သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
အမျိုးသမီးတွေကိုရော ကိုယ့်ကိုယ်ကိုယ်ပါ လေးစားတတ်လာပြီ
-
မွေးဖွားတဲ့နှစ် ၁၉၆၀
-
နေရင်းနိုင်ငံ ပြင်သစ်
-
ဘဝနောက်ခံ မူးယစ်ဆေးစွဲသူ၊ အမျိုးသမီးတွေကို မလေးစားသူ
အတိတ်–
ပြင်သစ်နိုင်ငံ အရှေ့မြောက်ဘက်၊ မြူးလ်ဟောက်စ်မြို့က အကြမ်းဖက်မှုတွေကြောင့် နာမည်ကြီးတဲ့ လက်လုပ်လက်စားသမားတွေ နေထိုင်တဲ့ရပ်ကွက်မှာ ကျွန်တော့်ကိုမွေးခဲ့တယ်။ မိသားစုအတွင်းအကြမ်းဖက်ငြင်းခုံမှုတွေများတဲ့ ဝန်းကျင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်တို့မိသားစုမှာဆိုရင် အမျိုးသမီးတွေဟာ အနှိမ်ခံရပြီး အရေးတယူတိုင်ပင်ခံရတာမျိုးလည်း မရှိဘူး။ အမျိုးသမီးတွေရှိသင့်တဲ့နေရာက မီးဖိုချောင်ပဲ၊ အမျိုးသားနဲ့ ကလေးတွေကိုပြုစုဖို့အတွက်လောက်ပဲဆိုပြီး သင်ကြားခံခဲ့ရတယ်။
ကျွန်တော်ရဲ့ငယ်ဘဝက ကြမ်းတမ်းလွန်းတယ်။ အဖေက အရက်ချိုးဆိုတော့ ကျွန်တော့်အသက် ၁၀ နှစ်မှာပဲ သူဆုံးသွားတယ်။ နောက်ငါးနှစ်အကြာမှာ အကိုတစ်ယောက်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်။ မိသားစုတစ်စု စကားများရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်သွားတာကို ကျွန်တော် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတော့ တုန်လှုပ်ချောက်ချားသွားတယ်။ ဓားတွေ၊ သေနတ်တွေ ဘယ်လိုသုံးရမယ်၊ အရေးကြုံလာရင် ဘယ်လိုပြန်တိုက်ခိုက်ရမယ်ဆိုတာ မိသားစုဝင်တွေက ကျွန်တော့်ကို သင်ပေးတယ်။ ဂြိုဟ်မွှေတဲ့ကျွန်တော်ဟာ ဆေးမင်ကြောင်တွေထိုး၊ အရက်သောက်တတ်လာတယ်။
အသက် ၁၆ နှစ်မှာ ဘီယာကို နေ့တိုင်း ၁၀ ပုလင်းကနေ ၁၅ ပုလင်းလောက်သောက်တယ်။ မကြာခင်မှာပဲ မူးယစ်ဆေးလည်း စသုံးလာတယ်။ အဲဒီအတွက် ငွေရဖို့ သံတိုသံစတွေရောင်းတယ်။ နောက်ဆုံးတော့ ခိုးလာတယ်။ အသက် ၁၇ နှစ်လောက်ရောက်တော့ ထောင်တောင်ကျဖူးပြီ။ ခိုးမှု၊ အကြမ်းဖက်မှုကြောင့် ၁၈ ကြိမ်လောက် ထောင်ကျခဲ့ရတယ်။
အသက် ၂၀ ကျော်လောက်မှာ ကျွန်တော့်အခြေအနေက ပိုဆိုးလာတယ်။ တစ်ရက်ကို ဆေးခြောက်ထည့်ထားတဲ့ ဆေးလိပ် ၂၀ လောက်သောက်တယ်။ ဒါ့အပြင် ဘိန်းဖြူ၊ ဥပဒေနဲ့မလွတ်ကင်းတဲ့ တခြားအရာတွေကိုလည်း သုံးစွဲခဲ့တယ်။ ဆေးလွန်ပြီး သေမလိုဖြစ်တာလည်း ခဏခဏပဲ။ မူးယစ်ဆေးအရောင်းအဝယ် ကျွန်တော်စလုပ်တော့ သေနတ်တွေ၊ ဓားတွေ အမြဲဆောင်ထားတယ်။ တစ်ကြိမ်မှာ လူတစ်ဦးကို ကျွန်တော်သေနတ်နဲ့ပစ်လိုက်ပေမဲ့ ကျည်ဆန်က သူပတ်ထားတဲ့ ခါးပတ်ခေါင်းကိုပဲထိပြီး လွင့်စဉ်သွားလို့ တော်သေးတာပေါ့ဗျာ။ ကျွန်တော့်အသက် ၂၄ နှစ်မှာ အမေဆုံးသွားတယ်။ အဲဒီနောက်ပိုင်း ကျွန်တော်ဟာ ထစ်ခနဲဆို ဒေါသထွက်တော့တာပဲ။ လမ်းသွားလမ်းလာတွေက ကျွန်တော်ကိုတွေ့ရင် တခြားဘက်ကို ရှောင်သွားတတ်ကြတယ်။ ရန်ပွဲတွေအမြဲနွှဲတတ်တော့ စနေ၊ တနင်္ဂနွေနေ့တွေဆိုရင် အပတ်တိုင်းလိုလို ရဲစခန်းမှာထိန်းသိမ်းခံရတယ် ဒါမှမဟုတ် ထိခိုက်ဒဏ်ရာတွေချုပ်ဖို့ ဆေးရုံကိုရောက်နေတတ်တယ်။
အသက် ၂၈ နှစ်မှာ ကျွန်တော် အိမ်ထောင်ကျတယ်။ သိတဲ့အတိုင်းပဲ ဇနီးသည်ကို လေးလေးစားစား ပြောဆိုဆက်ဆံတာမျိုး မရှိဘူး။ သူ့ကို ဆဲဆို၊ ရိုက်နှက်တယ်။ ဇနီးမောင်နှံအနေနဲ့ အတူတူပြောဆိုလုပ်ကိုင်တာတွေ ဘာမှမရှိဘူး။ ကျွန်တော်ထင်တာက ခိုးလာတဲ့ရတနာပစ္စည်းတွေ သူ့ကိုပုံပေးလိုက်ရင် လုံလောက်ပြီပေါ့။ နောက်ပိုင်းမှာ မျှော်လင့်မထားတဲ့အရာတစ်ခု ဖြစ်ပျက်လာတယ်။ အဲဒါက ယေဟောဝါသက်သေတွေနဲ့ ကျွန်တော့်ဇနီး ကျမ်းစာစလေ့လာတာပဲ။ ဦးဆုံး
အကြိမ် ကျမ်းစာလေ့လာပြီးတာနဲ့ သူ ဆေးလိပ်ဖြတ်လိုက်တယ်၊ ကျွန်တော်ခိုးလာတဲ့ပိုက်ဆံတွေကိုလည်း မယူတော့ဘူး၊ သူ့မှာရှိတဲ့ ရတနာပစ္စည်းတွေကိုလည်း ပြန်ပေးတယ်။ ဒီတော့ ကျွန်တော် ဒေါသအရမ်းထွက်သွားတယ်။ သူကျမ်းစာလေ့လာနေတာကို ဆန့်ကျင်တယ်။ သူ့မျက်နှာကို စီးကရက်ငွေ့တွေနဲ့ မှုတ်တယ်။ အိမ်နီးချင်းတွေရှေ့မှာ သူ့ကို ကျွန်တော်ကဲ့ရဲ့လှောင်ပြောင်တယ်။ကျွန်တော် အရက်မူးပြီး သတိလက်လွတ်ဖြစ်သွားတဲ့တစ်ညမှာ အိမ်ကို မီးရှို့လိုက်တယ်။ ကျွန်တော်နဲ့ ငါးနှစ်အရွယ်သမီးလေးကို ဇနီးက မီးတောက်တွေကြားထဲကနေ ကယ်ထုတ်ခဲ့တာ။ အမူးပြေသွားတဲ့အခါ အပြစ်ရှိတယ်ဆိုတဲ့ခံစားချက် အပြည့်ဝင်လာတယ်။ ဘုရားသခင် ငါ့ကိုဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ခံစားမိတယ်။ လူဆိုးတွေက ငရဲကျခံရမယ်လို့ ခရစ်ယာန်ဘုန်းကြီးတစ်ဦးပြောတာကို ကျွန်တော့်နားထဲ ပြန်ကြားယောင်မိတယ်။ ကျွန်တော့်ကို ကုသပေးနေတဲ့ စိတ်ရောဂါကုဆရာဝန်က “ခင်ဗျားဘဝကတော့ ဘယ်လိုမှအဖတ်ဆယ်လို့ ရမှာမဟုတ်တော့ဘူး” လို့ပြောတယ်။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ–
မီးလောင်ပြီးနောက်ပိုင်း ကျွန်တော့်ဇနီးရဲ့မိဘတွေဆီမှာ ပြောင်းနေကြတယ်။ ကျွန်တော့်ဇနီးဆီ ယေဟောဝါသက်သေတွေလာလည်တဲ့အခါ “ကျွန်တော့်အပြစ်အားလုံးကို ဘုရားသခင်ခွင့်လွှတ်နိုင်ပါ့မလား” လို့ သူတို့ကိုမေးကြည့်တယ်။ သူတို့က ၁ ကောရိန္သု ၆:၉-၁၁ ကိုဖတ်ပြတယ်။ အဲဒီကျမ်းချက်ထဲမှာ ဘုရားသခင်ပြစ်တင်ရှုတ်ချထားတဲ့ အကျင့်အကြံတွေကို ဖော်ပြထားတယ်။ ဒါပေမဲ့ “သင်တို့ထဲမှ အချို့သည် ယခင်က ထိုသို့သောသူများ ဖြစ်ကြ၏” လို့လည်း ထပ်ပြောထားသေးတယ်။ ဒီစကားတွေကြောင့် ကျွန်တော့်ဘဝကို ပြုပြင်ပြောင်းလဲနိုင်မှန်း သိလာတယ်။ ယေဟောဝါသက်သေတွေကလည်း ၁ ယောဟန် ၄:၈ ကိုဖတ်ပြပြီး ကျွန်တော့်ကို ဘုရားသခင်ချစ်ကြောင်း ပြောပြတယ်။ ဒါနဲ့ ကျွန်တော်လည်း အားတက်လာပြီး တစ်ပတ်နှစ်ကြိမ်ကျမ်းစာလာသင်ပေးဖို့ သူတို့ကို ပြောလိုက်တယ်။ ခရစ်ယာန်စည်းဝေးတွေကို လိုက်တက်တယ်။ ယေဟောဝါဘုရားဆီကိုလည်း မှန်မှန် ဆုတောင်းတယ်။
တစ်လအတွင်းမှာ မူးယစ်ဆေးနဲ့အရက်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ဆေးဖြတ်၊ အရက်ဖြတ်တဲ့ဒဏ်ကို ကျွန်တော် အလူးအလဲခံရတယ်။ အိပ်မက်ဆိုးတွေမက်၊ ခေါင်းကိုက်၊ ကြွက်တက်တာတွေအပြင် တခြားလက္ခဏာတွေကိုလည်း ခံစားရတယ်။ အဲဒီအချိန်တွေမှာ ယေဟောဝါဘုရားက ကျွန်တော့်လက်ကိုဆုပ်ကိုင်ပြီး ခွန်အားတွေပေးသလို ခံစားရတယ်။ ယေရှုရဲ့တပည့် ပေါလုလိုပဲ ကျွန်တော်လည်း ခံစားခဲ့ရတာ။ ဘုရားသခင်ပေးခဲ့တဲ့ အကူအညီတွေနဲ့ပတ်သက်ပြီး ပေါလုက “ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏” လို့ပြောခဲ့တယ်။ (ဖိလိပ္ပိ ၄:၁၃) နောက်တော့ ကျွန်တော် ဆေးလိပ်ဖြတ်နိုင်ခဲ့ပါတယ်။—၂ ကောရိန္သု ၇:၁။
ကျမ်းစာကြောင့် ကျွန်တော့်ဘဝကိုပြုပြင်ပြောင်းလဲလာနိုင်တဲ့အပြင် မိသားစုဘဝလည်း တိုးတက်လာတယ်။ ဇနီးသည်အပေါ်ထားတဲ့ သဘောထားလည်း ပြောင်းလဲသွားတယ်။ လေးစားစွာပြောဆိုဆက်ဆံပြီး “ကျေးဇူးပြု၍၊” “ကျေးဇူးတင်ပါတယ်” ဆိုပြီး သူ့ကိုပြောတယ်။ နောက်ပြီး သမီးလေးအတွက် ဖခင်ကောင်းတစ်ဦးဖြစ်လာအောင် ကြိုးစားတယ်။ တစ်နှစ်လောက်ကျမ်းစာလေ့လာပြီးနောက် ဇနီးသည်ရဲ့ပုံနမူနာအတိုင်း ကျွန်တော့်ဘဝကို ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံနှစ်ခြင်းခံတယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ–
သမ္မာကျမ်းစာလမ်းညွှန်ချက်တွေကြောင့် ကျွန်တော် ဆက်အသက်ရှင်ခဲ့တာ။ မဟုတ်ရင်တော့ အခုလောက်ဆို မူးယစ်ဆေးလွန်လို့ ဒါမှမဟုတ် ရန်ဖြစ်လို့ သေနေလောက်ပြီလို့ ယေဟောဝါသက်သေမဟုတ်တဲ့ ကျွန်တော့်မိသားစုဝင်တွေတောင် ပြောကြတယ်။
ဖခင်၊ လင်ယောက်ျားတစ်ဦးလုပ်ရမယ့်တာဝန်တွေကို ကျမ်းစာလမ်းညွှန်ချက်တွေနဲ့အညီလုပ်ခဲ့လို့ မိသားစုဘဝက တိုးတက်ပြောင်းလဲလာခဲ့တယ်။ (ဧဖက် ၅:၂၅; ၆:၄) အခုဆို မိသားစုလိုက် အတူတူ လုပ်ဆောင်တတ်လာတယ်။ ဇနီးသည်ကို မီးဖိုချောင်ထဲမှာပဲ အလုပ်ခိုင်းမယ့်အစား သူ အချိန်ပြည့်ဘုရားအမှုဆောင်နေတာကို ကျွန်တော် ကူညီထောက်မပေးနေတယ်။ သူကလည်း အသင်းတော်အကြီးအကဲအဖြစ် အမှုဆောင်နေတဲ့ကျွန်တော့်ကို အပြည့်အဝကူညီထောက်မပေးတယ်။
ယေဟောဝါဘုရားရဲ့ မေတ္တာကရုဏာကို ကျွန်တော့်ဘဝမှာ ကိုယ်တွေ့ခံစားခဲ့ရတယ်။ ဒါကြောင့် အဖတ်ဆယ်လို့မရတော့ဘူးလို့ လူတွေရှုမြင်ကြတဲ့သူတွေကို ဘုရားသခင်ရဲ့ အရည်အသွေးတွေအကြောင်း သိပ်ပြီးပြောပြချင်တယ်။ ဖြူစင်သန့်ရှင်းပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ဘဝအသက်တာ ပိုင်ဆိုင်လိုသူတိုင်းကို သမ္မာကျမ်းစာက ကူညီပေးနိုင်မှန်း ကျွန်တော်သိလာတယ်။ ကျမ်းစာလမ်းညွှန်ချက်တွေကြောင့် လူအားလုံးကို လေးစားချစ်ခင်တတ်လာတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း လေးစားတတ်လာပြီ။