မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှု မသေဆုံးခင်​လေးမှာ ဆာလံ ၂၂:၁ မှာ ပါ​တဲ့ ဒါဝိဒ်ရဲ့ စကား​တွေ​ကို ဘာကြောင့် ပြော​ခဲ့​သလဲ။

“ကျွန်တော့်​ဘုရား၊ ကျွန်တော့်​ဘုရား၊ ကျွန်တော့်​ကို ဘာလို့ စွန့်ပစ်​တာလဲ” ဆို​တဲ့ မဿဲ ၂၇:၄၆ ပါ စကား​တွေ​ကို ယေရှု မသေဆုံးခင်​လေးမှာ ပြော​ခဲ့တယ်။ ဒါက ဆာလံ ၂၂:၁ မှာ ပါတဲ့ ဆာလံဆရာ ဒါဝိဒ်ရဲ့ စကား​တွေ​ကို ပြည့်စုံ​စေ​တာ ဖြစ်တယ်။ (မာ. ၁၅:၃၄) ယေဟောဝါ​ကို ယေရှု မကျေမနပ် ဖြစ်​လို့၊ ယုံကြည်ခြင်း ခဏ​တစ်ဖြုတ် ပျောက်ဆုံး​သွား​လို့ အဲဒီလို ပြော​တာ မဟုတ်ပါဘူး။ အသေခံဖို့ လိုအပ်​ရတဲ့ အကြောင်းရင်းကို ယေရှု အပြည့်အဝ နားလည်​ပြီး အသေခံဖို့ လိုလိုလားလား ရှိတယ်။ (မ. ၁၆:၂၁။ ၂၀:၂၈) မိမိ သေဆုံး​ချိန်မှာ “ကာကွယ်​ပေး​ထား” သမျှ​ကို ယေဟောဝါ ရုပ်သိမ်းမယ်​ဆိုတာ​လည်း သိတယ်။ (ယောဘ ၁:၁၀) ဒါမှလည်း ဘယ်လို​ပုံစံ​နဲ့​ပဲ သေဆုံး​ရ​ပါစေ ဆက်​သစ္စာရှိ​နေမယ်​ဆိုတာ သက်သေပြ​နိုင်​မယ်။—မာ. ၁၄:၃၅၊ ၃၆

ဒါဆိုရင် အဲဒီ​ဆာလံ​စကား​တွေ​ကို ယေရှု ဘာကြောင့် ပြော​ခဲ့​သလဲ။ အတိအကျ မသိ​ရပေမဲ့ ဖြစ်​နိုင်​ဖွယ် အကြောင်းရင်း​တချို့​ကို သုံးသပ်ကြည့်​ကြ​စို့။ *

မိမိ သေဆုံး​ချိန်မှာ ယေဟောဝါ ကြားဝင်​ကူညီပေး​မှာ မဟုတ်​ကြောင်း အလေးပေး​ချင်​လို့ ဒီ​စကား​တွေ ယေရှု ပြော​ခဲ့​တာ​လား။ ယေရှုဟာ ယေဟောဝါ​ရဲ့ အကူအညီ မပါဘဲ ရွေးဖိုး ပေးဖို့ လိုတယ်။ လူသား​စစ်စစ် တစ်ယောက်​အဖြစ် “လူအားလုံး​အတွက် အသေခံ” ဖို့ လိုတယ်။—ဟီ. ၂:၉

ဆာလံ အခန်းကြီး တစ်ခုလုံး​ကို သတိရ​စေ​ချင်​လို့ အဲဒီ​ဆာလံကျမ်း​ထဲ​က စာသား​တချို့​ကို ယေရှု ပြော​ခဲ့​တာလား။ ယေရှု​ခေတ်​တုန်း​က ဂျူး​တွေ​ဟာ ဆာလံကျမ်း အများစုကို အလွတ်​ကျက်မှတ်​လေ့​ရှိတယ်။ အခန်းငယ်​ တစ်ခုလောက် ကြားလိုက်တာနဲ့ အခန်းကြီး တစ်ခုလုံး​ကို အလိုလို စဉ်းစားမိ​နိုင်တယ်။ အဲဒီလို စဉ်းစားမိ​စေ​ချင်​တဲ့ ရည်ရွယ်ချက်​နဲ့​သာ ယေရှု ပြော​ခဲ့​တာ​ဆိုရင် ဂျူး​နောက်လိုက်​တွေ​ဟာ ယေရှု မသေဆုံးခင် အဖြစ်အပျက်​တွေ​နဲ့​ပတ်သက်​တဲ့ အဲဒီ​ဆာလံကျမ်း​ပါ ပရောဖက်ပြုချက် များစွာ​ကို သတိရ​သွားပါလိမ့်မယ်။ (ဆာ. ၂၂:၇၊ ၈၊ ၁၅၊ ၁၆၊ ၁၈၊ ၂၄) ဒါ့အပြင် အဲဒီ​ဆာလံကျမ်း အဆုံးပိုင်း​မှာ ယေဟောဝါ​ကို ချီးမွမ်း​ထားပြီး မြေ​တစ်ခွင်လုံး​ရဲ့ ရှင်ဘုရင်​အဖြစ် ဖော်ပြ​ထား​တယ်။—ဆာ. ၂၂:၂၇-၃၁

မိမိ အပြစ်ကင်း​ကြောင်း ပေါ်လွင်​စေ​ချင်​လို့ ဒါဝိဒ်ရဲ့ စကား​တွေ​ကို ယေရှု ကိုးကား​ခဲ့​တာ​လား။ ယေရှု အသတ်​မခံရ​ခင်​မှာ ဂျူး​တရားရုံး​ချုပ်​က ယေရှုကို တရား​မဝင် အမှု​စစ်​ပြီး ဘုရား​ကို စော်ကား​ပြောဆိုသူ​အဖြစ် စီရင်​ခဲ့တယ်။ (မ. ၂၆:၆၅၊ ၆၆) ပုံမှန် တရားရေး လုပ်ထုံး​လုပ်နည်း​တွေ​အတိုင်း မဟုတ်ဘဲ ယေရှုရဲ့ အမှုကို ညကြီး​မိုးချုပ်​မှာ အလောတကြီး စစ်ဆေး​ခဲ့တယ်။ (မ. ၂၆:၅၉။ မာ. ၁၄:၅၆-၅၉) ဒါဝိဒ်ရဲ့ စကား​တွေ​ကို ယေရှု ကိုးကား​တာ​ဟာ သေဒဏ်​ခံထိုက်​တဲ့ ပြစ်မှု တစ်ခု​မှ မိမိ မကျူးလွန်​ထား​ကြောင်း ပေါ်လွင်​စေ​ချင်​လို့ ဖြစ်​နိုင်တယ်။

ဒီ​ဆာလံကျမ်း​ကို ရေးသားတဲ့ ဒါဝိဒ် ဒုက္ခတွေ ကြုံ​ခဲ့​ရတာဟာ ယေဟောဝါ​ရဲ့ မျက်နှာသာ ဆုံးရှုံး​သွားတဲ့ သဘော မဟုတ်​ကြောင်း တခြား​သူတွေကို အမှတ်ရ​စေ​ချင်​လို့ ယေရှု ကိုးကား​ခဲ့​တာ​လား။ ဒါဝိဒ် အဲဒီလို မေး​တာ​ဟာ ဘုရား​ကို မယုံကြည်​တော့​လို့ မဟုတ်ဘူး။ အဲဒီလို မေးပြီး​နောက် ယေဟောဝါ​ရဲ့ ကယ်တင်​နိုင်စွမ်း​ကို ယုံကြည်​စိတ်ချကြောင်း ဒါဝိဒ် ထုတ်ပြော​တယ်။ ယေဟောဝါ​က​လည်း ဒါဝိဒ်​ကို ဆက်​ကောင်းချီး​ပေး​တယ်။ (ဆာ. ၂၂:၂၃၊ ၂၄၊ ၂၇) အဲဒီလိုပဲ “ဒါဝိဒ်ရဲ့ သား” ယေရှု ဒုက္ခ​သစ်တိုင်​မှာ ဝေဒနာ ခံ​ရတာဟာ ယေဟောဝါ​ရဲ့ မျက်နှာသာ မရတော့​တဲ့ သဘော မဟုတ်ဘူး။—မ. ၂၁:၉

မိမိ အပြည့်အဝ သမာဓိ စောင့်ထိန်းနိုင်အောင် အကာအကွယ်​တွေ ယေဟောဝါ ရုပ်သိမ်း​လိုက်တာ​ကို ယေရှု အကြီးအကျယ် ဝမ်းနည်း​တဲ့ သဘောလား။ ယေဟောဝါ​ရဲ့ မူလ ရည်ရွယ်ချက်မှာ သားတော် ဝေဒနာ ခံပြီး သေဆုံး​ဖို့ မပါဘူး။ အာဒံနဲ့ ဧဝ ပုန်ကန်​ပြီး​နောက်​မှ​သာ ဒီလို သေဆုံး​ဖို့ လိုအပ်​လာတာ ဖြစ်တယ်။ ယေရှု ဘာ​အပြစ်​မှ မကျူးလွန်​ပေမဲ့ စာတန် မေးခွန်းထုတ်​ခဲ့​တဲ့ အရေးကိစ္စတွေကို ဖြေရှင်း​ဖို့၊ အာဒံ ဆုံးရှုံး​သွားတဲ့​အရာ​ကို ပြန်​ဝယ်ယူ​နိုင်​တဲ့ ရွေးဖိုး ပေးဖို့ ဝေဒနာ ခံ​ပြီး သေဆုံး​ရမယ်။ (မာ. ၈:၃၁။ ၁ ပေ. ၂:၂၁-၂၄) ဒါတွေ ပြီးမြောက်​နိုင်​ဖို့ ယေရှုရဲ့ ဘဝမှာ ဦးဆုံး​အကြိမ်​အဖြစ် ယေဟောဝါ ခဏ​တစ်ဖြုတ် အကာအကွယ် ရုပ်သိမ်း​ဖို့ လိုတယ်။

ဒီလို​ပုံစံ​နဲ့ သေဆုံး​ဖို့ ယေဟောဝါ ခွင့်ပြုရတဲ့ အကြောင်းရင်းကို နောက်လိုက်​တွေ သဘောပေါက်​အောင် ယေရှု ကူညီပေး​နေတာလား။ * ရာဇဝတ်သား​အဖြစ် ဒုက္ခ​သစ်တိုင်ပေါ် မိမိ ကွပ်မျက်​ခံ​ရတာဟာ လူများစွာ​အတွက် တိုက်မိ​လဲစရာ ဖြစ်​မယ်​ဆိုတာ ယေရှု သိတယ်။ (၁ ကော. ၁:၂၃) ဒါပေမဲ့ နောက်လိုက်​တွေ​ဟာ ယေရှု သေဆုံး​တဲ့ နည်းလမ်းကို မဟုတ်ဘဲ သေဆုံး​ရတဲ့ အကြောင်းရင်းကို အာရုံစိုက်​ရင် တိုက်မိ​လဲ​မှာ မဟုတ်ဘူး။ (ဂလ. ၃:၁၃၊ ၁၄) ယေရှုကို ရာဇဝတ်သား​အဖြစ် မဟုတ်ဘဲ ကယ်တင်ရှင်​အဖြစ် ရှုမြင်ကြ​မှာ ဖြစ်တယ်။

အဲဒီ​စကား​တွေ​ကို ဘာ​အကြောင်းကြောင့်​ပဲ ပြော​ခဲ့​ပါစေ မိမိ ဝေဒနာ ခံ​ရတာဟာ ယေဟောဝါ​ရဲ့ အလိုတော် ဆောင်​နေတာပဲ​ဆိုတာ ယေရှု သိတယ်။ အဲဒီ​ဆာလံ​စကား​တွေ​ကို ကိုးကား​ပြီး သိပ်​မကြာခင်​မှာပဲ “အဖ​ခိုင်းသမျှ ကျွန်တော် လုပ်ပြီးပါပြီ” လို့ ယေရှု ပြော​တယ်။ (ယော. ၁၉:၃၀။ လု. ၂၂:၃၇) အကာအကွယ်​ကို ယေဟောဝါ ခဏ​တစ်ဖြုတ် ရုပ်သိမ်း​ခဲ့​တဲ့​အတွက် မြေကြီးပေါ် လာ​ရတဲ့ ရည်ရွယ်ချက်​အားလုံး​ကို ယေရှု အပြည့်အဝ ပြီးမြောက်​စေနိုင်​ခဲ့တယ်။ “မောရှေရဲ့ ပညတ်​ကျမ်း၊ ပရောဖက်​ကျမ်း​တွေ​နဲ့ ဆာလံကျမ်း​မှာ” ရေးထားသမျှကို​လည်း ပြည့်စုံ​စေနိုင်​ခဲ့တယ်။—လု. ၂၄:၄၄

^ အပိုဒ်၊ 2 ဒီ​စာစောင်​မှာ ပါ​တဲ့ “ယေရှု ပြော​ခဲ့​တဲ့ နောက်ဆုံး​စကား​တွေ​ကနေ သင်ယူပါ” ဆောင်းပါး၊ စာပိုဒ် ၉၊ ၁၀ ကိုလည်း ကြည့်​ပါ။

^ အပိုဒ်၊ 4 ယေရှုဟာ အမှုဆောင်ချိန်​အတွင်း တစ်ခါ​တလေ ကိစ္စရပ်​တစ်ခုခု​နဲ့​ပတ်သက်ပြီး ပြော​တာ၊ မေး​တာ​တွေ​ဟာ တစ်ခုခု​ကို တကယ် ခံစား​နေရ​လို့ မဟုတ်ဘဲ နောက်လိုက်​တွေ​ရဲ့ သဘောထားကို သိချင်​လို့​ ဖြစ်တယ်။ —မာ ၇:၂၄-၂၇။ ယော. ၆:၁-၅၂၀၁၀၊ အောက်တိုဘာ ၁၅၊ ကင်းမျှော်စင် စာ. ၄-၅ ကို ကြည့်​ပါ။