သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
အကြိမ်ကြိမ်ၡုံးနိမ့်ပေမဲ့ နောက်ဆုံးတော့ အောင်မြင်ခဲ့
-
မွေးဖွားတဲ့နှစ် ၁၉၅၃
-
နေရင်းနိုင်ငံ သြစတြေးလျ
-
ဘဝနောက်ခံ ညစ်ညမ်းရုပ်ပုံတွေကို စွဲလမ်းသူ
အတိတ်–
၁၉၄၉ ခုနှစ်မှာ ကျွန်တော့်အဖေက ဂျာမနီကနေ သြစတြေးလျကို ပြောင်းရွှေ့လာတယ်။ သတ္တုနဲ့ စွမ်းအင်ထုတ်လုပ်မှုစက်ရုံမှာ အလုပ်ရပြီးနောက် ဗစ်တိုးရီးယားပြည်နယ် ကျေးလက်ဒေသမှာ အခြေချနေထိုင်ခဲ့တယ်။ အမေနဲ့လက်ထပ်ပြီး ၁၉၅၃ ခုနှစ်မှာတော့ ကျွန်တော့်ကိုမွေးတယ်။
နှစ်အနည်းငယ်ကြာတော့ အမေက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတာကြောင့် ကျွန်တော်ကလေးဘဝအရွယ်မှာ ကျမ်းစာသွန်သင်ချက်တွေအကြောင်း သိခဲ့ရတယ်။ ဒါပေမဲ့ အဖေကတော့ ဘယ်ဘာသာတရားကိုမှ မကိုးကွယ်ဘူး။ အဖေက အကြမ်းဖက် အနိုင်ကျင့်တတ်တော့ အမေက အဖေ့ကို တအားကြောက်တယ်။ ဒါပေမဲ့ အဖေမသိအောင် ကျမ်းစာဆက်လေ့လာပြီး ကျမ်းစာသွန်သင်ချက်တွေကို ချစ်မြတ်နိုးလာတယ်။ အိမ်မှာ အဖေမရှိတဲ့အချိန်တွေဆို ကျွန်တော်နဲ့ ညီမလေးကို ကျမ်းစာအကြောင်း သင်ပေးလေ့ရှိတယ်။ သာယာလှပတဲ့ကမ္ဘာသစ်အကြောင်း၊ ကျမ်းစာစံနှုန်းတွေအတိုင်းနေထိုင်ရင် ပျော်ရွှင်နိုင်မယ်ဆိုတဲ့အကြောင်း ပြောပြတတ်တယ်။—ဆာလံ ၃၇:၁၀၊ ၂၉; ဟေရှာယ ၄၈:၁၇။
ကျွန်တော် အသက် ၁၈ နှစ်မှာ အဖေ့ရဲ့အကြမ်းဖက်မှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံး အိမ်ကထွက်လာတယ်။ အမေသင်ပေးတဲ့ ကျမ်းစာအမှန်တရားကိုတော့ ယုံကြည်နေဆဲပါပဲ။ ဒါပေမဲ့ တန်ဖိုးထားရကောင်းမှန်းမသိလို့ အဲဒီအတိုင်း မနေထိုင်ခဲ့ဘူး။ ကျောက်မီးသွေးတွင်းမှာ လျှပ်စစ်ပြင်ဆရာလုပ်ရင်း အသက် ၂၀ မှာ အိမ်ထောင်ကျတယ်။ နောက်သုံးနှစ်အကြာ၊ သမီးကြီးကို မွေးပြီးနောက်မှာတော့ ‘ငါ့ဘဝမှာ အရေးကြီးဆုံးက ဘာလဲ’ ဆိုပြီး ပြန်စဥ်းစားမိလာတယ်။ ကျမ်းစာက ကျွန်တော့်မိသားစုကို ကူညီပေးနိုင်မှန်းသိလို့ ယေဟောဝါသက်သေတစ်ယောက်နဲ့ ကျမ်းစာလေ့လာဖြစ်တယ်။ ဒါပေမဲ့ ဇနီးက ယေဟောဝါသက်သေတွေကို လုံးဝမကြိုက်ဘူး။ ကျွန်တော် စည်းဝေးသွားတက်တဲ့အခါ ဇနီးက ကျမ်းစာသင်တာ ရပ်မလား ဒါမှမဟုတ် အိမ်ကထွက်သွားမလားလို့ ရာဇသံပေးပါလေရော။ ကျွန်တော်လည်း အလျှော့ပေးပြီး ကျမ်းစာသင်တာကို ရပ်ပစ်လိုက်တယ်။ မှန်တာကိုသိလျက်နဲ့ မလုပ်ခဲ့တဲ့အတွက် နောက်မှ နောင်တရလို့မဆုံးဘူး။
တစ်နေ့မှာ အလုပ်ဖော်တွေက ကျွန်တော့်ကို ညစ်ညမ်းရုပ်ပုံတွေပြတယ်။ ရင်ဖိုစရာကောင်းသလို ရွံစရာလည်းကောင်းတယ်။ အဲဒီပုံတွေကိုကြည့်ရင် အပြစ်ရှိတယ်လို့ အမြဲခံစားရတယ်။ ကျမ်းစာထဲက သိခဲ့တာတွေကို ပြန်အမှတ်ရပြီး ‘ငါ့ကိုတော့ ဘုရားသခင် အပြစ်ပေးမှာပဲ’ လို့ တထစ်ချယုံကြည်မိတယ်။ ဒါပေမဲ့ ညစ်ညမ်းရုပ်ပုံတွေကို ကြည့်ဖန်များလာတော့ ကျွန်တော့်သဘောထား ပြောင်းလဲလာတယ်။ နောက်ဆုံးတော့ အဲဒါတွေကို စွဲစွဲလမ်းလမ်းဖြစ်လာတော့တယ်။
နောက်အနှစ် ၂၀ အတွင်းမှာတော့ အမေသင်ပေးခဲ့တဲ့ အမှန်တရားစံနှုန်းတွေကနေ ဝေးသည်ထက်ဝေးသွားတယ်။ ကျွန်တော့်အပြုအမူတွေက စိတ်ထဲရှိတာတွေကို ထင်ဟပ်ပြနေ
တယ်။ အပြောအဆိုအပြုအမူတွေ သိပ်အောက်တန်းကျပြီး ညစ်ညမ်းတဲ့ပျက်လုံးတွေပြောရတာ ကြိုက်လာတယ်။ လိင်နဲ့ပတ်သက်ပြီးတော့လည်း လွဲမှားတဲ့အမြင်ရှိလာတယ်။ ဇနီးနဲ့အတူနေပေမဲ့ တခြားမိန်းမတွေနဲ့လည်း ဖောက်ပြန်တယ်။ တစ်နေ့ကျတော့ မှန်ထဲပြန်ကြည့်ပြီး “ငါ့ကိုယ်ငါ မုန်းလိုက်တာ” လို့ပြောမိတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့စိတ်လည်း မရှိတော့ဘူး။နောက်ဆုံးတော့ အိမ်ထောင်ရေး အဆုံးသတ်သွားပြီး ဘဝလည်း ရစရာမရှိအောင် စုတ်ပြတ်သွားတယ်။ ဒါနဲ့ ယေဟောဝါဘုရားကို စိတ်နှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းတယ်။ အနှစ် ၂၀ လောက်ကြာပြီးမှ ကျမ်းစာကို တစ်ခါပြန်လေ့လာတယ်။ ဒီအချိန်မှာ အဖေလည်း ဆုံးသွားပြီ။ အမေလည်း ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံပြီးနေပြီ။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ–
ကျွန်တော်အသက်ရှင်နေထိုင်ပုံနဲ့ မြင့်မားတဲ့ကျမ်းစာစံနှုန်းတွေက ဆီနဲ့ရေလို တခြားစီပါပဲ။ ဒါပေမဲ့ ကျမ်းစာမှာပြောထားတဲ့ စိတ်ငြိမ်သက်မှုရအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အပြောအဆို သန့်ရှင်းအောင်၊ ဒေါသချုပ်တည်းနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားတယ်။ အကျင့်ပျက်ဘဝပုံစံကို ပြောင်းလဲဖို့၊ လောင်းကစားတာ၊ အရက်အလွန်အကျွံသောက်တာ၊ အလုပ်ရှင်ဆီကခိုးတာတွေ မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ အလုပ်ဖော်တွေက ကျွန်တော် ဘာကြောင့် ဒီလောက်ပြောင်းလဲသွားလဲဆိုတာ နားမလည်နိုင်ကြဘူး။ အရင်ပုံစံအတိုင်း ပြန်နေအောင် ကျွန်တော့်ကို သုံးနှစ်လုံးလုံး ဖိအားပေးကြတယ်။ ကျွန်တော် ဒေါသပေါက်ကွဲတဲ့အခါ၊ ညစ်ညစ်ညမ်းညမ်းပြောမိတဲ့အခါဆိုရင် သူတို့က ဝမ်းသာအားရနဲ့ “ဟေး၊ ဒါမှ ငါတို့ရဲ့ အရင်ယောဇက်ကွ” လို့ပြောတတ်ကြတယ်။ အဲဒီအခါတိုင်း အရမ်းဝမ်းနည်းမိတယ်။ ၡုံးနိမ့်သွားပြီလို့ ခံစားရတယ်။
အလုပ်မှာ ညစ်ညမ်းရုပ်ပုံတွေကို အီလက်ထရွန်နစ်နဲ့ရနိုင်သလို စာအုပ်စာပေနဲ့လည်းရနိုင်တယ်။ အလုပ်ဖော်တွေက မကောင်းတဲ့ပုံတွေကို ကွန်ပျူတာကနေ အပြန်အလှန်ပို့ပေးလေ့ရှိတယ်။ ကျွန်တော်လည်း အဲဒီလိုလုပ်ဖူးတယ်။ ဒီအကျင့်ဆိုးကိုဖြတ်ပစ်ဖို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အလုပ်ဖော်တွေက ဆက်ဖိအားပေးတုန်းပဲ။ ဒါကြောင့် အကူအညီနဲ့အားပေးမှုရဖို့ ကျမ်းစာသင်ပေးတဲ့ ညီအစ်ကို,ကို ဖွင့်ပြောပြတယ်။ သူက ကျွန်တော်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည် နားထောင်ပေးတယ်။ စွဲနေတဲ့အကျင့်ဆိုးကို ဖြတ်ပစ်နိုင်ဖို့ သက်ဆိုင်တဲ့ကျမ်းချက်တွေ ဖတ်ပြတယ်။ ယေဟောဝါဆီ အမြဲဆုတောင်းပြီး အကူအညီတောင်းဖို့လည်း အားပေးတယ်။—ဆာလံ ၁၁၉:၃၇။
တစ်နေ့တော့ အလုပ်ဖော်အားလုံးကို ကျွန်တော် စုခိုင်းလိုက်တယ်။ လူစုံတာနဲ့ အရက်စွဲနေတဲ့ အလုပ်ဖော်နှစ်ယောက်ကို ဘီယာတိုက်ဖို့ သူတို့ကိုပြောလိုက်တယ်။ အားလုံးက “ဒီလိုမလုပ်နဲ့ကွ၊ သူတို့ခမျာ အရက်ဖြတ်ဖို့ မနည်းကြိုးစားနေရတာ” လို့ တစ်ပြိုင်တည်း အော်ပြောတယ်။ ဒါနဲ့ “ငါလည်း သူတို့လိုပဲလေ” လို့ ကျွန်တော်ပြောလိုက်တယ်။ အဲဒီနေ့ကစပြီး၊ ညစ်ညမ်းရုပ်ပုံစွဲတဲ့အကျင့်ကိုဖြတ်ဖို့ ကျွန်တော်ကြိုးစားနေမှန်း သူတို့သိသွားပြီး အရင်ပုံစံအတိုင်း ပြန်နေအောင် ဖိအားမပေးတော့ဘူး။
နောက်ပိုင်းမှာတော့ ယေဟောဝါဘုရားရဲ့ အကူအညီနဲ့ ညစ်ညမ်းရုပ်ပုံစွဲတဲ့အကျင့်ကို ဖြတ်နိုင်ခဲ့တယ်။ ၁၉၉၉ ခုနှစ်မှာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ကျွန်တော်နှစ်ခြင်းခံတယ်။ ဒီလိုကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ အသက်တာပိုင်ဆိုင်ဖို့ ဒုတိယအကြိမ် အခွင့်အရေးပေးတဲ့အတွက် ဘုရားကို သိပ်ကျေးဇူးတင်တာပဲ။
ကျွန်တော် စွဲလမ်းခဲ့တဲ့အရာတွေကို ယေဟောဝါဘုရား ဘာလို့ရွံမုန်းမှန်း အခုတော့ သိသွားပါပြီ။ မေတ္တာရှိတဲ့ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော့်ကို ညစ်ညမ်းရုပ်ပုံကြည့်ခြင်းရဲ့ ဆိုးကျိုးတွေကနေ ကာကွယ်ပေးချင်လို့ပါ။ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်” ဆိုတဲ့ကျမ်းစကား သိပ်မှန်တာပဲ။ (သုတ္တံ ၃:၅၊ ၆) ကျမ်းစာစံနှုန်းတွေအတိုင်းနေထိုင်တာက အကာအကွယ်လည်းဖြစ်သလို အောင်မြင်မှုအတွက် အာမခံချက်လည်း ဖြစ်တယ်။—ဆာလံ ၁:၁-၃။
အကျိုးကျေးဇူးရရှိခဲ့ပုံ–
အရင်က ကိုယ့်ကိုယ်ကိုယ် ရွံရှာမုန်းတီးမိပေမဲ့ အခုတော့ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်လာပြီ။ စိတ်ငြိမ်သက်မှုလည်း ရှိလာပြီ။ သန့်ရှင်းတဲ့အသက်တာနဲ့ နေထိုင်နေပြီး ယေဟောဝါဘုရားရဲ့ ခွင့်လွှတ်မှုနဲ့ထောက်မမှုကိုလည်း ခံစားနေရတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ကျွန်တော့်လိုပဲ ယေဟောဝါကိုသိပ်ချစ်တဲ့ ညီအစ်မချော ကာရိုလင်းနဲ့ လက်ထပ်လိုက်တယ်။ ကျွန်တော်တို့အိမ်က အေးချမ်းသာယာတဲ့ နားခိုရာလေးပေါ့။ သန့်ရှင်းပြီး ချစ်စရာကောင်းတဲ့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဝင်ဖြစ်ရတာ ကျွန်တော်တို့ ဂုဏ်ယူလို့မဆုံးပါဘူး။