စာရှုသူများထံမှ မေးခွန်းလွှာ
ခရစ်ယာန်တစ်ယောက် ကျမ်းစာ အခြေခံ အကြောင်းရင်း မရှိဘဲ ဇနီးကို ကွာရှင်းပြီး နောက်အိမ်ထောင်ပြုတယ်ဆိုရင် အိမ်ထောင် အဟောင်းနဲ့ အသစ်ကို အသင်းတော်က ဘယ်လို ရှုမြင်သင့်သလဲ
ခရစ်ယာန်တစ်ယောက် နောက်အိမ်ထောင်ပြုတဲ့အခါ အရင် အိမ်ထောင် အဆုံးတိုင်ပြီး နောက်အိမ်ထောင်ကို အတည်အဖြစ် အသင်းတော်က ရှုမြင်ပါမယ်။ ဒီလို ကောက်ချက်ချတာကို နားလည်နိုင်ဖို့ ကွာရှင်းခြင်း၊ နောက်အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့ စကားကို သုံးသပ်ကြည့်ရအောင်။
မဿဲ ၁၉:၉ မှာ အိမ်ထောင် ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသော ကျမ်းစာ အခြေခံ အကြောင်းရင်းကို ယေရှု ပြောနေတာ ဖြစ်တယ်။ “ကိုယ့်ဇနီးကို လိင်အကျင့်ယိုယွင်းမှုကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ကွာရှင်းပြီး တခြားသူနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေး ဖောက်ပြန်သူပဲ” လို့ ပြောတယ်။ ယေရှုစကားအရ (၁) လိင်အကျင့်ယိုယွင်းမှုဟာ အိမ်ထောင် ကွာရှင်းနိုင်ဖို့ တစ်ခုတည်းသော ကျမ်းစာ အကြောင်းရင်း ဖြစ်တယ်၊ (၂) ကျမ်းစာ အခြေခံ အကြောင်းကြောင့် မဟုတ်ဘဲ ဇနီးကို ကွာရှင်းသူဟာ အိမ်ထောင်ရေး ဖောက်ပြန်သူ ဖြစ်တယ်။ a
ယေရှုစကားအရ အမျိုးသားဟာ လိင်အကျင့်ယိုယွင်းပြီး ဇနီးကို ကွာရှင်းလိုက်တာနဲ့ နောက်အိမ်ထောင်ပြုဖို့ ကျမ်းစာအရ လွတ်လပ်သွားပြီလား။ မလွတ်လပ်ပါဘူး။ အိမ်ထောင်ရေး ဖောက်ပြန်မှု ဖြစ်ရင် အမျိုးသားကို ခွင့်လွှတ်မလား၊ ခွင့်မလွှတ်ဘူးလားဆိုတာ အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်က ဆုံးဖြတ်မယ်။ ဇနီးဖြစ်သူက ခွင့်မလွှတ်ဘဲ တရားဝင် ကွာရှင်းလိုက်ပြီဆိုရင် နှစ်ယောက်စလုံး နောက်အိမ်ထောင်ပြုဖို့ လွတ်လပ်သွားပြီ။
တစ်ဖက်မှာတော့ အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်က အိမ်ထောင်ကို ဆက်ထိန်းထားချင်လို့ လိုလိုလားလား ခွင့်လွှတ်ဖို့ ဆန္ဒ ရှိနိုင်တယ်။ ဒါပေမဲ့ ဖောက်ပြန်တဲ့ ယောက်ျားက ဇနီးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး တစ်ဖက်သတ် တရားဝင် ကွာရှင်းဖို့ လုပ်ရင်ကော။ ဇနီးဖြစ်သူက ခွင့်လွှတ်ပြီး အိမ်ထောင်ကို ဆက်ထိန်းထားချင်တဲ့အတွက် ယောက်ျားဟာ ကျမ်းစာအရ နောက်အိမ်ထောင်ပြုဖို့ လွတ်လပ်သူ မဟုတ်ဘူး။ တကယ်လို့ ယောက်ျား ဖြစ်သူက ကျမ်းစာအရ လွတ်လပ်တဲ့သူ မဟုတ်ဘဲ နောက်အိမ်ထောင်ပြုတယ်ဆိုရင် ထပ်ဖောက်ပြန်တာပဲ။ သူ့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်ကို ကိုင်တွယ်ဖို့ အကြီးအကဲတွေ တရားရေး ကော်မတီ ဖွဲ့ပါမယ်။—၁ ကော. ၅:၁၊ ၂။ ၆:၉၊ ၁၀။
တကယ်လို့ လူတစ်ယောက်ဟာ ကျမ်းစာအရ နောက်အိမ်ထောင်ပြုဖို့ လွတ်လပ်သူ မဟုတ်ဘဲ နောက်အိမ်ထောင်ပြုတယ်ဆိုရင် အိမ်ထောင် အဟောင်းနဲ့ အသစ်ကို အသင်းတော်က ဘယ်လို ရှုမြင်သင့်သလဲ။ ကျမ်းစာအရ အရင် အိမ်ထောင်ဟာ တရားဝင် ဖြစ်နေဆဲပဲလား။ အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်က ယောက်ျားကို ခွင့်လွှတ်၊ မလွှတ် ဆုံးဖြတ်ပိုင်ခွင့် ရှိတုန်းပဲလား။ အိမ်ထောင်အသစ်ကို အိမ်ထောင်ရေး ဖောက်ပြန်မှုအဖြစ် ရှုမြင်မလား။
အပြစ်မဲ့တဲ့ အိမ်ထောင်ဖက် အသက်ရှင်နေသရွေ့၊ နောက်အိမ်ထောင် မပြုသရွေ့၊ လိင်အကျင့် မယိုယွင်းသရွေ့ အိမ်ထောင် အသစ်ကို ဖောက်ပြန်မှုလို့ အသင်းတော်မှာ တစ်ချိန်က ရှုမြင်ခဲ့တယ်။ ဒါပေမဲ့ ကွာရှင်းခြင်းနဲ့ နောက်အိမ်ထောင်ပြုခြင်းအကြောင်း ယေရှု ပြောချိန်မှာ အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်အကြောင်း ဘာမှ မပြောဘူး။ အဲဒီအစား ကျမ်းစာ အခြေခံ အကြောင်းရင်း မရှိဘဲ ကွာရှင်းပြီး တခြားသူနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေး ဖောက်ပြန်သူလို့ပဲ ယေရှု ပြောတယ်။
အဲဒီလိုအခြေအနေမှာ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုတာဟာ အိမ်ထောင်ရေး ဖောက်ပြန်တာ ဖြစ်လို့ အရင် အိမ်ထောင် အဆုံးသတ်သွားတယ်။“ကိုယ့်ဇနီးကို လိင်အကျင့်ယိုယွင်းမှုကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ကွာရှင်းပြီး တခြားသူနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေး ဖောက်ပြန်သူပဲ။”—မ. ၁၉:၉
ကွာရှင်းပြီး နောက်အိမ်ထောင်ပြုလိုက်လို့ အရင် အိမ်ထောင် အဆုံးသတ်သွားပြီဆိုရင် အပြစ်မဲ့တဲ့ အိမ်ထောင်ဖက် ခွင့်လွှတ်တာ၊ ခွင့်မလွှတ်တာတွေ ဘာမှ အကျုံးမဝင်တော့ဘူး။ ဒါကြောင့် ခင်ပွန်းဟောင်းကို ခွင့်လွှတ်မယ်၊ ခွင့်မလွှတ်ဘူးဆိုတာ ဆုံးဖြတ်နေစရာ မလိုတော့ဘူး။ ဒါ့အပြင် အိမ်ထောင် အသစ်နဲ့ပတ်သက်ပြီး အသင်းတော်ရဲ့ ရှုမြင်ပုံကလည်း အပြစ်မဲ့တဲ့ အိမ်ထောင်ဖက် အသက်ရှင်နေသေးတာ၊ နောက်အိမ်ထောင် မပြုသေးတာ၊ လိင်အကျင့် မယိုယွင်းတာအပေါ် မမူတည်ဘူး။ b
အထက်မှာ ဆွေးနွေးခဲ့တဲ့ ဥပမာအရ ခင်ပွန်းဖြစ်သူ အိမ်ထောင်ရေး ဖောက်ပြန်လို့ ကွာရှင်းလိုက်ကြတယ်။ ဒါပေမဲ့ ခင်ပွန်းက အိမ်ထောင်ရေး ဖောက်ပြန်တာ မရှိဘဲ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုတယ် ဆိုရင်ကော။ ဒါမှမဟုတ် အိမ်ထောင်ရေး ဖောက်ပြန်တာ မရှိဘဲ ကွာရှင်းပြီးမှ ဇနီးဖြစ်သူက လိုလိုလားလား ခွင့်လွှတ်ချင်ပေမဲ့ ခင်ပွန်းဖြစ်သူ နောက်အိမ်ထောင်ပြုလိုက်တယ် ဆိုရင်ကော။ ဒီဥပမာတွေမှာ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုတာဟာ အိမ်ထောင်ရေး ဖောက်ပြန်တာ ဖြစ်လို့ အရင် အိမ်ထောင် အဆုံးသတ်သွားပြီ။ အိမ်ထောင် အသစ်ဟာ တရားဥပဒေအရ တရားဝင် ဖြစ်သွားတယ်။ ၁၉၇၉၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) စာမျက်နှာ ၃၂ မှာ “အခု အိမ်ထောင် အသစ် ပြုလိုက်ပြီ ဖြစ်လို့ ဒါကို လွယ်လွယ်နဲ့ ဖျက်ပြီး အရင် ဇနီးနဲ့ ပြန်ပေါင်းလို့ မရဘူး။ ကွာရှင်းမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ နောက်အိမ်ထောင်ပြုမှုကြောင့် အရင် အိမ်ထောင် အဆုံးသတ်သွားပြီ” လို့ ဖော်ပြထားတယ်။
ဒီနားလည်မှု အသစ်ဟာ အိမ်ထောင်ရဲ့ မြင့်မြတ်မှုကို လျော့ပါးစေတာ မဟုတ်သလို အိမ်ထောင်ရေး ဖောက်ပြန်မှုရဲ့ အပြစ်ကြီးလေးမှုကိုလည်း လျှော့ပေါ့လိုက်တာ မဟုတ်ဘူး။ ကျမ်းစာ အခြေခံ အကြောင်းရင်း မရှိဘဲ ဇနီးကို ကွာရှင်းပြီးနောက် ကျမ်းစာအရ နောက်အိမ်ထောင်ပြုဖို့ မလွတ်လပ်ဘဲ အိမ်ထောင်ပြုလိုက်သူဟာ အိမ်ထောင်ရေး ဖောက်ပြန်မှုဆိုတဲ့ အပြစ်နဲ့ အသင်းတော်မှာ တရားရေး ရင်ဆိုင်ရပါမယ်။ (အိမ်ထောင်ဖက် အသစ်ဟာ ခရစ်ယာန် ဖြစ်မယ်ဆိုရင် သူလည်း အိမ်ထောင်ရေး ဖောက်ပြန်မှုဆိုတဲ့ အပြစ်နဲ့ အသင်းတော်မှာ တရားရေး ရင်ဆိုင်ရပါမယ်။) အိမ်ထောင် အသစ်ကို အိမ်ထောင်ရေး ဖောက်ပြန်မှုအဖြစ် ရှုမြင်မှာ မဟုတ်ပေမဲ့ ယောက်ျားဟာ အသင်းတော်မှာ လုပ်ငန်းတော် အခွင့်ထူးတွေအတွက် နှစ်ပေါင်းများစွာ အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူး။ လုပ်ထားတဲ့ အပြစ်ကြောင့် နာမည်ဆိုး ရှိနေသရွေ့၊ မလေးစားထိုက်သူအဖြစ် လူတွေ မြင်နေသေးသရွေ့ အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူး။ သစ္စာဖောက်ခံရတဲ့ အရင် အိမ်ထောင်ဖက်ရဲ့ လက်ရှိ အခြေအနေ၊ အပြစ်ကျူးလွန်တဲ့ အိမ်ထောင်ဖက်ရဲ့ စွန့်ပစ်ခြင်း ခံရတဲ့ ကလေးငယ်တွေရဲ့ လက်ရှိ အခြေအနေကိုလည်း အကြီးအကဲတွေ ထည့်စဉ်းစားကြပါလိမ့်မယ်။—မာလ. ၂:၁၄-၁၆။
ကျမ်းစာ အခြေခံ အကြောင်းရင်း မရှိဘဲ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုရင် ကြီးလေးတဲ့ အကျိုးဆက်တွေ ရှိတဲ့အတွက် ခရစ်ယာန်တွေဟာ အိမ်ထောင်အစီအစဉ်ရဲ့ မြင့်မြတ်မှုနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်မျိုး ရှိဖို့ ကြိုးစားကြတယ်။—ဒေ. ၅:၄၊ ၅။ ဟီ. ၁၃:၄။
a ဒီဆောင်းပါးမှာ ဖောက်ပြန်တဲ့ အိမ်ထောင်ဖက်ကို ခင်ပွန်း၊ အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်ကို ဇနီးအဖြစ် ဖော်ပြသွားပါမယ်။ ဒါပေမဲ့ မာကု ၁၀:၁၁၊ ၁၂ မှာ ပါတဲ့ ယေရှုစကားအရ အမျိုးသားရော အမျိုးသမီးနဲ့ပါ သက်ဆိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်တယ်။
b ဒါဟာ အပြစ်မဲ့တဲ့ အိမ်ထောင်ဖက် ဆုံးပါးချိန်၊ နောက်အိမ်ထောင်ပြုချိန် ဒါမှမဟုတ် လိင်အကျင့် ယိုယွင်းချိန်အထိ အိမ်ထောင်သစ်ကို အိမ်ထောင်ရေး ဖောက်ပြန်မှုအဖြစ် ရှုမြင်ခဲ့တဲ့ အရင်က နားလည်မှုကို ပြုပြင်ပြောင်းလဲလိုက်တာ ဖြစ်တယ်။