လုံခြုံစိတ်ချရတဲ့ အနာဂတ်အတွက် လမ်းညွှန် ရှိသလား
ရှေ့ဆောင်းပါးတွေမှာ ဖတ်ခဲ့ရတဲ့အတိုင်း လူတွေဟာ ပိုကောင်းတဲ့ အနာဂတ်ရဖို့ ကံကြမ္မာ၊ ပညာရေး၊ စည်းစိမ်ဥစ္စာတွေကို လိုက်စားကြတယ်။ လူကောင်းဖြစ်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ အဲဒါတွေ လုပ်တာက ကိုယ်မသိတဲ့ နေရာတစ်ခုကို သွားဖို့ မှားနေတဲ့မြေပုံ သုံးတာနဲ့ တူတယ်။ ဒါဆိုရင် အနာဂတ်အတွက် စိတ်ချရတဲ့ လမ်းညွှန် မရှိတော့ဘူးလား။ မဟုတ်ပါဘူး။
အကောင်းဆုံး လမ်းညွှန် ရနိုင်တဲ့ နေရာ
လူတွေဟာ ဆုံးဖြတ်ချက် ချတော့မယ်ဆိုရင် ကိုယ့်ထက်အသက်ကြီးသူ၊ ဉာဏ်ပညာရှိသူနဲ့ တိုင်ပင်တတ်ကြတယ်။ အဲဒီလိုပဲ အနာဂတ်အတွက် စိတ်ချရတဲ့ လမ်းညွှန်ကို ကျွန်တော်တို့ထက် ပိုအသက်ကြီးပြီး ဉာဏ်ပညာရှိသူဆီက ရနိုင်ပါတယ်။ အဲဒီပုဂ္ဂိုလ်ရဲ့ အကြံဉာဏ်တွေကို လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ ကျော်က စရေးခဲ့တဲ့ စာအုပ်မှာ တွေ့နိုင်ပါတယ်။ အဲဒီစာအုပ်ကို သမ္မာကျမ်းစာလို့ ခေါ်တယ်။
သမ္မာကျမ်းစာကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ အကြောင်းကတော့ သမ္မာကျမ်းစာဟာ စကြဝဠာမှာ အသက်အကြီးဆုံး၊ ဉာဏ်ပညာအရှိဆုံး ပုဂ္ဂိုလ်ဆီက လာတာဖြစ်လို့ပဲ။ အဲဒီပုဂ္ဂိုလ်ကို “အသက်အကြီးဆုံးအရှင်၊” “ထာဝစဉ်ထာဝရ ဘုရားသခင်” လို့ ဖော်ပြထားတယ်။ (ဒံယေလ ၇:၉။ ဆာလံ ၉၀:၂) “မိုးကောင်းကင်ကို ဖန်ဆင်းတဲ့အရှင်၊ စစ်မှန်တဲ့ ဘုရားသခင်၊ ကမ္ဘာမြေကို ပုံသွင်းတဲ့အရှင်” လို့လည်း ဖော်ပြထားတယ်။ (ဟေရှာယ ၄၅:၁၈) မိမိရဲ့ နာမည်ဟာ ယေဟောဝါ ဆိုတာကို ပြောပြထားတယ်။—ဆာလံ ၈၃:၁၈။
သမ္မာကျမ်းစာဟာ လူအားလုံးကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင်ဆီက လာတာဖြစ်လို့ ယဉ်ကျေးမှုတစ်ခု၊ လူမျိုးတစ်မျိုးက နောက်တစ်မျိုးထက် သာတယ်လို့ မဖော်ပြထားဘူး။ သမ္မာကျမ်းစာဟာ အချိန်တိုင်းမှာ မှန်ကန်ပြီး လူမျိုးအားလုံးအတွက် အကျိုးရှိတယ်။ ဘယ်စာအုပ်ထက်မဆို ဘာသာစကား အရေအတွက်၊ ထုတ်ဝေတဲ့ စောင်ရေ ပိုများတယ်။ * ဆိုလိုတာက နေရာတိုင်းက လူတွေဟာ သမ္မာကျမ်းစာကို အလွယ်တကူ ရနိုင်တယ်။ သမ္မာကျမ်းစာရဲ့ လမ်းညွှန်မှုကို ခံယူနိုင်တယ်။ ဒီအချက်က ကျမ်းစာကိုယ်နှိုက်ရဲ့ အဆိုနဲ့ ကိုက်ညီတယ်။
“ဘုရားသခင် မျက်နှာမလိုက်[ဘူး]။ ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရတာပဲ။” —တမန်တော် ၁၀:၃၄၊ ၃၅။
မေတ္တာရှိပြီး ဂရုစိုက်စောင့်ရှောက်တဲ့ မိဘလိုပဲ ယေဟောဝါဟာ သမ္မာကျမ်းစာကတစ်ဆင့် ကျွန်တော်တို့ကို ကူညီပေးတယ်။ (၂ တိမောသေ ၃:၁၆) ဘုရားသခင့် နှုတ်ထွက်စကားကို ယုံကြည်စိတ်ချနိုင်ပါတယ်။ ဘုရားက ကျွန်တော်တို့ကို ဖန်ဆင်းထားလို့ ကျွန်တော်တို့အတွက် အကောင်းဆုံး ဘဝလမ်းစဉ်ကို သိတယ်။
အဲဒီလို အနာဂတ်မျိုးရဖို့ ဘာလုပ်ရမလဲ။ နောက်ဆောင်းပါးမှာ ဖတ်ကြည့်ပါ။
^ အပိုဒ်၊ 6 ကျမ်းစာ ဘာသာပြန်ခြင်းနဲ့ ဖြန့်ချိခြင်းအကြောင်း ပိုသိချင်ရင် www.pr418.com/my ထဲက သမ္မာကျမ်းစာ သွန်သင်ချက်များ > သမိုင်းနဲ့ သမ္မာကျမ်းစာ မှာကြည့်ပါ။
^ အပိုဒ်၊ 16 ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေများ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ—ဘုရားသခင့် နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော စာအုပ် အခန်း ၉ ကိုကြည့်ပါ။ www.pr418.com/my ထဲက စာကြည့်တိုက် > စာအုပ်စာစောင်များမှာ တွေ့နိုင်ပါတယ်။