မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြည့်စုံလာမယ့် ကတိများ

ပြည့်စုံလာမယ့် ကတိများ

ယေရှု ကြိုဟောခဲ့တဲ့အတိုင်းပဲ ဘုရားနိုင်ငံတော် သတင်းကောင်းကို မြေတစ်ခွင်လုံးမှာ ဟောပြောနေ​ကြတယ်။ (မဿဲ ၂၄:၁၄) ဒီ​နိုင်ငံတော်​ဟာ ဘုရား​အုပ်ချုပ်တဲ့ အစိုးရ ဖြစ်တယ်လို့ ဒံယေလ​ကျမ်းမှာ ဆိုထားတယ်။ အခန်းကြီး ၂ မှာ ရှေးဗာဗုလုန်​ကနေ ဒီနေ့​အထိ ကြီးစိုးတဲ့ လူ့အစိုးရတွေ၊ နိုင်ငံ​တွေ​အကြောင်း ဟောကိန်း ပါ​ရှိတယ်။ ရှေ့မှာ ဖြစ်မယ့်​အရာ​နဲ့​ပတ်သက်​ပြီး အခန်းငယ် ၄၄ မှာ ဒီလို​ဖော်ပြထားတယ်–

“အဲဒီဘုရင်တွေ​လက်ထက်မှာ ကောင်းကင်​အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံ​တစ်ခုကို တည်ထောင်​လိမ့်မယ်။ အဲဒီနိုင်ငံဟာ တခြား​လူတွေ​လက်ထဲ ရောက်မှာ မဟုတ်ဘူး။ အထက်မှာ​ပြောခဲ့တဲ့ နိုင်ငံ​အားလုံးကို ခြေမွှ​ဖျက်ဆီး​လိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့​နေမယ်။”

ဘုရားနိုင်ငံတော်​က လူ့​အုပ်ချုပ်မှု​အားလုံးကို ဖယ်ရှား​မယ်၊ ကမ္ဘာပေါ်မှာ တည်ငြိမ်​အေးချမ်းမှု ဖြစ်ပေါ်​စေမယ်​လို့ ဒီ​ဟောကိန်း​နဲ့ ကျမ်းစာ​ကြိုဟောချက်​တွေ​က ဖော်ပြတယ်။ ဘုရားနိုင်ငံတော်မှာ ဘယ်လို အသက်တာ​မျိုး ရရှိကြမလဲ။ မကြာခင် ပြည့်စုံ​လာမယ့် အံ့ဖွယ်​ကတိ​တချို့ကတော့–

  • မြေကြီး​ပရဒိသုမှာ လူတိုင်း ပြည့်ဝ​စုံလင်တဲ့ အဆုံးမဲ့​အသက်ကို ပိုင်ဆိုင်​ကြ​မယ်။ ဒါဟာ ဖန်ဆင်းရှင်၊ မေတ္တာရှင် ယေဟောဝါ​ဘုရားရဲ့ ကတိတော်​ပါပဲ။

    စစ်မရှိတော့ဘူး

    ဆာလံ ၄၆:၉။ “ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။ လေးတွေကို ချိုးပြီး လှံတွေကို အပိုင်းပိုင်းဖြတ်ပစ်တယ်။ စစ်မြင်းရထားတွေကို မီးရှို့ပစ်တယ်။”

  • လူသတ်လက်နက်တွေ ထုတ်လုပ်ရာမှာ ကုန်ကျတဲ့ ငွေနဲ့ ကျွမ်းကျင်မှုတွေကို လူ့အကျိုးပြုကဏ္ဍတွေမှာ အသုံးပြုမယ်ဆိုရင် လောကကြီး အခြေအနေ ဘယ်လို ရှိမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ ဒီကတိဟာ ဘုရားနိုင်ငံတော်အောက်မှာ တကယ်ပြည့်စုံလာပါမယ်။

    ဖျားနာမှု မရှိတော့ဘူး

    ဟေရှာယ ၃၃:၂၄။ “ပည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး။”

  • နှလုံရောဂါ၊ ကင်ဆာ၊ ငှက်ဖျား၊ တခြားရောဂါတွေ မရှိတော့မယ့် ကမ္ဘာတစ်ခုကို စဉ်းစားကြည့်ပါ။ ဆေးရုံတွေ၊ ဆေးဝါးတွေ မလိုအပ်တော့ဘူး။ ကမ္ဘာသူ/သားတွေ အပြည့်အဝ ကျန်းမာကြမယ်။

    အစာရှားပါးမှု မရှိတော့ဘူး

    ဆာလံ ၇၂:၁၆။ “ကာက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။”

  • ကမ္ဘမြေက အစားအစာ အလုံအလောက် ထုတ်လုပ်ပေးပြီး လူတိုင်း စားသုံးကြမယ်။ ငတ်မွတ်မှု၊ အာဟာရချို့တဲ့မှု မရှိတော့ဘူး။

    နာကျင်ခြင်း၊ ဝမ်းနည်းခြင်း၊ သေခြင်း မရှိတော့ဘူး

    ဗျာဒိတ် ၂၁:၄။ “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”

“ကျိန်းသေ အောင်မြင်​မယ်”

ဒီလို​အခြေအနေတွေ တကယ်​ဖြစ်လာ​နိုင်ပါ့မလား။ ကျမ်းစာမှာ ကတိပြု​ဖော်ပြထားတဲ့ အသက်တာ​ဟာ တကယ်​နှစ်သက်စရာ ကောင်းပေမဲ့ ထာဝစဉ် အသက်ရှင်မယ်ဆိုတဲ့ အယူအဆကို အကြောင်း​အမျိုးမျိုး​ကြောင့် လူအများ နားလည်ဖို့ ခက်နေကြတယ်။ အဲဒါ အံ့ဩ​စရာတော့ မဟုတ်ပါဘူး။ အဲဒီလို​ဘဝမျိုးနဲ့ အသက်​ရှင်ခဲ့ဖူးသူ တစ်ယောက်မှ မရှိ​ပဲ​ကိုး။

လူသားတွေဟာ အပြစ်နဲ့ သေခြင်းရဲ့ ကျွန်ဘဝ​အောက်မှာ နာကျင်မှု၊ ဆင်းရဲဒုက္ခတွေနဲ့ အနေကြာ​လာတော့ ဒီ​အသက်တာမျိုးဟာ သာမန်​ပဲ၊ သဘာဝပဲလို့ ယူဆကြတယ်။ တကယ်တော့ ဖန်ဆင်းရှင် ယေဟောဝါ​ဘုရား ရည်ရွယ်ထားတဲ့​ဘဝမျိုးနဲ့ အလွန်​ကွာခြား​ပါတယ်။

ဘုရား​ကတိတော်​အားလုံး မုချ​ပြည့်စုံ​လာမယ်​ဆိုတာကို ဒီလို​အလေးအနက် ဖော်ပြထားတယ်– “မပြည့်စုံ​ဘဲ ငါ့​ဆီ​ပြန်လာ​မှာ မဟုတ်ဘူး။ ငါ​အလိုရှိ​ရာ မှန်သမျှကို ကျိန်းသေ ပြီးမြောက်​စေမယ်။ ငါ​စေခိုင်းတဲ့အတိုင်း ကျိန်းသေ အောင်မြင်​မယ်။”​—⁠ဟေရှာယ ၅၅:⁠၁၁

ယေဟောဝါကို “မုသာ​မ​သုံးတဲ့ ဘုရားသခင်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (တိတု ၁:⁠၂) သိပ်ကောင်းတဲ့​အနာဂတ်​ကို ကတိပြုထားတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း ဒီလို​စဉ်းစား​သင့်တယ်– ကတိထားရာ မြေကြီး​ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ကြမယ်​ဆိုတာ တကယ်​ကော ဖြစ်နိုင်ပါ့မလား။ ဘုရား​ကတိတော်ကို ခံစား​နိုင်ဖို့ ဘာလုပ်ရမလဲ။ အဖြေ​ရဖို့ အထောက်အကူပြု​မယ့် အချက်​အလက်​တွေ ဆက်​ဖော်ပြ​သွားပါမယ်။