မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံး​အကြောင်းအရာ | ကောင်းကင်တမန်​တွေ တကယ်​ရှိ​ရဲ့​လား၊ သူတို့​အကြောင်း ဘာကြောင့် သိ​သင့်သလဲ

ကောင်းကင်တမန်ဆိုးတွေ ရှိသလား

ကောင်းကင်တမန်ဆိုးတွေ ရှိသလား

ရှိ​ပါတယ်။ သူတို့ ဘယ်​က​နေ ဖြစ်လာ​တာလဲ။ ဘုရား​သခင်က ကောင်းကင်တမန်​တွေကို လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့် ထည့်သွင်း​ဖန်ဆင်း​ထားတယ်​ဆိုတာ ပြန်အမှတ်ရ​ပါ။ ပထမ​လူသား​မောင်နှံ အာဒံနဲ့ ဧဝ​ကို ဖန်ဆင်း​ပြီး မကြာခင် ပြည့်ဝစုံလင်​တဲ့ ဝိညာဉ်​ပုဂ္ဂိုလ်​တစ်ပါး​ဟာ မိမိရဲ့ လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစား​လုပ်​ခဲ့တယ်။ ဒီနည်းနဲ့ ကမ္ဘာပေါ်မှာ ပုန်ကန်မှု​ပေါ်လာ​အောင် လှုံ့ဆော်​ခဲ့တယ်။ ဘုရားသခင်ကို ပုန်ကန်​အောင် အာဒံနဲ့ ဧဝ​ကို သူ လှည့်စား​နိုင်ခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၇။ ဗျာဒိတ် ၁၂:၉) အဲဒီ​ဝိညာဉ်​ပုဂ္ဂိုလ်​ရဲ့ နာမည် ​ဘယ်လို​ခေါ်​သလဲ၊ သူ မ​ပုန်ကန်​ခင်​တုန်းက ကောင်းကင်မှာ ဘာ​ရာထူး​ရှိခဲ့​သလဲ​ဆိုတာ ကျမ်းစာ မဖော်ပြ​ဘူး။ သူ ပုန်ကန်​ပြီးနောက် သူ့ကို စာတန်​မာရ်နတ်​လို့ ကျမ်းစာမှာ ခေါ်တယ်။ စာတန်​ဆိုတာ “ခုခံ​သူ၊” မာရ်နတ်​ဆိုတာ “အသရေ​ဖျက်​သူ” လို့ အဓိပ္ပာယ်​ရှိတယ်။—မဿဲ ၄:၈-၁၁

ဝမ်းနည်းစရာ​က ဘုရားသခင်ကို ပုန်ကန်​တာ သူ​တစ်ဦးတည်း မဟုတ်ဘူး။ နောဧ​ခေတ်​တုန်းက ကောင်းကင်တမန် အတော်များများ​ဟာ ကောင်းကင်​ပေါ်​က ဘုရားရဲ့​မိသားစု​မှာ ရရှိထားတဲ့ “ကိုယ့်နေရာ​ကို စွန့်ခွာ​ခဲ့” ကြ​တ​ယ်။ သူတို့ ကမ္ဘာ​ပေါ် ဆင်း​လာပြီး သွေးသား​ခန္ဓာ​ကို ယူဆောင်​တ​ယ်။ ယုတ်ညံ့​ပြီး အကျင့်ပျက်​တဲ့​လမ်းစဉ် လိုက်ခဲ့​တ​ယ်။ ဒီနည်းနဲ့ သူတို့ကို ဖန်ဆင်း​ရတဲ့ ရည်ရွယ်ချက်​ကို ဆန့်ကျင်​ခဲ့ကြတယ်။—ယုဒ ၆။ ကမ္ဘာဦး ၆:၁-၄။ ၁ ပေတရု ၃:၁၉၊ ၂၀

အဲဒီ​ကောင်းကင်တမန်ဆိုး​တွေ ဘာဖြစ်​သွား​သလဲ။ ကမ္ဘာကြီး​ကို ဘုရားသခင် ရေလွှမ်းမိုး​ပြီး ဆေးကြော​လိုက်တဲ့​အခါ သူတို့ လူ့​ခန္ဓာ​ကို စွန့်ပြီး ကောင်းကင် ပြန်​တက်​သွားတယ်။ ဒါပေမဲ့ ဘုရားသခင်​ဟာ အဲဒီ​ကောင်းကင်တမန်ဆိုး​တွေကို “မူလ​အခွင့်အရာ” ပြန်​မပေး​တော့ဘူး။ တား​တရ​ပ်​လို့ခေါ်တဲ့ “မှောက်မိုက်” မှာ၊ နိမ့်ကျတဲ့​အခြေအနေ​မှာ ချုပ်​ထား​လိုက်တယ်။ (ယုဒ ၆။ ၂ ပေတရု ၂:၄) အဲဒီ​နတ်ဆိုး​တွေဟာ “အလင်း​ရဲ့ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်” တဲ့ “နတ်ဆိုး​မင်း” စာတန်​မာရ်နတ်​ရဲ့ လက်အောက်​ရောက်​သွားတယ်။—မဿဲ ၁၂:၂၄။ ၂ ကောရိန္သု ၁၁:၁၄

၁၉၁၄ မှာ ကောင်းကင်အစိုးရ​ဖြစ်တဲ့ ဘုရားသခင်ရဲ့ မေရှိယနိုင်ငံ တည်ထောင်​တယ်လို့ ကျမ်းစာ သွန်သင်​တ​ယ်။ * အဲဒီ​သမိုင်းဝင်​ဖြစ်ရပ် ပြီးတဲ့နောက် စာတန်​နဲ့ နတ်ဆိုး​တွေဟာ ကောင်းကင်​က​နေ မြေကြီး​ပေါ် နှင်ချ​ခံ​ခဲ့ရတယ်။ ကမ္ဘာပေါ်မှာ ဆိုးသွမ်းမှု​တွေ၊ အကျင့်ပျက်မှု​တွေ အကြီးအကျယ် ပျံ့နှံ့​နေတာ​ဟာ နတ်ဆိုး​တွေရဲ့ အငြိုး​ကြီး​မှုနဲ့ အဖျက်သြဇာ​ကြီးမားမှု​ရဲ့ သက်သေ​ပဲ။—ဗျာဒိတ် ၁၂:၉-၁၂

အကျင့်ပျက်ပြားမှု၊ ထိတ်လန့်ဖွယ် အကြမ်းဖက်မှုတွေ တိုးများလာတာဟာ နတ်ဆိုး​တွေရဲ့ ကြမ်းကြုတ်​တဲ့​အုပ်ချုပ်မှု အဆုံးတိုင်​တော့မယ်​ဆိုတာ ဖော်ပြတယ်။ မကြာခင် ကြမ်းကြုတ်​တဲ့ ဝိညာဉ်​ပုဂ္ဂိုလ်တွေ အရေးယူ​ခံရ​တော့မယ်။ ဘုရားနိုင်ငံတော်​က သာယာလှပ​တဲ့ ကမ္ဘာမြေ​ကို အနှစ် ၁,၀​၀​၀ အုပ်ချုပ်​ပြီးတဲ့နောက် အဲဒီ​နတ်ဆိုး​တွေဟာ လူသား​တွေကို လှည့်ဖြား​ဖို့ နောက်ဆုံး​အခွင့်အရေး​ကို တစ်ခဏ ရရှိ​ကြ​မယ်။ အဲဒီနောက် သူတို့ ထာဝရ ဖျက်ဆီး​ခံရ​ပါလိမ့်မယ်။—မဿဲ ၂၅:၄၁။ ဗျာဒိတ် ၂၀:၁-၃၊ ၇-၁၀

^ စာပိုဒ်၊ 6 ဘုရားနိုင်ငံတော်​အကြောင်း ပို​သိချင်ရင် ယေဟောဝါသက်သေ​တွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်​သွန်သင်ရာ​က ဘာလဲ စာအုပ်၊ အခန်း ၈ မှာကြည့်ပါ။ www.pr418.com/mya မှာလည်း ကြည့်နိုင်တယ်။