လေ့လာရန် ဆောင်းပါး ၁၆
ယေဟောဝါအတွက် ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးဆက်ခြင်းက ပျော်ရွှင်စေ
“လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။”—ဂလ. ၆:၄။
သီချင်း ၃၇ ယေဟောဝါကို တစ်သက်တာလုံး ဝတ်ပြုခြင်း
အကြိုသုံးသပ်ချက် a
၁။ ဘာက ပျော်ရွှင်စေသလဲ။
ကျွန်တော်တို့ကို ယေဟောဝါ ပျော်ရွှင်စေချင်တယ်။ ဝမ်းမြောက်ခြင်းဟာ သန့်ရှင်းသော စွမ်းအားတော် အရည်အသွေး ဖြစ်မှန်း ကျွန်တော်တို့ သိတယ်။ (ဂလ. ၅:၂၂) ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတဲ့အတွက် အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်တဲ့အခါ၊ ညီအစ်ကို/မတွေကို နည်းအမျိုးမျိုးနဲ့ ကူညီတဲ့အခါ ပျော်ရွှင်မှု ခံစားရတယ်။—တ. ၂၀:၃၅။
၂-၃။ (က) ဂလာတိ ၆:၄ အရ ယေဟောဝါရဲ့ အမှုတော်မှာ ဆက်ပျော်ရွှင်နေဖို့ ဘယ်အချက်နှစ်ချက်က ကူညီပေးမလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂ ဆက်ပျော်ရွှင်နေဖို့ ကူညီပေးတဲ့ အချက်နှစ်ချက်ကို ဂလာတိ ၆:၄ မှာ တမန်တော် ပေါလု ဖော်ပြတယ်။ (ဖတ်ပါ။) ပထမ၊ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ ယေဟောဝါအတွက် ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးဆက်ဖို့ ဖြစ်သင့်တယ်။ ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးနေတယ်ဆိုရင် ပျော်ရွှင်သင့်တယ်။ (မ. ၂၂:၃၆-၃၈) ဒုတိယ၊ တခြားသူတွေနဲ့ မနှိုင်းယှဉ်သင့်ဘူး။ ကျန်းမာရေး၊ ကျွမ်းကျင်မှု၊ ပင်ကိုစွမ်းရည်ကြောင့် ဘာတွေပဲ ပြီးမြောက်နိုင်ပါစေ ယေဟောဝါကို ကျေးဇူးတင်သင့်တယ်။ တကယ်တော့ ကိုယ်ရထားတာ အားလုံး ဘုရားဆီကပါ။ အမှုဆောင်လုပ်ငန်း ကဏ္ဍတစ်ခုခုမှာ တခြားသူတွေ ကိုယ့်ထက် ပိုထိရောက်တဲ့အခါ ဝမ်းသာပေးသင့်တယ်။ သူတို့ရဲ့ အစွမ်းအစကို ကိုယ်ကျိုးအတွက်၊ ကိုယ်ထင်ပေါ်ဖို့အတွက် မသုံးဘဲ ယေဟောဝါကို ချီးမွမ်းဖို့ သုံးနေလို့ပဲ။ သူတို့နဲ့ ပြိုင်ဆိုင်မယ့်အစား သူတို့ဆီကနေ သင်ယူသင့်တယ်။
၃ အမှုတော်မှာ ဆန္ဒရှိသလောက် မပါဝင်နိုင်တဲ့အခါ ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ကိုယ့်မှာ ရှိထားတဲ့ ဘယ်ဆုကျေးဇူး ကိုမဆို ဘယ်လို အကောင်းဆုံး သုံးမလဲ၊ တခြားသူတွေရဲ့ ပုံနမူနာတွေကနေ ဘာသင်ယူနိုင်သလဲဆိုတာလည်း ဆွေးနွေးကြပါမယ်။
ဆန္ဒရှိသလောက် မလုပ်နိုင်တဲ့အခါ
၄။ ဘယ်အခြေအနေက စိတ်ဓာတ်ကျစေနိုင်သလဲ။ ဥပမာပေးပါ။
၄ ယေဟောဝါရဲ့ ကျေးကျွန်တချို့ဟာ အသက်ကြီးလာလို့၊ ကျန်းမာရေး မကောင်းလို့ အမှုတော်မှာ ဆန္ဒရှိသလောက် မပါဝင်နိုင်ကြဘူး။ ညီအစ်မ ကယ်ရို အဲဒီလို ဖြစ်ခဲ့တယ်။ တစ်ချိန်က ကယ်ရိုဟာ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်ခဲ့သူ ဖြစ်တယ်။ အဲဒီတုန်းက ကျမ်းစာသင်အံမှု ၃၅ ခု ရှိပြီး ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတဲ့အထိ အတော်များများကို ကူညီပေးနိုင်ခဲ့တယ်။ အမှုဆောင်လုပ်ငန်းမှာ တကယ် အောင်မြင်တယ်။ ဒါပေမဲ့ ကျန်းမာရေး မကောင်းလို့ အခုတော့ အိမ်ပြင် သိပ်မသွားနိုင်တော့ဘူး။ “ကျန်းမာရေးကြောင့် တခြားသူတွေလောက် မလုပ်နိုင်တော့မှန်း သိပါတယ်။ ဒါပေမဲ့ သူတို့လောက် သစ္စာမရှိဘူးလို့ ခံစားရတယ်။ ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်း မကျလို့ တော်တော် ခံရခက်တယ်” လို့ ပြောတယ်။ ယေဟောဝါအတွက် ကယ်ရို အတတ်နိုင်ဆုံး ပေးချင်တယ်။ တကယ် ချီးမွမ်းစရာပါပဲ။ ထောက်ထားစာနာတတ်တဲ့ ဘုရားသခင်ဟာ သူ့ရဲ့ စိတ်ထားကောင်းကို တန်ဖိုးထားမှာ သေချာပါတယ်။
၅။ (က) ကိုယ့်ကန့်သတ်မှုတွေကြောင့် စိတ်ဓာတ်ကျနေရင် ဘာကို သတိရသင့်သလဲ။ (ခ) ရုပ်ပုံမှာ တွေ့ရတဲ့အတိုင်း ညီအစ်ကိုတစ်ယောက် အမှုတော်မှာ ဘယ်လိုနည်းနဲ့ အကောင်းဆုံးကို ဆက်ပေးနေသလဲ။
၅ တစ်ခါတလေ ကိုယ့်ရဲ့ ကန့်သတ်မှုကြောင့် စိတ်ဓာတ်ကျနေရင် ‘ငါ့ဆီက ယေဟောဝါ ဘာတောင်းဆိုသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ လက်ရှိအခြေအနေမှာ အကောင်းဆုံး ပေးဖို့ပဲ တောင်းဆိုတာပါ။ ဒီအဖြစ်အပျက်ကို စဉ်းစားကြည့်ပါ– အသက် ၈၀ ဝန်းကျင် ညီအစ်မတစ်ယောက်ဟာ အမှုတော်မှာ အသက် ၄၀ အရွယ်တုန်းကလောက် မလုပ်နိုင်လို့ စိတ်ဓာတ်ကျနေတယ်။ အကောင်းဆုံးကို ပေးနေပေမဲ့ ယေဟောဝါ မနှစ်သက်ဘူးလို့ ခံစားနေရတယ်။ ဘုရား တကယ် မနှစ်သက်တာလား။ အသက် ၄၀ တုန်းက အကောင်းဆုံးကို ပေးခဲ့သလို အသက် ၈၀ မှာလည်း အကောင်းဆုံးကို ပေးနေတာပဲ။ ကျွန်တော်တို့လည်း ကိုယ့်လုပ်ဆောင်မှုကို ယေဟောဝါ မနှစ်သက်ဘူးလို့ ခံစားနေရတယ်ဆိုရင် ဘာကို နှစ်သက်မယ်၊ မနှစ်သက်ဘူး သတ်မှတ်သူဟာ ယေဟောဝါ ဖြစ်ကြောင်း သတိရပါ။ ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးနေသရွေ့ “တော်လိုက်တာ” လို့ ယေဟောဝါ ပြောမှာ သေချာပါတယ်။—မဿဲ ၂၅:၂၀-၂၃ နဲ့ နှိုင်းယှဉ်ပါ။
၆။ မာရီယာရဲ့ အဖြစ်ကနေ ဘာသင်ယူနိုင်သလဲ။
၆ ကိုယ်မလုပ်နိုင်တာကို မဟုတ်ဘဲ လုပ်နိုင်တာကို အာရုံစိုက်ရင် ပိုပျော်ရွှင်လာမယ်။ ကျန်းမာရေးကြောင့် အမှုတော်မှာ သိပ်မပါဝင်နိုင်တဲ့ ညီအစ်မ မာရီယာအကြောင်း စဉ်းစားကြည့်ပါ။ အစပိုင်းမှာ စိတ်ဓာတ်ကျပြီး အသုံးမဝင်ဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ အိပ်ရာထဲ လဲနေတဲ့ ညီအစ်မတစ်ယောက်ကို သတိထားမိပြီး ကူညီပေးဖို့ ဆုံးဖြတ်လိုက်တယ်။ “သူနဲ့အတူ ဖုန်းဆက်၊ စာရေး သက်သေခံဖို့ အစီအစဉ်ဆွဲတယ်။ အဲဒီလို လုပ်ပြီး အိမ်ပြန်ရောက်တိုင်း သူ့ကို ကူညီခွင့် ရလို့ ပျော်ရွှင်ကျေနပ်တယ်” လို့ မာရီယာ ပြောတယ်။ ကျွန်တော်တို့လည်း ကိုယ်မလုပ်နိုင်တာကို မဟုတ်ဘဲ လုပ်နိုင်တာကို အာရုံစိုက်ရင် ပိုပျော်ရွှင်လာမယ်။ ဒါပေမဲ့ ကိုယ်က အမှုတော်မှာ ပိုလုပ်နိုင်ရင် ဒါမှမဟုတ် ကဏ္ဍတချို့မှာ ပိုကျွမ်းကျင်နေရင်ကော။
သင့်မှာ ဆုကျေးဇူး ရထားရင် ‘သုံးပါ’
၇။ ခရစ်ယာန်တွေကို တမန်တော် ပေတရု ဘယ်လက်တွေ့ကျ အကြံဉာဏ် ပေးသလဲ။
၇ ကိုယ်ရထားတဲ့ ဘယ်ဆုကျေးဇူး၊ အစွမ်းအစကိုမဆို ယုံကြည်သူချင်းတွေကို တည်ဆောက်ပေးဖို့ သုံးပါဆိုပြီး မိမိရဲ့ ပထမစာမှာ ညီအစ်ကိုတွေကို တမန်တော် ပေတရု အားပေးတယ်။ ‘ခင်ဗျားတို့ဟာ မဟာကရုဏာတော်ကို ခံစားရတဲ့ ဘဏ္ဍာစိုးကောင်းတွေ ဖြစ်တယ်။ ဒါကြောင့် ကိုယ်စီ ရရှိထားတဲ့ ဆုကျေးဇူး အတိုင်းအတာနဲ့အညီ အဲဒီဆုကျေးဇူးကို အချင်းချင်းအတွက် အကျိုးဆောင်ဖို့ အသုံးပြုကြပါ’ လို့ ပေတရု ပြောတယ်။ (၁ ပေ. ၄:၁၀) တခြားသူတွေ မနာလိုဖြစ်မှာ၊ စိတ်ဓာတ်ကျမှာ စိုးပြီး ကိုယ့်ဆုကျေးဇူးကို အပြည့်အဝ မသုံးတာမျိုး မဖြစ်သင့်ဘူး။ အဲဒီလို လုပ်မယ်ဆိုရင် ယေဟောဝါကို အကောင်းဆုံး ပေးဆက်နေတာ မဟုတ်ဘူး။
၈။ ၁ ကောရိန္သု ၄:၆၊ ၇ အရ ကိုယ့်ဆုကျေးဇူးအကြောင်း ဝါကြွားတာကို ဘာကြောင့် ရှောင်သင့်သလဲ။
၈ ကိုယ့်ဆုကျေးဇူးကို အပြည့်အဝ သုံးရမယ် ဆိုပေမဲ့ မဝါကြွားဖို့ သတိထားရမယ်။ (၁ ကောရိန္သု ၄:၆၊ ၇ ကို ဖတ်ပါ။) ဥပမာ၊ သင်ဟာ ကျမ်းစာသင်အံမှု စတာ သိပ်တော်တယ် ဆိုပါစို့။ ဒီဆုကျေးဇူးကို မတွန့်မဆုတ် အသုံးပြုပါ။ မဝါကြွားဖို့တော့ အရေးကြီးတယ်။ လောလောလတ်လတ် အမှုဆောင်မှာ သင်အံမှု စနိုင်ခဲ့တယ် ဆိုပါစို့။ အမှုဆောင်အုပ်စုမှာ အဲဒီအကြောင်း ပြောပြချင်နေတယ်။ အုပ်စုကို ရောက်တော့ ညီအစ်မတစ်ယောက်က မဂ္ဂဇင်း ဝေငှတဲ့ တွေ့ကြုံမှု ပြောပြနေတယ်။ သူက မဂ္ဂဇင်းပဲ ဝေငှနိုင်ခဲ့တာ။ ကိုယ်ကတော့ သင်အံမှု စနိုင်တာ။ ဒါဆို ဘာလုပ်မလဲ။ ကိုယ့်တွေ့ကြုံမှုကြောင့် အားလုံး အားရှိသွားမှာ ဖြစ်ပေမဲ့ မဂ္ဂဇင်း ဝေငှတဲ့ ညီအစ်မကို ထောက်ထားပြီး နောက်ကြုံမှပဲ ပြောမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါ ကြင်နာမှု ပြရာ ရောက်တယ်။ ကျမ်းစာသင်အံမှု ဆက်မကမ်းလှမ်းဘဲတော့ မနေပါနဲ့။ သင့်မှာ ဆုကျေးဇူး ရှိထားတယ်။ အသုံးပြုလိုက်ပါ။
၉။ ကိုယ့်ဆုကျေးဇူးကို ဘယ်လို သုံးသင့်သလဲ။
၉ ကိုယ်ရထားတဲ့ ဘယ်ပင်ကိုစွမ်းရည်မဆို ဘုရားဆီက ဖြစ်ကြောင်း သတိရပါ။ အဲဒါကို ကိုယ်ထင်ပေါ်ဖို့ မဟုတ်ဘဲ အသင်းတော်ကို တည်ဆောက်ဖို့ သုံးသင့်တယ်။ (ဖိ. ၂:၃) ကိုယ့်ခွန်အား၊ အစွမ်းအစတွေကို ဘုရားအလိုတော် ဆောင်ဖို့၊ ဘုရားကို ချီးမွမ်းဖို့ သုံးနေတယ်ဆိုရင် ပျော်ရွှင်ကျေနပ်ရပါလိမ့်မယ်။ တခြားသူတွေထက် ပိုလုပ်နိုင်ကြောင်း၊ ပိုသာကြောင်း ပြဖို့ သုံးနေတာ မဟုတ်လို့ပဲ။
၁၀။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ ဘာကြောင့် မနှိုင်းယှဉ်သင့်သလဲ။
၁၀ ကျွန်တော်တို့ သတိမထားဘူးဆိုရင် ကိုယ့်အားသာချက်ကို တခြားသူရဲ့ အားနည်းချက်နဲ့ နှိုင်းယှဉ်မိနိုင်တယ်။ ဥပမာ၊ ညီအစ်ကိုတစ်ယောက် လူထုဟောပြောချက် ပေးတာ သိပ်တော်တယ် ဆိုပါစို့။ အဲဒါ သူ့အားသာချက်ပဲ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ဟောပြောချက် ပေးတာ သိပ်မကောင်းတဲ့ ညီအစ်ကိုကို အထင်သေးမိနိုင်တယ်။ အဲဒီညီအစ်ကိုက ဧည့်ဝတ်ပျူငှာတဲ့နေရာ၊ သားသမီး ထိန်းကျောင်းတဲ့နေရာ၊ ဇွဲထက်သန်စွာ အမှုဆောင်တဲ့နေရာမှာတော့ ပိုသာနေနိုင်တယ်။ ယေဟောဝါအတွက် အမှုဆောင်ဖို့၊ တခြားသူတွေကို ကူညီဖို့ ကိုယ့်အစွမ်းအစတွေကို သုံးနေတဲ့ ညီအစ်ကို/မများစွာ ရှိထားတာ ကျေးဇူးတင်စရာပါပဲ။
တခြားသူတွေရဲ့ ပုံနမူနာတွေကနေ သင်ယူပါ
၁၁။ ယေရှုရဲ့ ပုံသက်သေကို တုပဖို့ ဘာကြောင့် ကြိုးစားသင့်သလဲ။
၁၁ တခြားသူတွေနဲ့ မနှိုင်းယှဉ်သင့်ပေမဲ့ သစ္စာရှိသူတွေရဲ့ ပုံနမူနာတွေကနေ သင်ယူနိုင်တယ်။ ဥပမာ၊ ကျွန်တော်တို့ဟာ ယေရှုလိုတော့ ပြည့်ဝစုံလင်သူတွေ မဟုတ်ပေမဲ့ ယေရှုရဲ့ အရည်အသွေးကောင်းတွေ၊ နည်းလမ်းတွေကနေ သင်ယူနိုင်တယ်။ (၁ ပေ. ၂:၂၁) ယေရှုရဲ့ ပုံသက်သေကို အနီးစပ်ဆုံး တုပဖို့ ကြိုးစားမယ်ဆိုရင် ယေဟောဝါရဲ့ ပိုကောင်းတဲ့ ကျေးကျွန်တွေ ဖြစ်လာမယ်။ အမှုဆောင်မှာ ပိုထိရောက်မယ်။
၁၂-၁၃။ ဘုရင် ဒါဝိဒ်ဆီကနေ ဘာသင်ယူနိုင်သလဲ။
၁၂ မစုံလင်ပေမဲ့ တုပထိုက်စရာ သစ္စာရှိ အမျိုးသား/သမီးတွေရဲ့ ပုံသက်သေများစွာ ကျမ်းစာမှာ ပါတယ်။ (ဟီ. ၆:၁၂) ဘုရင် ဒါဝိဒ်ကို “ငါနဲ့ စိတ်သဘောထားချင်း ကိုက်ညီသူ” လို့ ယေဟောဝါ ပြောတယ်။ (တ. ၁၃:၂၂) ဒါဝိဒ်ဟာ ပြည့်ဝစုံလင်သူ မဟုတ်ဘူး။ ကြီးလေးတဲ့ အပြစ်တွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ပုံသက်သေကောင်း ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဆုံးမခံရတဲ့အခါ ဆင်ခြေမပေးဘူး။ ဆုံးမမှုကို လက်ခံတယ်။ လုပ်မိတာတွေအတွက် စိတ်ရင်းမှန်နဲ့ နောင်တရတယ်။ ဒါကြောင့် သူ့ကို ယေဟောဝါ ခွင့်လွှတ်ပေးတယ်။—ဆာ. ၅၁:၃၊ ၄၊ ၁၀-၁၂။
၁၃ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးခြင်းအားဖြင့် ဒါဝိဒ်ဆီကနေ သင်ယူနိုင်တယ်– ‘ဆုံးမခံရတဲ့အခါ ဘယ်လို တုံ့ပြန်သလဲ။ အမှားကို ချက်ချင်း အသိအမှတ်ပြုသလား ဒါမှမဟုတ် ဆင်ခြေပေးသလား။ တခြားသူတွေပေါ် အပြစ်ပုံချသလား။ အဲဒီအမှားမျိုး ထပ်မလုပ်ဖို့ ကြိုးစားသလား။’ ကျမ်းစာထဲက တခြား သစ္စာရှိ အမျိုးသား/သမီးတွေအကြောင်း ဖတ်တဲ့အခါလည်း အဲဒီမေးခွန်းတွေ မေးနိုင်တယ်။ သူတို့ ကြုံခဲ့တဲ့ အခက်အခဲလိုမျိုး သင် ကြုံနေရသလား။ သူတို့မှာ ဘယ်အရည်အသွေးကောင်းတွေ ရှိသလဲ။ ‘ယေဟောဝါရဲ့ ဒီသစ္စာရှိ ကျေးကျွန်ကို ငါ ဘယ်လို တုပနိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။
၁၄။ ယုံကြည်သူချင်းတွေရဲ့ ပုံသက်သေကို လေ့လာမှတ်သားခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ။
၁၄ ယုံကြည်သူ ကြီးငယ်မရွေးဆီကနေ ကျွန်တော်တို့ သင်ယူနိုင်တယ်။ ဥပမာ၊ ရွယ်တူချင်းဖိအား၊ မိသားစု ဆန့်ကျင်မှု၊ ကျန်းမာရေး မကောင်းတာ စတဲ့ အခက်အခဲတွေကို သစ္စာရှိရှိ ခံရပ်နေတဲ့ ညီအစ်ကို/မ တစ်ယောက်ယောက်ကို သိသလား။ သူ့ရဲ့ ဘယ်အရည်အသွေးကောင်းကို ပိုတုပချင်သလဲ။ သူ့ရဲ့ ပုံသက်သေကောင်းကို စဉ်းစားခြင်း က ကိုယ့်အခက်အခဲကို ခံရပ်ဖို့ နည်းလမ်းကောင်းတွေ ရလာစေနိုင်တယ်။ တုပထိုက်တဲ့ သက်ရှိ ပုံသက်သေတွေ ရထားလို့ ကျေးဇူးတင်စရာပါပဲ။ တကယ့်ကို ဝမ်းမြောက်စရာအကြောင်းပါပဲ။—ဟီ. ၁၃:၇။ ယာ. ၁:၂၊ ၃။
ယေဟောဝါရဲ့ အမှုတော်မှာ ပျော်ရွှင်ပါ
၁၅။ တမန်တော် ပေါလု ပေးတဲ့ ဘယ်အကြံဉာဏ်က ယေဟောဝါရဲ့ အမှုတော်မှာ ဆက်ပျော်ရွှင်နေဖို့ ကူညီပေးနိုင်သလဲ။
၁၅ အသင်းတော်မှာ စည်းလုံးငြိမ်သက်မှု တိုးများစေဖို့ ကျွန်တော်တို့ ယောက်တိုင်း ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးဖို့ လိုတယ်။ ပထမရာစု ခရစ်ယာန်တွေအကြောင်း စဉ်းစားကြည့်ပါ။ ဆုကျေးဇူး အမျိုးမျိုး၊ တာဝန် အမျိုးမျိုး ရရှိထားတယ်။ (၁ ကော. ၁၂:၄၊ ၇-၁၁) ဒါပေမဲ့ အချင်းချင်း မပြိုင်ဆိုင်ဘူး။ စိတ်ဝမ်းမကွဲကြဘူး။ “ခရစ်တော်ရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ပေးဖို့” လိုအပ်တာ မှန်သမျှ လုပ်ဆောင်ပါလို့ သူတို့ကို ပေါလု အားပေးတယ်။ “ကိုယ်အင်္ဂါအသီးသီးကလည်း ဆိုင်ရာတာဝန်ကို လုပ်ဆောင်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး ကြီးထွားလာပြီး ချစ်ခြင်းမေတ္တာ ခိုင်မြဲလာတယ်” လို့ ဧဖက် အသင်းတော်ကို ပြောတယ်။ (ဧ. ၄:၁-၃၊ ၁၁၊ ၁၂၊ ၁၆) အဲဒီအတိုင်း လုပ်ဆောင်ကြတဲ့အတွက် စည်းလုံးငြိမ်သက်မှု တိုးများလာတယ်။ ဒီနေ့ခေတ် အသင်းတော်တွေမှာလည်း အဲဒီလိုပါပဲ။
၁၆။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။ (ဟီဘရူး ၆:၁၀)
၁၆ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ မနှိုင်းယှဉ်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ယေရှုဆီကနေ သင်ယူပါ။ ယေရှုရဲ့ အရည်အသွေးတွေကို တုပပါ။ ရှေးခေတ်နဲ့ ဒီနေ့ခေတ် ယုံကြည်ခြင်း ပုံသက်သေတွေကနေ အကျိုးရယူပါ။ ကိုယ့်ရဲ့ အကောင်းဆုံးကို ဆက်ပေးနေမယ်ဆိုရင် ‘ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ ဘုရား ဖြစ်လို့ သင့်လုပ်ရပ်ကို ဘယ်တော့မှ မမေ့ဘူး’ ဆိုတာ စိတ်ချပါ။ (ဟီဘရူး ၆:၁၀ ကို ဖတ်ပါ။) ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ စိတ်နှလုံး အကြွင်းမဲ့ သင် ကြိုးစားအားထုတ်တာကို ဘုရား တန်ဖိုးထားတယ်ဆိုတဲ့ သိစိတ်နဲ့ အမှုတော်မှာ ဆက်ပျော်ရွှင်နေပါ။
သီချင်း ၆၅ တိုးတက်နေပါ
a တခြားသူတွေရဲ့ ပုံနမူနာကနေ ကျွန်တော်တို့အားလုံး အကျိုးရနိုင်တယ်။ ဒါပေမဲ့ ရှောင်ရမယ့် အန္တရာယ်တွေလည်း ရှိတယ်။ တခြားသူတွေ လုပ်နိုင်တာကို ကြည့်ပြီး မာနတက်လာတာ ဒါမှမဟုတ် စိတ်ဓာတ်ကျတာမျိုး မဖြစ်ဖို့၊ ပျော်ရွှင်မှု ဆက်ထိန်းထားနိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။
b ပုံအညွှန်း– ညီအစ်ကိုတစ်ယောက် လူငယ်ဘဝတုန်းက ဗေသလမှာ အမှုဆောင်နေ။ အိမ်ထောင်ကျပြီး ဇနီးနဲ့အတူ ရှေ့ဆောင်လုပ်နေ။ သားသမီးတွေ ရလာတော့ အမှုဆောင်မှာ လေ့ကျင့်ပေးနေ။ အခု အသက်ကြီးလာတော့ စာရေးသက်သေခံပြီး အကောင်းဆုံး ဆက်လုပ်ဆောင်နေ။