မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

အခက်အခဲတွေကို ခံရပ်ခြင်းက ကောင်းချီးတွေ ရရှိစေ

အခက်အခဲတွေကို ခံရပ်ခြင်းက ကောင်းချီးတွေ ရရှိစေ

“တော်တော်​ရက်စက်တဲ့ ဖခင်​ပဲ။ ကိုယ်ဝန်ဆောင် ဇနီး​နဲ့ လူမမယ်​ သမီးလေး​ကို ပစ်ထား​ရက်​တယ်။ သူတို့ကို ဘယ်သူ ကျွေးမွေးစောင့်ရှောက်​မလဲ။ မင်း​ရဲ့​လုပ်ရပ်တွေ​ကို စွန့်ပြီး အိမ်​ပြန်တော့” လို့ ကေဂျီဘီ *​ အရာရှိက ကြိမ်းမောင်း​တယ်။ “မိသားစု​ကို ပစ်​ထားတာ မဟုတ်​ရ​ပါဘူး။ ကျွန်တော့်ကို ဖမ်း​ထားကြ​တာ​ကိုး” လို့​ပြန်ပြော​တော့ အရာရှိ​က “သက်သေခံ ဖြစ်တာ​ထက် ပိုဆိုး​တဲ့​ပြစ်မှု မ​ရှိ​တော့ဘူး” လို့ပြောတယ်။

အဲဒီ​ဖြစ်ရပ်​ဟာ ၁၉၅​၉၊ ရုရှားနိုင်ငံ၊ အီ​ရ​ကွ​တ်​မြို့ အကျဉ်းထောင်​မှာ ဖြစ်ခဲ့​တာပါ။ ကျွန်တော်​နဲ့ ဇနီး မာ​ရီ​ယာ​တို့ “ဖြောင့်မတ်သူ​တွေ​ဖြစ်လို့ ဆင်းရဲဒုက္ခ​ခံရ” ဖို့ ဘာကြောင့် ပြင်ဆင်​ထားကြောင်း၊ ဆက်​သစ္စာရှိ​လို့ ဘယ်လို​ကောင်းချီးရ​ကြောင်း ပြောပြပါ​ရစေ။—၁ ပေ. ၃:၁၃၊ ၁၄

၁၉၃​၃ ခုနှစ်၊ ယူကရိန်း​နိုင်ငံ၊ ဇိုလွတ်နီကီ​ရွာ​မှာ ကျွန်တော် မွေးဖွား​လာတယ်။ ၁၉၃​၇ ခုနှစ်မှာ သက်သေခံ အဒေါ်​နဲ့ ဦးလေး​က ပြင်သစ်​က​နေ လာလည်​ပြီး ကင်းမျှော်စင်​အသင်း​ထုတ် အစိုးရ နဲ့ လွတ်မြောက်ခြင်း စာအုပ်တွေ ပေးခဲ့တယ်။ အဖေ အဲဒီ​စာအုပ်တွေ ဖတ်​ပြီး ယုံကြည်ခြင်း​မှာ နိုးကြား​လာတယ်။ ဒါပေမဲ့ ၁၉၃​၉ ခုနှစ်မှာ မကျန်းမမာ ဖြစ်လာတယ်။ မသေ​ဆုံး​ခင် “ဒါ အမှန်တရား​ပဲ။ ကလေးတွေကို သင်ပေး” လို့ အမေ့​ကို ပြော​သွားတယ်။

ဟောပြော​ရမယ့် နေရာသစ် ဆိုက်​ဘေး​ရီး​ယား

၁၉၅​၁၊ ဧပြီလ​မှာ အာဏာပိုင်​တွေ​က ဆိုဗီယက်​ပြည်ထောင်စု အနောက်ပိုင်း​က သက်သေခံ​တွေကို ဆိုက်​ဘေး​ရီး​ယား​ဘက် စတင်​နယ်​နှင်​တယ်။ အမေ၊ ညီလေး ဂ​ရက်​ဂ​ရီ​နဲ့ ကျွန်တော် အနောက်​ယူကရိန်း​က​နေ နယ်နှင်ခံ​ရတယ်။ ရထား​နဲ့ မိုင် ၃,၇၀​၀ (ကီလိုမီတာ ၆,၀​၀​၀) ကျော် ခရီးနှင်​ပြီးနောက် ဆိုက်​ဘေး​ရီး​ယား၊ တူလွန်​မြို့​ကို ရောက်​လာတယ်။ နှစ်ပတ်​ကြာ​တော့ အစ်ကို ဘော်​ဂ​ဒန်​က အန်​ဂတ်​မြို့​နားက စခန်း​ကို ရောက်​လာတယ်။ အလုပ်ကြမ်း​နဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်​ခံ​ရတယ်။

အမေ၊ ဂ​ရက်​ဂ​ရီ​နဲ့ ကျွန်တော်တို့ တူ​လွန်​မြို့​ပတ်ဝန်းကျင် ရွာတွေ​မှာ ဟော​ကြ​တယ်။ ကြံရည်ဖန်ရည်​တော့ ရှိ​ရတယ်။ ဥပမာ၊ “နွား​ရောင်းချင်​တဲ့သူ ရှိ​လား” လို့​မေးတယ်။ ရောင်းချင်​တဲ့သူ တွေ့​တဲ့အခါ နွား​တွေကို အံ့ဖွယ်နည်း​နဲ့ ပုံစံ​ပြု​ထားကြောင်း ရှင်းပြ​တယ်။ ပြီးတော့ ဖန်ဆင်းရှင်​အကြောင်း ပြော​ကြ​တယ်။ အဲဒီအချိန်​မှာ သတင်းစာ​က သက်သေခံ​တွေ နွား​အကြောင်း မေးပေ​မဲ့ သိုး​ရှာ​နေကြ​တာ​လို့ ရေး​တယ်။ သိုး​လို​လူတွေကို တကယ် တွေ့ခဲ့​ပါတယ်။ ခန့်အပ်​မခံ​ရတဲ့ အဲဒီ​ဒေသ​မှာ နှိမ့်ချ၊ ဧည့်ဝတ်ကျေပွန်​သူတွေနဲ့ ကျမ်းစာ လေ့လာခွင့်​ရလို့ ဝမ်းသာစရာ​ပဲ။ ဒီနေ့ တူလွန်​မြို့မှာ ကြေညာသူ ၁၀၀ ကျော်​တဲ့ အသင်းတော်​တစ်ခု ရှိနေ​ပြီ။

မာ​ရီ​ယာ ယုံကြည်ခြင်း စမ်းသပ်ခံရ

ဒုတိယ​ကမ္ဘာစစ် ဖြစ်နေ​ချိန်​အတွင်း ယူကရိန်း​မှာ ကျွန်တော့်​ဇနီး မာ​ရီ​ယာ အမှန်တရား သိရှိ​လာတယ်။ အသက် ၁၈ နှစ်​အရွယ်မှာ ကေဂျီဘီ​အရာရှိ​က သူ့ကို နှောင့်ယှက်​ပြီး အတူနေ​ဖို့ သွေးဆောင်​ပေ​မဲ့ ပြတ်ပြတ်သားသား ငြင်းဆို​ခဲ့တယ်။ တစ်နေ့ အိမ်ပြန်လာ​တော့ အရာရှိ​က မာ​ရီ​ယာ​ရဲ့ အိပ်ရာပေါ် လှဲ​နေတယ်။ မာ​ရီ​ယာ ထွက်ပြေး​ပါ​လေ​ရော။ သက်သေခံ​ဖြစ်လို့ ထောင်ချ​မယ်လို့ အရာရှိ ဒေါသတကြီး ခြိမ်းခြောက်​တယ်။ တကယ်ပဲ ၁၉၅​၂ ခုနှစ်မှာ ထောင်ဒဏ် ဆယ်နှစ် ကျ​တယ်။ သမာဓိစောင့်​ထိန်း​လို့ ထောင်ကျ​ခဲ့တဲ့ ယောသပ်​လို ခံစားရ​တယ်။ (က. ၃၉:၁၂၊ ၂၀) တရားရုံး​က​နေ ထောင်​ကို ပို့​ပေးတဲ့ ကား​သမား​က “မကြောက်​ပါနဲ့။ ထောင်​ထဲကနေ သိက္ခာ​ရှိရှိ ပြန်​ထွက်လာ​တဲ့သူ​တွေ အများကြီး​ပဲ” လို့ပြောတယ်။ အဲဒီ​စကား​တွေ​က မာ​ရီ​ယာ​ကို အားရှိ​စေခဲ့တယ်။

၁၉၅​၂ က​နေ ၁၉၅​၆ အထိ ရုရှားနိုင်ငံ၊ ဂေါ်ကီ​မြို့ (အခု နီ​ဇ​နီ နို​ဂို​ရော့) နားက အလုပ်ကြမ်း​စခန်း​မှာ မာ​ရီ​ယာ နေ​ခဲ့တယ်။ အေးခဲ​နေတဲ့ ရာသီဥတု​မှာတောင် သစ်ပင်​တွေ ခုတ်လှဲ​ရတယ်။ ကျန်းမာရေး မကောင်း​လို့ ၁၉၅​၆ မှာ လွတ်​လာပြီး တူ​လွန်​မြို့​ကို သွားခဲ့တယ်။

ဇနီး၊ သားသမီး​တွေနဲ့ ဝေးကွာ

တူ​လွန်​မြို့​က ညီအစ်ကို​တစ်ယောက်က ညီအစ်မ​တစ်ယောက် လာမယ်​ပြော​လို့ အထုပ်​တွေ ဝိုင်း​သယ်​ပေး​ရ​အောင် ကားဂိတ်​ကို ကျွန်တော် စက်ဘီး​နဲ့ ထွက်​လာတယ်။ မာ​ရီ​ယာ​ကို တွေ့​တော့ မြင်မြင်​ချင်း ချစ်​မိတယ်။ ပြန်​ချစ်​လာအောင် အတော်​ကြိုးစား​ရပေမဲ့ အောင်မြင်​ခဲ့​ပါတယ်။ ၁၉၅​၇ ခုနှစ်မှာ ကျွန်တော်တို့ လက်ထပ်​လိုက်တယ်။ တစ်နှစ်​ကြာ​တော့ သမီး အီရီနာ မွေး​လာတယ်။ ဒါပေ​မဲ့ သိပ်​ကြာကြာ မပျော်​လိုက်ရ​ဘူး။ ၁၉၅​၉ ခုနှစ်မှာ ကျမ်းစာစာပေ ပုံနှိပ်​လို့ ဖမ်းဆီး​ခံ​ရတယ်။ နှစ်ဝက်​လောက် တိုက်ပိတ်ခံရ​တယ်။ အဲဒီ​အတောအတွင်း စိတ်ငြိမ်သက်​ဖို့ ဆုတောင်း၊ နိုင်ငံ​တော်​သီချင်း​တွေ ဆိုပြီး ပြန်​လွတ်​လာ​ရင် ဘယ်လို ဟော​မယ်​ဆိုတာ စဉ်းစား​ခဲ့တယ်။

၁၉၆၂၊ အလုပ်ကြမ်း​စခန်း​မှာ

ထောင်​ထဲ စစ်ကြောမေးမြန်း​ခံရ​ချိန်မှာ မေးမြန်း​သူက “မကြာခင် မင်း​တို့​ကို ကြွက်​ရှင်း​သလို ရှင်းပစ်​တော့မယ်​ကွ” လို့​ အော်​ပြောတယ်။ “နိုင်ငံ​တော် သတင်းကောင်းကို မြေတစ်ပြင်လုံးမှာ ဟော​ရမယ်လို့ ယေရှု မိန့်မှာ​ထားတယ်။ ဘယ်သူမှ တားဆီး​နိုင်မှာ မဟုတ်ဘူး” လို့ ကျွန်တော် ပြန်ပြော​လိုက်တယ်။ အဲဒီအခါ အစမှာ ပြော​ခဲ့တဲ့​အတိုင်း မေးမြန်း​သူက ပရိယာယ် ပြောင်း​ပြီး ကျွန်တော့်​ယုံကြည်ခြင်း​ကို စွန့်လွှတ်ဖို့ သွေးဆောင်​ခဲ့တယ်။ ခြောက်​မရ၊ ချော့​မ​ရတဲ့​အဆုံး ဆာ​ရန်​မြို့​နားက အလုပ်ကြမ်း​စခန်း​မှာ အလုပ်ကြမ်း​နဲ့ ထောင်ဒဏ် ခုနစ်နှစ် ချခဲ့တယ်။ စခန်း​ကို သွား​နေတုန်း ဒုတိယ​သမီး အို​လ​ဂါ မွေး​ပြီ​ဆိုတာ သိခဲ့​ရတယ်။ ဇနီး၊ သမီး​တွေနဲ့ ဝေးနေ​ပေ​မဲ့ မာ​ရီ​ယာ​နဲ့ ကျွန်တော် ယေဟော​ဝါအပေါ် သစ္စာစောင့်သိ​နေတယ်​ဆိုတဲ့ အသိစိတ်​ကြောင့် နှစ်သိမ့်မှု ရခဲ့တယ်။

၁၉၆၅ မှာ မာ​ရီ​ယာ​နဲ့ သမီး အို​လ​ဂါ၊ အီရီနာ

တူ​လွန်​မြို့ကနေ ဆာ​ရန်​မြို့​ကို ရထား​နဲ့ အသွားအပြန် ၁၂ ရက် ကြာ​ပေ​မဲ့ မာ​ရီ​ယာ တစ်နှစ်​တစ်ခါ ကျွန်တော့်​ဆီ လာလည်​တယ်။ နှစ်​တိုင်း ဖိနပ်​အသစ်​တစ်ရံ ယူလာ​လေ့ရှိတယ်။ ဖိနပ်​ခွာ​ထဲမှာ ကင်းမျှော်စင် အသစ်​တွေ ဝှက်ထား​တယ်။ တစ်​နှစ်မှာ​တော့ သမီး​နှစ်ယောက်​ကို ခေါ်လာတဲ့​အတွက် အထူး​နှစ်ပဲ။ သူတို့ကို တွေ့ခွင့်​ရလို့ ဝမ်းသာ​လိုက်တာ။

နယ်မြေသစ်၊ အခက်အခဲ​သစ်

၁၉၆​၆ ခုနှစ်မှာ အလုပ်ကြမ်း​စခန်း​က​နေ လွတ်​လာတယ်။ ကျွန်တော်တို့​လေးယောက် ပင်လယ်​နက်​နားက အာမဗီ​မြို့​ကို ပြောင်းရွှေ့​ခဲ့တယ်။ အဲဒီမှာ သား ယာ​ရို​ဆ​လပ်​နဲ့ ပါ​ဗယ်​တို့ မွေး​တယ်။

မကြာခင်​မှာပဲ ကေဂျီဘီ​အရာရှိ​တွေ အိမ်ထဲ ဝင်စီး​ပြီး ကျမ်းစာ​စာပေ​တွေ ရှာ​ကြ​တယ်။ နေရာအနှံ့​ရှာ​တာ နွား​စား​ခွက်​တောင် မကျန်​ဘူး။ အဲဒီတုန်းက ရဲ​တွေ ပူ​လွန်း​လို့ ချွေး​တွေ ရွှဲ​နေတာ​ပဲ။ ဝတ်စုံ​တွေလည်း ဖုန်​တွေနဲ့။ မာ​ရီ​ယာ​က သူတို့ကို သနား​မိတယ်။ သူတို့​လည်း အမိန့်​အတိုင်း နာခံ​နေကြ​တာပါ။ ဒါနဲ့ ဖျော်ရည်​တိုက်​ပြီး ဖုန်​တွေ ခါဖို့​ ဘ​ရွတ်၊ ရေ​ဇလုံ၊ တ​ဘက်​တွေ ယူလာ​ပေးတယ်။ ရဲမှူး​ ရောက်လာ​တော့ ရဲ​တွေ​က သူတို့ကို မာရီယာ ကောင်းကောင်း ဆက်ဆံ​တဲ့​အကြောင်း ပြောပြတယ်။ ပြန်တဲ့​အခါ ရဲ​မှူး​က ရယ်​ပြီး လက်ပြ​သွားတယ်။ “အကောင်း​နဲ့ တုံ့ပြန်​ပြီး အဆိုး​ကို အမြဲ​အနိုင်ယူ” တဲ့​ရလဒ်​ကို မြင်ရ​လို့ ဝမ်းသာ​ခဲ့ရတယ်။—ရော. ၁၂:၂၁

အဖမ်း​အဆီး​တွေ​ကြား အာမဗီ​မြို့မှာ ဆက်​ဟောပြော​ကြ​တယ်။ အနီးအနား ကူ​ရ​ဂါ​နစ်​မြို့​က ကြေညာသူ အုပ်စု​လေး​ကိုလည်း အားပေး​နိုင်ခဲ့တယ်။ အခု အာမဗီ​မြို့မှာ အသင်းတော် ခြောက်ခု၊ ကူ​ရ​ဂါ​နစ်​မြို့မှာ လေးခု ရှိ​နေတာ မြင်ရ​လို့ ဝမ်းသာ​လိုက်တာ။

နှစ်တွေ​တစ်လျှောက် ယုံကြည်ခြင်း အားနည်း​တဲ့​အချိန်​လည်း ရှိခဲ့တယ်။ ဒါပေမဲ့ သစ္စာရှိ​ညီအစ်ကို​တွေကို သုံးပြီး ယေဟော​ဝါ တည့်မတ်​အားပေးခဲ့​လို့ ကျေးဇူးတင်စရာ​ပဲ။ (ဆာ. ၁၃၀:၃) အသင်းတော်တွေ​ထဲ မသိမသာ စိမ့်ဝင်​လာတဲ့ ကေဂျီဘီ​တွေကလည်း တကယ့်​စမ်းသပ်မှု​ပဲ။ အမှုဆောင်လုပ်ငန်းမှာ တက်ကြွ​ထက်သန်တဲ့​ပုံ​ ဖမ်း​ကြ​တယ်။ တချို့​ဆိုရင် အဖွဲ့အစည်း​မှာ တာဝန်​ကြီး​တွေတောင် ရရှိ​ကြ​တယ်။ အချိန်တန်​တော့​လည်း သရုပ်မှန် ပေါ်လာ​တာပါ​ပဲ။

၁၉၇​၈၊ မာ​ရီ​ယာ အသက် ၄၅ နှစ်မှာ ကိုယ်ဝန် ရှိလာ​ပြန်​တယ်။ နာတာရှည် နှလုံးရောဂါ​ကြောင့် အသက်အန္တရာယ် ရှိတယ်​ဆိုပြီး ကလေး​ဖျက်​ချဖို့ ဆရာဝန်​တွေ တွန်းအား​ပေးကြတယ်။ မာရီယာ​ မ​ဖျက်​ချ​ခဲ့ဘူး။ ဒါကြောင့် ဆရာဝန်​တချို့က အချိန်မတန်​ဘဲ မွေး​လာအောင် ဆေးထိုး​ဖို့ ဆေးထိုး​အပ် ကိုင်​ပြီး မာ​ရီ​ယာ​နောက် တကောက်​ကောက် လိုက်​ကြ​တယ်။ မမွေး​သေး​တဲ့​ကလေးကို ကာကွယ်​ဖို့ မာ​ရီ​ယာ ဆေးရုံ​က​နေ ထွက်​ပြေးခဲ့​ရတယ်။

မြို့ကနေ ထွက်သွား​ဖို့ ကေဂျီဘီ အမိန့်​ပေးတယ်။ ဒါနဲ့ ဆိုဗီယက် ပြည်ထောင်စု​ပိုင်နက် အက်စ်​တိုး​နီး​ယား​နိုင်ငံ၊ တာ​လင်း​မြို့​နားက ရွာ​လေး​ကို ပြောင်းရွှေ့​ကြ​တယ်။ ဆရာဝန်​တွေ ထင်သလို မဟုတ်ဘဲ ကျန်းမာ​တဲ့ သားလေး ဗီတာ​လီ​ကို တာ​လင်း​မြို့မှာ မွေးဖွား​ခဲ့တယ်။

နောက်ပိုင်း အက်စ်​တိုး​နီး​ယား​က​နေ ရုရှား​တောင်ပိုင်း​က နီ​ဇ​လို​နာ​ယာ​ရွာ​ကို ပြောင်းရွှေ့​ခဲ့တယ်။ တစ်နိုင်ငံလုံး​က​လူတွေ လာ​လည်ပတ်​တဲ့ အနီးအနား အပန်းဖြေ​မြို့​တွေမှာ သတိရှိရှိ ဟောပြော​ကြ​တယ်။ ကျန်းမာရေး​အတွက် ရောက်လာ​တာ ဖြစ်ပေမဲ့ ထာဝရအသက် မျှော်လင့်ချက်​နဲ့ တချို့ ပြန်သွား​ကြ​တယ်။

ယေဟော​ဝါကို ချစ်​ဖို့ သားသမီးတွေကို ပျိုးထောင်​ခြင်း

ယေဟော​ဝါကို ချစ်​လာဖို့၊ ဝတ်ပြု​ချင်စိတ် ရှိလာ​ဖို့ သားသမီးတွေကို ကျွန်တော်တို့ သွန်သင်​ပေးတယ်။ သားသမီး​တွေ​အပေါ် ကောင်းမွန်​တဲ့​ဩဇာ သက်ရောက်​စေမယ့် ညီအစ်ကို​တွေကို မကြာခဏ ဖိတ်ခေါ်တယ်။ အဲဒီမှာ ၁၉၇​၀ က​နေ ၁၉၉​၅ အထိ နယ်လှည့်ကြီးကြပ်မှူး​အဖြစ် အမှုဆောင်​ခဲ့တဲ့ ညီလေး ဂ​ရက်​ဂ​ရီ​လည်း ပါတယ်။ ပျော်ပျော်​နေ​တတ်​ပြီး ဟာသ​ဉာဏ်​ရှိတဲ့​အတွက် သူ​လာလည်​ရင် တစ်​မိသားစု​လုံး ပျော်​ကြ​တယ်။ ဧည့်သည်​တွေ လာတဲ့အခါ ကျမ်းစာ​ဂိမ်းတွေ ကစား​လေ့​ရှိလို့ ကျမ်းစာသမိုင်း​မှတ်တမ်းတွေ​ကို သားသမီး​တွေ မြတ်နိုး​လာတယ်။

သား​တွေနဲ့ ချွေးမတွေ

ဝဲ​မှ ယာ၊ နောက်​တန်း– ယာ​ရို​ဆ​လပ်၊ ပါ​ဗယ်၊ ဗီတာ​လီ

ရှေ့တန်း– အ​လီ​ယို​နာ၊ ရာ​ယာ၊ ဆ​ဗ​က်​လာ​နာ

၁၉၈​၇ ခုနှစ်မှာ သားယာရိုဆလပ်​က ပို​လွတ်လွတ်လပ်လပ် ဟောပြော​နိုင်မယ့် လတ်ဗီးယားနိုင်ငံ၊ ရီ​ဂါ​မြို့​ကို ပြောင်းရွှေ့​သွားတယ်။ ဒါပေမဲ့ စစ်မှု​မထမ်း​လို့ တစ်နှစ်​ခွဲ ထောင်ကျ​ပြီး ထောင်​ကိုးခု ပြောင်း​ခဲ့ရတယ်။ ကျွန်တော် ပြောပြထားတဲ့ ထောင်​အတွေ့အကြုံ​တွေ​က ခံနိုင်ရည်​ရှိ​ဖို့ သူ့ကို ကူညီ​ပေးခဲ့တယ်။ နောက်ပိုင်း ရှေ့ဆောင်​အဖြစ် အမှုဆောင်​ခဲ့တယ်။ သား​ပါ​ဗယ်​ဟာ ၁၉၉​၀၊ အသက် ၁၉ နှစ်​အရွယ်မှာ ဂျပန်နိုင်ငံ​မြောက်ပိုင်း ဆာ​ခါ​လင်း​ကျွန်း​မှာ ရှေ့ဆောင် သွား​လုပ်ချင်​တယ်။ အစပိုင်းမှာ ကျွန်တော်တို့ မသွား​စေချင်ဘူး။ တစ်​ကျွန်း​လုံးမှာ ကြေညာသူ ၂၀ ပဲ​ရှိတယ်။ ကျွန်တော်တို့​နဲ့ မိုင် ၅,၅၀​၀ (ကီလိုမီတာ ၉,၀​၀​၀) ဝေး​တယ်။ နောက်ပိုင်း​တော့ သဘောတူ​လိုက်ပါ​တယ်။ ဆုံးဖြတ်ချက် မှန်​သွားတယ်။ နိုင်ငံတော်သတင်း​ကို လူတွေ တုံ့ပြန်​ကြ​တယ်။ နှစ်​အနည်းငယ်​အတွင်း အသင်းတော် ရှစ်ခု ဖြစ်လာတယ်။ ၁၉၉​၅ ခုနှစ်​အထိ ဆာ​ခါ​လင်း​ကျွန်း​မှာ ပါ​ဗယ် အမှုဆောင်​တယ်။ ဒီလိုနဲ့ အိမ်​မှာ အငယ်ဆုံး​သား ဗီတာ​လီ​ပဲ ကျန်​တော့​တယ်။ ကလေးဘဝ​ကတည်းက ကျမ်းစာဖတ်​ရတာ​ကို သူ​ကြိုက်​တယ်။ အသက် ၁၄ နှစ်မှာ ရှေ့ဆောင် စ​လုပ်ပြီး ကျွန်တော်​လည်း သူနဲ့​အတူ နှစ်နှစ် ရှေ့ဆောင်​လုပ်ခဲ့​တယ်။ သိပ်ပျော်​စရာ​ကောင်းတဲ့​အချိန်​ပါပဲ။ ဗီတာ​လီ အသက် ၁၉ နှစ်မှာ အထူးရှေ့ဆောင်​အဖြစ် အမှုဆောင်ဖို့ ထွက်​သွားတယ်။

၁၉၅​၂ ခုနှစ်​တုန်းက ကေဂျီဘီ​အရာရှိ​က “ယုံကြည်ခြင်း​ကို စွန့်​မလား၊ ထောင်ဒဏ် ဆယ်နှစ် ကျ​ခံ​မလား။ အသက်ကြီး၊ အထီးကျန်​တော့မှ ထောင်​က လွတ်​လိမ့်မယ်” လို့ မာ​ရီ​ယာ​ကို ပြောတယ်။ ဒါပေမဲ့ အဲဒီလို မ​ဖြစ်ခဲ့​ပါဘူး။ သစ္စာ​ရှိတဲ့ဘုရား ယေဟော​ဝါ၊ သားသမီး​တွေ၊ အမှန်တရား တွေ့​အောင် ကျွန်တော်တို့ ကူညီပေး​ခဲ့​သူတွေ​ရဲ့ မေတ္တာကို ခံစားနေရ​ပါတယ်။ သားသမီး​တွေ အမှုဆောင်တဲ့​နေရာ​ကို ကျွန်တော်တို့ လည်ပတ်​ရတာ ပျော်​တယ်။ ယေဟော​ဝါ​အကြောင်း သိ​လာအောင် သားသမီး​တွေ ကူညီပေး​ခဲ့​သူတွေ​ရဲ့ ကျေးဇူးသိတတ်​မှုကို တွေ့ရတယ်။

ယေဟော​ဝါရဲ့ ကောင်းမြတ်မှု​အတွက် ကျေးဇူးတင်

၁၉၉​၁ ခုနှစ်မှာ ယေဟော​ဝါ​သက်သေတွေရဲ့ လုပ်ငန်း တရားဝင် အသိအမှတ်ပြု​ခံ​ရတယ်။ ဟောပြော​ဖို့ အားသစ်အင်သစ်​တွေ ပြန်​ရလာ​တယ်။ စ​နေ၊ တနင်္ဂနွေ​နေ့​တွေမှာ အနီးအနား မြို့ရွာ​တွေကို သွား​ဟော​နိုင်​ဖို့ ကျွန်တော်တို့​အသင်းတော်​က ဘတ်စကား​တစ်စီး​တောင် ဝယ်​ထားတယ်။

၂၀၁၁ မှာ ဇနီးနဲ့အတူ

ယာ​ရို​ဆ​လပ်​နဲ့ ဇနီး အ​လီ​ယို​နာ၊ ပါ​ဗယ်​နဲ့ ဇနီး ရာ​ယာ​တို့ ဗေသလ​မှာ အမှုဆောင်​နေ​ပြီး ဗီတာ​လီ​နဲ့ ဇနီး ဆ​ဗ​က်​လာ​နာ​တို့ တိုက်နယ်​လုပ်ငန်းမှာ အမှုဆောင်​နေတာ မြင်ရ​လို့ သိပ်ပျော်​တယ်။ သမီးကြီး အီရီနာ​နဲ့ မိသားစုက ဂျာမနီမှာ နေကြတယ်။ သူ့​ခင်ပွန်း ဗလာဒီမာ​နဲ့ သား​သုံးယောက်​စလုံး အကြီးအကဲ​အဖြစ် အမှုဆောင်​နေကြတယ်။ သမီး​ငယ် အို​လ​ဂါ​က အက်စ်​တိုး​နီး​ယား​မှာ နေ​ပြီး ပုံမှန်​ ဖုန်းဆက်​တယ်။ ၂၀၁​၄ မှာ ချစ်ဇနီး မာ​ရီ​ယာ သေဆုံး​သွား​လို့ ဝမ်းနည်း​ခဲ့ရတယ်။ ရှင်ပြန်ထမြောက်​လာမယ့်​သူ့ကို မြင်​ချင်​လှ​ပြီ။ အခု ကျွန်တော် ဘယ်​လ​ဂို​ရော့​မြို့မှာ နေတယ်။ ဒီ​က ညီအစ်ကိုတွေ အများကြီး ကူညီ​ပေးကြတယ်။

ယေဟော​ဝါကို ဝတ်ပြု​ခဲ့တဲ့ နှစ်တွေ​တစ်လျှောက် သမာဓိ စောင့်ထိန်း​ဖို့ ပေးဆက်​ရတာ ရှိပေမဲ့ ယေဟော​ဝါ ပြန်​ပေးတဲ့ စိတ်ငြိမ်သက်မှု​က​တော့ တန်ဖိုး​မ​ဖြတ်​နိုင်မှန်း သိရှိ​ခဲ့ရတယ်။ သစ္စာစောင့်သိမှု​ကြောင့် မာ​ရီ​ယာ​နဲ့ ကျွန်တော် ရရှိတဲ့ ကောင်းချီး​တွေဟာ ထင်ထား​တာ​ထက် ပိုများ​ပါတယ်။ ဆိုဗီယက်​ပြည်ထောင်စု ပြိုကွဲ​သွားတဲ့ ၁၉၉၁​ ခုနှစ် မတိုင်ခင်​က ကြေညာသူ ၄၀,၀​၀​၀ ကျော်​ပဲ ရှိခဲ့တယ်။ အခု ဆိုဗီယက်​ပြည်ထောင်စု​ပိုင်နက် နိုင်ငံ​တွေမှာ ကြေညာသူ ၄၀၀,၀၀၀​ ကျော် ရှိနေ​ပြီ။ ကျွန်တော့်​အသက် ၈၃ နှစ် ရှိပြီ။ အကြီးအကဲ​အဖြစ် အမှုဆောင်​နေတုန်းပဲ။ ယေဟော​ဝါ ပေးတဲ့ ခွန်အား​ကြောင့် ကျွန်တော် အမြဲ ခံရပ်​နိုင်ခဲ့တယ်။ မှန်ပါတယ်၊ ကျွန်တော့်ကို ယေဟော​ဝါ ကြွယ်ဝ​စွာ ဆုချ​ပါတယ်။—ဆာ. ၁၃:၅၊ ၆

^ စာပိုဒ်၊ 4 ကေဂျီဘီ​ဆိုတာ ဆိုဗီယက် အစိုးရ​လုံခြုံရေး ကော်မတီ​ရဲ့ အတိုကောက်။