မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၈

ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ပြီး ပြည့်မီအောင် ကြိုးစားပါ

ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ပြီး ပြည့်မီအောင် ကြိုးစားပါ

“အဲဒီအရာတွေကို ဆင်ခြင်သုံးသပ်ပါ။ လူအားလုံးရှေ့ မင်းရဲ့ တိုးတက်မှုကို ထင်ရှားမြင်သာစေဖို့ အဲဒီအရာတွေမှာ အာရုံနှစ်ထားပါ။”—၁ တိ. ၄:၁၅

သီချင်း ၈၄ တက်လှမ်းပါ

အကြိုသုံးသပ်ချက် a

၁။ ဘယ်လို ဘုရားရေးရာ ပန်းတိုင်တွေ ချနိုင်သလဲ။

 ခရစ်ယာန်စစ်တွေအနေနဲ့ ယေဟောဝါကို ကျွန်တော်တို့ ချစ်ကြတယ်။ ဘုရားအမှုတော်မှာ အကောင်းဆုံး ပေးဆက်ချင်ကြတယ်။ အဲဒီလို ပေးဆက်နိုင်ဖို့ ခရစ်ယာန် အရည်အသွေးတွေ မွေးမြူခြင်း၊ အသုံးဝင်တဲ့ အတတ်ပညာတွေ သင်ယူခြင်း၊ တခြားသူတွေရဲ့ အကျိုးဆောင်ဖို့ နည်းလမ်းရှာခြင်း စတဲ့ ဘုရားရေးရာ ပန်းတိုင်တွေ ချထားဖို့ လိုတယ်။ b

၂။ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ပြီး ပြည့်မီအောင် ဘာကြောင့် ကြိုးစားသင့်သလဲ။

ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ဖို့ ဘာကြောင့် လိုသလဲ။ အဓိကကတော့ မေတ္တာရှင် ကောင်းကင်ဖခင်ကို ပျော်ရွှင်စေချင်လို့ပဲ။ အမှုတော်မှာ ကျွန်တော်တို့ရဲ့ အစွမ်းအစ၊ အရည်အချင်းတွေကို အပြည့်အဝ အသုံးချနေတာ မြင်တဲ့အခါ ယေဟောဝါ ပျော်ရွှင်တယ်။ ဒါ့အပြင် ညီအစ်ကို/မတွေကို ပိုကူညီပေးချင်လို့ ဘုရားရေးရာဘက် တိုးတက်ဖို့ ကြိုးစားကြတယ်။ (၁ သက်. ၄:၉၊ ၁၀) အမှန်တရားမှာ ရှိတာ ဘယ်လောက်ပဲ ကြာနေပါစေ ဘုရားရေးရာဘက် တိုးတက်အောင် လုပ်နိုင်တယ်။ ဘယ်လို လုပ်နိုင်ကြောင်း ကြည့်ကြစို့။

၃။ ၁ တိမောသေ ၄:၁၂-၁၆ အရ တိမောသေကို ဘာလုပ်ဖို့ တမန်တော် ပေါလု အားပေးသလဲ။

လူငယ် တိမောသေဆီ တမန်တော် ပေါလု ပထမစာ ရေးတုန်းက တိမောသေဟာ အတွေ့အကြုံ ရှိတဲ့ အကြီးအကဲ ဖြစ်နေပြီ။ ဒါပေမဲ့ ဘုရားရေးရာဘက်မှာ ဆက်တိုးတက်နေဖို့ ပေါလု အားပေးတယ်။ (၁ တိမောသေ ၄:၁၂-၁၆ ကို ဖတ်ပါ။) ပေါလုရဲ့ စကားတွေအရ တိမောသေကို ကဏ္ဍနှစ်ခုမှာ တိုးတက်စေချင်တယ်– ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းစတဲ့ ခရစ်ယာန် အရည်အသွေးတွေ မွေးမြူခြင်း၊ လူတွေရှေ့ ကျမ်းစာဖတ်တာ၊ အားပေးနှိုးဆော်တာ၊ သွန်သင်တာ စတဲ့ အရည်အချင်းတွေ တိုးတက်ခြင်းတို့ ဖြစ်တယ်။ တိမောသေရဲ့ ပုံနမူနာကို သုံးသပ်ရင်း သင့်တော်တဲ့ ပန်းတိုင်တွေက ဘုရားရေးရာဘက် တိုးတက်ဖို့ ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်ကြောင်း ဆွေးနွေးကြမယ်။ အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်တဲ့ နည်းတွေကိုလည်း ဆွေးနွေးကြမယ်။

ခရစ်ယာန် အရည်အသွေးတွေ မွေးမြူခြင်း

၄။ ဖိလိပ္ပိ ၂:၁၉-၂၂ အရ ယေဟောဝါရဲ့ အမှုတော်မှာ အသုံးဝင်သူ ဖြစ်ဖို့ တိမောသေကို ဘာက ကူညီပေးသလဲ။

ယေဟောဝါရဲ့ အမှုတော်မှာ အသုံးဝင်သူ ဖြစ်ဖို့ တိမောသေကို ဘာက ကူညီပေးသလဲ။ တိမောသေရဲ့ ထူးခြားတဲ့ ခရစ်ယာန် အရည်အသွေးတွေပါပဲ။ (ဖိလိပ္ပိ ၂:၁၉-၂၂ ကို ဖတ်ပါ။) ပေါလုရဲ့ စကားအရ တိမောသေဟာ နှိမ့်ချတယ်။ သစ္စာရှိတယ်။ လုံ့လဝီရိယ ရှိတယ်။ အားကိုးရသူ ဖြစ်တယ်။ ညီအစ်ကိုတွေကို ချစ်ပြီး ဂရုစိုက်တယ်။ ဒါကြောင့် တိမောသေကို ပေါလု ချစ်တယ်။ ခက်ခဲတဲ့ တာဝန်တွေကို စိတ်ချလက်ချ လွှဲပေးတယ်။ (၁ ကော. ၄:၁၇) အဲဒီလိုပဲ ကျွန်တော်တို့လည်း ဘုရား နှစ်သက်တဲ့ အရည်အသွေးတွေ မွေးမြူခြင်းအားဖြင့် အသင်းတော်အတွက် ပိုအသုံးဝင်သူတွေ ဖြစ်လာမယ်။ ယေဟောဝါလည်း ချစ်မယ်။—ဆာ. ၂၅:၉။ ၁၃၈:၆

ပိုတိုးတက်ချင်တဲ့ ခရစ်ယာန် အရည်အသွေးကို သိအောင် လုပ်ပါ (စာပိုဒ် ၅-၆ ကို ကြည့်ပါ)

၅။ (က) ကိုယ်တိုးတက်ဖို့ လိုနေတဲ့ ခရစ်ယာန် အရည်အသွေးတွေကို ဘယ်လို သိမလဲ။ (ခ) ရုပ်ပုံမှာ ဖော်ပြတဲ့အတိုင်း တခြားသူကို ထောက်ထားစာနာတတ်ဖို့ ဆိုတဲ့ ပန်းတိုင် ပြည့်မီအောင် ညီအစ်မငယ် ဘယ်လို လုပ်ဆောင်သလဲ။

သတ်သတ်မှတ်မှတ် ပန်းတိုင်ချပါ။ ကိုယ်တိုးတက်ဖို့ လိုနေတဲ့ အရည်အသွေးကို သိဖို့ အသေအချာ ဆုတောင်း သုံးသပ်ပါ။ ကိုယ်တိုးတက်ချင်တဲ့ အရည်အသွေး တစ်ခုကို ရွေးပါ။ ဥပမာ၊ ပိုထောက်ထားစာနာတတ်ဖို့၊ ယုံကြည်သူချင်းတွေကို ပိုကူညီပေးချင်စိတ် ရှိဖို့ ကြိုးစားနိုင်မလား။ သင့်သင့်မြတ်မြတ် နေဖို့၊ ခွင့်လွှတ်တတ်ဖို့ လိုနေသလား။ ကိုယ်တိုးတက်ဖို့ လိုတဲ့ အပိုင်းကို သိဖို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေဆီ အကြံတောင်းတာလည်း အကျိုးရှိတယ်။—ပညာ. ၂၇:၆

၆။ ကိုယ်ပန်းတိုင်ထားတဲ့ အရည်အသွေး ပြည့်မီဖို့ ဘယ်လို လုပ်နိုင်သလဲ။

ပန်းတိုင် ပြည့်မီအောင် ကြိုးစားပါ။ ဘယ်လို လုပ်နိုင်သလဲ။ တစ်နည်းကတော့ ကိုယ်တိုးတက်ချင်တဲ့ အရည်အသွေးအကြောင်း သေသေချာချာ လေ့လာခြင်းအားဖြင့်ပါပဲ။ တခြားသူကို ပိုခွင့်လွှတ်တတ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ် ဆိုပါစို့။ တခြားသူတွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သူ၊ ခွင့်မလွှတ်သူတွေအကြောင်း ကျမ်းစာမှတ်တမ်းတွေကို ဖတ်ပြီး တွေးတောဆင်ခြင်နိုင်တယ်။ ယေရှုရဲ့ ပုံသက်သေကို စဉ်းစားကြည့်ပါ။ ယေရှုဟာ တခြားသူတွေကို လိုလိုလားလား ခွင့်လွှတ်တယ်။ (လု. ၇:၄၇၊ ၄၈) အတိတ်က အမှားတွေကို မဟုတ်ဘဲ သူတို့ရဲ့ အလားအလာကောင်းကို အာရုံစိုက်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ယေရှုခေတ်က ဖာရိရှဲတွေကတော့ ‘သူတစ်ပါးကို အထင်သေးတယ်။’ (လု. ၁၈:၉) အဲဒီဥပမာတွေကို သုံးသပ်ပြီးနောက် ‘ငါကော တခြားသူတွေကို ဘယ်လို မြင်သလဲ။ တခြားသူတွေရဲ့ ဘယ်အရည်အသွေးတွေကို အာရုံစိုက်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့ ခက်နေရင် အဲဒီလူရဲ့ အရည်အသွေးကောင်းတွေကို ချရေးပါ။ ‘ယေရှုသာဆိုရင် သူ့ကို ဘယ်လို မြင်မလဲ။ ခွင့်လွှတ်မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အဲဒီလို လေ့လာတာက ကိုယ့်အတွေးအခေါ်ကို ပြုပြင်ဖို့ ကူညီပေးနိုင်တယ်။ ကိုယ့်ကို ထိခိုက်အောင် လုပ်တဲ့သူကို ခွင့်လွှတ်ဖို့ အစပိုင်းမှာ အပြင်းအထန် ကြိုးစားရနိုင်တယ်။ ဒါပေမဲ့ ဆက်ကြိုးစားမယ်ဆိုရင် ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်နိုင်လာပါလိမ့်မယ်။

အသုံးဝင်တဲ့ အတတ်ပညာတွေ သင်ယူခြင်း

နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေး ဘယ်လို လုပ်တယ်ဆိုတာ သင်ယူပါ (စာပိုဒ် ၇ ကို ကြည့်ပါ) e

၇။ ပညာအလိမ္မာ ၂၂:၂၉ နဲ့အညီ ဒီနေ့ခေတ် အလုပ်ကျွမ်းကျင်သူတွေကို ယေဟောဝါ ဘယ်လိုနည်းတွေနဲ့ အသုံးပြုနေသလဲ။

ချမှတ်နိုင်တဲ့ နောက်ပန်းတိုင်ကတော့ အသုံးဝင်တဲ့ အတတ်ပညာ တစ်ခုခု သင်ယူခြင်း ဖြစ်တယ်။ ဗေသလ အဆောက်အအုံ၊ စည်းဝေးပွဲခန်းမ၊ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးတွေမှာ လုပ်သား အများကြီး လိုနေတာ စဉ်းစားကြည့်ပါ။ လုပ်သားအများစုဟာ အတွေ့အကြုံ ရှိသူတွေနဲ့ တွဲဖက်လုပ်ဆောင်ခြင်းကနေ အတတ်ပညာတွေ ကျွမ်းကျင်လာကြတယ်။ ရုပ်ပုံမှာ ပြထားတဲ့အတိုင်း ညီအစ်ကိုတွေရော ညီအစ်မတွေပါ စည်းဝေးပွဲခန်းမ၊ နိုင်ငံတော်ခန်းမတွေ ပြုပြင်ထိန်းသိမ်းရာမှာ ကူညီပေးနိုင်ဖို့ သင်ယူကြတယ်။ “ထာဝရဘုရင်” ယေဟောဝါနဲ့ ‘ဘုရင်တို့ရဲ့ ဘုရင်’ ယေရှုခရစ်တို့ဟာ အဲဒီလို အလုပ်ကျွမ်းကျင်သူတွေကို သုံးပြီး အံ့ဖွယ်လုပ်ငန်းတွေ ပြီးမြောက်အောင် လုပ်နေတယ်။ (၁ တိ. ၁:၁၇။ ၆:၁၅။ ပညာအလိမ္မာ ၂၂:၂၉ ကို ဖတ်ပါ။) ကိုယ့်ဂုဏ်တက်ဖို့ မဟုတ်ဘဲ ယေဟောဝါကို ဂုဏ်တင်ဖို့ ကျွန်တော်တို့ရဲ့ အတတ်ပညာတွေကို အသုံးပြုချင်ကြပါတယ်။—ယော. ၈:၅၄

၈။ ဘယ်အတတ်ပညာကို သင်ယူမယ်ဆိုတာ ဘယ်လို ရွေးချယ်နိုင်သလဲ။

သတ်သတ်မှတ်မှတ် ပန်းတိုင်ချပါ။ ဘယ်အတတ်ပညာကို သင်ယူချင်သလဲ။ ဘယ်အပိုင်းကို ကျွမ်းကျင်အောင် သင်ယူရမလဲဆိုတာ သိဖို့ အသင်းတော် အကြီးအကဲ ဒါမှမဟုတ် တိုက်နယ်ကြီးကြပ်မှူးကို မေးပါ။ ဥပမာ၊ စကားပြောစွမ်းရည်၊ သွန်သင်ခြင်းစွမ်းရည် တိုးတက်ဖို့ သူတို့ အကြံပေးတယ်ဆိုရင် ဘယ်အရည်အသွေးလဲဆိုတာ သတ်သတ်မှတ်မှတ် ပြောပြဖို့ မေးနိုင်တယ်။ ပြီးနောက် တိုးတက်အောင် ကြိုးစားပါ။ ဘယ်လိုနည်းနဲ့လဲ။

၉။ စွမ်းရည်တစ်ခုခု သင်ယူခြင်းနဲ့ပတ်သက်ပြီး သင့်ပန်းတိုင် ပြည့်မီဖို့ ဘယ်လို လုပ်နိုင်သလဲ။

ပန်းတိုင် ပြည့်မီအောင် ကြိုးစားပါ။ သင်ဟာ သွန်သင်ခြင်းစွမ်းရည် တိုးတက်ချင်တယ် ဆိုပါစို့။ ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ စာစောင်ကို အသေအချာ လေ့လာပါ။ ကြားရက်အစည်းအဝေးမှာ တာဝန်ရတယ်ဆိုရင် အရည်အချင်းရှိတဲ့ ညီအစ်ကိုကို အရင် နားထောင်ခိုင်းပြီး တိုးတက်ဖို့ လိုတဲ့ အပိုင်းကို အကြံပေးဖို့ အကူအညီ တောင်းနိုင်တယ်။ ကျွမ်းကျင်သူ ဖြစ်တယ် ဆိုတာလောက်သာ မဟုတ်ဘဲ ဝီရိယရှိသူ၊ ယုံကြည်စိတ်ချထိုက်သူ ဖြစ်တယ်ဆိုတဲ့ နာမည်ကောင်း ရဖို့ ကြိုးစားပါ။—ပညာ. ၂၁:၅။ ၂ ကော. ၈:၂၂

၁၀။ ကျွန်တော်တို့ လိုအပ်တဲ့ စွမ်းရည် တိုးတက်အောင် ဘယ်လို သင်ယူနိုင်ကြောင်း ဥပမာပေးပါ။

၁၀ သင် တိုးတက်ချင်တဲ့ စွမ်းရည်ဟာ သင့်အတွက် သိပ်ခက်နေတယ်ဆိုရင်ကော။ လက်မလျှော့ပါနဲ့။ ညီအစ်ကို ဂယ်ရီဟာ စာသိပ်မဖတ်နိုင်ဘူး။ အသင်းတော် အစည်းအဝေးတွေမှာ အသံကျယ်ကျယ်နဲ့ စာဖတ်ဖို့ ဘယ်လောက် အခက်ကြုံခဲ့ရတယ်ဆိုတာ မှတ်မိနေတုန်းပဲ။ ဒါပေမဲ့ သူ ဆက်ကြိုးစားတယ်။ သူ ရခဲ့တဲ့ လေ့ကျင့်မှုတွေကြောင့် အခုဆိုရင် နိုင်ငံတော်ခန်းမမှာ၊ တိုက်နယ်အစည်းအဝေးနဲ့ ခရိုင်အစည်းအဝေးတွေမှာ ဟောပြောချက်တွေ ပေးနိုင်ပြီ။

၁၁။ တိမောသေလိုပဲ ထပ်ဆင့် တာဝန်တွေအတွက် အရည်အချင်း ပြည့်မီလာဖို့ ဘာက ကူညီပေးမလဲ။

၁၁ တိမောသေ အဟောအပြောကောင်းသူ ဖြစ်လာသလား။ ကျမ်းစာမှာ မပြောထားဘူး။ ဒါပေမဲ့ ပေါလုရဲ့ အကြံပေးချက်ကို လိုက်လျှောက်လို့ တာဝန်တွေကို ပိုထိထိရောက်ရောက် လုပ်နိုင်လာတယ်ဆိုတာ သေချာတယ်။ (၂ တိ. ၃:၁၀) အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ စွမ်းရည်တွေ တိုးတက်အောင် ကြိုးစားမယ်ဆိုရင် ထပ်ဆင့် တာဝန်တွေအတွက် အရည်အချင်း ပြည့်မီလာပါလိမ့်မယ်။

တခြားသူတွေရဲ့ အကျိုးဆောင်ဖို့ နည်းလမ်းရှာခြင်း

၁၂။ တခြားသူတွေရဲ့ အကူအညီကနေ သင် ဘယ်လို အကျိုးရနေသလဲ။

၁၂ တခြားသူတွေရဲ့ အကူအညီကနေ ကျွန်တော်တို့ အားလုံး အကျိုးရနေကြတယ်။ ဥပမာ၊ ကျွန်တော်တို့ ဆေးရုံတက်တဲ့အခါ ဆေးရုံဆက်သွယ်ရေး ကော်မတီ ဒါမှမဟုတ် လူနာလည်ပတ်ရေး အုပ်စုမှာ ရှိတဲ့ အကြီးအကဲတွေရဲ့ လည်ပတ်အားပေးမှုအတွက် ကျေးဇူးတင်ကြတယ်။ အခက်အခဲ ကြုံရချိန်မှာ ကျွန်တော်တို့စကားကို အကြီးအကဲတွေ ဂရုစိုက်နားထောင်ပေးပြီး နှစ်သိမ့်ပေးလို့ သိပ်ကျေးဇူးတင်ကြတယ်။ ကျမ်းစာသင်အံမှု လုပ်ဖို့ အကူအညီ လိုတဲ့အခါ အတွေ့အကြုံရှိ ရှေ့ဆောင်တစ်ယောက် အတူလိုက်ပေးပြီး အကြံပေးတဲ့အတွက် ကျေးဇူးတင်ကြတယ်။ ကျွန်တော်တို့ကို ကူညီပေးရလို့ အဲဒီညီအစ်ကို/မတွေ ပျော်ရွှင်မှု ခံစားကြရတယ်။ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေကို ကူညီပေးခြင်းအားဖြင့် အဲဒီလို ပျော်ရွှင်မှု ခံစားနိုင်ပါတယ်။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” လို့ ယေရှု ပြောတယ်။ (တ. ၂၀:၃၅) အဲဒီနည်းတွေ ဒါမှမဟုတ် တခြားနည်းတွေနဲ့ ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်ချင်တယ်ဆိုရင် ဘာက ကူညီပေးနိုင်သလဲ။

၁၃။ ပန်းတိုင် ချမှတ်တဲ့အခါ ဘယ်အချက်ကို မှတ်ထားသင့်သလဲ။

၁၃ သတ်သတ်မှတ်မှတ် မဟုတ်တဲ့ ပန်းတိုင်ချတာမျိုးကို ရှောင်ပါ။ ဥပမာ၊ ‘အသင်းတော်မှာ ပိုလုပ်ဆောင်ချင်တယ်’ ဆိုပြီး စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ အဲဒီလို ပန်းတိုင်မျိုးကို ဘယ်အချိန်မှာ ဘယ်လို ပြည့်မီနိုင်မလဲဆိုတာ သိဖို့ ခက်နိုင်တယ်။ ဒါကြောင့် သတ်သတ်မှတ်မှတ်၊ တိတိကျကျ ပန်းတိုင် ချမှတ်ပါ။ အဲဒီပန်းတိုင်ကို ချရေးပါ။ ဘယ်လို ပြည့်မီအောင် လုပ်မယ်ဆိုတာလည်း ချရေးပါ။

၁၄။ ပန်းတိုင် ချမှတ်တဲ့အခါ ပြောင်းသာလဲသာ ရှိဖို့ ဘာကြောင့် လိုအပ်သလဲ။

၁၄ ပန်းတိုင် ချမှတ်တဲ့အခါ ပြောင်းသာလဲသာ ရှိဖို့တော့ လိုတယ်။ ဘာကြောင့်လဲ။ အခြေအနေတွေကို ကျွန်တော်တို့ အပြည့်အဝ မထိန်းချုပ်နိုင်လို့ပဲ။ ဥပမာ၊ တမန်တော် ပေါလုဟာ သက်သာလောနိတ်မြို့မှာ အသင်းတော်သစ် ဖွင့်ဖို့ ကူညီပေးခဲ့တယ်။ ကိုယ်တိုင် အဲဒီမှာနေပြီး ခရစ်ယာန်သစ် ဖြစ်လာသူတွေကို ကူညီပေးချင်မှာ သေချာတယ်။ ဒါပေမဲ့ ဆန့်ကျင်သူတွေကြောင့် အဲဒီမြို့ကနေ ပေါလု ထွက်သွားရတယ်။ (တ. ၁၇:၁-၅၊ ၁၀) ဆက်နေမယ်ဆိုရင် သူ့ကြောင့် ညီအစ်ကိုတွေ ဒုက္ခရောက်နိုင်တယ်။ ဒါပေမဲ့ ပေါလု လက်မလျှော့ဘူး။ အခြေအနေနဲ့အညီ ပြောင်းလဲခဲ့တယ်။ နောက်ပိုင်း၊ သက်သာလောနိတ်မြို့က ခရစ်ယာန်သစ်တွေရဲ့ ယုံကြည်ခြင်း ခိုင်မာလာအောင် ကူညီပေးဖို့ တိမောသေကို စေလွှတ်တယ်။ (၁ သက်. ၃:၁-၃) လိုအပ်နေတဲ့ ဘယ်နေရာကိုမဆို သွားဖို့ တိမောသေ လိုလိုလားလား ရှိခဲ့တဲ့အတွက် သက်သာလောနိတ်မြို့သားတွေ သိပ်ဝမ်းသာကြမှာ သေချာတယ်။

၁၅။ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေက ပန်းတိုင်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။ ဥပမာပေးပါ။

၁၅ သက်သာလောနိတ်မြို့မှာ ပေါလု ကြုံခဲ့တာကနေ သင်ယူနိုင်တယ်။ အမှုဆောင်လုပ်ငန်းမှာ အခွင့်ထူးတစ်ခု ရဖို့ ကျွန်တော်တို့ ပန်းတိုင်ချပေမဲ့ ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြေအနေ အပြောင်းအလဲတွေကြောင့် မပြည့်မီဘဲ ဖြစ်နေနိုင်တယ်။ (ဒေ. ၉:၁၁) အဲဒီလို ဖြစ်နေတယ်ဆိုရင် ကိုယ်လက်လှမ်းမီတဲ့ တခြားပန်းတိုင်တစ်ခု ပြောင်းလိုက်ပါ။ တက်ဒ်နဲ့ ဟိုင်းဒီဆိုတဲ့ မောင်နှံ အဲဒီလို လုပ်ခဲ့ကြတယ်။ ကျန်းမာရေး ပြဿနာကြောင့် ဗေသလကနေ နားလိုက်ရတယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်တဲ့စိတ်ကြောင့် အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်ဖို့ နည်းလမ်း ရှာကြတယ်။ ဦးဆုံး၊ မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ နောက်တော့ အထူးရှေ့ဆောင်တွေအဖြစ် ခန့်အပ်ခံရတယ်။ အရန်တိုက်နယ်အဖြစ် တက်ဒ် လေ့ကျင့်ခံရတယ်။ နောက်ပိုင်း၊ တိုက်နယ်ကြီးကြပ်မှူးတွေကို အသက်အရွယ် ကန့်သတ်လိုက်တဲ့အတွက် ဒီအခွင့်ထူးမှာ ဆက်လုပ်ဖို့ အသက်ကြီးလွန်းနေမှန်း သိလာတယ်။ စိတ်ဓာတ်ကျသွားပေမဲ့ ယေဟောဝါအတွက် တခြားနည်းတွေနဲ့ အမှုဆောင်နိုင်မှန်း အသိအမှတ်ပြုကြတယ်။ “အမှုဆောင်လုပ်ငန်း ပုံစံတစ်မျိုးတည်းကိုပဲ အာရုံစိုက်မနေဖို့ ကျွန်တော်တို့ သင်ယူခဲ့ရတယ်” လို့ တက်ဒ် ပြောတယ်။

၁၆။ ဂလာတိ ၆:၄ ကနေ ဘာသင်ခန်းစာ ရသလဲ။

၁၆ ဘဝမှာ ကြုံရတဲ့ အခြေအနေ အားလုံးကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ဒါကြောင့် ယေဟောဝါရှေ့ ကိုယ့်တန်ဖိုးကို ကိုယ်ရထားတဲ့ အခွင့်ထူးနဲ့ တန်ဖိုးမဖြတ်ဖို့၊ ကိုယ့်အခွင့်ထူးကို တခြားသူတွေ ရထားတဲ့ အခွင့်ထူးနဲ့ မနှိုင်းယှဉ်ဖို့ အရေးကြီးတယ်။ “တခြားသူတွေရဲ့ ဘဝနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်နေမယ်ဆိုရင် ပျော်ရွှင်မှု ပျောက်သွားလိမ့်မယ်” လို့ ဟိုင်းဒီ ပြောတယ်။ (ဂလာတိ ၆:၄ ကို ဖတ်ပါ။) ယေဟောဝါရဲ့ အမှုတော်မှာ၊ တခြားသူတွေကို ကူညီရာမှာ အသုံးခံနိုင်တဲ့ နည်းတွေကို ရှာနေဖို့ အရေးကြီးတယ်။ c

၁၇။ အခွင့်ထူးတွေအတွက် အရည်အချင်း ပြည့်မီအောင် ဘာလုပ်နိုင်သလဲ။

၁၇ ကိုယ့်ဘဝကို ရိုးရိုးရှင်းရှင်းထားပြီး မလိုအပ်ဘဲ အကြွေး မယူခြင်းအားဖြင့် ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ ရေရှည်ပန်းတိုင် ပြည့်မီဖို့ ကူညီပေးမယ့် ရေတိုပန်းတိုင်တွေ ချပါ။ ဥပမာ၊ မှန်မှန်ရှေ့ဆောင် လုပ်ဖို့ ရေရှည်ပန်းတိုင် ထားတယ်ဆိုရင် အခုကတည်းက အရန်ရှေ့ဆောင် ဆက်တိုက် လုပ်ကြည့်နိုင်မလား။ အသင်းတော် အမှုထမ်း ဖြစ်ဖို့ ပန်းတိုင် ထားတယ်ဆိုရင် အမှုဆောင်မှာ ပိုပါဝင်ဖို့၊ အသင်းတော်က အသက်ကြီးသူတွေနဲ့ ဖျားနာနေသူတွေဆီ လည်ပတ်ဖို့ အချိန် ပိုပေးနိုင်မလား။ အခု ရလာတဲ့ အတွေ့အကြုံတွေက နောင်တစ်ချိန် အမှုတော်မှာ အခွင့်ထူးတွေ ရဖို့ အကူအညီ ဖြစ်စေနိုင်တယ်။ ဘယ်တာဝန်ပဲ ရရ အကောင်းဆုံး လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။—ရော. ၁၂:၁၁

ကိုယ်လက်လှမ်းမီတဲ့ ပန်းတိုင် ချပါ (စာပိုဒ် ၁၈ ကို ကြည့်ပါ) f

၁၈။ ရုပ်ပုံမှာ ဖော်ပြထားတဲ့ ဗယ်ဗာလီရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။

၁၈ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ဖို့၊ ပြည့်မီဖို့ အသက်ကြီးလွန်းတယ်ဆိုတာ မရှိဘူး။ အသက် ၇၅ နှစ်အရွယ် ညီအစ်မ ဗယ်ဗာလီရဲ့ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ ကျန်းမာရေး ပြဿနာကြောင့် လမ်းသိပ်မလျှောက်နိုင်ဘူး။ ဒါပေမဲ့ အောက်မေ့ရာပွဲ ကင်ပိန်းမှာ အပြည့်အဝ ပါဝင်ချင်တဲ့အတွက် သတ်သတ်မှတ်မှတ် ပန်းတိုင်ချတယ်။ ကင်ပိန်းမှာ ပန်းတိုင် ပြည့်မီခဲ့လို့ သိပ်ပျော်သွားတယ်။ ညီအစ်မရဲ့ လုပ်ရပ်က အမှုဆောင်မှာ ပိုပါဝင်ဖို့ တခြားသူတွေကို လှုံ့ဆော်ပေးတယ်။ အခြေအနေ အကန့်အသတ် ဖြစ်နေတဲ့ကြား အတတ်နိုင်ဆုံး လုပ်ဆောင်နေတဲ့ သက်ကြီး ညီအစ်ကို/မတွေကို ယေဟောဝါ တန်ဖိုးထားတယ်။—ဆာ. ၇၁:၁၇၊ ၁၈

၁၉။ ချမှတ်နိုင်တဲ့ ဘုရားရေးရာ ပန်းတိုင်တချို့က ဘာတွေလဲ။

၁၉ လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်တွေ ချမှတ်ပါ။ ယေဟောဝါရဲ့ နှစ်သက်မှု ရစေတဲ့ အရည်အသွေးတွေ မွေးမြူပါ။ ဘုရားသခင်နဲ့ အဖွဲ့အစည်းအတွက် အသုံးဝင်စေမယ့် အတတ်ပညာတွေ သင်ယူပါ။ ညီအစ်ကို/မတွေအတွက် ပိုအကျိုးဆောင်နိုင်ဖို့ နည်းလမ်းရှာပါ။ d ယေဟောဝါရဲ့ ကောင်းချီးကြောင့် တိမောသေလိုပဲ ‘လူအားလုံးရှေ့ သင့်ရဲ့ တိုးတက်မှု ထင်ရှားမြင်သာလာပါလိမ့်မယ်။’—၁ တိ. ၄:၁၅

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

a တိမောသေဟာ သတင်းကောင်း ဟောပြောရာမှာ ကျွမ်းကျင်သူ ဖြစ်တယ်။ ဒါပေမဲ့ ဘုရားရေးရာ​ဘက်မှာ ဆက်တိုးတက်နေဖို့ တမန်တော် ပေါလု တိုက်တွန်းတယ်။ ပေါလုရဲ့ အကြံပေးချက်ကို လိုက်နာလို့ တိမောသေဟာ ယေဟောဝါအတွက်ရော ညီအစ်ကို/မတွေအတွက်ပါ ပိုအသုံးဝင်သူ ဖြစ်လာတယ်။ သင်လည်း ယေဟောဝါနဲ့ ညီအစ်ကို/မတွေအတွက် ပိုအသုံးဝင်သူ ဖြစ်ချင်မှာပဲ။ အဲဒီလိုဖြစ်ဖို့ ဘယ်ပန်းတိုင်တွေက ကူညီပေးမလဲ။ အဲဒီပန်းတိုင်တွေကို ဘယ်လို ပြည့်မီနိုင်မလဲ။

b စကားလုံး ရှင်းလင်းချက်– ဘုရားရေးရာ ပန်းတိုင်တွေထဲမှာ ယေဟောဝါရဲ့ အမှုတော်မှာ အပြည့်အဝ ပါဝင်ဖို့၊ ဘုရားရဲ့ စိတ်ရွှင်လန်းစေဖို့ ကြိုးစားလုပ်ဆောင်မှု အားလုံး ပါဝင်တယ်။

c ယေဟောဝါရဲ့ အလိုတော် ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်၊ အခန်း ၁၀ “ပိုလိုအပ်တဲ့ နေရာမှာ အမှုဆောင်ခြင်း” စာပိုဒ် ၆-၉ ကို ကြည့်ပါ။

d ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာ ၆၀၊ “ဆက်တိုးတက်နေပါ” ကို ကြည့်ပါ။

e ပုံအညွှန်း– ပြုပြင်ထိန်းသိမ်းရေးအတွက် ညီအစ်မ​နှစ်ယောက်ကို ညီအစ်ကို လေ့ကျင့်ပေးနေ။ နောက်ပိုင်း၊ တတ်လာတာကို သူတို့ အသုံးချနေ။

f ပုံအညွှန်း– အိမ်ပြင် မထွက်နိုင်တဲ့ ညီအစ်မဟာ ဖုန်းသက်သေခံခြင်းအားဖြင့် အောက်မေ့ရာပွဲအတွက် လူတွေကို ဖိတ်ခေါ်နေ။