မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၆

ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်နေပါ

ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်နေပါ

“လူသားလည်း . . . လူအများ​အတွက် ရွေးဖိုး​အဖြစ် အသက်​ပေးဖို့ ရောက်လာ​တာ။”—မာ. ၁၀:၄၅

သီချင်း ၁၈ ရွေးနုတ်ဖိုး​အတွက် ကျေးဇူး​တင်​ပါ

အကြို​သုံးသပ်ချက် *

၁-၂။ ရွေးဖိုး​ဆိုတာ ဘာလဲ။ ကျွန်တော်​တို့ ဘာကြောင့် လိုအပ်​သလဲ။

စုံလင်​တဲ့​လူ အာဒံ အပြစ်​လုပ်တဲ့​အခါ ကိုယ်တိုင်​သာမက သားစဉ်​မြေးဆက်​တွေ​ပါ ထာဝစဉ် အသက်ရှင်ဖို့ အခွင့်အရေး ဆုံးရှုံး​သွားတယ်။ အာဒံဟာ စိတ်လို​ကိုယ်လျောက် အပြစ်​လုပ်ခဲ့တာ ဖြစ်​လို့ လုံးဝ ခွင့်လွှတ်​ခံရ​စရာ​အကြောင်း မရှိဘူး။ ဒါပေမဲ့ သားစဉ်​မြေးဆက်​တွေ​ကော။ သူတို့ကတော့ အာဒံရဲ့ အပြစ်နဲ့ ဘာမှ မပတ်သက်​ကြဘူး။ (ရော. ၅:၁၂၊ ၁၄) အာဒံ ရထိုက်တဲ့ သေဒဏ် စီရင်မှု​ကနေ သူတို့ကို ကယ်တင်​နိုင်တာ တစ်ခုခု ရှိ​မလား။ ရှိပါတယ်။ အာဒံ အပြစ်​လုပ်ပြီးနောက် သားစဉ်​မြေးဆက် သန်းပေါင်း​များစွာ​ကို အပြစ်နဲ့ သေခြင်း​အောက်​ကနေ ဘယ်လို ကယ်တင်​မယ်​ဆိုတာ ယေဟောဝါ တဖြည်းဖြည်း ဖော်ပြ​ခဲ့တယ်။ (က. ၃:၁၅) “လူအများ​အတွက် ရွေးဖိုး​အဖြစ် အသက်​ပေးဖို့” အချိန်တန်​တဲ့​အခါ သားတော်ကို ကောင်းကင်​ကနေ ယေဟောဝါ စေလွှတ်ခဲ့​တယ်။—မာ. ၁၀:၄၅။ ယော. ၆:၅၁

ရွေးဖိုး​ဆိုတာ ဘာလဲ။ ခရစ်ယာန် ဂရိ​ကျမ်းစောင်​တွေ​မှာ သုံး​ထား​တဲ့ ရွေးဖိုး​ဆိုတာ အာဒံ ဆုံးရှုံး​သွားတဲ့​အရာ​ကို ပြန်​ရွေးယူ​ဖို့ ယေရှု ပေး​တဲ့ အဖိုးအခ​ကို ဆိုလို​တယ်။ (၁ ကော. ၁၅:၂၂) ကျွန်တော်​တို့ ဘာကြောင့် ရွေးဖိုး လိုအပ်​သလဲ။ အသက်​အတွက် အသက်​ဆိုပြီး ပညတ်တရား​မှာ ယေဟောဝါ ပြဋ္ဌာန်း​ထား​တဲ့ တရား​မျှတမှု စံနှုန်း​နဲ့ ကိုက်ညီ​စေဖို့​ပါ။ (ထွ. ၂၁:၂၃၊ ၂၄) အာဒံဟာ စုံလင်​တဲ့​အသက်ကို ဆုံးရှုံး​ခဲ့တယ်။ ဒါ​ကြောင့် ယေဟောဝါ​ရဲ့ တရား​မျှတမှု စံနှုန်း​နဲ့ ကိုက်ညီ​စေဖို့ စုံလင်​တဲ့​ အသက်ကို ယေရှု ပေးဆက်​ခဲ့တယ်။ (ရော. ၅:၁၇) ဒီလိုနဲ့ ယေရှုဟာ ရွေးဖိုး​ကို ယုံကြည်​သက်ဝင်​သူ​တိုင်း​ရဲ့ “ထာဝရ​ ဖခင်” ဖြစ်လာ​တယ်။—ဟေရှာ. ၉:၆။ ရော. ၃:၂၃၊ ၂၄

၃။ ယောဟန် ၁၄:၃၁ နဲ့ ၁၅:၁၃ အရ စုံလင်​တဲ့ လူ့​အသက်ကို ယေရှု ဘာကြောင့် လိုလိုလားလား ပေးဆက်​ခဲ့​သလဲ။

ယေရှုဟာ ကောင်းကင်ဖခင်​ကို​ကော ကျွန်တော်​တို့ကို​ပါ အလွန်​ချစ်​လို့ လိုလိုလားလား အသက်ပေး​ခဲ့တယ်။ (ယောဟန် ၁၄:၃၁။ ၁၅:၁၃ ကို​ဖတ်ပါ။) အဲဒီ​မေတ္တာ​ကြောင့်​ပဲ အဆုံးအထိ သမာဓိ စောင့်ထိန်း​ဖို့၊ ဖခင်​ရဲ့ အလိုတော်ကို ပြီးမြောက်​အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်​ခဲ့တယ်။ စိတ်ပိုင်းဖြတ်​ထား​တဲ့​အတိုင်း​လည်း သမာဓိ စောင့်ထိန်း​တယ်။ ဒါ​ကြောင့် လူတွေနဲ့​ပတ်သက်​တဲ့၊ ကမ္ဘာ​မြေ​နဲ့​ပတ်သက်​တဲ့ ယေဟောဝါ​ရဲ့ မူလ​ရည်ရွယ်ချက် ပြည့်စုံ​လာပါလိမ့်မယ်။ အကြီးအကျယ် ဝေဒနာ ခံ​ပြီး​မှ သေဆုံး​ဖို့ ယေရှုကို ဘုရား ဘာကြောင့် ခွင့်ပြု​ခဲ့​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ရွေးဖိုး​ကို အလွန် ကျေးဇူး​တင်​လေးမြတ်​တဲ့ ကျမ်း​ရေးသူ​ တစ်ယောက်​အကြောင်းလည်း အတိုချုပ် ဆွေးနွေး​ပါ​မယ်။ ယေဟောဝါ​နဲ့ ယေရှု ပြင်ဆင်​ပေး​တဲ့ ရွေးဖိုး​အတွက် ကျေးဇူး​တင်​တယ်​ဆိုတာ ဘယ်လို ပြ​နိုင်​ကြောင်း၊ ကျေးဇူး​တင်​စိတ် တိုးများ​အောင် ဘယ်လို လုပ်နိုင်​ကြောင်း​လည်း ဆွေးနွေး​ပါ​မယ်။

ယေရှု ဝေဒနာ​ ခံ​ဖို့ ဘုရား ဘာကြောင့် ခွင့်ပြု

ကျွန်တော်​တို့အတွက် ရွေးဖိုး ပေးဖို့ ယေရှု ကြုံ​ရတဲ့ ဒုက္ခ​ဝေဒနာ​တွေ​အကြောင်း စဉ်းစား​ကြည့်​ပါ (စာပိုဒ် ၄ ကိုကြည့်ပါ)

၄။ ယေရှု ဘယ်လို သေဆုံး​ခဲ့​သလဲ။

ယေရှုရဲ့ မြေကြီး​အသက်တာ နောက်ဆုံး​နေ့​အကြောင်း စဉ်းစား​ကြည့်​ပါ။ မိမိကို ကာကွယ်​ဖို့ ကောင်းကင်တမန်​တပ်​တွေ​ကို တောင်းဆို​နိုင်​ပါ​လျက်​နဲ့ ရောမ​စစ်သား​တွေ လက်ထဲ အဖမ်းခံ​ခဲ့တယ်။ သူတို့က ယေရှုကို မညှာ​မတာ ရိုက်နှက်​ကြတယ်။ (မ. ၂၆:၅၂-၅၄။ ယော. ၁၈:၃။ ၁၉:၁) အသားတွေကို စုတ်ပြဲ​သွား​စေ​တဲ့ ကျာပွတ်​ကို ရောမ​စစ်သား​တွေ သုံးတယ်။ နောက်ပိုင်း၊ ဒဏ်ရာ​တွေ​နဲ့ သွေး​အလိမ်းလိမ်း ဖြစ်နေ​တဲ့ ကျော​ပေါ် သစ်တိုင် အလေး​ကြီး တင်​ပေး​ပြီး ထမ်း​သွား​ခိုင်းတယ်။ အသတ်ခံရမယ့် နေရာဆီ ယေရှု ထမ်း​သွား​နေတုန်း အားပြတ်​သွား​လို့ လမ်းမှာ​ တွေ့​တဲ့ လူတစ်ယောက်ကို အတင်း ထမ်း​ခိုင်း​ကြတယ်။ (မ. ၂၇:၃၂) အသတ်ခံရမယ့် နေရာ ရောက်တဲ့အခါ စစ်သား​တွေ​က ယေရှုရဲ့ ခြေလက်​တွေ​ကို သစ်တိုင်​မှာ သံနဲ့ ရိုက်တယ်။ သစ်တိုင်ကို ထောင်​လိုက်တဲ့အခါ ယေရှုရဲ့ ခန္ဓာကိုယ် အလေးချိန်​ကြောင့် သံ​ရိုက်​ထား​တဲ့ ဒဏ်ရာ​တွေ စုတ်ပြဲ​သွားတယ်။ မိခင်​ မာရိနဲ့ မိတ်ဆွေ​တွေ ဝမ်းနည်း​ငိုကြွေး​နေပေမဲ့ ဂျူး​ခေါင်းဆောင်​တွေ​က​တော့ ယေရှုကို လှောင်ပြောင်​ကြတယ်။ (လု. ၂၃:၃၂-၃၈။ ယော. ၁၉:၂၅) နာရီ​နဲ့​ ချီပြီး ယေရှု မချိမဆံ့ ဝေဒနာ ခံစား​ရတယ်။ သစ်တိုင်​တင်​ခံရ​တဲ့ ခန္ဓာကိုယ် အနေအထား​ကြောင့် နှလုံး​နဲ့ အဆုတ်​ကြွက်သား​တွေ တင်းလာ​ပြီး အသက်ရှူ​ဖို့ ခက်​လာတယ်။ အသက် မထွက်ခင်​လေးမှာ နောက်ဆုံး​အနေ​နဲ့ ဆုတောင်း​တယ်။ အဲဒီနောက် ခေါင်း​ငိုက်စိုက်​ကျ​ပြီး အသက်​ထွက်သွား​တယ်။ (မာ. ၁၅:၃၇။ လု. ၂၃:၄၆။ ယော. ၁၀:၁၇၊ ၁၈။ ၁၉:၃၀) အရှက်တကွဲ နာကျင်​ခံစား​ပြီး​မှ တဖြည်းဖြည်း သေစေတဲ့ နည်းပါပဲ။

၅။ မိမိ​ အသတ်ခံရမယ့်​ နည်း​ထက် ဘာ​အတွက် ယေရှု ပို​စိတ်ဒုက္ခ ရောက်​သလဲ။

ယေရှု စိတ်ဒုက္ခ ရောက်​တာ​က မိမိ​ အသတ်ခံရမယ့် နည်း​ကြောင့် မဟုတ်ဘဲ အသတ်ခံရမယ့် အကြောင်းရင်း​ကြောင့် ဖြစ်တယ်။ ဘုရား​နဲ့ ဘုရား​နာမည်​ကို မလေးစား​သူ၊ ဘုရား​ကို စော်ကား​ပြောဆိုသူ​အဖြစ် ယေရှု မတရား စွပ်စွဲ​ခံ​ထား​ရတယ်။ (မ. ၂၆:၆၄-၆၆) စွပ်စွဲချက်​အကြောင်း တွေး​လိုက်​ရုံ​နဲ့​တင် အကြီးအကျယ် စိတ်ဒုက္ခ​ရောက်တဲ့​အတွက် အဲဒီလို အရှက်တကွဲ မသေ​ရအောင် လွှဲဖယ်​ပေးဖို့ အဖ​ဘုရားဆီ ဆုတောင်း​တယ်။ (မ. ၂၆:၃၈၊ ၃၉၊ ၄၂) မိမိ​သားကို ဝေဒနာ​ ခံ​ပြီး​မှ သေဆုံး​ဖို့ ယေဟောဝါ ဘာကြောင့် ခွင့်ပြု​ခဲ့​သလဲ။ အကြောင်းရင်း သုံးခု​ကို ဆွေးနွေး​ကြည့်​ကြ​စို့။

၆။ သစ်တိုင်ပေါ် ယေရှု ဘာကြောင့် သေဆုံး​ခဲ့​သလဲ။

ပထမ၊ ဂျူး​တွေ​ကို ကျိန်ခြင်း​တစ်မျိုး​ကနေ လွတ်မြောက်​စေဖို့ ယေရှု သစ်တိုင်ပေါ် သေဆုံး​ရတာ ဖြစ်တယ်။ (ဂလ. ၃:၁၀၊ ၁၃) ဂျူး​တွေ​ဟာ အာဒံရဲ့ သားစဉ်​မြေးဆက်​တွေ ဖြစ်​လို့ သေဒဏ်​ခံထိုက်​တယ်။ (ရော. ၅:၁၂) အဲဒီအပြင် ဘုရား​ပညတ်​ကို နာခံ​မယ်​လို့ စိတ်လို​ကိုယ်လျောက် ကတိပေး​ပြီး​မှ မနာခံတဲ့​အတွက် ကျိန်ခြင်း​ခံထိုက်​တဲ့ လူမျိုး​လည်း ဖြစ်နေ​တယ်။ သေဒဏ်​ခံထိုက်​တဲ့ အပြစ် ကျူးလွန်​သူကို ကွပ်မျက်​ပြီး အလောင်းကို သစ်တိုင်​မှာ ဆွဲ​ထား​ဖို့ ဘုရား​ပညတ်​မှာ ပြဋ္ဌာန်း​ထား​တယ်။ * “သစ်တိုင်တင်​ခံရ​တဲ့​သူဟာ ဘုရားသခင်​ရဲ့ ကျိန်ခြင်း​ကို ခံရ​သူပဲ” လို့​လည်း ပြော​ထား​တယ်။ (တရား. ၂၁:၂၂၊ ၂၃။ ၂၇:၂၆) ဒါ​ကြောင့် မိမိကို ဂျူး​တွေ ငြင်းပယ်​ပေမဲ့ ခရစ်တော်​ဟာ သစ်တိုင်​မှာ သေဆုံး​ခြင်း​အားဖြင့် ဂျူး​တွေ​ကိုယ်စား ကျိန်ခြင်း​ကို ခံ​ပြီး ပညတ်တရား​ရဲ့ ကျိန်ခြင်း​ကနေ သူတို့ကို လွတ်မြောက်​စေတယ်။ ဒီလို​နည်းနဲ့ သူတို့လည်း မိမိ​ရွေးဖိုး​ကနေ အကျိုး​ရနိုင်​မှာ ဖြစ်တယ်။

၇။ သားတော် ဝေဒနာ ခံစား​ဖို့ ယေဟောဝါ ခွင့်ပြု​ရတဲ့ ဒုတိယ အကြောင်းရင်း​က ဘာလဲ။

သားတော် ဝေဒနာ ခံစား​ပြီး သေဆုံး​ဖို့ ယေဟောဝါ ခွင့်ပြု​ရတဲ့ ဒုတိယ အကြောင်းရင်းကို စဉ်းစား​ကြည့်​ပါ။ အနာဂတ်​မှာ ပုရောဟိတ်​မင်း ဖြစ်​ဖို့ ယေရှုကို ဘုရား လေ့ကျင့်ပေး​နေတယ်။ အဆုံးစွန် စမ်းသပ်​ခံရ​ချိန်မှာ ဘုရား​ကို နာခံ​ဖို့ ဘယ်လောက် ခက်​ကြောင်း ယေရှု ကိုယ်တွေ့ သိခဲ့ရတယ်။ စိတ်ဖိစီး​လွန်းလို့ “မျက်ရည်ကျ​ပြီး အသနားခံ ဆုတောင်း” တဲ့​အထိ​ပဲ။ အဲဒီလောက်​အထိ စိတ်ဒုက္ခ ခံစား​ဖူး​တဲ့​အတွက် ကျွန်တော်​တို့​ရဲ့ လိုအပ်ချက်​တွေ​ကို သိ​ပြီး “စမ်းသပ်ခံ​ရတဲ့အခါ” “ကူညီ​မစ​ပေး​နိုင်တယ်။” ‘ကျွန်တော်​တို့​ရဲ့ အားနည်းချက်တွေကို စာနာ​နိုင်​တဲ့’ သနား​ကြင်နာ​တတ်​တဲ့ ပုရောဟိတ်​မင်းကို ခန့်အပ်​ပေး​ထား​လို့ ယေဟောဝါ​ကို ကျေးဇူး​တင်စရာ​ပါ​ပဲ။—ဟီ. ၂:၁၇၊ ၁၈။ ၄:၁၄-၁၆။ ၅:၇-၁၀

၈။ ယေရှု အဆုံးစွန်​အထိ စမ်းသပ်ခံ​ရဖို့ ယေဟောဝါ ခွင့်ပြု​ရတဲ့ တတိယ အကြောင်းရင်း​က ဘာလဲ။

သားတော် ဝေဒနာ ခံစား​ပြီး သေဆုံး​ဖို့ ယေဟောဝါ ခွင့်ပြု​ရတဲ့ တတိယ အကြောင်းရင်း​က​တော့ လူတွေဟာ အပြင်းအထန် စမ်းသပ်​ခံရ​ချိန်မှာ ယေဟောဝါ​အပေါ် ဆက်​သစ္စာရှိ​နိုင်​မလား​ဆိုတဲ့ အရေးကြီး​ မေးခွန်း​ကို ဖြေဆို​နိုင်​ဖို့​ ဖြစ်တယ်။ စာတန်​က​တော့ လူတွေ ဆက်​သစ္စာရှိ​မှာ မဟုတ်ဘူးလို့ စွပ်စွဲ​ထား​တယ်။ လူတွေဟာ ကိုယ်ကျိုး​အတွက်ပဲ ဘုရား​ကို ဝတ်ပြု​နေတာ၊ ဘိုးဘေး​ အာဒံ​လို​ပဲ ယေဟောဝါ​ကို တကယ် မချစ်ကြဘူး​လို့ စာတန် ထင်​နေတယ်။ (ယောဘ ၁:၉-၁၁။ ၂:၄၊ ၅) သားတော်ရဲ့ သစ္စာ​သမာဓိကို ယေဟောဝါ အပြည့်အဝ ယုံကြည်​စိတ်ချ​တဲ့​အတွက် အဆုံးစွန်​အထိ စမ်းသပ်ခံ​ရဖို့ ခွင့်ပြု​ခဲ့တယ်။ ယေရှုလည်း သေ​တဲ့​အထိ သမာဓိ စောင့်ထိန်းခြင်း​အားဖြင့် စာတန်​ဟာ မုသာကောင် ဖြစ်​ကြောင်း သက်သေ​ထူခဲ့​တယ်။

ရွေးဖိုး​ကို အလွန်​ ကျေးဇူး​တင်​လေးမြတ်​တဲ့ ကျမ်း​ရေးသူ

၉။ ကျွန်တော်​တို့အတွက် တမန်​တော် ယောဟန် ဘယ်​ပုံသက်သေ ချမှတ်​ခဲ့​သလဲ။

ရွေးဖိုး သွန်သင်ချက်​ကြောင့် ခရစ်ယာန်​များစွာ​ရဲ့ ယုံကြည်ခြင်း ပို​ခိုင်မာ​လာတယ်။ ဆန့်ကျင်မှု​တွေ​ကြား ဆက်​ဟောပြော​ကြတယ်။ အသက်အရွယ် အိုမင်း​ချိန်​အထိ အခက်အခဲ အမျိုးမျိုးကို ခံရပ်​ကြတယ်။ တမန်​တော် ယောဟန်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ခရစ်တော်​အကြောင်း၊ ရွေးဖိုး​အကြောင်း အမှန်တရားကို သစ္စာ​ရှိရှိ ဟောပြော​လာတာ နှစ်ပေါင်း ၆၀ ကျော်​လောက် ရှိပြီ။ အသက်​တစ်ရာ​နီးပါး​ကျ​မှ ရောမ​အင်ပါယာ​အတွက် အန္တရာယ်​ရှိတဲ့​သူ​လို့ သတ်မှတ်​ခံရ​ပြီး ပတ်မုကျွန်း​ကို နယ်နှင်ခံ​ရတယ်။ ဘာ​ပြစ်မှု​ကြောင့်​လဲ။ “ဘုရားသခင်​အကြောင်း ဟောပြောလို့၊ ယေရှု​အကြောင်း သက်သေခံ​လို့” ပါ။ (ဗျာ. ၁:၉) ထူးခြားတဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည် ပုံသက်သေ​ပါ​ပဲ။

၁၀။ ရွေးဖိုး​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း ယောဟန်ရဲ့ စာ​တွေ​မှာ ဘယ်လို ဖော်ပြ​ထား​သလဲ။

၁၀ ယေရှုကို သိပ်​ချစ်တဲ့​အကြောင်း၊ ရွေးဖိုး​ကို ကျေးဇူး​တင်​လေးမြတ်​တဲ့​အကြောင်း မိမိရဲ့ စာ​တွေ​မှာ ယောဟန် ထည့်​ရေးတယ်။ ရွေးဖိုး​အကြောင်း၊ ရွေးဖိုး​ကြောင့် ရမယ့် အကျိုးကျေးဇူးတွေ​အကြောင်း အကြိမ် ၁၀၀ ကျော်​လောက် ဖော်ပြ​ထား​တယ်။ ဥပမာ၊ “တစ်ယောက်ယောက် အပြစ်​လုပ်မိရင်​တောင် ကူညီပေး​မယ့်​သူ ရှိပါတယ်။ သူကတော့ အဖဘုရား​နဲ့​အတူ ရှိနေတဲ့ ဖြောင့်မတ်​သူ ယေရှု​ခရစ်​ပဲ” လို့ ယောဟန် ရေးတယ်။ (၁ ယော. ၂:၁၊ ၂) “ယေရှု​အကြောင်း သက်သေခံ” ဖို့ ဘယ်လောက် အရေးကြီးကြောင်း​ကိုလည်း ယောဟန်ရဲ့ စာ​တွေ​မှာ အလေးပေး ဖော်ပြ​ထား​တယ်။ (ဗျာ. ၁၉:၁၀) ရွေးဖိုး​ကို ယောဟန် သိပ်​ကျေးဇူး​တင်​လေးမြတ်​တာ ထင်ရှား​တယ်။ ကျွန်တော်​တို့​လည်း အဲဒီလို ကျေးဇူး​တင်​လေးမြတ်မှု​မျိုး ဘယ်လို ပြ​နိုင်​မလဲ။

ရွေးဖိုး​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ

ရွေးဖိုး​အတွက် တကယ် ကျေးဇူး​တင်​လေးမြတ်တယ်​ဆိုရင် အပြစ်​လုပ်ဖို့ သွေးဆောင်​ခံရတဲ့​အခါ တွန်းလှန်​မှာ ဖြစ် (စာပိုဒ် ၁၁ ကိုကြည့်ပါ) *

၁၁။ သွေးဆောင်မှု​ကို တွန်းလှန်​ဖို့ ဘာက ကူညီပေး​နိုင်​သလဲ။

၁၁ အပြစ်​လုပ်ဖို့ သွေးဆောင်​ခံရတဲ့​အခါ တွန်းလှန်​ပါ။ ‘သွေးဆောင်​ခံရတဲ့​အခါ အတင်း တွန်းလှန်​နေဖို့ မလိုပါဘူး။ လုပ်ပြီး​မှ ခွင့်လွှတ်​မှု တောင်းခံ​လိုက်ရင် ရ​နေတာပဲ’ ဆိုတဲ့ သဘောထားမျိုး တချို့​မှာ ရှိ​နိုင်တယ်။ ဒါပေမဲ့ ရွေးဖိုး​ကို တကယ် ကျေးဇူး​တင်​လေးမြတ်တယ်​ဆိုရင် အဲဒီလို သဘောထား ရှိ​မှာ​မဟုတ်ဘူး။ အဲဒီအစား ‘ငါ့​အတွက် ယေဟောဝါ​နဲ့ ယေရှု ဒီလောက် လုပ်ပေး​ထား​တာ ဘာလို့ ဒီလို အမှား​မျိုး လုပ်​ရမှာ​လဲ’ လို့ တွေးပါ​လိမ့်မယ်။ အဲဒီအပြင် ‘သွေးဆောင်မှု​နောက် ပါ​မသွားအောင် ကူညီပေး​ပါ’ ဆိုပြီး ယေဟောဝါ​ဆီ ခွန်အား တောင်း​ပါ​လိမ့်မယ်။—မ. ၆:၁၃

၁၂။ ၁ ယောဟန် ၃:၁၆-၁၈ မှာ ပါ​တဲ့ အကြံဉာဏ်​ကို ဘယ်လို လိုက်နာ​နိုင်​သလဲ။

၁၂ ညီအစ်ကို/မ​တွေ​ကို ချစ်ပါ။ ညီအစ်ကို/မ​တွေ​ကို ချစ်တာ​က ရွေးဖိုး​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်း ပြ​ရာ​ရောက်တယ်။ ဘာကြောင့်လဲ။ ယေရှု​က ကျွန်တော်​တို့အတွက်​သာ မဟုတ်ဘဲ ညီအစ်ကို/မ​တွေ​အတွက်​ပါ အသက်ပေး​ခဲ့လို့​ပဲ။ အသက်​ပေးဖို့ အသင့်​ရှိတယ် ဆို​ကတည်းက သူတို့ကို သိပ်​ချစ်​လို့​ပဲ။ (၁ ယောဟန် ၃:၁၆-၁၈ ဖတ်ပါ။) ညီအစ်ကို/မ​တွေ​ကို ချစ်​ကြောင်း ကျွန်တော်​တို့​ရဲ့ ပြုမူ​ဆက်ဆံပုံ​အားဖြင့် ပြ​နိုင်တယ်။ (ဧ. ၄:၂၉၊ ၃၁–၅:၂) ဥပမာ၊ သူတို့ နေမကောင်းတဲ့​အခါ၊ သဘာဝဘေး​လို​မျိုး ဆိုးရွား​တဲ့ ပြဿနာတွေ ကြုံရတဲ့အခါ ကူညီပေး​ကြတယ်။ ဒါပေမဲ့ ကျွန်တော်​တို့ စိတ်​ထိခိုက်အောင် သူတို့ ပြော​မိ​လုပ်မိတဲ့​အခါမှာကော ဘာ​လုပ်သင့်သလဲ။

၁၃။ ဘာကြောင့် ခွင့်လွှတ်​ရမလဲ။

၁၃ ညီအစ်ကို/မ​ တစ်ယောက်ယောက်​ကို မကျေမချမ်း ဖြစ်နေ​သလား။ (ဝတ်. ၁၉:၁၈) ဒါဆိုရင် “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်​ပြီး သည်းခံ​ကြ​ပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ကြ​ပါ။ ယေဟောဝါ​က ခင်ဗျား​တို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​သလို ခင်ဗျား​တို့​လည်း အဲဒီလိုပဲ ခွင့်လွှတ်​ကြ​ပါ” ဆို​တဲ့ ကျမ်းစာ​အကြံဉာဏ်​ကို လိုက်နာပါ။ (ကော. ၃:၁၃) ညီအစ်ကို/မ​တွေ​ကို ခွင့်လွှတ်​လိုက်တဲ့ အကြိမ်တိုင်း ရွေးဖိုး​အတွက် တကယ် ကျေးဇူး​တင်​လေးမြတ်​ကြောင်း ကောင်းကင်ဖခင်​ကို ဖော်ပြ​ရာ​ရောက်တယ်။ ဒီ​ဘုရား​ပေး လက်ဆောင်​အတွက် ကျေးဇူး​တင်​လေးမြတ်စိတ် တိုးများ​အောင် ဘယ်လို လုပ်နိုင်သလဲ။

ရွေးဖိုး​အတွက် ကျေးဇူး​တင်​စိတ် ဘယ်လို တိုးများ​စေနိုင်​သလဲ

၁၄။ ရွေးဖိုး​အတွက် ကျေးဇူး​တင်​စိတ် တိုးများ​စေနိုင်​တဲ့ နည်း​တစ်နည်း​က ဘာလဲ။

၁၄ ရွေးဖိုး​အတွက် ယေဟောဝါ​ကို ကျေးဇူး​တင်​ပါ။ “နေ့တိုင်း ဆုတောင်း​တဲ့​အခါ ရွေးဖိုး​အတွက် ယေဟောဝါ​ကို ကျေးဇူး​တင်​စကား ပြော​ဖို့ အရေးကြီးတယ်” လို့ အိန္ဒိယ​မှာ နေတဲ့ အသက် ၈၃ နှစ်အရွယ် ညီအစ်မ ဂျိုအန်နာ ပြော​တယ်။ ဆုတောင်း​တဲ့​အခါ တစ်နေ့တာ​အတွင်း ကိုယ်​လုပ်မိတဲ့ အမှားတွေ​အကြောင်း ယေဟောဝါ​ကို ပြောပြ​ပြီး ခွင့်လွှတ်​မှု တောင်းခံ​ပါ။ ကြီး​လေး​တဲ့ အပြစ် ကျူးလွန်​မိ​တာ​မျိုး ဆိုရင်တော့ အကြီးအကဲ​တွေ​ဆီ​လည်း အကူအညီ တောင်း​ဖို့ လိုတယ်။ သူတို့က သင် ပြော​တာ​ကို ကောင်းကောင်း နားထောင်ပြီး ကျမ်းစာ​အကြံဉာဏ်​တွေ ပေး​မယ်။ ယေရှုရဲ့ ရွေးဖိုး​ကို သုံးပြီး ခွင့်လွှတ်​ပေးဖို့ ယေဟောဝါ​ဆီ သင်နဲ့​အတူ ဆုတောင်းပေး​မယ်။ ဒါမှ သင် ဘုရားရေးရာ​ဘက် “ပြန်​ကျန်းမာ​လာ” မယ်။—ယာ. ၅:၁၄-၁၆

၁၅။ ရွေးဖိုး​အကြောင်း လေ့လာ၊ တွေးတော​ဖို့ ဘာကြောင့် အချိန်ယူ​သင့်သလဲ။

၁၅ ရွေးဖိုး​အကြောင်း တွေးတော​ဆင်ခြင်​ပါ။ “ယေရှု ဘယ်လောက် ဝေဒနာ​ ခံ​ခဲ့တယ်​ဆိုတာ ဖတ်​ရ​တိုင်း ငို​မိတယ်” ဆိုပြီး အသက် ၇၃ နှစ်အရွယ် ညီအစ်မ ရာ​ဂျာ​မာ​နီ ပြော​တယ်။ သင်လည်း ဘုရား​သားတော် ဘယ်လောက် ဝေဒနာ ခံစား​ခဲ့တယ်​ဆိုတာ တွေး​လိုက်​တိုင်း စိတ်မကောင်း ဖြစ်​မိ​မှာပဲ။ ဒါပေမဲ့ စိတ်မကောင်း ဖြစ်​ရုံ​လောက်​သာ မဟုတ်ဘူး။ ယေရှုရဲ့ ရွေးဖိုး​အကြောင်း တွေးတော​လေ ယေရှုနဲ့ ဘုရား​အပေါ် ထား​တဲ့ မေတ္တာ တိုးများ​လေ ဖြစ်​လိမ့်မယ်။ ဒါ​ကြောင့် ရွေးဖိုး​အကြောင်း သတ်သတ်မှတ်မှတ် လေ့လာ၊ တွေးတော​ဖို့ အစီအစဉ် ဆွဲ​ပါ။

နှစ်​တိုင်း မိမိရဲ့ ရွေးဖိုး​ပူဇော်သက္ကာ​ကို ဘယ်လို အောက်မေ့​ရမယ်​ဆိုတာ ရိုးရှင်းတဲ့ ညစာ​စားပွဲ​နဲ့ တပည့်​တွေ​ကို ယေရှု ပြ​ခဲ့ (စာပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆။ ရွေးဖိုး​အကြောင်း တခြား​သူတွေကို ပြောပြ​တာ​က ကျွန်တော်​တို့ကို ဘယ်လို အကျိုး​ရှိစေသလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

၁၆ ရွေးဖိုး​အကြောင်း တခြား​သူတွေကို ပြောပြ​ပါ။ ရွေးဖိုး​အကြောင်း တခြား​သူတွေကို ပြောပြ​တဲ့​အချိန်တိုင်း ကျွန်တော်​တို့​ရဲ့ ကျေးဇူး​တင်​လေးမြတ်စိတ် တိုးများ​လာပါလိမ့်မယ်။ ကျွန်တော်​တို့အတွက် ယေရှု ဘာကြောင့် အသေခံ​ခဲ့​ကြောင်း ရှင်းပြဖို့ အကောင်းဆုံး ကိရိယာ​တွေ ရှိတယ်။ ဥပမာ၊ လူမျိုး​အားလုံး​အတွက် သတင်းကောင်း စာစောင်၊ “ယေရှု​ခရစ်​က ဘယ်သူလဲ” ဆို​တဲ့ အခန်း ၄ ကို သုံး​နိုင်တယ်။ သမ္မာကျမ်းစာ သွန်သင်ရာ​များ စာအုပ်၊ “ရွေးဖိုး—ဘုရား ပေး​တဲ့ အဖိုးထိုက်​ဆုံး လက်ဆောင်” ဆို​တဲ့ အခန်း ၅ ကို သုံး​နိုင်တယ်။ နှစ်​တိုင်း ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲကို တက်​ခြင်း၊ တခြား​သူတွေကိုလည်း ထက်ထက်သန်သန် ဖိတ်ခေါ်​ခြင်း​အားဖြင့် ရွေးဖိုး​အတွက် ကျေးဇူး​တင်​လေးမြတ်စိတ် တိုးများ​လာမယ်။ သားတော်​အကြောင်း တခြား​သူတွေကို ပြောပြ​ရတာ ယေဟောဝါ ပေး​ထား​တဲ့ အခွင့်ထူးပါပဲ။

၁၇။ ရွေးဖိုးဟာ လူသားတွေ​အတွက် ဘုရား ပေး​ထား​တဲ့ အကြီးမား​ဆုံး လက်ဆောင် ဘာကြောင့် ဖြစ်​သလဲ။

၁၇ ရွေးဖိုး​အတွက် ကျေးဇူး​တင်​လေးမြတ်​သင့်တဲ့ အကြောင်းရင်း​တွေ ရှိတာ သေချာ​ပါ​တယ်။ မစုံလင်​တဲ့ ကျွန်တော်​တို့​ဟာ ရွေးဖိုး​ကြောင့်​သာ ယေဟောဝါ​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိ​နိုင်တာ။ မာရ်နတ် လုပ်သမျှ​လည်း ရွေးဖိုး​ကြောင့်​သာ အပြီးအပိုင် ချေဖျက်​ခံရ​မှာ။ (၁ ယော. ၃:၈) ကမ္ဘာမြေ​နဲ့​ပတ်သက်​တဲ့ ယေဟောဝါ​ရဲ့ မူလ​ရည်ရွယ်ချက် ပြည့်စုံ​လာပြီး တစ်ကမ္ဘာ​လုံး ပရဒိသု ဖြစ်လာ​မယ်။ ကိုယ်​ဆုံတွေ့​တဲ့ လူတိုင်းဟာ ယေဟောဝါ​ကို ချစ်​ပြီး ဝတ်ပြု​သူတွေ​ပဲ ဖြစ်နေ​မယ်။ ဒါကြောင့် လူသားတွေကို ပေး​ထား​တဲ့ ယေဟောဝါ​ရဲ့ အကြီးမားဆုံး လက်ဆောင် ရွေးဖိုး​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်း နေ့ရက်​တိုင်း ဖော်ပြ​ကြပါစို့။

သီချင်း ၂၀ အချစ်ဆုံး​သားကို ပေး​ခဲ့

^ အပိုဒ်၊ 5 ယေရှု ဘာကြောင့် သစ်တိုင်ပေါ် ဝေဒနာ​ခံ​ပြီး သေဆုံး​ခဲ့​သလဲ။ အဲဒီ​မေးခွန်း​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ဒါက ရွေးဖိုး​အတွက် ကျေးဇူး​တင်​စိတ် တိုးများ​စေပါ​လိမ့်မယ်။

^ အပိုဒ်၊ 6 ရာဇဝတ်သားတွေ အသက်ရှင်နေ​တုန်း သစ်တိုင်​မှာ သံနဲ့ ရိုက်တာ၊ ချည်နှောင်​တာ ရောမ​ထုံးစံ ဖြစ်တယ်။ အဲဒီ​နည်း​အတိုင်း သားတော် သေဆုံး​ဖို့ ယေဟောဝါ ခွင့်ပြု​ခဲ့တယ်။

^ အပိုဒ်၊ 55 ပုံအညွှန်း– ညစ်ညမ်း​ရုပ်ပုံ ကြည့်​ဖို့၊ ဆေးလိပ် သောက်ဖို့၊ လာဘ်​စားဖို့ သွေးဆောင်​ခံရတဲ့​အခါ ညီအစ်ကို​တွေ တွန်းလှန်​နေ။