မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာကြောင့် အိုရသေရကြသလဲ

ဘာကြောင့် အိုရသေရကြသလဲ

လူသားတွေ သေ​ဖို့ ဘုရား မရည်ရွယ်​ဘူး။ ကနဦး​မိဘ အာဒံ​နဲ့ ဧဝ​ဟာ စိတ်ရော ကိုယ်ပါ ပြီးပြည့်​စုံလင်​စွာ ဖန်ဆင်း​ခံ​ရ​တယ်။ ဒီနေ့​အထိ အသက်​ရှင်​နိုင်​တဲ့​သဘော​ပဲ။ ဧဒင်​ဥယျာဉ်​က အပင်​တစ်ပင်​နဲ့​ပတ်သက်ပြီး အာဒံ​ကို ယေဟောဝါ မိန့်ဆို​တဲ့​စကား​ကို ကြည့်​ရင် သိ​နိုင်​တယ်။

“စား​တဲ့​နေ့​မှာ မင်း သေကို​သေ​ရ​မယ်” လို့ အာဒံ​ကို ဘုရား မိန့်ဆို​ခဲ့​တယ်။ (ကမ္ဘာဦး ၂:၁၇) အာဒံ​ဟာ အို​ပြီး သေ​သွား​ဖို့ ဖန်ဆင်း​ခံ​ရ​ရင် အဲဒီလို​မိန့်မှာ​စရာ​အကြောင်း မရှိဘူး။ အဲဒီ​အပင်​ရဲ့​အသီး​ကို မစား​ရင် သေ​မှာ မဟုတ်ဘူး​ဆိုတာ အာဒံ သိ​ထား​တယ်။

ဘုရားရည်ရွယ်ချက်က လူသားတွေ သေဖို့ မဟုတ်ဘူး

အာဒံ​နဲ့ ဧဝ​တို့ အသက် ဆက်​နိုင်​ဖို့ အဲဒီ​အပင်​ရဲ့ အသီး​ကို စား​စရာ မလိုဘူး။ ဥယျာဉ်​ထဲ​မှာ သီးပင်​စားပင်​တွေ အပြည့်​ရှိ​နေ​ပါ​တယ်။ (ကမ္ဘာဦး ၂:၉) အဲဒီ​အပင်​ရဲ့​အသီး​ကို မစား​ရင် အသက်​ပေး​ရှင်​ရဲ့ စကား​ကို နာခံ​ကြောင်း ပြ​ရာ​ရောက်​ပါ​မယ်။ ဘုရား​ရဲ့ လမ်းညွှန်​ပိုင်​ခွင့်​ကို အသိ​အမှတ်​ပြု​ရာ​လည်း ရောက်​တယ်။

အာဒံ​နဲ့ ဧဝ သေ​ရ​တဲ့​အကြောင်းရင်း

အာဒံ​နဲ့ ဧဝ သေ​ရ​တဲ့​အကြောင်းရင်း​ကို နားလည်​ဖို့ ကျွန်တော်တို့​အပေါ် သက်ရောက်မှု​ရှိ​တဲ့ စကားတွေ​ကို ဆန်းစစ်​ကြည့်​ဖို့ လို​တယ်။ စာတန်​မာရ်နတ်​က မြွေ​တစ်ကောင်​ကို သုံးပြီး မလို​တမာ လိမ်လည်​လှည့်စား​ခဲ့​တယ်။ “မြွေ​ဟာ ယေဟောဝါ​ဘုရား ဖန်ဆင်း​တဲ့ တိရစ္ဆာန်တွေ​ထဲ​မှာ သတိ​အကြီးဆုံး​ပဲ။ မြွေ​က မိန်းမကို ‘ဥယျာဉ်​ထဲမှာ​ရှိ​တဲ့ အပင်​အားလုံး​ရဲ့​အသီး​ကို မစား​နဲ့​လို့ ဘုရား​သခင် တကယ်ပဲ​ပြော​သလား’ ဆိုပြီး မေး​တယ်” လို့ ကျမ်းစာ​မှတ်တမ်း​မှာ ဖော်ပြ​ထား​တယ်။—ကမ္ဘာဦး ၃:၁

ဒါနဲ့ ဧဝ​က “‘ဥယျာဉ်​ထဲမှာ​ရှိ​တဲ့ အပင်​တွေ​ရဲ့​အသီး​ကို ကျွန်မတို့ စားလို့​ရ​ပါ​တယ်။ ဥယျာဉ်​ထဲ​က အပင်​တစ်ပင်​ရဲ့ အသီးကို​တော့ “မစား​နဲ့၊ မထိ​နဲ့။ စား​မယ်၊ ထိ​မယ်​ဆိုရင် သေ​ရမယ်” ဆိုပြီး ဘုရားသခင် မှာ​ထားတယ်’ လို့ ပြန်​ဖြေတယ်။” ဒါနဲ့ မြွေက “မင်းတို့ လုံးဝ သေ​မှာ မဟုတ်ဘူး။ တကယ်တော့ အဲဒီ​အသီးကို စားတဲ့​နေ့မှာပဲ မျက်စိပွင့် လာမယ်၊ အကောင်း​အဆိုးကို သိလာပြီး ဘုရား​လို ဖြစ်လာမယ်​ဆိုတာ ဘုရားသခင် သိတယ်” လို့ ပြောတယ်။ ဒီ​နည်းနဲ့ အာဒံနဲ့ ဧဝ​အတွက် ကောင်းမွန်​ရာ​ကို ယေဟောဝါ လှည့်စား​ထိမ်ချန်​ထားတယ်လို့ စာတန် အခိုင်အမာ ဆိုတယ်။—ကမ္ဘာဦး ၃:၂-၅

ဧဝ​က ယုံ​လိုက်တယ်။ အပင်ကို ကြည့်ရင်း​ကြည့်ရင်း​နဲ့ စား​ချင်​စရာ ကောင်း​လာတယ်။ ဒါနဲ့ အသီးကို ခူးစား​လိုက်တယ်။ “လူယောက်ျား​ကို ပေး​တော့ သူလည်း စားတယ်” လို့ ကျမ်းစာက ဆိုတယ်။—ကမ္ဘာဦး ၃:၆

“စားတဲ့နေ့မှာ မင်း သေကိုသေရမယ်” လို့ အာဒံကို ဘုရား မိန့်ဆိုတယ်။—ကမ္ဘာဦး ၂:၁၇

ချစ်မြတ်နိုး​ရတဲ့ သားသမီးတွေ မိမိ​စကား နားမထောင်​တာ​ကို မြင်ရတဲ့အခါ ဘုရား ဘယ်လောက် ဝမ်းနည်း​လိုက်​လေ​မလဲ။ ယေဟောဝါ​ဘုရား ဘာလုပ်ခဲ့သလဲ။ “မြေကြီး​က ဖြစ်လာတဲ့​မင်းဟာ မြေကြီးကို ပြန်သွား” ရမယ်ဆိုပြီး အာဒံ​ကို ပြော​လိုက်တယ်။ (ကမ္ဘာဦး ၃:၁၇-၁၉) ဒါကြောင့် “အသက် ၉၃၀ မှာ အာဒံ သေဆုံးသွားတယ်။” (ကမ္ဘာဦး ၅:၅) အာဒံ ကောင်းကင် မတက်​သလို နာမ်ဝိညာဉ်ဘုံ​တစ်ခုခု​မှာလည်း အသက်ဆက်ရှင်​မနေပါဘူး။ မြေကြီး​ကနေ ယေဟောဝါ မဖန်ဆင်း​ခင် အာဒံ မတည်ရှိဘူး။ ဒါကြောင့် အာဒံ သေသွားတဲ့​အခါ ဖန်ဆင်း​ခံရတဲ့​မြေမှုန့်​ဘဝ ပြန်ရောက်​သွားတယ်။ အာဒံ မရှိတော့ဘူး။ ဝမ်းနည်းစရာပါပဲ။

ကျွန်တော်တို့ မစုံလင်​ရတဲ့​အကြောင်းရင်း

အာဒံ​နဲ့ ဧဝ တမင်​တကာ မနာခံ​တဲ့​အတွက် စုံလင်​ခြင်း​နဲ့ ထာဝစဉ် အသက်​ရှင်​မယ့် အလား​အလာ​ကို ဆုံးရှုံး​သွား​ကြ​တယ်။ ကာယ​ပိုင်း အပြောင်း​အလဲ ကြုံ​ရ​တယ်။ မစုံလင်​တဲ့ အပြစ်သားတွေ ဖြစ်​လာ​ကြ​တယ်။ ဒါပေမဲ့ မနာခံ​တဲ့​အပြစ်​က သူတို့ကို​ပဲ ထိခိုက်​တာ မဟုတ်ဘူး။ အပြစ်သား​ဘဝ​ကို သားစဉ်​မြေးဆက်​ဆီ လက်ဆင့်​ကမ်း​ပေး​လိုက်​ကြ​တယ်။ ဒါကြောင့် ရောမ ၅:၁၂ မှာ ဒီလို​ဆို​ထား​တယ်– “အပြစ်​ဟာ လူ​တစ်ယောက် [အာဒံ] ကြောင့် လူ့​လောက​ထဲ ရောက်​လာ​တယ်။ အပြစ်​ကြောင့် သေခြင်း​လည်း ပေါ်ပေါက်​လာ​တယ်။ ဒါကြောင့် လူ​အားလုံး​ဟာ အပြစ်​ရှိ​သူ​တွေ ဖြစ်​သွား​တဲ့​အတွက် သေဆုံး​ကြ​ရ​တယ်။”

အပြစ်​နဲ့ သေခြင်း​ဟာ “လူ​အားလုံး​ကို အုပ်​ထား​တဲ့ ခြုံ​ထည်၊ လူမျိုး​အားလုံး​ကို လွှမ်း​ထား​တဲ့ ရက်​ထည်” ပမာ ဖြစ်​တယ်​လို့ ကျမ်းစာ​က ဖော်ပြ​ထား​တယ်။ (ဟေရှာယ ၂၅:၇) အဲဒီ​ခြုံထည်​ဟာ အဆိပ်​သင့်​စေ​တဲ့​မြူခိုး​လို​ပဲ လူသား​အားလုံး​ကို အုပ်​လွှမ်း​ထား​တယ်။ မှန်​ပါ​တယ်၊ “အာဒံ​ကြောင့် လူ​အားလုံး သေဆုံး​ရ” တယ်။ (၁ ကောရိန္သု ၁၅:၂၂) တမန်တော်​ပေါလု ပြော​ခဲ့​သလို “သေဆုံး​စေ​မယ့် ကိုယ်ခန္ဓာ​ကနေ လွတ်မြောက်​အောင် ဘယ်သူ ကယ်တင်​ပေး​မလဲ” လို့ မေး​စရာ ပေါ်​လာ​တယ်။ ကယ်တင်​ပေး​နိုင်​မယ့်​သူ ရှိ​သလား။—ရောမ ၇:၂၄