စိုးရိမ်ပူပန်မှုကို အောင်မြင်စွာ ဖြေရှင်းနည်း
စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေနိုင်တဲ့ ဝန်ထုပ်ကြီးနဲ့ တူတယ်။ (ပညာ. ၁၂:၂၅) သင် စိုးရိမ်ပူပန်ဖူးသလား။ မခံမရပ်နိုင်လောက်အောင် စိုးရိမ်ပူပန်ဖူးသလား။ ဒါဆိုရင် သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အများစုဟာ တခြားသူတွေကို ပြုစုစောင့်ရှောက်ပေးရလို့၊ ချစ်ရသူ သေဆုံးသွားလို့၊ သဘာဝဘေး ကြုံရလို့ ဒါမှမဟုတ် တခြား အခြေအနေတစ်ခုခုကြောင့် စိတ်ပန်းလူပန်း ဖြစ်နေကြတယ်။ စိုးရိမ်ပူပန်မှုကို အောင်မြင်စွာ ဖြေရှင်းဖို့ ဘာက ကူညီပေးနိုင်သလဲ။ a
ဘုရင် ဒါဝိဒ်ရဲ့ ပုံနမူနာကို သုံးသပ်ခြင်းကနေ စိုးရိမ်ပူပန်မှုကို ဖြေရှင်းပုံအကြောင်း အများကြီး သင်ယူနိုင်တယ်။ ဒါဝိဒ်ဟာ အခက်အခဲ များစွာ ကြုံခဲ့ရတယ်။ အသက်အန္တရာယ် ကြုံရချိန်တွေတောင် ရှိတယ်။ (၁ ရှ. ၁၇:၃၄၊ ၃၅။ ၁၈:၁၀၊ ၁၁) စိုးရိမ်ပူပန်မှုကို သူ ဘယ်လို အောင်မြင်စွာ ဖြေရှင်းခဲ့သလဲ။ သူ့ပုံသက်သေကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။
စိုးရိမ်ပူပန်မှုကို ဒါဝိဒ် အောင်မြင်စွာ ဖြေရှင်းပုံ
ဒါဝိဒ်ဟာ အခက်အခဲ အမျိုးမျိုးကို တစ်ပြိုင်တည်း ရင်ဆိုင်ခဲ့ရတယ်။ ဥပမာ၊ ဘုရင် ရှောလု လိုက်သတ်လို့ ထွက်ပြေးနေချိန်မှာ အခြေအနေဆိုးတစ်ခု ရင်ဆိုင်ရတယ်။ တိုက်ပွဲတစ်ခု ပြီးလို့ ဇိကလတ်မြို့ကို ဒါဝိဒ်နဲ့ သူ့လူတွေ ပြန်လာတော့ ရန်သူတွေက အိမ်တွေ မီးရှို့ပြီး မိသားစုတွေကို ဖမ်းခေါ်သွားမှန်း သူတို့ သိလိုက်ရတယ်။ ဒါဝိဒ် ဘာလုပ်သလဲ။ “ဒါဝိဒ်နဲ့ သူ့လူတွေ အားကုန်တဲ့အထိ အကြီးအကျယ် ငိုကြွေးကြတယ်။” မိမိယုံကြည်စိတ်ချရသူတွေက “ကျောက်ခဲနဲ့ ပေါက်ဖို့ လုပ်” ကြလို့ ဒါဝိဒ်ခမျာ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်သွားတယ်။ (၁ ရှ. ၃၀:၁-၆) ပြဿနာကြီး သုံးခုကို တစ်ပြိုင်တည်း ရင်ဆိုင်လိုက်ရတာပဲ။ မိသားစု အန္တရာယ် ကြုံရတယ်။ ကိုယ့်လူတွေက ကိုယ့်ကို ပြန်သတ်မလား စိုးရိမ်နေရတယ်။ ဘုရင် ရှောလုလည်း လိုက်ဖမ်းနေတယ်။ ဒါဝိဒ် ဘယ်လောက် စိုးရိမ်ပူပန်နေမလဲဆိုတာ တွေးကြည့်ပါ။
ဒါဝိဒ် ဘာဆက်လုပ်သလဲ။ ချက်ချင်းပဲ “ယေဟောဝါဘုရားရဲ့ အကူအညီနဲ့ အားတင်း” လိုက်တယ်။ ဘယ်လိုနည်းနဲ့ ဖြစ်မလဲ။ လုပ်နေကျအတိုင်း ယေဟောဝါဆီ ဆုတောင်းပြီး အကူအညီတောင်းတယ်။ အရင်က ဘုရား ကူညီပေးခဲ့တာတွေကို ပြန်စဉ်းစားတယ်။ (၁ ရှ. ၁၇:၃၇။ ဆာ. ၁၈:၂၊ ၆) ယေဟောဝါရဲ့ လမ်းညွှန်မှု လိုတယ်ဆိုတာ သိလို့ ဘာလုပ်ရမယ်ဆိုတာ မေးမြန်းတယ်။ လမ်းညွှန်မှု ရတဲ့အခါ အဲဒီအတိုင်း ချက်ချင်း လုပ်ဆောင်တယ်။ ရလဒ်အနေနဲ့ ဒါဝိဒ်နဲ့ သူ့လူတွေကို ယေဟောဝါ ကောင်းချီးပေးတယ်။ မိသားစုနဲ့ ပိုင်ဆိုင်ရာတွေ အကုန် ပြန်ရလိုက်တယ်။ (၁ ရှ. ၃၀:၇-၉၊ ၁၈၊ ၁၉) ဒါဝိဒ် လုပ်ခဲ့တဲ့အရာ သုံးခုကို သတိထားမိသလား။ ယေဟောဝါဆီ ဆုတောင်းပြီး အကူအညီတောင်းတယ်။ အရင်က ယေဟောဝါ လုပ်ပေးတာတွေကို ပြန်စဉ်းစားတယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှုအတိုင်း လက်တွေ့လုပ်ဆောင်တယ်။ ဒါဝိဒ်ကို ဘယ်လို တုပနိုင်သလဲ။ နည်းသုံးနည်းကို ဆွေးနွေးကြည့်ကြစို့။
စိုးရိမ်ပူပန်တဲ့အခါ ဒါဝိဒ်ကို တုပပါ
၁။ ဆုတောင်းပါ။ စိုးရိမ်ပူပန်တဲ့အခါတိုင်း အကူအညီနဲ့ ဉာဏ်ပညာ ရဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ စိုးရိမ်ပူပန်မှု အားလုံးကို ရင်ဖွင့်ပြောပြပြီး အကြာကြီး ဆုတောင်းနိုင်သလို အခြေအနေအရ စိတ်ထဲကနေပဲ တိုတိုလေး ဆုတောင်းနိုင်တယ်။ ယေဟောဝါဆီ အကူအညီ တောင်းတဲ့အခါတိုင်း ‘ယေဟောဝါဟာ ငါ့ကျောက်ဆောင်၊ ငါ့ရဲတိုက်၊ ငါ့ကို ကယ်တင်တဲ့အရှင်ပါ။ ဘုရားသခင်ဟာ ငါခိုလှုံတဲ့ ကျောက်ဆောင်ပါ’ လို့ ပြောခဲ့တဲ့ ဒါဝိဒ်လို ယုံကြည်စိတ်ချမှု ရှိကြောင်း ဖော်ပြရာရောက်တယ်။ (ဆာ. ၁၈:၂) ဆုတောင်းတာ တကယ် အလုပ်ဖြစ်ရဲ့လား။ ရှေ့ဆောင် ညီအစ်မ ကာလီယာက “ဆုတောင်းပြီးနောက် စိတ်ငြိမ်သက်မှု ရတယ်။ ယေဟောဝါလို စဉ်းစားတတ်လာတယ်။ ဘုရားကို ပိုယုံကြည်ကိုးစားလာတယ်” လို့ ပြောတယ်။ ဆုတောင်းခြင်းဟာ စိုးရိမ်ပူပန်မှုကို ဖြေရှင်းဖို့ ယေဟောဝါ ပြင်ဆင်ပေးတဲ့ အစွမ်းထက် အကူအညီပါပဲ။
၂။ ပြန်စဉ်းစားပါ။ ဘဝမှာ ယေဟောဝါရဲ့ အကူအညီကြောင့်သာ ခံရပ်နိုင်ခဲ့တဲ့ စမ်းသပ်မှုတွေ ရှိသလား။ ကိုယ့်ကိုရော ရှေးခေတ် ကျေးကျွန်တွေကိုပါ ယေဟောဝါ ဘယ်လို ထောက်မပေးကြောင်း ပြန်စဉ်းစားတဲ့အခါ စိတ်ငြိမ်သက်မှု ရလာမယ်။ ဘုရားကို ပိုယုံကြည်ကိုးစားလာမယ်။ (ဆာ. ၁၈:၁၇-၁၉) အကြီးအကဲ ညီအစ်ကို ဂျော်ရွှာက “အဖြေရတဲ့ ဆုတောင်းချက်တွေကို စာရင်းလုပ်ထားတယ်။ ဒါက ယေဟောဝါဆီ တစ်ခုခု သတ်သတ်မှတ်မှတ် တောင်းပြီး လိုအပ်တာ ရလိုက်တဲ့ အချိန်တွေကို ပြန်သတိရဖို့ ကူညီပေးတယ်” လို့ ပြောတယ်။ ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ပေးတာတွေကို ပြန်စဉ်းစားမယ်ဆိုရင် စိုးရိမ်ပူပန်မှုကို တိုက်ထုတ်နိုင်ဖို့ ခွန်အား ရလာမယ်။
၃။ လက်တွေ့လုပ်ဆောင်ပါ။ ဘာလုပ်မယ်ဆိုတာ မဆုံးဖြတ်ခင် ယုံကြည်စိတ်ချရဆုံး လမ်းညွှန် ဖြစ်တဲ့ ကျမ်းစာမှာ ရှာဖွေလေ့လာပါ။ (ဆာ. ၁၉:၇၊ ၁၁) ကျမ်းချက်တစ်ခုကို ရှာဖွေလေ့လာတဲ့အခါ ကိုယ့်ဘဝနဲ့ ဘယ်လို သက်ဆိုင်ကြောင်း ပိုနားလည်လာလေ့ရှိတာကို လူများစွာ တွေ့ရှိကြတယ်။ အကြီးအကဲ ညီအစ်ကို ဂျဲရက်က “အဲဒီလို ရှာဖွေလေ့လာတဲ့အခါ ကျမ်းချက်ကို ရှုထောင့် အမျိုးမျိုးကနေ မြင်တတ်လာတယ်။ ယေဟောဝါ ပြောချင်တာကို ပိုသဘောပေါက်လာတယ်။ စိတ်နှလုံးထဲ စိမ့်ဝင်သွားပြီး လက်တွေ့ကျင့်သုံးဖို့ အကူအညီ ဖြစ်စေတယ်” လို့ ပြောတယ်။ ကျမ်းစာမှာ ပါတဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ရှာဖွေပြီး အဲဒီအတိုင်း လုပ်ဆောင်မယ်ဆိုရင် စိုးရိမ်ပူပန်မှုကို အောင်မြင်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။
အောင်မြင်ဖို့ ယေဟောဝါ ကူညီမယ်
စိုးရိမ်ပူပန်မှုကို အောင်မြင်စွာ ဖြေရှင်းဖို့ဆိုရင် ယေဟောဝါရဲ့ အကူအညီ လိုအပ်ကြောင်း ဒါဝိဒ် နားလည်တယ်။ ဘုရားရဲ့ ကူညီထောက်မမှုကို ကျေးဇူးတင်လွန်းလို့ “ဘုရားသခင် ပေးတဲ့ ခွန်အားကြောင့် မြို့ရိုးကို တက်နိုင်ပြီ။ စစ်မှန်တဲ့ ဘုရားသခင်က ငါ့ကို အစွမ်းခွန်အားနဲ့ လွှမ်းခြုံပေးတယ်” လို့ ပြောတယ်။ (ဆာ. ၁၈:၂၉၊ ၃၂) ကျွန်တော်တို့လည်း ကြုံနေရတဲ့ အခက်အခဲတွေဟာ တက်လို့ မရနိုင်တဲ့ မြို့ရိုးလိုပဲလို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ မြို့ရိုးနဲ့ တူတဲ့ ဘယ်လို အခက်အခဲကိုမဆို ယေဟောဝါရဲ့ အကူအညီနဲ့ ကျော်လွှားနိုင်ပါတယ်။ ယေဟောဝါဆီ ဆုတောင်းပြီး အကူအညီတောင်းမယ်၊ ဘုရား လုပ်ပေးတာတွေကို ပြန်စဉ်းစားမယ်၊ ဘုရား လမ်းညွှန်တဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် စိုးရိမ်ပူပန်မှုတွေကို အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ခွန်အားနဲ့ ဉာဏ်ပညာ ရမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။
a ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုကိုတော့ ဆရာဝန်နဲ့ ပြပြီး ကုသသင့်တယ်။