မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၇

မိခင်တို့၊ ဥနိတ်ရဲ့ ပုံသက်သေကနေ သင်ယူပါ

မိခင်တို့၊ ဥနိတ်ရဲ့ ပုံသက်သေကနေ သင်ယူပါ

“မိခင်ရဲ့ သွန်သင်ချက်​ကို မပစ်ပယ်ပါနဲ့။ အဲဒီ​ဆုံးမ​သွန်သင်ချက်​တွေ​ဟာ မင်းရဲ့​ ခေါင်း​ပေါ်​က တင့်တယ်​တဲ့ ပန်းဦးရစ်၊ လည်မှာ ဆွဲ​ထား​တဲ့ လှပတဲ့​ လည်ဆွဲ​ပါ​ပဲ။”—ပညာ. ၁:၈၊ ၉

သီချင်း ၁၃၇ သစ္စာရှိ အမျိုးသမီးများ

အကြို​သုံးသပ်ချက် a

ခရစ်ယာန်​အဖြစ် တိမောသေ နှစ်ခြင်း​ခံ​တဲ့​အခါ မိခင် ဥနိတ်နဲ့ အဖွား လောအိ ဂုဏ်ယူ​ဝင့်ကြွား​စွာ ကြည့်​နေ (စာပိုဒ် ၁ ကို ကြည့်​ပါ)

၁-၂။ (က) ဥ​နိတ်​ဆိုတာ ဘယ်သူလဲ။ မိခင်​တစ်ယောက်​အဖြစ် ဘယ်​အခက်အခဲ​တွေ ရင်ဆိုင်ခဲ့​ရသလဲ။ (ခ) မျက်နှာဖုံး​ပုံ​နဲ့​ပတ်သက်ပြီး မှတ်ချက်​ပေး​ပါ။

 တိမောသေ နှစ်ခြင်း​ခံ​တဲ့​အကြောင်း ကျမ်းစာ​မှာ မဖော်​ပြ​ထား​ပေမဲ့ အဲဒီ​နေ့မှာ မိခင် ဥ​နိတ် ဘယ်လောက် ပျော်​နေ​မလဲ​ဆိုတာ မြင်ယောင်​ကြည့်​နိုင်တယ်။ (ပညာ. ၂၃:၂၅) ရေ​ထဲ ရပ်နေတဲ့ တိမောသေ​ကို ကြည့်​ရင်း ဂုဏ်ယူ​နေမှာ​ပဲ။ တိမောသေ​ရဲ့ အဖွား လောအိ​လည်း ဘေးမှာ ပြုံးပြုံးလေး ရပ်နေ​မယ်။ တိမောသေ ရေ​အောက် မြုပ်​သွားတဲ့အခါ ဥ​နိတ် ဖြည်းဖြည်းချင်း ပင့်သက်ရှိုက်​လိုက်တယ်။ တိမောသေ ရေ​ထဲ​ကနေ ပြန်​ပေါ်လာ​ချိန်မှာ​တော့ ဥ​နိတ် မျက်ရည် မထိန်းနိုင်​တော့​ဘူး။ ယေဟောဝါ​နဲ့ သားတော် ယေရှု​ခရစ်​ကို ချစ်​လာအောင် သားကို အောင်အောင်မြင်မြင် ပျိုးထောင်​နိုင်​ခဲ့ပြီ။ ဒီ​အခြေအနေ​ထိ ရောက်လာ​အောင် သွန်သင်​ပေးဖို့ ဘယ်​အခက်အခဲ​တွေ ကျော်ဖြတ်​ခဲ့​ရသလဲ။

ဘာသာရေး ခံယူ​ချက် မတူတဲ့ မိဘတွေ လက်အောက်မှာ တိမောသေ ကြီးပြင်း​လာတယ်။ အဖေက ဂရိ​လူမျိုး။ အမေနဲ့ အဖွား​က ဂျူး​လူမျိုး။ (တ. ၁၆:၁) ဥနိတ်နဲ့ လောအိ ခရစ်ယာန် ဘာသာ ပြောင်း​ဝင်​ချိန်မှာ တိမောသေ ဆယ်ကျော်သက်​အရွယ် ဖြစ်ပုံရ​တယ်။ အဖေက​တော့ ခရစ်ယာန် ဖြစ်​မလာ​ဘူး။ တိမောသေ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချ​နိုင်တဲ့ အရွယ် ဖြစ်ပုံရ​တဲ့​အတွက် ဘယ်ဘက် လိုက်မလဲ။ မယုံကြည်သူ​ ဖခင်​ဘက် လိုက်​မလား။ ကလေး​ကတည်းက သွန်သင်ခံ​ခဲ့​ရတဲ့ ဂျူး​ထုံးစံတွေ​နောက်​ပဲ ဆက်​လိုက်​မလား။ ယေရှုခရစ်ရဲ့ တပည့် လုပ်​မလား။

၃။ ပညာအလိမ္မာ ၁:၈၊ ၉ အရ ယေဟောဝါ​နဲ့ ရင်းနှီး​လာအောင် သားသမီးတွေကို ကူညီ​ပေး​တဲ့ မိခင်​တွေ​ကို ဘုရား ဘယ်လို သဘောထား​သလဲ။

ဒီနေ့​ခေတ်​မှာလည်း ခရစ်ယာန်​ မိခင်​တွေ​ဟာ မိသားစုကို ချစ်​ကြတယ်။ ယေဟောဝါ​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိ​လာအောင် သားသမီးတွေကို အတတ်နိုင်ဆုံး ကူညီ​ပေး​ချင်​ကြတယ်။ သူတို့ရဲ့ ကြိုးစား​အားထုတ်မှုကို ဘုရား သိပ်​တန်ဖိုးထား​တယ်။ (ပညာအလိမ္မာ ၁:၈၊ ၉ ကို ဖတ်ပါ။) အမှန်တရား လက်ခံ​လာအောင် သားသမီးတွေကို သွန်သင်ပေး​နိုင်​ဖို့ မိခင်များစွာ​ကို ကူညီ​ပေး​နေတယ်။

၄။ ဒီနေ့​ခေတ် မိခင်​တွေ ဘယ်​အခက်အခဲ​တွေ ကြုံနေ​ရသလဲ။

ကိုယ့်​သားသမီးတွေ ယေဟောဝါ​ကို ဝတ်ပြုဖို့ တိမောသေ​လို​ပဲ ရွေးချယ်​ပါ့​မလားလို့ မိခင်​တွေ စိုးရိမ်​မိနိုင်တယ်။ စာတန့်​လောကမှာ သားသမီးတွေ​အတွက် ဖိအား ဘယ်လောက်​များ​ကြောင်း မိဘတွေ သိတယ်။ (၁ ပေ. ၅:၈) အဲဒီအပြင် မိခင်များ​စွာ​ဟာ ခင်ပွန်း မရှိဘဲ ဒါမှ​မဟုတ် ယေဟောဝါ​ကို မကိုးကွယ်တဲ့ ခင်ပွန်း​နဲ့​အတူ သားသမီးတွေကို ပြုစု​ပျိုးထောင်​နေကြ​ရတယ်။ ဥပမာ၊ ညီအစ်မ ခရစ္စတင်း b ဒီလို​ပြော​တယ်– “ကျွန်မ​ခင်ပွန်း​ဟာ မိသားစုကို ချစ်တဲ့ ဖခင်ကောင်း​ပါ။ ဒါပေမဲ့ သားသမီးတွေကို ယေဟောဝါသက်သေ​အဖြစ် ပြုစု​ပျိုးထောင်​တာ​ကို​တော့ လုံးဝ မကြိုက်ဘူး။ သားသမီးတွေ ယေဟောဝါ​ကို ဝတ်ပြု​လာ​ပါ့​မလားလို့ စိုးရိမ်​ပူပန်​ရင်း နှစ်တွေ​တစ်လျှောက် ကျွန်မ အကြိမ်ပေါင်း​များစွာ ငို​ခဲ့​ရတယ်။”

၅။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

သင်ဟာ ခရစ်ယာန်​ မိခင် ဖြစ်​မယ်​ဆိုရင် ဥ​နိတ်​လို​ပဲ အောင်မြင်​နိုင်​ပါ​တယ်။ ကိုယ့်​အပြော၊ အပြုအမူနဲ့ သားသမီးတွေကို သွန်သင်ရာ​မှာ ဥ​နိတ်​ကို ဘယ်လို တုပ​နိုင်​ကြောင်း၊ ယေဟောဝါ ဘယ်လို ကူညီ​ပေး​မှာ ဖြစ်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

သားသမီးတွေကို ကိုယ့်​အပြော​နဲ့ သင်ပေးပါ

၆။ ၂ တိမောသေ ၃:၁၄၊ ၁၅ အရ တိမောသေ ခရစ်ယာန် ဘယ်လို ဖြစ်လာ​သလဲ။

မိခင်​ ဥ​နိတ်​ဟာ တိမောသေ ကလေး​တုန်း​က “သမ္မာကျမ်းစာ” အကြောင်း အတတ်နိုင်ဆုံး သင်ပေးတယ်။ ယေရှု​ခရစ်​အကြောင်း ဘာမှ မသိသေးတဲ့​အတွက် ဥ​နိတ်​မှာ အသိပညာ အကန့်အသတ် ရှိတယ်။ ဒါပေမဲ့ တိမောသေ သင်ယူ​ခဲ့​ရတဲ့ ကျမ်းစာ​အသိပညာက ခရစ်ယာန်​ဘာသာ​ကို လက်ခံဖို့ အကူအညီ ဖြစ်​စေတယ်။ တိမောသေ လက်ခံ​မလား။ လူငယ်​တစ်ယောက်​အနေ​နဲ့ ခရစ်ယာန် လမ်းစဉ် လိုက်​မလိုက် ရွေးချယ်ပိုင်ခွင့် ရှိတယ်။ ယေရှုနဲ့​ပတ်သက်​တဲ့ အမှန်တရားကို တိမောသေ “လက်ခံ​ယုံကြည်” လာတာ မိခင်ရဲ့ ကြိုးစား​အားထုတ်မှု​ကြောင့်​လည်း ပါ​တာ သေချာတယ်။ (၂ တိမောသေ ၃:၁၄၊ ၁၅ ကို ဖတ်ပါ။) ခက်​ပေမဲ့ သားဖြစ်သူကို ယေဟောဝါ​အကြောင်း ကောင်းကောင်း သင်ပေး​နိုင်​ခဲ့လို့ ဥ​နိတ် သိပ်​ဝမ်းသာ​မှာပဲ။ ဥ​နိတ်​ဆို​တဲ့ နာမည်​ဟာ “အောင်နိုင်သူ” လို့ အဓိပ္ပာယ် ရှိတယ်။ အဲဒီ​နာမည်​အတိုင်း တိမောသေ​ကို သွန်သင်ပေး​ရာ​မှာ အခက်အခဲတွေကို တကယ် အောင်နိုင်​ခဲ့​ပါ​တယ်။

၇။ နှစ်ခြင်း​ခံ​ပြီး​နောက် ဆက်​တိုးတက်​ဖို့ သားဖြစ်သူကို ဥ​နိတ် ဘယ်လို ကူညီ​ပေး​သလဲ။

တိမောသေ နှစ်ခြင်း​ခံ​ချိန်မှာ ဘဝရဲ့ အရေးကြီးတဲ့ ပန်းတိုင်​တစ်ခု​ကို တက်လှမ်းနိုင်​ခဲ့ပြီ။ ဒါပေမဲ့ ဥ​နိတ် စိုးရိမ်​နေတုန်းပဲ။ ကျန်​တဲ့​ဘဝ​တစ်လျှောက်​လုံး​ကို သား​ဖြစ်သူ ဘယ်လို သုံး​မလဲ။ အပေါင်းအသင်း မှားသွား​မလား။ အေသင်​မြို့မှာ ကျောင်း​သွား​တက်ပြီး အယူမှား အတွေးအခေါ်​တွေ ဝင်လာ​မလား။ ချမ်းသာ​ဖို့ ကြိုးစား​ရင်း အချိန်၊ ခွန်အား၊ လူငယ်​ဘဝ​တွေ ကုန်​သွား​မလား။ တိမောသေ​ကိုယ်စား ဥ​နိတ် ဆုံးဖြတ်ချက် ချပေး​လို့ မရ​ပေမဲ့ ကူညီ​ပေး​လို့​တော့ ရတယ်။ ဘယ်လို​နည်းနဲ့လဲ။ ယေဟောဝါ​ကို နှစ်နှစ်ကာကာ ချစ်​ဖို့၊ သားတော်ကို ကျေးဇူး​တင်​စိတ် ရှိဖို့ ဆက်​ကူညီ​ပေး​လို့ ရတယ်။ ဘာသာရေး ခံယူ​ချက် ကွဲပြား​တဲ့ အိမ်ထောင်မှာ အခက်အခဲ​တွေ​တော့ ရှိမှာပဲ။ မိဘ​နှစ်ယောက်စလုံး ယေဟောဝါ​ကို ဝတ်ပြု​နေတာ​တောင် သားသမီးတွေကို သစ္စာရှိ ကျေးကျွန်​တွေ ဖြစ်အောင် သွန်သင်​ပေးဖို့ ခက်​နိုင်တယ်။ ဥ​နိတ်​ရဲ့ ပုံသက်သေ​ကနေ မိဘတွေ ဘာ​သင်ယူ​နိုင်​သလဲ။

၈။ မိခင်​အနေ​နဲ့ သားသမီးတွေကို ယေဟောဝါ​အကြောင်း သင်ပေး​ရာ​မှာ ယုံကြည်သူ ခင်ပွန်း​ကို ဘယ်လို ထောက်မ​နိုင်​သလဲ။

သားသမီးတွေ​နဲ့​အတူ ကျမ်းစာ လေ့လာ​ပါ။ ညီအစ်မ​တို့၊ သင်တို့ရဲ့ ခင်ပွန်း​ဟာ ယေဟောဝါသက်သေ ဖြစ်တယ်​ဆိုရင် သားသမီးတွေကို ဘုရား​အကြောင်း သွန်သင်ပေး​ရာ​မှာ ခင်ပွန်း​ကို ကူညီ​ပေးဖို့ ယေဟောဝါ အလိုရှိတယ်။ ကူညီ​ပေး​နိုင်တဲ့ တစ်နည်း​က​တော့ မိသားစု ဝတ်ပြုမှု အစီအစဉ်ကို ပုံမှန် ထောက်မ​ပေးခြင်း​ပါ​ပဲ။ မိသားစု ဝတ်ပြုမှု​အကြောင်း အပြုသဘော​နဲ့ ပြောပါ။ စိတ်ဝင်စားစရာ၊ ပျော်စရာ ကောင်း​အောင် ဘယ်လို ဖန်တီး​ပေး​နိုင်​မလဲ​ဆိုတာ စဉ်းစားပါ။ ကျမ်းစာ အကြောင်းအရာ တစ်ခုခုကို ထူးထူးခြားခြား လေ့လာဖို့ အစီအစဉ်ဆွဲရာမှာ ခင်ပွန်းကို ကူညီပေးနိုင်တယ်။ အဲဒီအပြင် သားသမီး​တချို့ဟာ ပျော်စရာ​ဘဝ ထာဝရ စံစားကြ စာအုပ်ကို ကိုယ်ပိုင်​လေ့လာခြင်း​ကနေ အကျိုး​ရမယ့်​အရွယ် ဖြစ်​မယ်​ဆိုရင် ခင်ပွန်း​နဲ့​အတူ သူတို့ကို ကူညီ​ပေး​နိုင်တယ်။

၉။ မယုံကြည်သူ ခင်ပွန်း ရှိတဲ့ မိခင်​တွေ ဘယ်​ကနေ အကူအညီ ရနိုင်သလဲ။

မိခင်​တချို့ဟာ ကြင်ဖော်​မဲ့​ မိခင် ဖြစ်လို့ ဒါမှ​မဟုတ် ခင်ပွန်း ယုံကြည်သူ မဟုတ်လို့ သားသမီးတွေကို တစ်ကိုယ်တည်း ကျမ်းစာ​သင်ပေး​ရနိုင်တယ်။ သင် အဲဒီလို သင်ပေး​နေ​ရတယ်​ဆိုရင် မစိုးရိမ်ပါနဲ့။ ယေဟောဝါ ကူညီ​ပေး​မယ်။ သားသမီးတွေ​နဲ့ လေ့လာ​ဖို့ အဖွဲ့အစည်း​က​တစ်ဆင့် ပြင်ဆင်​ပေး​ထား​တဲ့ သွန်သင်ခြင်း ကိရိယာ​တွေ သုံးပါ။ မိသားစု ဝတ်ပြုမှု​မှာ အဲဒီ​ကိရိယာ​တွေ​ကို ဘယ်လို သုံးတယ်​ဆိုတာ အတွေ့အကြုံ​ရှိ မိဘတွေ​ကို မေးကြည့်ပါ။ c (ပညာ. ၁၁:၁၄) သားသမီးတွေ​နဲ့ ပြောဆို​ဆက်သွယ်​နိုင်​ဖို့၊ သူတို့​စိတ်ထဲ ရှိတာတွေကို ခပ်​ထုတ်​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ (ပညာ. ၂၀:၅) ‘ကျောင်း​မှာ အခက်ဆုံး​က ဘာလဲ’ ဆို​တဲ့ မေးခွန်း​ရိုးရိုးလေး​တွေ မေး​ပြီး စကား​စ​ပြော​နိုင်တယ်။

၁၀။ ယေဟောဝါ​အကြောင်း သိလာအောင် သားသမီးတွေကို တခြား​ဘယ်နည်းနဲ့ ကူညီ​ပေး​နိုင်​သလဲ။

၁၀ သားသမီးတွေကို ယေဟောဝါ​အကြောင်း သင်ပေးဖို့ အခွင့်အရေးတွေ ဖန်တီး​ပါ။ ယေဟောဝါ​အကြောင်း၊ သင့်အတွက် ဘုရား လုပ်ပေးတာ​တွေ​အကြောင်း ပြောပြ​ပါ။ (တရား. ၆:၆၊ ၇။ ဟေရှာ. ၆၃:၇) အိမ်မှာ သားသမီးတွေ​နဲ့ ပုံမှန် လေ့လာ​ဖို့ မဖြစ်​နိုင်​ရင် အဲဒီလို ပြောပြဖို့ အထူး​ အရေးကြီးတယ်။ အစောပိုင်းမှာ ဖော်ပြ​တဲ့ ခရစ္စတင်း ဒီလို​ပြော​တယ်– “ဘုရားရေးရာ​အကြောင်း​တွေ ပြော​ဖို့ အခွင့်အရေး မရသလောက်​ပဲ​မို့ ရတဲ့​အချိန်မှာ အခွင့်အရေး​ယူပြီး ပြော​တယ်။ လမ်းလျှောက်ထွက်​တဲ့​အချိန်၊ လှေလှော်​တဲ့​အချိန်တွေမှာ ယေဟောဝါရဲ့ ဖန်ဆင်း​ခြင်း လက်ရာ​နဲ့ တခြား ဘုရားရေးရာ​အကြောင်း​တွေ ပြော​တယ်။ သားသမီးတွေ ကြီး​လာတာ​နဲ့ ကိုယ်ပိုင် ကျမ်းစာ လေ့လာ​ဖို့ အားပေးတယ်။” ယေဟောဝါရဲ့ အဖွဲ့အစည်း​နဲ့ ညီအစ်ကို/မ​တွေ​အကြောင်းလည်း အပြုသဘောပါပါ ပြောပါ။ အကြီးအကဲ​တွေ​ကို ဝေဖန်​ကဲ့ရဲ့​တာ​မျိုး မလုပ်ပါနဲ့။ အကြီးအကဲ​တွေ​အကြောင်း အကောင်း​ပဲ ပြော​မယ်​ဆိုရင် အကူအညီ လိုအပ်​ချိန်မှာ သားသမီးတွေ သူတို့ဆီ အကူအညီ တောင်း​ပါ​လိမ့်မယ်။

၁၁။ ယာကုပ် ၃:၁၈ အရ အိမ်မှာ ငြိမ်သက်​တဲ့ အခြေအနေ ဖြစ်အောင် ကြိုးစားဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၁ အိမ်မှာ ငြိမ်သက်​တဲ့ အခြေအနေ ဖြစ်အောင် ကြိုးစား​ပါ။ ခင်ပွန်း​နဲ့ သားသမီးတွေကို ချစ်​ကြောင်း အမြဲ ပြောပါ။ ခင်ပွန်း​အကြောင်း ကြင်ကြင်နာနာ၊ လေးလေးစားစား ပြောပါ။ အဲဒီလို ပြောတတ်​အောင် သားသမီးတွေကိုလည်း သင်ပေးပါ။ ဒါဆိုရင် အိမ်မှာ ငြိမ်သက်​တဲ့ အခြေအနေ ဖြစ်လာ​မယ်။ ယေဟောဝါ​အကြောင်း သင်ပေးဖို့ ပိုလွယ်ကူ​လာမယ်။ (ယာကုပ် ၃:၁၈ ကို ဖတ်ပါ။) ရိုမေးနီးယား​မှာ အထူး​ရှေ့​ဆောင်​အဖြစ် အမှုဆောင်​နေတဲ့ ယို​စပ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ငယ်ငယ်​တုန်း​က အမေနဲ့ မောင်နှမ​တွေ ယေဟောဝါ​ကို ဝတ်မပြု​နိုင်အောင် အဖေ အကြီးအကျယ် အနှောင့်အယှက် ပေးတယ်။ “အိမ်မှာ ငြိမ်သက်​တဲ့ အခြေအနေ ဖြစ်အောင် အမေ အတတ်နိုင်ဆုံး ကြိုးစား​တယ်။ အဖေ ပို​ကြမ်း​လေ အမေ ပို​ကြင်နာ​လေ​ပဲ။ အဖေ့ကို လေးစား​နာခံ​ဖို့ ကျွန်တော်​တို့ ခက်​နေမှန်း အမေ သတိထား​မိ​တဲ့​အခါ ဧဖက် ၆:၁-၃ ကို ဖတ်ပြ​တယ်။ အဖေ့ အရည်အသွေးကောင်း​တွေ​ကို ပြောပြ​ပြီး ဘာကြောင့် သူ့ကို ချစ်ခင်​လေးစား​သင့်​ကြောင်း နားလည်အောင် ကူညီ​ပေးတယ်။ ဒီ​နည်းနဲ့ အိမ်မှာ ငြိမ်သက်မှု ရှိအောင် ကူညီ​ပေးတယ်။”

သားသမီးတွေကို ကိုယ့်​အပြုအမူနဲ့ သင်ပေးပါ

၁၂။ ၂ တိမောသေ ၁:၅ အရ ဥ​နိတ်​ရဲ့ ပုံသက်သေ​က တိမောသေ​အပေါ် ဘယ်လို အကျိုး​သက်ရောက်​သလဲ။

၁၂ ၂ တိမောသေ ၁:၅ ကို ဖတ်ပါ။ ဥ​နိတ်​ဟာ တိမောသေ​အတွက် ပုံသက်သေ​ကောင်း ချမှတ်​ခဲ့တယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်း​မှာ လုပ်ရပ် ပါဝင်​ကြောင်း သားဖြစ်သူကို သင်ပေးခဲ့​မှာပဲ။ (ယာ. ၂:၂၆) မိခင်ရဲ့ လုပ်ရပ်တွေဟာ ယေဟောဝါ​ကို ချစ်တဲ့ မေတ္တာ​ကြောင့် ဖြစ်တယ်​ဆိုတာ တိမောသေ မြင်တွေ့ခဲ့​မှာပဲ။ ယေဟောဝါ​ကို ဝတ်ပြုလို့ မိခင် ဘယ်လောက် ပျော်ရွှင်​တယ်​ဆိုတာ​လည်း မြင်​မှာပဲ။ ဥနိတ်​ရဲ့ ပုံသက်သေ​က တိမောသေ​အပေါ် ဘယ်လို အကျိုး​သက်ရောက်​သလဲ။ မိခင်ရဲ့ ယုံကြည်ခြင်း​မျိုး တိမောသေ​ဆီ​မှာလည်း ရှိတယ်လို့ တမန်တော် ပေါလု ပြော​တယ်။ ဒါ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ မိခင်ရဲ့ ပုံသက်သေ​ကို လေ့လာ​မှတ်သား​ပြီး တုပ​ဖို့ တိမောသေ ဆုံးဖြတ်​ခဲ့တယ်။ ဒီနေ့လည်း မိခင်များ​စွာ​ဟာ “တစ်ခွန်း​မှ ဟော​စ​ရာ မလို​ဘဲ” မိသားစုဝင်​တွေ ယေဟောဝါ​ကို ဝတ်ပြု​လာအောင် ကူညီ​ပေး​နေကြတယ်။ (၁ ပေ. ၃:၁၊ ၂) သင်လည်း ကူညီ​ပေး​နိုင်​ပါ​တယ်။ ဘယ်လို​နည်းနဲ့လဲ။

၁၃။ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကို မိခင်​တွေ ဘာကြောင့် အဓိက​ထား​သင့်သလဲ။

၁၃ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကို အဓိက​ထား​ပါ။ (တရား. ၆:၅၊ ၆) မိခင်​အများစု​လို​ပဲ သင်လည်း တော်​တော် စွန့်လွှတ်​အနစ်နာခံ​နေတယ်။ အချိန်ကုန်​ခံ၊ ငွေ​ကုန်​ခံ၊ အိပ်ရေးပျက်​ခံ​ပြီး မိသားစုရဲ့ ရုပ်ပိုင်း လိုအပ်ရာတွေကို ဖြည့်ဆည်း​ပေး​နေတယ်။ ဒါပေမဲ့ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ထိခိုက်​လောက်​တဲ့​အထိ အလုပ်များ​လွန်း​တာ​မျိုး မဖြစ်သင့်ဘူး။ ကိုယ်ပိုင်​ဆုတောင်း​ဖို့၊ ကျမ်းစာ လေ့လာ​ဖို့၊ အသင်းတော် အစည်းအဝေးတွေ တက်​ဖို့ ပုံမှန် အချိန်ဖယ်​ထား​ပါ။ ဒါဆိုရင် ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပို​ခိုင်မာ​လာမယ်။ မိသားစု​အတွက်ရော၊ တခြား​သူတွေ​အတွက်​ပါ ပုံသက်သေ​ကောင်း ဖြစ်​နိုင်​မယ်။

၁၄-၁၅။ လင်း၊ မာ​ရီ​ယာ​နဲ့ ဇွာအူတို့ရဲ့ ပုံသက်သေ​ကနေ ဘာ​သိရသလဲ။

၁၄ မိခင်ရဲ့ ပုံသက်သေ​ကြောင့် ယေဟောဝါ​ကို ချစ်​ပြီး ယုံကြည်​ကိုးစား​လာတဲ့ လူငယ်​တချို့​အကြောင်း စဉ်းစား​ကြည့်​ပါ။ ညီအစ်မ ခရစ္စတင်း​ရဲ့ သမီးကြီး လင်း ဒီလို​ပြော​တယ်– “အိမ်မှာ အဖေ ရှိတဲ့​အချိန်​ဆိုရင် ကျမ်းစာ လေ့လာ​လို့ မရဘူး။ ဒါပေမဲ့ အမေက ဘယ်တော့မှ အစည်းအဝေး မပျက်​ဘူး။ ကျွန်မတို့​မှာ ကျမ်းစာ အသိပညာ သိပ်​မရှိ​သေး​ပေမဲ့ အမေ့​ပုံသက်သေ​က ယုံကြည်ခြင်း ခိုင်မာ​အောင် လုပ်ဖို့ ကူညီ​ပေးတယ်။ အစည်းအဝေးတွေ မ​တက်​ခင်​ကတည်းက ဒါ​အမှန်တရား​ပဲ​ဆိုတာ ကျွန်မတို့ သိတယ်။”

၁၅ ညီအစ်မ မာ​ရီ​ယာ​ရဲ့ ဖခင်​ဟာ အစည်းအဝေး​ တက်​တဲ့ မိသားစုဝင်တွေကို မကြာမကြာ အပြစ်ပေး​လေ့​ရှိတယ်။ “ကျွန်မ သိထားတဲ့ ညီအစ်မ​တွေ​ထဲမှာ​တော့ အမေက သတ္တိ​အရှိ​ဆုံး​ပဲ။ ကျွန်မ ကလေး​တုန်း​က တခြား​သူတွေ ဘာ​ပြော​မလဲ​ဆိုတာ ကြောက်​ပြီး မှန်တာ မ​လုပ်တဲ့ အချိန်တွေ ရှိတယ်။ ဒါပေမဲ့ အမေ သိပ်​သတ္တိ​ရှိတာ၊ ဘဝမှာ ယေဟောဝါ​ကို အမြဲ ဦးစားထား​တာ​တွေ မြင်ပြီး လူ​ကြောက်​တဲ့​စိတ်​ကို ကျော်လွှား​နိုင်​ခဲ့တယ်” လို့ ပြော​တယ်။ ညီအစ်ကို ဇွာအူရဲ့ ဖခင်​ဟာ အိမ်မှာ ယေဟောဝါ​အကြောင်း မပြောဖို့ တားမြစ်​ထား​တယ်။ “ဘုရားရေးရာ​ကိစ္စ​က​လွဲလို့ ကျန်​တဲ့​ကိစ္စ​အားလုံး​မှာ အဖေ့​စိတ်ကြိုက် အမေ နေ​ပေးတယ်။ အဲဒါကို ကျွန်တော် စိတ်ထိမိ​ဆုံး​ပဲ” လို့ ပြော​တယ်။

၁၆။ မိခင်​တစ်ယောက်​ရဲ့ ပုံသက်သေ​က တခြား​သူတွေ​အပေါ် ဘယ်လို သက်ရောက်မှု ရှိ​နိုင်​သလဲ။

၁၆ မိခင်​တို့၊ သင့်​ပုံသက်သေ​က တခြား​သူတွေ​အပေါ် သက်ရောက်မှု ရှိကြောင်း သတိရပါ။ ဘယ်လို​နည်းနဲ့လဲ။ ဥနိတ်​ရဲ့ ပုံသက်သေ​က တမန်တော် ပေါလု​အပေါ် ဘယ်လို သက်ရောက်မှု ရှိကြောင်း စဉ်းစား​ကြည့်​ပါ။ တိမောသေ​ရဲ့ ဟန်ဆောင်မှု​ ကင်း​တဲ့ ယုံကြည်ခြင်းဟာ “မိခင်​ ဥ​နိတ်​ဆီ​မှာ ဦးဆုံး ရှိခဲ့” တယ်လို့ ပေါလု အသိအမှတ်ပြု​တယ်။ (၂ တိ. ၁:၅) ဥ​နိတ်​ရဲ့ ယုံကြည်ခြင်းကို ပေါလု ဘယ်​တုန်း​က စ​သတိထား​မိ​သလဲ။ ပထမ သာသနာပြု ခရီးစဉ်​အတွင်း လုတ္တရ​မြို့မှာ လောအိ​နဲ့ ဥ​နိတ်​ကို ပေါလု စ​တွေ့​ပြီး ခရစ်ယာန် ဖြစ်​လာအောင် ကူညီ​ပေး​ခဲ့​ပုံ​ရတယ်။ (တ. ၁၄:၄-၁၈) ၁၅ နှစ်လောက် ကြာပြီး​နောက် တိမောသေ​ဆီ ရေး​တဲ့​ စာ​မှာ ဥ​နိတ်​ရဲ့ ယုံကြည်ခြင်း လုပ်ရပ်တွေကို ပေါလု အမှတ်ရနေ​ဆဲ ဖြစ်​ပြီး တုပထိုက်​စ​ရာ ပုံသက်သေ​အဖြစ် ဖော်ပြ​ခဲ့တယ်။ သူ့​ပုံသက်သေ​က တမန်တော် ပေါလု​ကို​ရော တခြား ပထမ​ရာစု ခရစ်ယာန်​တွေ​ကို​ပါ အားရှိစေ​ခဲ့​မှာ သေချာတယ်။ သင်ဟာ အိမ်ထောင်ဖက် မရှိဘဲ ဒါမှ​မဟုတ် ယုံကြည်ခြင်း မတူတဲ့ အိမ်ထောင်မှာ သားသမီး ပြုစု​ပျိုးထောင်​နေ​ရတယ်​ဆိုရင် သင့်ရဲ့ သစ္စာရှိ ပုံသက်သေ​က တခြား​သူတွေကို အားရှိစေ​မယ်၊ လှုံ့ဆော်မှု ဖြစ်စေ​မယ်​ဆိုတာ စိတ်ချပါ။

ယေဟောဝါ​ကို ချစ်​လာအောင် သားသမီးတွေကို ကူညီ​ပေးဖို့ အချိန်​လို​တဲ့​အတွက် လွယ်လွယ်နဲ့ လက်မလျှော့​ပါ​နဲ့ (စာပိုဒ် ၁၇ ကို ကြည့်​ပါ)

၁၇။ ကိုယ့်​လေ့ကျင့်မှု​ကို ကလေး မတုံ့ပြန်​ဘူးလို့ ထင်​နေရင် ဘာ​လုပ်သင့်သလဲ။

၁၇ ကိုယ့်​ကြိုးစား​မှု​ကို ကလေး ကောင်းကောင်း တုံ့ပြန်​ပုံ မရ​ရင်​ကော။ ကလေး​တစ်ယောက်ကို လေ့ကျင့်​ပေးဖို့ အချိန် လို​ကြောင်း သတိရပါ။ ရုပ်ပုံ​မှာ တွေ့ရတဲ့​အတိုင်း မျိုးစေ့ကို စိုက်​ပျိုး​ပြီး​နောက် အပင် ပေါက်​ပါ့​မလား၊ အသီး သီး​ပါ့​မလားလို့ စိုးရိမ်​မိ​နိုင်တယ်။ အကျိုး​ရလဒ်ကို ထိန်းချုပ်​လို့ မရ​ပေမဲ့ ပုံမှန် ရေလောင်း​နေမယ်​ဆိုရင် အပင် ရှင်သန်​လာဖို့ အကောင်းဆုံး အခွင့်အရေး ပေး​နေတာပဲ။ (မာ. ၄:၂၆-၂၉) မိခင်​တစ်ယောက်​လည်း ကိုယ့်​ကြိုးစား​မှု​က သားသမီးတွေရဲ့ စိတ်​နှလုံးကို ထိမိ​ပါ့​မလားလို့ စိုးရိမ်​မိ​နိုင်တယ်။ အကျိုး​ရလဒ်ကို သင် ထိန်းချုပ်​လို့ မရဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ဆက်​လေ့ကျင့်ပေး​မယ်​ဆိုရင် ဘုရားရေးရာ​ဘက် ရှင်သန်​ကြီးထွား​လာအောင် အကောင်းဆုံး အခွင့်အရေး ပေး​ရာ ရောက်တယ်။—ပညာ. ၂၂:၆

ယေဟောဝါရဲ့ အကူအညီကို အားကိုးပါ

၁၈။ ဘုရားရေးရာ​ဘက် သားသမီးတွေ တိုးတက်​လာအောင် ယေဟောဝါ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၈ ကျမ်းစာ​ခေတ်​ကတည်းက လူငယ်များစွာ​ကို မိမိ​မိတ်ဆွေ ဖြစ်​လာအောင် ယေဟောဝါ ကူညီ​ပေး​ခဲ့တယ်။ (ဆာ. ၂၂:၉၊ ၁၀) သင့်​သားသမီးတွေလည်း ဆန္ဒ​ရှိမယ်ဆိုရင် မိမိ​နဲ့ ရင်းနှီး​လာအောင် ဘုရား ကူညီ​ပေး​နိုင်တယ်။ (၁ ကော. ၃:၆၊ ၇) သင့်​သားသမီး လမ်းလွဲ​နေတယ်လို့ ထင်​ရ​ရင်တောင် ယေဟောဝါ​က​တော့ သူတို့ကို ဆက်​ချစ်​နေပါလိမ့်မယ်။ (ဆာ. ၁၁:၄) “စိတ်ရင်းမှန်” ရှိတယ်ဆိုတဲ့ အရိပ်အယောင် နည်းနည်းလေး ပြ​ရုံ​နဲ့ သူတို့ကို ကူညီ​ပေး​ပါ​လိမ့်မယ်။ (တ. ၁၃:၄၈။ ၂ ရာ. ၁၆:၉) သူတို့ အလိုအပ်ဆုံး​အချိန်မှာ သင့်တော်​တဲ့ စကားပြော​ဖို့ သင့်ကိုလည်း ကူညီ​ပေး​နိုင်တယ်။ (ပညာ. ၁၅:၂၃) သူတို့ကို စိတ်ဝင်စားမှု ပြဖို့ အသင်းတော်က ညီအစ်ကို/မ တစ်ယောက်ယောက်​ကို ဘုရား လှုံ့ဆော်ပေး​နိုင်တယ်။ သူတို့ အရွယ်ရောက်​နေပြီ ဆိုရင်တောင် အရင်က သင် သွန်သင်​ပေး​ခဲ့​တာတွေကို ပြန်​မှတ်မိ​ဖို့ ယေဟောဝါ ကူညီ​ပေး​နိုင်တယ်။ (ယော. ၁၄:၂၆) ကိုယ့်​အပြော၊ အပြုအမူအားဖြင့် သားသမီးတွေကို ဆက်​လေ့ကျင့်ပေး​မယ်​ဆိုရင် ယေဟောဝါ ကောင်းချီး​ပေး​ပါ​လိမ့်မယ်။

၁၉။ ယေဟောဝါရဲ့ မျက်နှာသာ ရမယ်ဆိုတာ ဘာကြောင့် စိတ်ချ​နိုင်​သလဲ။

၁၉ သင့်​အပေါ် ထား​တဲ့ ယေဟောဝါရဲ့ မေတ္တာဟာ သားသမီးတွေရဲ့ ရွေးချယ်မှု​နဲ့ မဆိုင်​ဘူး။ ဘုရား​ကို သင် ချစ်လို့ သင့်ကို ဘုရား ချစ်တယ်။ သင်ဟာ ကြင်ဖော်​မဲ့ မိဘ ဖြစ်တယ်​ဆိုရင် ယေဟောဝါ​ဘုရား​ဟာ သင့်​သားသမီးတွေရဲ့ ဖခင်၊ သင့်ကို ကာကွယ်​ပေး​တဲ့​သူ ဖြစ်​မယ်လို့ ကတိပေး​ထား​တယ်။ (ဆာ. ၆၈:၅) သားသမီးတွေ ဘယ်လို ဆုံးဖြတ်​မယ်​ဆိုတာ သင် ထိန်းချုပ်​လို့ မရဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကို အားကိုး​ပြီး အတတ်နိုင်ဆုံး ဆက်​ကြိုးစား​မယ်​ဆိုရင် ဘုရား​မျက်နှာသာ ရပါလိမ့်မယ်။

သီချင်း ၁၃၄ ဘုရား​ပေး သားသမီး​များ

a တိမောသေ​ရဲ့ မိခင် ဥ​နိတ်​ရဲ့ ပုံသက်သေ​ကနေ ခရစ်ယာန်​ မိခင်​တွေ ဘယ်လို အကျိုး​ရနိုင်​ကြောင်း၊ ယေဟောဝါ​ကို သိ​ပြီး ချစ်​လာအောင် သားသမီးတွေကို ဘယ်လို ကူညီ​ပေး​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။

b အမည်​လွှဲ​များ။

c ဥပမာ၊ ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ် သင်ခန်းစာ ၅၀၊ ၂၀၁၁၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၆-၇ “မိသားစု ဝတ်ပြုမှု​နဲ့ ကိုယ်ပိုင်​လေ့လာမှု​အတွက် အကြံပြုချက်” ဆောင်းပါး​ကို ကြည့်​ပါ။