မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ပုံ
၃ | မုန်းတီးမှုကို စိတ်ထဲက ထုတ်ပစ်ပါ
ကျမ်းစာ သွန်သင်ချက်–
“ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်း သိနိုင်ဖို့ ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။”—ရောမ ၁၂:၂။
ဆိုလိုတာက–
ကျွန်တော်တို့ရဲ့ အတွေးတွေကို ဘုရားသခင် အလေးထားတယ်။ (ယေရမိ ၁၇:၁၀) မုန်းတီးတဲ့သဘောနဲ့ ပြောတာ၊ လုပ်တာကို ရှောင်ရမယ့်အပြင် နောက်ထပ် လုပ်စရာ ရှိသေးတယ်။ မုန်းတီးမှု သံသရာက စိတ်နှလုံးထဲကနေ အစပြုတယ်။ ဒါကြောင့် မုန်းတီးတဲ့အတွေး၊ ခံစားချက်တွေကို စိတ်နှလုံးထဲကနေ နည်းနည်းမှ မကျန် ထုတ်ပစ်ရမယ်။ ဒါမှ စိတ်သဘောကို အမှန်တကယ် “ပြုပြင်ပြောင်းလဲ” နိုင်ပြီး မုန်းတီးမှု သံသရာကို ချေဖျက်နိုင်မယ်။
လုပ်ဆောင်နိုင်တဲ့ အချက်–
အထူးသဖြင့် လူမျိုးမတူ၊ နိုင်ငံမတူတဲ့သူတွေကို ဘယ်လို သဘောထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်ပါ။ ဒီလိုမေးပါ– ‘သူတို့ကို ငါဘယ်လို မြင်သလဲ။ ငါကိုယ်တိုင် သိထားတဲ့အချက်အပေါ် အခြေခံပြီး သူတို့ကို ရှုမြင်သလား။ ဒါမှမဟုတ် သူတို့အပေါ် မလိုမုန်းထားစိတ် ရှိနေသလား။’ မုန်းတီးမှုနဲ့ အကြမ်းဖက်မှုအကြောင်း တင်ဆက်ထားတဲ့ လူမှုမီဒီယာ၊ ရုပ်ရှင်၊ ဖျော်ဖြေမှုတွေကို ရှောင်ပါ။
စိတ်နှလုံးထဲက အမုန်းတရားကို ချေဖျက်နိုင်ဖို့ သမ္မာကျမ်းစာက ကူညီပေးနိုင်
ကိုယ့်ရဲ့ အတွေးနဲ့ ခံစားချက်တွေကို အမှန်အတိုင်း အကဲဖြတ်ဖို့ အမြဲတော့ မလွယ်ဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာက ကိုယ့်ရဲ့ “စိတ်နှလုံးထဲက အတွေးတွေ၊ အကြံအစည်တွေကိုလည်း ပိုင်းခြားသိမြင်” အောင် ကူညီပေးနိုင်တယ်။ (ဟီဘရူး ၄:၁၂) ကျမ်းစာကို ဆက်လေ့လာပါ။ ကျမ်းစာ သွန်သင်ချက်တွေနဲ့ ကိုယ့်ရဲ့ အတွေးတွေကို ယှဉ်ကြည့်ပါ။ ပြီးတဲ့နောက် ကိုယ့်ရဲ့ အတွေးတွေကို ကျမ်းစာ သွန်သင်ချက်နဲ့ ကိုက်ညီဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ စိတ်ထဲမှာ “အခိုင်အမာ အမြစ်စွဲ” နေတဲ့ မုန်းတီးမှုကို ချေဖျက်ဖို့ သမ္မာကျမ်းစာက ကူညီပေးနိုင်ပါတယ်။—၂ ကောရိန္သု ၁၀:၄၊ ၅။