မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရား​ရဲ့​ စကား​ကို လိုက်နာမယ်​ဆိုရင် ပျော်ရွှင်မှု​ အစစ်အမှန် ခံစား​ရမယ်

ဘုရား​စကား နားထောင်​သူတွေ ခံစား​ရမယ့်​ ကောင်းချီး​များ

ဘုရား​စကား နားထောင်​သူတွေ ခံစား​ရမယ့်​ ကောင်းချီး​များ

ဘုရား​ရဲ့ ပညတ်​တွေ​ကို လိုက်နာမယ်​ဆိုရင် ဘုရားကောင်းချီး​ ရမယ်​လို့ ပရောဖက် မောရှေ ပြော​ခဲ့​တယ်။ (တရားဟောရာ ၁၀:၁၃။ ၁၁:၂၇) အပြစ်ပေး​ခံရ​မှာ​ ကြောက်​လို့ ဘုရား​စကား နားထောင်တာ မဟုတ်ပါဘူး။ ဘုရား​ရဲ့ ကောင်းမြတ်​တဲ့ အရည်အသွေးတွေ​ကြောင့်၊ ဘုရား​ကို ချစ်တဲ့​အတွက်​ကြောင့်၊ ဘုရား စိတ်ထိခိုက်​မှာ စိုး​တဲ့​အတွက်​ကြောင့် ဘုရား​ရဲ့​ စကားကို ကျွန်တော်​တို့ နားထောင်တာ​ပါ။ “ဘုရားသခင်​ကို ချစ်တယ်ဆိုတာ ပညတ်ချက်​တွေ လိုက်နာတာကို ဆိုလို​တယ်။”—၁ ယောဟန် ၅:၃

ဘုရား​ရဲ့​ စကား​ကို နားထောင်တာက ဘာကြောင့် ကောင်းချီး​ ရစေ​သလဲ။ အကြောင်းရင်း ၂ ခု​ကို စဉ်းစား​ကြည့်​ကြ​စို့။

၁။ ဘုရား​ရဲ့​ စကား​ကို နားထောင်တာက ကျွန်တော်တို့​ကို ပညာ​ရှိစေတယ်

“ငါ​ယေဟောဝါ​ဟာ မင်းတို့ရဲ့ ဘုရားသခင်​ပဲ။ မင်းတို့​ကောင်းကျိုး​အတွက် သွန်သင်​ပေး​တဲ့​အရှင်၊ မင်းတို့​ လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်​ပေး​တဲ့ အရှင်​ပဲ။”—ဟေရှာယ ၄၈:၁၇

ဖန်ဆင်း​ရှင်​ ဖြစ်​တဲ့ ယေဟောဝါ​ ဘုရားသခင်​က ကျွန်တော်​တို့ကို သိတယ်။ ကျွန်တော်​တို့​ လိုအပ်​တဲ့ လမ်းညွှန်ချက်တွေ ပေး​တယ်။ မှန်ကန်​တဲ့​ ဆုံးဖြတ်ချက်​တွေ ချဖို့ ယေဟောဝါ​ရဲ့​ လမ်းညွှန်မှု လိုချင်​တယ်​ဆိုရင် ကျမ်းစာ​ကို လေ့လာ​ရမယ်။ ကျွန်တော်​တို့ကို ဘုရား လုပ်စေချင်တာတွေကို သိလာတဲ့​အခါ အဲဒီအတိုင်း လိုက်လုပ်​ရမယ်။

၂။ ဘုရား​ရဲ့​ စကား နားထောင်​ရင် ပျော်ရွှင်​မယ်

“ဘုရားသခင်​ရဲ့ တရား​စကား​ကို ကြားနာပြီး လိုက်လျှောက်တဲ့​သူဟာ ပို​ပြီး ပျော်ရွှင်​ချမ်းမြေ့​တယ်။”—လုကာ ၁၁:၂၈

အခု​ချိန်မှာ ဘုရား​ရဲ့​ စကား​ကို နားထောင်​သူတွေဟာ ပျော်ရွှင်မှု​ အစစ်အမှန် ခံစား​နေကြ​ရတယ်။ ဥပမာ၊ ဒေါသကြီး​ပြီး ဇနီးသည်​ကို​ရော၊ တခြား​သူတွေကိုပါ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံ​တတ်​တဲ့ စပိန်​က အမျိုးသား​တစ်ယောက်​အကြောင်း လေ့လာ​ကြည့်​ပါ။ တစ်နေ့​မှာ သူက ယာကုပ်ရဲ့​သား ယောသပ် နူးညံ့​သိမ်မွေ့​တဲ့​အကြောင်း ပရောဖက် မောရှေ ရေးထားတာကို ကျမ်းစာ​မှာ ဖတ်​လိုက်ရတယ်။ ယောသပ်ဟာ ကျွန်​အဖြစ် ရောင်းစား​ခံရ​တယ်။ မတရား ထောင်ချ​ခံရ​တယ်။ ဒါပေမဲ့ ယောသပ်ဟာ နူးညံ့​သိမ်မွေ့​ပြီး အေးအေးဆေးဆေး ရှိတယ်။ ခွင့်လွှတ်​ခဲ့​တယ်။ (ကမ္ဘာဦး အခန်းကြီး ၃၇-၄၅) “ယောသပ်ရဲ့​ စံနမူနာ​က ကျွန်တော့်​ကို နူးညံ့​သိမ်မွေ့​လာအောင်၊ ကြင်နာ​တတ်​အောင်၊ ချုပ်တည်း​တတ်​အောင် ကူညီ​ပေး​ခဲ့​တယ်။ ဒါ​ကြောင့် အခု ကျွန်တော် ပျော်ရွှင်​နေပြီ” လို့ ဝန်ခံခဲ့​တယ်။

တခြား​သူတွေကို ဘယ်လို​ ဆက်ဆံ​ရမယ်ဆို​တဲ့ လမ်းညွှန်ချက်တွေ သမ္မာကျမ်းစာ​မှာ ရှိသေးတယ်။ အဲဒီ​အကြောင်း အသေးစိတ်​ကို နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ထား​တယ်။