မျက်နှာဖုံးဆောင်းပါး | ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားချိန်ဝယ်
ဝမ်းနည်းပူဆွေးမှုကို ကိုင်တွယ်ဖြေရှင်းခြင်း
ဒီအကြောင်းနဲ့ပတ်သက်ပြီး အကြံပေးချက်တွေကတော့ တောင်ပုံယာပုံပဲ။ ဒါပေမဲ့ အကြံပြုချက်အားလုံးကတော့ အသုံးမဝင်ပါဘူး။ ဥပမာ၊ တချို့က မငိုဖို့၊ ခံစားချက်ကို မျိုသိပ်ထားဖို့ အကြံပေးကြတယ်။ တခြားသူတွေကျတော့လည်း ခံစားချက်အားလုံးကို ဖွင့်ချလိုက်ဖို့ ပြောကြတယ်။ ကျမ်းစာမှာတော့ မျှတတဲ့အမြင်ကို ဖော်ပြထားပြီး ခေတ်သစ်လေ့လာမှုကလည်း အဲဒါကို ထောက်ခံတယ်။
တချို့ယဉ်ကျေးမှုတွေမှာ ငိုရင် ယောက်ျားမပီသဘူးလို့ ယူဆကြတယ်။ ဒါဆို လူရှေ့သူရှေ့ မျက်ရည်ကျတာက တကယ်ပဲရှက်စရာလား။ မျက်ရည်ကျတာဟာ ဝမ်းနည်းပူဆွေးမှုရဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ စိတ်ကျန်းမာရေးပညာရှင်တွေ အသိအမှတ်ပြုကြတယ်။ အကြီးအကျယ်ဆုံးၡုံးမှုကြားထဲကနေ အချိန်တန်တဲ့အခါ ဘဝကိုရှေ့ဆက်နိုင်ဖို့ ဝမ်းနည်းပူဆွေးမှုက သင့်ကို တွန်းအားပေးနိုင်တယ်။ ဝမ်းနည်းတာကို မျိုသိပ်ထားတာက ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်။ ဝမ်းနည်းပူဆွေးလို့ မျက်ရည်ကျတာ မှားတယ်၊ ယောက်ျားမပီသဘူးဆိုတဲ့ လူ့သတ်မှတ်ချက်တွေကို ကျမ်းစာက မထောက်ခံပါဘူး။ ဥပမာအနေနဲ့ ယေရှုအကြောင်း စဉ်းစားကြည့်ပါ။ ကိုယ်တော့်မှာ အသက်ပြန်ရှင်အောင်လုပ်ပေးနိုင်စွမ်းရှိပေမဲ့လည်း မိတ်ဆွေရင်း လာဇရုသေဆုံးသွားတဲ့အခါ လူရှေ့သူရှေ့မှာတင် ကိုယ်တော် ငိုကြွေးခဲ့တယ်။—ယောဟန် ၁၁:၃၃–၃၅။
ဝမ်းနည်းပူဆွေးမှုကြောင့် ဒေါသထွက်တတ်ကြတယ်၊ အထူးသဖြင့် မမျှော်လင့်ဘဲ ရုတ်တရက်ဆုံးပါးသွားချိန်မှာ ဖြစ်တယ်။ ဝမ်းနည်းပူဆွေးသူတစ်ဦးကို ဒေါသထွက်စေနိုင်တဲ့ အကြောင်းရင်းအများကြီး ရှိတယ်။ ဥပမာ၊ လေးစားရတဲ့သူတစ်ဦး မဆင်မခြင်ပြောလိုက်တဲ့စကားကြောင့် ဖြစ်နိုင်တယ်။ တောင်အာဖရိကနိုင်ငံက မိုက်ခ် ခုလိုပြောပြတယ်– “အဖေဆုံးချိန်မှာ ကျွန်တော်က ၁၄ နှစ်သားပဲ ရှိသေးတာ။ ဈာပနအခမ်းအနားမှာ အင်္ဂလီကန်ဓမ္မဆရာက ဘုရားသခင်ဟာ လူကောင်းတွေကို အလိုရှိတော့ သူတို့ကို စောစောစီးစီး ခေါ်တယ် *ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ဘဝအတွက် အဖေ မရှိလို့မဖြစ်တာကြောင့် အဲဒီစကားလည်းကြားရော ကျွန်တော် ဒေါသထွက်မိတယ်။ အခုဆိုရင် အဖေဆုံးသွားတာ ၆၃ နှစ်တောင် ရှိပြီ၊ ဝမ်းနည်းပူဆွေးနေတုန်းပဲ။”
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်ဆိုရင်ကော။ အထူးသဖြင့် ရုတ်တရက်ဆုံးပါးသွားတဲ့အခါ ကျန်ရစ်သူအနေနဲ့ ‘ငါသာ ဒီလိုလုပ်ပေးခဲ့ရင် ခုလို ဖြစ်မှာမဟုတ်ဘူး’ ဆိုပြီး ခဏခဏ အပြစ်တင်မိနိုင်တယ်။ ဒါမှမဟုတ် သူနဲ့ နောက်ဆုံးပြောခဲ့တဲ့စကားက အခြေအတင်ဖြစ်ခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်။ အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်က ပိုဆိုးနိုင်တယ်။
အပြစ်ရှိတယ်၊ ဒေါသထွက်တယ် စတဲ့ခံစားချက်တွေရှိနေရင် အဲဒါတွေကို မျိုသိပ်မထားဖို့ အရေးကြီးတယ်။ ကိုယ်ပြောတာကိုနားထောင်ပေးပြီး နားလည်မှု၊ နှစ်သိမ့်မှုပေးနိုင်မယ့် မိတ်ဆွေတစ်ဦးဆီ ရင်ဖွင့်ပြောပြပါ။ “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—သုတ္တံ ၁၇:၁၇။
ဝမ်းနည်းပူဆွေးနေတဲ့ကျန်ရစ်သူအတွက် အကောင်းဆုံးမိတ်ဆွေက ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင် ဖြစ်တယ်။ “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့်” ကိုယ်တော့်ဆီ ရင်ဖွင့်ဆုတောင်းပြောပြနိုင်တယ်။ (၁ ပေတရု ၅:၇) ဒါ့အပြင် ရင်ဖွင့်ဆုတောင်းသူတွေရဲ့ အတွေးအခေါ်နဲ့ ခံစားချက်တွေကို “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်း” အားဖြင့် သက်သာမှုပေးမယ်လို့ ကိုယ်တော်ကတိပေးထားတယ်။ (ဖိလိပ္ပိ ၄:၆၊ ၇) နှစ်သိမ့်မှုဖြစ်စေတဲ့ တရားစကားတော် ကျမ်းစာအားဖြင့် ဘုရားသခင် ကုသပေးတာကို လက်ခံပါ။ ဒါ့အပြင် နှစ်သိမ့်မှုပေးတဲ့ကျမ်းချက်တွေကို စာရင်းပြုစုပါ။ ( လေးထောင့်ကွက်ကို ကြည့်ပါ။) အဲဒီထဲကကျမ်းချက်တချို့ကို သင် အလွတ်မှတ်မိချင်ပါလိမ့်မယ်။ အထီးကျန်ပြီး အိပ်မရတဲ့ညတွေမှာ အဲဒီကျမ်းချက်တွေကို ပြန်စဉ်းစားတာက အများကြီးအကူအညီ ဖြစ်စေပါတယ်။—ဟေရှာယ ၅၇:၁၅။
ဂျက်ဆိုတဲ့ အသက် ၄၀ အရွယ်အမျိုးသားရဲ့ဇနီးဟာ မကြာသေးခင်ကပဲ ကင်ဆာရောဂါနဲ့ ဆုံးသွားတယ်။ တစ်ခါတလေ သိပ်အထီးကျန်တာပဲလို့ ဂျက် ပြောပြတယ်။ ဒါပေမဲ့ ဆုတောင်းတာက အထောက်အကူဖြစ်မှန်း သူ သိခဲ့ရတယ်။ သူ ခုလိုပြောပြတယ်– “ယေဟောဝါဘုရားဆီ ဆုတောင်းတဲ့အခါ အထီးကျန်တယ်လို့ မခံစားရတော့ဘူး။ ညဉ့်နက်သန်းခေါင်နိုးလာပြီး ပြန်အိပ်မပျော်တာမျိုး ခဏခဏဖြစ်တယ်။ နှစ်သိမ့်မှုပေးတဲ့ ကျမ်းချက်တွေကို ဖတ်ရှု၊ တွေးတောဆင်ခြင်ပြီးတဲ့နောက် ဘုရားသခင်ဆီ ရင်ဖွင့်ဆုတောင်းပြောပြတယ်။ အဲဒီအခါ ငြိမ်သက်မှုခံစားရပြီး ကျွန်တော့်စိတ်လည်း အေးဆေးငြိမ်သက်သွားတာကြောင့် ပြန်အိပ်ပျော်သွားတယ်။”
ဗာနက်ဆာဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ မိခင်ဟာ နာမကျန်းဖြစ်ပြီး သေဆုံးသွားတယ်။ သူလည်းပဲ ဆုတောင်းခြင်းရဲ့တန်ခိုးကို ကိုယ်တွေ့ခံစားခဲ့ရတယ်။ “အခက်ခဲဆုံးအချိန်တွေမှာ ဘုရားသခင့်နာမည်ကိုခေါ်ပြီး ငိုချလိုက်တယ်။ ယေဟောဝါဘုရားက ကျွန်မရဲ့ဆုတောင်းချက်တွေကို နားထောင်ပေးပြီး ကျွန်မလိုအပ်တဲ့ခွန်အားကို အမြဲပေးတယ်” လို့ ပြောပြတယ်။
ဝမ်းနည်းပူဆွေးခြင်းဆိုင်ရာ အတိုင်ပင်ခံတချို့က ဝမ်းနည်းပူဆွေးနေသူတွေအနေနဲ့ တခြားသူတွေကိုကူညီပေးတာ၊ လူမှုအကျိုးပြုလုပ်ဆောင်မှုတွေမှာ အချိန်ပေးကူညီတာမျိုးတွေ လုပ်သင့်တယ်ဆိုပြီး အကြံပြုတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းကြောင့် ရွှင်လန်းပြီး ဝမ်းနည်းပူဆွေးမှုတွေလည်း လျော့ပါးသွားမှာဖြစ်တယ်။ (တမန်တော် ၂၀:၃၅) တခြားသူတွေကို ကူညီပေးတာက တော်တော်လေးကို စိတ်သက်သာမှုပေးမှန်း ဝမ်းနည်းပူဆွေးဖူးတဲ့ခရစ်ယာန်တွေ သိမြင်ခဲ့ကြတယ်။—၂ ကောရိန္သု ၁:၃၊ ၄။
^ စာပိုဒ်၊ 5 ကျမ်းစာမှာ အဲဒီလိုမသွန်သင်ထားဘူး။ အဲဒီအစား လူတွေသေရတဲ့အကြောင်းရင်းကို ကျမ်းစာမှာ ဖော်ပြထားတယ်။—ဒေသနာ ၉:၁၁; ယောဟန် ၈:၄၄; ရောမ ၅:၁၂။