မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၃ ပြဿနာတွေကို ခံရပ်နိုင်ဖို့ ကူညီပေး

၃ ပြဿနာတွေကို ခံရပ်နိုင်ဖို့ ကူညီပေး

ရှောင်လွှဲ​လို့၊ ဖြေရှင်း​လို့ မရနိုင်​တဲ့ ပြဿနာတွေ​လည်း​ ရှိတယ်။ ချစ်ရသူ​တစ်​ဦး သေဆုံးသွားတဲ့​အခါ၊ နာတာရှည်ရောဂါ​ ခံစားရ​တဲ့အခါ​မျိုးမှာ နာကျင်မှု​ကို ခါးစည်းခံ​နေ​ရုံ​ကလွဲလို့ ဘာမှ​မတတ်နိုင်​ဘူး။ ဒီလို​ အခြေအနေ​မျိုးမှာ ကျမ်းစာ ကူညီ​ပေးနိုင်​ သလား။

နာတာရှည်​ရောဂါ

“မျိုးရိုးလိုက်​ရောဂါ​ကြောင့် အမြဲ​ပဲ နာကျင်ကိုက်ခဲ​နေတယ်။ ဘာမှ မလုပ်​နိုင်​မ​ကိုင်​နိုင်​ဘူး” လို့ ရို့စ် ပြောတယ်။ အဆိုးဆုံး​က​တော့ ကျမ်းစာ​လေ့လာမှု၊ ဝတ်ပြုမှု​တွေကို​တောင် ကောင်းကောင်း အာရုံမစိုက်​နိုင်တာ​ပဲ။ ဒါပေမဲ့ “ဘုရားသခင်အတွက်​တော့ အရာအားလုံး ဖြစ်နိုင်တယ်” ဆိုတဲ့ မဿဲ ၁၉:၂၆ ပါ ယေရှုရဲ့ စကား​တွေကနေ အကူအညီ​ရခဲ့တယ်။ တခြား​နည်းတွေနဲ့​လည်း လေ့လာ​နိုင်မှန်း သူ သိလာ​တယ်။ နာကျင်ကိုက်ခဲ​မှု​ကြောင့် စာ​မဖတ်​နိုင်တဲ့​အခါ ကျမ်းစာနဲ့ ကျမ်းစာစာပေ​တွေ အသံသွင်း​ထားတာကို နားထောင်​တယ်။ * “အဲဒါ​တွေ​သာ မရှိရင် ဘုရား​နဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး​ရှိ​ဖို့ မလွယ်​ဘူး” လို့ သူပြောတယ်။

ရို့စ်ဟာ အရင်တုန်းက​လို မ​လုပ်နိုင်​တော့​လို့ ဝမ်းနည်း​မိ​တဲ့အခါ “စေတနာ​စိတ်နဲ့ ပေးလှူ​တာကို ဘုရား​သခင် နှစ်သက်​တယ်။ မတတ်နိုင်​တာကို မဟုတ်ဘဲ တတ်နိုင်​တာကို ပေးလှူ​ဖို့ ဘုရား​သခင် မျှော်လင့်​တယ်” ဆိုတဲ့ ၂ ကောရိန္သု ၈:၁၂ ပါ ကျမ်း​စကားက​နေ နှစ်သိမ့်မှု​ရတယ်။ သူ တတ်နိုင်​သလောက် လုပ်​နေတာကို ဘုရား နှစ်သက်​တယ်ဆိုတာ​ကိုလည်း သတိရ​စေတယ်။

ဝမ်းနည်းပူဆွေးမှု

အစောပိုင်း​မှာ​ပါတဲ့ ဒ​က်​ဖ​နီ အခုလို ပြောတယ်– “၁၈ နှစ်အရွယ် သမီးလေး ဆုံးသွား​တဲ့​နောက် ဖြေမဆည်​နိုင်အောင် ဝမ်းနည်း​လွန်း​လို့ ဆက်​အသက်ရှင်​နိုင်မယ်​လို့တောင် မထင်​ခဲ့ဘူး။ အရင်တုန်းက​အခြေအနေ​နဲ့ တခြား​စီ​ပဲ။” ဒါပေမဲ့ “စိုးရိမ်စိတ်​တွေ သိပ်​များနေ​တဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေး​ပြီး စိတ်သက်သာရာ ရစေတယ်” ဆိုတဲ့ ဆာလံ​ ၉၄:၁၉ ပါ ကျမ်း​စကားက​နေ သူ နှစ်သိမ့်မှု​ရခဲ့တယ်။ “စိတ်သက်သာရာ ရစေ​တဲ့​အရာတွေ လုပ်နိုင်​အောင် ကူညီပေးပါ​လို့ ယေဟောဝါ​ဆီ ဆုတောင်း​တယ်” လို့ သူပြောတယ်။

စေတနာ​နဲ့​ပေးဆပ်​ရတဲ့ အလုပ်မှာ စိတ်​နှစ်​ထား​လိုက်တယ်။ ရောင်စုံ​ခဲတံ​တွေဟာ ကျိုးသွား​ရင်တောင် အသုံးဝင်​နေတုန်းပဲ။ အဲဒီလိုပဲ သူ​လည်း ဝမ်းနည်းကြေကွဲ​နေ​ပေ​မဲ့ တခြား​သူတွေကို ကူညီ​ပေးနိုင်​တုန်းပဲ​ဆိုတာ သိလာ​တယ်။ “တခြား​သူတွေကို ကျမ်းစာ​သုံးပြီး နှစ်သိမ့်ပေး​တဲ့အခါ ကိုယ်တိုင်​လည်း ယေဟောဝါ​ဆီက နှစ်သိမ့်မှု ခံစားရ​တယ်” လို့ သူပြောတယ်။ အကြီးအကျယ် ဝမ်းနည်းပူဆွေး​ခဲ့ရတဲ့ ကျမ်းစာ​ဇာတ်ကောင်​တွေရဲ့ နာမည်ကို ချရေး​တယ်။ “သူတို့​အားလုံး ဘုရား​ကို အားကိုးတကြီး ဆုတောင်း​ခဲ့ကြ​သူတွေ ဖြစ်တယ်၊” “ကျမ်းစာ​သာ မဖတ်​ရင် ခံရပ်နိုင်​ဖို့ မလွယ်​ဘူး” ဆိုတာ​လည်း သူ​သိလာ​တယ်။

ကျမ်းစာကို လေ့လာတဲ့​အတွက် ဒ​က်​ဖ​နီ​ဟာ အတိတ်​ကို မဟုတ်ဘဲ အနာဂတ်​ကို အာရုံစိုက်​တတ်​လာတယ်။ ‘ဖြောင့်မတ်သူ​ရော မဖြောင့်မတ်​သူတွေ​ပါ ရှင်ပြန်ထမြောက်​လာမယ်’ ဆိုတဲ့ တမန်တော် ၂၄:၁၅ ပါ ကျမ်း​စကားက သူ့ကို နှစ်သိမ့်မှု​ပေးတယ်။ သူ့​သမီးကို ယေဟောဝါ အသက်ပြန်ရှင်​အောင် လုပ်ပေး​မယ်​ဆိုတာ သူ ဘယ်လောက် ယုံကြည်​စိတ်ချ​သလဲ။ “သမီး အသက်ပြန်ရှင်​လာ​တာကို မြင်ယောင်​တယ်။ ပြက္ခဒိန်​မှာ မှတ်ထား​သလို​မျိုး သမီး​နဲ့​ပြန်ဆုံ​မယ့်​ရက်​ကိုလည်း ကျွန်မ​စိတ်ထဲ သတ်မှတ်​ထားပြီး​ပြီ။ သမီး​နဲ့​ပြန်ဆုံ​တဲ့အခါ သမီးကို မွေး​တုန်းက တစိမ့်စိမ့်​ကြည့်ပြီး ချစ်​ခဲ့ရ​သလို​မျိုး ဖြစ်နေ​မှာပဲ” လို့ ဒ​က်​ဖ​နီ ပြောတယ်။

^ စာပိုဒ်၊ 4 အသံသွင်း​ထားတာ​တွေကို jw.org/mya ဝက်ဘ်ဆိုက်​မှာ ရ​နိုင်တယ်။

အခက်ခဲဆုံး​အချိန်​တွေ​မှာတောင် ကျမ်းစာက​နေ နှစ်သိမ့်မှု​ရနိုင်