မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှုရဲ့ အစောပိုင်း အသက်တာ​အကြောင်း မဿဲ​နဲ့ လုကာ မှတ်တမ်း ဘာကြောင့် ကွဲပြား​နေ​သလဲ။

ယေရှု မွေးဖွားခြင်း​နဲ့ အစောပိုင်း အသက်တာ​အကြောင်း မဿဲ​နဲ့ လုကာ မှတ်တမ်း ကွဲပြား​ရတာက ဖြစ်ရပ်တွေကို မတူညီ​တဲ့​ရှုထောင့်​က​နေ ခရစ်ဝင်ကျမ်း ရေး​သူတွေ ရေး​ကြ​လို့​ပါပဲ။

မဿဲ​မှတ်တမ်း​က ယောသပ်​ပါဝင်တဲ့ ဖြစ်ရပ်တွေကို အလေးပေး​ထားတယ်။ မာရိ ကိုယ်ဝန်​ရှိကြောင်း ကြား​ချိန်မှာ ယောသပ် တုံ့ပြန်ပုံ၊ အိပ်မက်​မှာ ကောင်းကင်တမန် ရှင်း​ပြ​ပုံ၊ ရှင်းပြချက်​ကို ယောသပ် လက်ခံ​ပုံ​တို့​ကို ဖော်ပြထားတယ်။ (မ. ၁:၁၉-၂၅) အီဂျစ်ပြည်​ကို ထွက်ပြေး​ဖို့ အိပ်မက်​မှာ ကောင်းကင်တမန် တိုက်တွန်း​တာ၊ မိသားစု​လိုက် ထွက်ပြေး​တာ၊ အစ္စရေး​ကို ပြန်​ဖို့ အိပ်မက်​မှာ ကောင်းကင်​တမန် ပြောတာ၊ ပြန်လာ​တာ၊ နာဇရက်​မြို့မှာ အခြေချ​ဖို့ ဆုံးဖြတ်​တာ​တွေအကြောင်း မဿဲ ဆက်​ဖော်ပြတယ်။ (မ. ၂:၁၃၊ ၁၄၊ ၁၉-၂၃) မဿဲ​ခရစ်ဝင်ကျမ်း အစပိုင်း အခန်းကြီး​တွေမှာ ယောသပ်​ရဲ့ နာမည် ရှစ်​ကြိမ် ဖော်ပြထားပြီး မာရိ​နာမည်ကို​တော့ လေး​ကြိမ်​ပဲ ဖော်ပြထားတယ်။

လုကာ​ရဲ့ မှတ်တမ်း​က​တော့ မာရိ​အကြောင်း အလေးပေး​ထားတယ်။ မာရိ​ဆီ ကောင်းကင်တမန် ဂါဗြေလ လည်ပတ်​တာ၊ ဆွေမျိုး ဧလိရှဗက်​ဆီ မာရိ လည်ပတ်​တာ၊ ယေဟော​ဝါကို ချီးမွမ်း​တာ​တွေ ပါဝင်တယ်။ (လု. ၁:၂၆-၅၆) အနာဂတ်မှာ ယေရှု ကြုံရမယ့် ဝေဒနာ​အကြောင်း ရှိမောင်​ ပြောတာကို​လည်း လုကာ ရေး​ထားတယ်။ ယေရှု အသက် ၁၂ နှစ်မှာ ဗိမာန်တော်​ကို မိသားစု​လိုက် လည်ပတ်​တဲ့​အကြောင်း ဖော်ပြ​ချိန်မှာ ယောသပ်​ရဲ့​စကားကို မဟုတ်ဘဲ မာရိ​ရဲ့​စကားကို လုကာ မှတ်တမ်းတင်ခဲ့တယ်။ ဒီ​ဖြစ်ရပ်​တွေ​က မာရိ​အပေါ် အလွန်​သက်ရောက်​ခဲ့​ကြောင်း ဆက်​ဖော်ပြတယ်။ (လု. ၂:၁၉၊ ၃၄၊ ၃၅၊ ၄၈၊ ၅၁) လုကာ​​ခရစ်ဝင်ကျမ်း ပထမ​အခန်းကြီး နှစ်ခု​မှာ မာရိ​နာမည် ၁၂ ကြိမ် ဖော်ပြထားပြီး ယောသပ်​နာမည်ကို​တော့ ၃ ကြိမ်​ပဲ ဖော်ပြထားတယ်။ ဒါကြောင့် မဿဲ​က ယောသပ်​အကြောင်း ပို​ဖော်ပြပြီး လုကာ​က​တော့ မာရိ​အကြောင်း ပိုဖော်ပြ​တယ်။

ခရစ်ဝင်ကျမ်း​ရေးသူ နှစ်ယောက် ဖော်ပြ​တဲ့ ဆွေ​စဉ်​မျိုးဆက်​စာရင်း​လည်း ကွဲပြား​တယ်။ မဿဲ​က ယောသပ်​ရဲ့ ဆွေ​စဉ်​မျိုးဆက်​အကြောင်း ဖော်ပြပြီး ယောသပ်​ရဲ့ မွေးစားသား ယေရှုကို ဒါဝိဒ်​မင်းဆက် တရားဝင်​ဆက်ခံသူ​အဖြစ် ဖော်ပြတယ်။ ဘာကြောင့်လဲဆိုတော့ ယောသပ်​ဟာ ဒါဝိဒ်​ရဲ့ သား ရှောလမုန်က​နေ ဆင်းသက်​လို့ပဲ။ (မ. ၁:၆၊ ၁၆) လုကာ​က​တော့ မာရိ​ရဲ့ ဆွေ​စဉ်​မျိုးဆက်​အကြောင်း ဖော်ပြပြီး ယေရှုကို “မျိုးနွယ်” အရ ဒါဝိဒ်​မင်းဆက် ဆက်ခံသူ​အဖြစ် ဖော်ပြတယ်။ (ရော. ၁:၃) ဘာကြောင့်လဲဆိုတော့ မာရိ​ဟာ ဒါဝိဒ်​ရဲ့ သား နာသန်​က​နေ ဆင်းသက်​လို့ပဲ။ (လု. ၃:၃၁) မာရိ​ကို ဟေ​လိ​ရဲ့ သမီး​အဖြစ် လုကာ ဘာကြောင့် မ​ဖော်ပြသလဲ။ တရားဝင်​မျိုးရိုး​ကို ယောက်ျား​တွေပဲ ဆက်ခံ​ရလို့ပါ။ ဒါကြောင့် ယောသပ်​ကို ဟေ​လိ​ရဲ့ သား​အဖြစ် လုကာ​ ဖော်ပြ​ပေ​မဲ့ ဟေ​လိ​ရဲ့ သားမက်​လို့ နားလည်​ရတယ်။—လု. ၃:၂၃

မဿဲ​နဲ့ လုကာ​တို့ရဲ့ ဆွေ​စဉ်​မျိုးဆက်​စာရင်း​က ယေရှုဟာ ကြိုဟော​ထားတဲ့ မေရှိယ​ဖြစ်မှန်း အတိအလင်း ဖော်ပြတယ်။ ယေရှုရဲ့ ဆွေ​စဉ်​မျိုးဆက်​စာရင်း မှန်ကန်​လွန်း​လို့ ဖာရိရှဲ​တွေ၊ ဇဒ္ဒုကဲ​တွေ မငြင်း​နိုင်ခဲ့​ဘူး။ ဒီနေ့ မဿဲ​နဲ့ လုကာ​ရဲ့ ဆွေ​စဉ်​မျိုးဆက်​မှတ်တမ်းတွေက ယုံကြည်ခြင်း​ရဲ့ အခြေခံ၊ ဘုရားသခင့် ကတိ​တွေ ပြည့်စုံ​မယ့် အထောက်အထား​အဖြစ် ရှိနေတုန်း​ပါပဲ။