မေတ္တာရှင် ဖန်ဆင်းရှင်ရဲ့ ကောင်းချီးတွေကို ထာဝစဉ် ခံစားပါ
ပရောဖက် အာဗြဟံရဲ့ အမျိုးအနွယ်ကနေ “လူမျိုးအားလုံး” ကောင်းချီးခံစားရမယ်လို့ ဘုရားသခင် ကတိပေးထားတယ်။ (ကမ္ဘာဦး ၂၂:၁၈) အဲဒီအမျိုးအနွယ်က ဘယ်သူလဲ။
ဘုရားသခင်ဟာ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ လောက်က အာဗြဟံရဲ့ အမျိုးအနွယ်ဖြစ်တဲ့ ယေရှုကို အံ့ဩစရာကောင်းတာတွေ လုပ်ဖို့ တန်ခိုးပေးခဲ့တယ်။ အဲဒီ အံ့ဩစရာ အဖြစ်အပျက်တွေက လူသားအားလုံးဟာ ယေရှုအားဖြင့် ကောင်းချီးခံစားရမယ်ဆိုတာ ဖော်ပြတယ်။—ဂလာတိ ၃:၁၄။
အဲဒီအံ့ဖွယ်အမှုတွေက လူသားတွေကို ကောင်းချီးပေးဖို့ ယေရှုကို ဘုရား ရွေးချယ်ထားတယ်ဆိုတာ သိရှိစေတယ်။ လူသားတွေကို ထာဝစဉ် ကောင်းချီးပေးဖို့ ယေရှုကို ဘုရား ဘယ်လို အသုံးပြုမယ်ဆိုတာကိုလည်း ဖော်ပြတယ်။ ယေရှု ပြုလုပ်ခဲ့တဲ့ အံ့ဩစရာ အဖြစ်အပျက်တွေက ယေရှုရဲ့ အောက်ပါအရည်အသွေးတွေကို ဘယ်လို ဖော်ပြသလဲဆိုတာ သတိပြုကြည့်ပါ။
သနားညှာတာမှု—ဖျားနာသူတွေကို ကုသပေးခဲ့တယ်။
တစ်ခါမှာ အနာကြီးရောဂါသည် တစ်ယောက်က ကုသပေးဖို့ ယေရှုကို အသနားခံခဲ့တယ်။ ယေရှုက သူ့ကို လှမ်းကိုင်ပြီး “ဆန္ဒရှိတာပေါ့” လို့ ပြောလိုက်တော့ ချက်ချင်းပဲ အနာကြီးရောဂါ ပျောက်သွားတယ်။—မာကု ၁:၄၀-၄၂။
ရက်ရောမှု—ဆာလောင်နေသူတွေကို ယေရှု ကျွေးမွေးခဲ့တယ်။
လူတွေ ဆာလောင်နေတာကို ယေရှု အလိုမရှိဘူး။ ယေရှုဟာ မုန့်နည်းနည်း၊ ငါးနည်းနည်းကို အံ့ဖွယ်နည်းနဲ့ ပွားအောင် လုပ်ပြီး ထောင်နဲ့ချီတဲ့ လူတွေကို တစ်ကြိမ်ထက်မက ကျွေးမွေးခဲ့တယ်။ (မဿဲ ၁၄:၁၇-၂၁။ ၁၅:၃၂-၃၈) အားလုံး ဝဝလင်လင် စားပြီးနောက်မှာတောင် အများကြီး ကျန်သေးတယ်။
သနားကြင်နာမှု—လူသေတွေကို ယေရှု ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်။
လုပ်ကျွေးမယ့်သူ မရှိတော့လို့ ဝမ်းနည်းကြေကွဲနေတဲ့ မုဆိုးမရဲ့ တစ်ဦးတည်းသောသားကို အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးခဲ့တာ “သနားစိတ်” ကြောင့်ပဲ။—လုကာ ၇:၁၂-၁၅။