မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခုပဲ ဘဝကို အကောင်းဆုံး မွေ့လျော်ခြင်း

အခုပဲ ဘဝကို အကောင်းဆုံး မွေ့လျော်ခြင်း

အို​နာ​သေခြင်း ကင်းတဲ့​ဘဝမျိုး သင်လည်း ပိုင်ဆိုင်​နိုင်ပါတယ်။ လက်ရှိ​ဘဝက​တော့ ကြမ်းတမ်း​ခက်ခဲ​လှပါတယ်။ အခုပဲ ဘဝကို အကောင်းဆုံး မွေ့လျော်​နိုင်ဖို့ ဘာက ကူညီပေး​မလဲ။ ကျေနပ်​ပျော်ရွှင်​စရာ​ကောင်းတဲ့​ဘဝ ပိုင်ဆိုင်​နိုင်ဖို့ ကျမ်းစာက လမ်းညွှန်​ပေး​နိုင်ပါတယ်။ ဘဝ​အခက်အခဲ​တချို့ကို ကျမ်းစာ ကူညီ​ဖြေရှင်း​ပေးနိုင်ပုံ​အကြောင်း သုံးသပ်​ကြည့်ပါ။

ကျေနပ်​ရောင့်ရဲခြင်း

ကျမ်းစာ​အကြံပြုချက်။ “ခင်ဗျားတို့ရဲ့​ဘဝမှာ ငွေ​တပ်မက်တာကို ရှောင်ပါ။ ရှိတာ​လေး​နဲ့ ရောင့်ရဲ​တင်းတိမ်ပါ။”ဟီဘရူး ၁၃:၅

ယနေ့​လောကမှာ မရှိမဖြစ်​ဆိုတဲ့ ပစ္စည်း​တွေ၊ ဝန်ဆောင်မှု​တွေ ပြည့်နှက်​နေတယ်။ ကျမ်းစာက​တော့ “ရှိတာ​လေး​နဲ့ ရောင့်ရဲ​တင်းတိမ်ပါ” လို့ ဆိုထားတယ်။ ဘယ်လို​နည်းနဲ့လဲ။

“ငွေ​တပ်မက်တာကို” ရှောင်ပါ။ လူတွေဟာ “ငွေ​တပ်မက်” တဲ့​အတွက် ကျန်းမာရေး၊ မိသားစု၊ မိတ်ဆွေ၊ ကိုယ်ကျင့်တရား၊ ဂုဏ်​သိက္ခာ​ကိုတောင် စတေး​တတ်ကြတယ်။ (၁ တိမောသေ ၆:၁၀) နှမြော​စရာ​ပါပဲ။ စည်းစိမ်ဥစ္စာ​ကို တပ်မက်သူ​ဟာ “ဘယ်တော့မှ . . . ရောင့်ရဲ​နိုင်မှာ မဟုတ်ဘူး။”—ဒေသနာ ၅:၁၀

ပစ္စည်း​ကို မဟုတ်ဘဲ လူကို တန်ဖိုး​ထားပါ။ ရုပ်ပစ္စည်း​တွေဟာ သူ့​နေရာ​နဲ့​သူ အသုံးဝင်​ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို မချစ်​နိုင်ဘူး။ ကျေးဇူး​မတင်​တတ်ကြဘူး။ လူတွေပဲ ချစ်တတ်၊ ကျေးဇူးတင်​တတ်တယ်။ “မိတ်ဆွေစစ်” ရှိ​ခြင်းက ကျေနပ်​ရောင့်ရဲ​တဲ့​ဘဝ ပိုင်ဆိုင်​စေနိုင်တယ်။—ပညာအလိမ္မာ ၁၇:၁၇

ကျမ်းစာလမ်းညွှန်ချက်ကို လိုက်နာခြင်းအားဖြင့် အခုပဲ ဘဝကို အကောင်းဆုံး မွေ့လျော်နိုင်တယ်

ကျန်းမာရေး​ပြဿနာကို ခါးစည်းခံ​ခြင်း

ကျမ်းစာ​အကြံပြုချက်။ “ရွှင်လန်း​တဲ့​စိတ်ဟာ ဆေး​စွမ်း​ကောင်း​တစ်လက်​ပဲ။”ပညာအလိမ္မာ ၁၇:၂၂

ရွှင်လန်းမှုက “ဆေး​စွမ်း​ကောင်း​တစ်လက်” လို​ပဲ ကျန်းမာရေး​ပြဿနာကို ခံရပ်​နိုင်အောင် ကူညီ​ပေး​နိုင်တယ်။ ဒါပေမဲ့ ဖျားနာ​နေချိန်မှာ ဘယ်လို ပျော်ရွှင်​နိုင်မလဲ။

ကျေးဇူး​သိ​တတ်​ပါ။ ကိုယ့်​ရောဂါ​ဝေဒနာ​အကြောင်း​ပဲ စဉ်းစား​နေရင် “နေ့ရက်​တိုင်း” ဟာ ဆိုးရွား​ပုံ​ပေါက်တယ်။ (ပညာအလိမ္မာ ၁၅:၁၅) ဒါကြောင့် “ကျေးဇူး​သိ​တတ်ကြ​ပါ” လို့ ကျမ်းစာက ဆိုတယ်။ (ကောလောသဲ ၃:၁၅) သေးငယ်တဲ့​အရာ​ပဲ ဖြစ်ပါစေ ကိုယ့်မှာ​ရှိ​ထားတဲ့ ကောင်းတဲ့​အရာတွေ​အတွက် ကျေးဇူးတင်​ပါ။ နေဝင်​ဆည်းဆာ​အလှ၊ လေပြေ​လေညှင်း၊ ချစ်ခင်​ရသူ​ရဲ့ အပြုံး​တို့​က ဘဝကို ပြည့်စုံ​စေနိုင်ပါတယ်။

တခြားသူတွေ​အတွက် လုပ်ဆောင်ပေး​ပါ။ ကျန်းမာရေး မကောင်း​ပေမဲ့ “ရယူခြင်း​ထက် ပေးကမ်းခြင်းက ပို​ပျော်ရွှင်​စေတယ်။” (တမန်တော် ၂၀:၃၅) ကိုယ့်​လုပ်ဆောင်မှုတွေကို တခြားသူတွေ ကျေးဇူးတင်ကြောင်း ပြောတဲ့အခါ ကျေနပ်​ပျော်ရွှင်​ကြတယ်။ ကိုယ့်​ပြဿနာတွေကို ခဏလောက် မေ့သွား​တတ်ကြတယ်။ တခြား​သူတွေကို ကူညီခြင်းက ကျွန်တော်တို့​ဘဝကိုလည်း ပို​ကောင်းမွန်စေ​နိုင်ပါတယ်။

အိမ်ထောင်ရေး ခိုင်မြဲ​စေခြင်း

ကျမ်းစာ​အကြံပြုချက်။ ‘ပို​အရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိ​ကြပါ။’ဖိလိပ္ပိ ၁:၁၀

တစ်ယောက်ကို တစ်ယောက် အချိန်​မပေးနိုင်​တဲ့ မောင်နှံစုံ​တွေဟာ စိမ်းကား​သွား​တတ်ကြတယ်။ ဒါကြောင့် လင်မယားတွေ​ဟာ မိမိတို့ရဲ့ အိမ်ထောင်ရေး​ကို ပို​အရေးကြီးတဲ့​အရာတစ်ခု​အဖြစ် ဦးစား​ပေး​သင့်ပါတယ်။

အတူတူ လုပ်ဆောင်ပါ။ ကိုယ်​စိတ်ဝင်စား​ရာတွေကိုပဲ တစ်ယောက်​တည်း မလုပ်ဆောင်​ဘဲ အတူတကွ လုပ်ဆောင်ဖို့ စီစဉ်ပါ။ “လူတစ်ယောက်​ထက် နှစ်ယောက်​က ပို​ကောင်းတယ်” လို့ ကျမ်းစာ ဆိုထားတယ်။ (ဒေသနာ ၄:၉) ချက်ပြုတ်​တာ၊ လမ်းလျှောက်​တာ၊ ဆိုင်​ထိုင်တာ၊ ဈေး​သွားတာ​တွေကို အတူတူ လုပ်နိုင်ပါတယ်။

ချစ်မြတ်နိုး​ကြောင်း ဖော်ပြပါ။ လင်​နဲ့ မယား အပြန်အလှန် ချစ်ခင်​လေးစားဖို့ ကျမ်းစာက အားပေး​ထားတယ်။ (ဧဖက် ၅:၂၈၊ ၃၃) နွေးထွေး​တဲ့​အပြုံး၊ မေတ္တာ​ပါတဲ့ ပွေ့ဖက်မှု၊ လက်ဆောင်​လေး​တစ်ခုက အိမ်ထောင်​ခိုင်မြဲ​စေနိုင်တယ်။ လိင်​ကိစ္စဟာ အိမ်ထောင်သည်တွေ​အတွက်ပဲ ဖြစ်​ရပါမယ်။—ဟီဘရူး ၁၃:၄