သင် သိပါသလား
“ခွေးကလေးတွေ” နဲ့နှိုင်းပြီး ယေရှုပြောတာဟာ နှိမ်ရာကျသလား။
တစ်ခါတုန်းက အစ္စရေးနယ်စပ်အနီး၊ ရောမလက်အောက်ခံ ဆီးရီးယားပြည်မှာ ယေရှု ရှိနေခိုက် ဂရိအမျိုးသမီးတစ်ဦး အကူအညီ လာတောင်းတယ်။ အဲဒီအခါ ယေရှုက ဂျူးမဟုတ်သူတွေကို “ခွေးကလေးတွေ” နဲ့နှိုင်းပြီး တုံ့ပြန်လိုက်တယ်။ မောရှေပညတ်မှာ ခွေးတွေကို မသန့်ရှင်းတဲ့တိရစ္ဆာန်အဖြစ် ယူမှတ်တယ်။ (ဝတ်ပြုရာ ၁၁:၂၇) ယေရှုဟာ ဒီဂရိအမျိုးသမီးနဲ့ ဂျူးမဟုတ်သူတွေကို နှိမ်တဲ့သဘောမျိုး ပြောနေတာလား။
လုံးဝမဟုတ်ပါဘူး။ ယေရှုက အဲဒီအချိန်မှာ သူ အဓိက ကူညီပေးရမယ့်သူတွေဟာ ဂျူးတွေပဲလို့ တပည့်တွေကို ရှင်းပြတယ်။ ဒါကြောင့် “သားသမီးရဲ့ အစာကို ခွေးကလေးတွေအတွက် ချမပေးသင့်ဘူး” လို့ ဂရိအမျိုးသမီးကို ဥပမာသုံးပြီး ပြောတယ်။ (မဿဲ ၁၅:၂၁-၂၆။ မာကု ၇:၂၆) ခွေးတွေဟာ ဂရိနဲ့ ရောမတွေအတွက် ချစ်စနိုး အိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး ကလေးတွေနဲ့ ဆော့ကစားလေ့ရှိတယ်။ ဒါကြောင့် “ခွေးကလေးတွေ” ဆိုတဲ့ အသုံးအနှုန်းက ချစ်စရာကောင်းတဲ့ပုံရိပ် စိတ်ထဲ ပေါ်လာစေတယ်။ ဂရိအမျိုးသမီးက ယေရှုရဲ့စကားကို ပြန်ကောက်ပြီး “မှန်ပါတယ် သခင်။ ဒါပေမဲ့ ခွေးကလေးတွေဟာ သခင့်စားပွဲကကျတဲ့ စားကြွင်းစားကျန်တွေကိုတော့ စားရပါတယ်” လို့ ပြန်ပြောတယ်။ သူ့ယုံကြည်ခြင်းကို ယေရှု ချီးမွမ်းပြီး သမီးကို ကုသပေးလိုက်တယ်။—မဿဲ ၁၅:၂၇၊ ၂၈။
ရေကြောင်းခရီး မဆက်ဖို့ တမန်တော်ပေါလု အကြံပေးတာ လက်တွေ့ကျရဲ့လား။
အီတလီကို ပေါလု စီးနင်းလိုက်ပါလာတဲ့ သင်္ဘောဟာ လေကြောင်းမသင့်တဲ့အတွက် ခရီးဆက်ဖို့ ခက်နေတယ်။ ဒါကြောင့် ဆိပ်ကမ်းတစ်ခုမှာ နားနေတုန်း ခရီးမဆက်ဖို့ တမန်တော်ပေါလု အကြံပြုတယ်။ (တမန်တော် ၂၇:၉-၁၂) ဘာကြောင့် အဲဒီလို အကြံပြုတာလဲ။
မြေထဲပင်လယ်မှာ ဆောင်းရာသီအတွင်း ရေကြောင်းခရီးသွားတာဟာ အန္တရာယ်များမှန်း ရှေးခေတ်သင်္ဘောသားတွေ သိထားကြတယ်။ နိုဝင်ဘာ ၁၅ ကနေ မတ် ၁၅ ဟာ အန္တရာယ်အများဆုံးလတွေပဲ။ ဒါပေမဲ့ ပေါလု ခရီးသွားတဲ့အချိန်ဟာ စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာလ ဖြစ်တယ်။ အေဒီ စတုတ္ထရာစု၊ ရောမစာရေးဆရာ ဗာဂျက်တီးယပ်စ်က စာအုပ်တစ်အုပ် (Epitome of Military Science) မှာ “ရေကြောင်းခရီးသွားဖို့ သင့်လျော်တဲ့ လတွေရှိသလို စိတ်မချရတဲ့၊ လုံးဝမသွားသင့်တဲ့ လတွေလည်း ရှိတယ်” လို့ပြောတယ်။ မေ ၂၇ ကနေ စက်တင်ဘာ ၁၄ အတွင်း ရေကြောင်းခရီးသွားတာဟာ အန္တရာယ်ကင်းတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁၅ ကနေ နိုဝင်ဘာ ၁၁ အတွင်း၊ မတ် ၁၁ ကနေ မေ ၂၆ အတွင်း ဆိုရင်တော့ အန္တရာယ်ရှိတယ်။ ပင်လယ်ခရီးသွားနေကျ ပေါလုဟာ အဲဒီအချက်တွေကို ကောင်းကောင်းသိထားမှာ သေချာတယ်။ မာလိန်မှူးနဲ့ သင်္ဘောပိုင်ရှင်လည်း သိမှာဖြစ်ပေမဲ့ ပေါလုရဲ့ အကြံပေးချက်ကို အရေးမလုပ်ကြဘူး။ နောက်ဆုံးတော့ သင်္ဘောပျက်သွားတယ်။—တမန်တော် ၂၇:၁၃-၄၄။