိုင်ငံက သာသနာပြု မာ့ခ် ဒီလိုပြောတယ်– “တိုးတက်လာမယ်လို့ ကျွန်တော် ထင်ထားသူတွေက လေ့လာမှုကို ရပ်လိုက်ပြီး သိပ်တိုးတက်မှာ မဟုတ်ဘူးလို့ ထင်ထားသူတွေက ပိုတိုးတက်လာတာမျိုး ရှိတယ်။ ဒါကြောင့် ယေဟောဝါရဲ့ စွမ်းအားတော်ကို ဦးဆောင်ခွင့်ပြုတာက ပိုကောင်းမှန်း သိလိုက်ရတယ်။”
၁၉။ ရပ်ကွက်မှာရှိတဲ့ လူတွေကို ဘယ်လို ရှုမြင်သင့်သလဲ။
၁၉ ဒီရပ်ကွက်မှာတော့ ရိတ်သိမ်းဖို့ မှည့်ဝင်းနေတဲ့ ကောက်နှံနဲ့တူတဲ့ လူတွေ သိပ်မရှိဘူးလို့ သင် တွေးမိနိုင်တယ်။ ဒါပေမဲ့ လယ်ကွင်းမှာ ရိတ်စရာ စပါးတွေ မှည့်ဝင်းနေပြီလို့ တပည့်တွေကို ယေရှု ပြောခဲ့ကြောင်း သတိရပါ။ လူတွေ ပြောင်းလဲပြီး ခရစ်တော်ရဲ့ တပည့် ဖြစ်လာနိုင်တယ်။ သူတို့ကို တပည့်ဖြစ်လာနိုင်သူတွေ၊ “တန်ဖိုးရှိတဲ့အရာတွေ” အဖြစ် ယေဟောဝါ ရှုမြင်တယ်။ (ဟဂ္ဂဲ ၂:၇) ယေဟောဝါနဲ့ ယေရှုရဲ့ အမြင်မျိုး ကျွန်တော်တို့မှာ ရှိမယ်ဆိုရင် လူတွေရဲ့ နောက်ခံ၊ စိတ်ဝင်စားရာတွေကို သိအောင် လုပ်ပါလိမ့်မယ်။ သူတို့ကို သူစိမ်းတွေအဖြစ် မဟုတ်ဘဲ ညီအစ်ကို/မ ဖြစ်လာနိုင်သူတွေအဖြစ် ရှုမြင်ပါလိမ့်မယ်။
သီချင်း ၅၇ လူအမျိုးမျိုးကို ဟောပြောခြင်း
^ အပိုဒ်၊ 5 ရပ်ကွက်မှာရှိတဲ့ လူတွေအပေါ် ကျွန်တော်တို့ရဲ့ သဘောထားက ဟောပြောသွန်သင်ပုံအပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။ နားထောင်သူတွေကို ယေရှုနဲ့ တမန်တော် ပေါလု ဘယ်လို ရှုမြင်ကြောင်း၊ ကျွန်တော်တို့လည်း လူတွေရဲ့ ယုံကြည်ချက်၊ စိတ်ဝင်စားရာတွေကို ထည့်စဉ်းစားခြင်း၊ တပည့်ဖြစ်လာနိုင်သူတွေအဖြစ် ရှုမြင်ခြင်းအားဖြင့် ယေရှုနဲ့ တမန်တော် ပေါလုကို ဘယ်လို တုပနိုင်ကြောင်း ဒီဆောင်းပါးမှာ သုံးသပ်ပါမယ်။
^ အပိုဒ်၊ 17 နောက်ထပ် တွေ့ကြုံမှုတွေကို “ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး” ဆောင်းပါးတွဲတွေမှာ တွေ့နိုင်တယ်။ အဲဒီဆောင်းပါးတွဲတွေကို ၂၀၁၇ အထိ ကင်းမျှော်စင် မှာ၊ နောက်ပိုင်း jw.org® မှာ ဖော်ပြထားတယ်။ ကျွန်တော်တို့အကြောင်း > တွေ့ကြုံမှုများ မှာကြည့်ပါ။
^ အပိုဒ်၊ 57 ပုံအညွှန်း– မောင်နှံတစ်စုံ တစ်အိမ်တက်ဆင်း ဟောပြောနေ။ (၁) ပန်းတွေနဲ့ အလှဆင်ထားတဲ့ အိမ်၊ (၂) ကလေးငယ်ရှိတဲ့ အိမ်၊ (၃) အတွင်း၊ အပြင် ရှုပ်ပွနေတဲ့ အိမ်၊ (၄) ဘာသာတရား ကိုင်းရှိုင်းတဲ့ အိမ်တွေကို သတိထားမိ။ ဘယ်အိမ်ရှင်ဟာ တပည့်ဖြစ်ဖို့ အလားအလာ အရှိဆုံးလို့ သင် ရှုမြင်သလဲ။