မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ပုံ
၄ | ဘုရားသခင့် အကူအညီနဲ့ အမုန်းတရားကို အောင်နိုင်
ကျမ်းစာ သွန်သင်ချက်–
“စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကတော့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ပါပဲ။”—ဂလာတိ ၅:၂၂၊ ၂၃။
ဆိုလိုတာက–
ဘုရားသခင့် အကူအညီနဲ့ အမုန်းသံသရာကို ချေဖျက်နိုင်ပါတယ်။ ကိုယ့်မှာ မရှိတဲ့ အရည်အသွေးတွေ ရှိလာအောင် သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးနိုင်တယ်။ ဒါကြောင့် အမုန်းတရားကို ချေဖျက်ဖို့ ကိုယ်တိုင် ကြိုးစားမယ့်အစား ဘုရားကို အားကိုးတာ ပိုကောင်းတယ်။ ဘုရားကို အားကိုးမယ်ဆိုရင် တမန်တော် ပေါလုလို ခံစားရမယ်။ သူ ဒီလိုရေးခဲ့တယ်– “ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ။” (ဖိလိပ္ပိ ၄:၁၃) “ယေဟောဝါဆီကနေ အကူအညီ ရပြီ” လို့လည်း ပြောနိုင်ပါလိမ့်မယ်။—ဆာလံ ၁၂၁:၂။
လုပ်ဆောင်နိုင်တဲ့ အချက်–
“ကမ်းကုန်အောင် ဆိုးသွမ်းတဲ့ ကျွန်တော့်ကို အေးချမ်းတဲ့သူ ဖြစ်အောင် ယေဟောဝါဘုရား ပုံသွင်းပေးခဲ့ပါတယ်။”—ဝါလ်ဒို
ယေဟောဝါဆီ စိတ်ရင်းမှန်နဲ့ သန့်ရှင်းသော စွမ်းအားတော် တောင်းခံပါ။ (လုကာ ၁၁:၁၃) အရည်အသွေးကောင်းတွေ မွေးမြူနိုင်အောင် ကူညီပေးပါလို့ ဆုတောင်းပါ။ မုန်းတီးစိတ်ကို ဖယ်ရှားနိုင်အောင် ကူညီပေးတဲ့ မေတ္တာ၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ချုပ်တည်းခြင်း စတဲ့ အရည်အသွေးတွေအကြောင်း ကျမ်းစာမှာ လေ့လာပါ။ အဲဒီအရည်အသွေးတွေကို မွေးမြူနိုင်တဲ့ နည်းလမ်းတွေကို ရှာပါ။ အဲဒီ အရည်အသွေးတွေကို မွေးမြူဖို့ ကြိုးစားနေသူတွေနဲ့ ပေါင်းသင်းပါ။ သူတို့က “မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့” ကူညီပေးနိုင်တယ်။—ဟီဘရူး ၁၀:၂၄။