မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေခြင်းနဲ့ပတ်သက်တဲ့ ဝမ်းနည်းစရာ အမှန်တရား

သေခြင်းနဲ့ပတ်သက်တဲ့ ဝမ်းနည်းစရာ အမှန်တရား

ကိုယ်​အားကျ​တဲ့ နာမည်ကျော် ဂီတ​ပညာရှင်​တစ်ယောက်​အကြောင်း ဗီဒီယို ကြည့်​နေတယ် ဆိုပါစို့။ သူ့ရဲ့ ငယ်​ဘဝ​အကြောင်း၊ ဂီတ​ပညာ သင်ယူ​ပုံ​အကြောင်း၊ အကြိမ်ကြိမ် လေ့ကျင့်​တဲ့​အကြောင်း​တွေ​နဲ့ အစပြု​ထားတယ်။ နောက်တော့ ကမ္ဘာ​လှည့်​ပြီး တေးဂီတ ဖျော်ဖြေ​ပုံ၊ ကမ္ဘာကျော် ဖြစ်လာ​ပုံ​အကြောင်း​တွေ တွေ့ရတယ်။ ဒါပေမဲ့ ရွှေရောင်​လွှမ်း​တဲ့ နှစ်တွေ​တစ်လျှောက် သူ့​ပုံရိပ်​တွေကို ပြပြီး​တဲ့​နောက် သေဆုံး​တာ​နဲ့ နိဂုံးချုပ်​ထားတယ်။

ဒီ​ဗီဒီယို​ဟာ စိတ်ကူးယဉ်​ဇာတ်လမ်း မဟုတ်ဘူး။ ဖြစ်ရပ်မှန် ဇာတ်လမ်း​တစ်ပုဒ်​ပါ။ ဂီတ​ပညာရှင်၊ သိပ္ပံ​ပညာရှင်၊ အားကစား​အကျော်အမော်၊ ဘယ်​နာမည်ကျော်​ပုဂ္ဂိုလ်​ပဲ ဖြစ်ပါစေ ဇာတ်လမ်း​ကတော့ အတူတူ​ပါပဲ။ အောင်မြင်မှု​တွေ အများကြီး ရ​ခဲ့​ပေမဲ့ အသက်​ကြီး​ပြီး သေဆုံး​ရတဲ့ အဖြစ်ဆိုး​ကို မကြုံ​ရ​ဘူး​ဆိုရင် ဘယ်လောက်တောင် အောင်မြင်​ကျော်ကြား​လိမ့်​မလဲ။

ဝမ်းနည်း​စရာ​ကောင်းတာ မှန်ပေမဲ့ ဒီ​အဖြစ်ကို ကျွန်တော်တို့​အားလုံး ကြုံ​ကြရမယ်။ (ဒေသနာ ၉:၅) ဘယ်လောက်​ပဲ ကြိုးစား​ပါစေ အို​ခြင်းနဲ့ သေ​ခြင်းကို မရှောင်လွှဲ​နိုင်​ကြ​ဘူး။ ဒီ့ပြင် မတော်တဆမှု၊ ရောဂါဆိုး​ကြောင့်လည်း အသေ​စော​နိုင်​ပါ​တယ်။ ကျမ်းစာမှာ ဖော်ပြ​ထားတဲ့​အတိုင်းပဲ ကျွန်တော်တို့ဟာ “မြူခိုး​လို​ပဲ ခဏ​ပေါ်လာ​ပြီးနောက် ပျောက်ကွယ်​သွားမှာ” ဖြစ်တယ်။—ယာကုပ် ၄:၁၄

တချို့​လူတွေ​အတွက် ဘဝဟာ မရေရာ၊ မသေချာ​လွန်း​တော့ “စား​ကြ၊ သောက်​ကြ​စို့။ မနက်ဖြန် သေ​ရမှာပဲ” ဆိုတဲ့ ဘဝ​ပုံစံကို လိုက်နေ​ကြတယ်။ (၁ ကောရိန္သု ၁၅:၃၂) အဲဒီလို​နေထိုင်ခြင်း​ဟာ သေခြင်းနဲ့​ပတ်သက်တဲ့ ဝမ်းနည်း​စရာ အမှန်​တရားကို တကယ် လက်ခံ​ကြ​လို့​များလား။ အနှေး​နဲ့ အမြန်​ဆိုသလို အထူး​သဖြင့် အဖြစ်ဆိုး ကြုံရတဲ့​အခါ ‘ဘဝ​ဆိုတာ ဒါ​ပဲ​လား’ လို့ မေးတတ်ကြတယ်။ ဘယ်​ကနေ အဖြေ​ရ​နိုင်​မလဲ။

ဒီနေ့ လူများစွာက သိပ္ပံ​ပညာ​ကို မျှော်ကိုး​ကြတယ်။ သိပ္ပံ​ပညာနဲ့ ဆေး​ပညာ တိုးတက်မှု​ကြောင့် လူ့​သက်တမ်း ပို​ရှည်​စေမယ့်​နည်းကို တွေ့​လာကြတယ်။ သိပ္ပံ​ပညာရှင်​တချို့​ဆိုရင် လူ့​အသက် ပို​ရှည်​အောင် ကြိုးစား​နေကြတယ်။ ဘယ်လောက်​ပဲ ကြိုးစား​ပါစေ အောက်ပါ​မေးခွန်းတွေ​ကတော့ အဖြေ ရှာ​မရ​သေး​ဘူး။ ဘာကြောင့် အိုရ​သေရ​သလဲ။ ရန်သူ​သေခြင်းကို အောင်နိုင်​မယ့် မျှော်လင့်ချက် ရှိ​သလား။ ဒီ​အကြောင်း​အရာတွေကို နောက်​ဆောင်းပါးတွေမှာ ဆွေးနွေး​ပါမယ်။ ဘဝ​ဆိုတာ ဒါ​ပဲ​လား​ဆိုတဲ့ မေးခွန်း​ကို ဖြေဆို​သွားပါမယ်။