မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်ရှင်ဖို့ ဖန်ဆင်းခံရ

အသက်ရှင်ဖို့ ဖန်ဆင်းခံရ

လူတိုင်း အသက်​ရှည်ရှည်၊ ပျော်ပျော်​ရွှင်ရွှင် နေထိုင်​ချင်​ကြ​တယ်။ ကျန်းမာ​ပျော်ရွှင်တဲ့​ဘဝနဲ့ ထာဝစဉ် အသက်​ရှင်​နိုင်​ရင် ဘယ်လောက် ကောင်း​မလဲ​ဆိုတာ စဉ်းစား​ကြည့်ပါ။ ချစ်ခင်​ရသူတွေကို အချိန်​ပို​ပေး​နိုင်​မယ်။ ကမ္ဘာ​ပတ်​နိုင်​မယ်။ အတတ်​ပညာ​သစ်​တွေ သင်ယူ​နိုင်​မယ်။ ဉာဏ်​ပညာ တိုး​လာ​မယ်။ ကိုယ်​စိတ်ဝင်စား​သမျှ​ကို နှိုက်နှိုက်​ချွတ်ချွတ် လေ့လာ​နိုင်​မယ်။

အဲဒီ​ဆန္ဒဟာ သဘာဝ​မကျတဲ့​အရာလား။ မဟုတ်ပါဘူး။ အဲဒီ​ဆန္ဒ​ကို ကျွန်တော်တို့​အထဲမှာ ဘုရား​သခင် ထည့်သွင်း​ပေးထား​တယ်​လို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၃:၁၁) “ဘုရား​သခင်​ဟာ ချစ်ခြင်း​မေတ္တာ ဖြစ်” တယ်​လို့​လည်း ဆို​ထား​တယ်။ (၁ ယောဟန် ၄:၈) ထာဝစဉ် အသက်​မရှင်​နိုင်​ဘဲ​နဲ့ အဲဒီ​စိတ်ဆန္ဒ​ကို မေတ္တာရှင် ဘုရား​သခင် ထည့်ပေး​ထားရင် အဓိပ္ပာယ် ရှိ​ပါ့​မလား။

သေခြင်း​ဟာ လူ့​မိတ်ဆွေ မဟုတ်ဘူး။ ဘယ်သူမှ မလိုလား​တဲ့ “ရန်သူ” ဖြစ်​တယ်​လို့ ကျမ်းစာ​က ဆို​တယ်။ (၁ ကောရိန္သု ၁၅:၂၆) ငယ်ငယ်​ရွယ်ရွယ်နဲ့ သေဆုံး​သွား​တဲ့​သူတွေ ရှိ​သလို အသက်​ကြီး​မှ သေဆုံး​တဲ့​သူတွေ​လည်း ရှိတယ်။ သေခြင်း​ကို ဘယ်သူမှ မရှောင်လွှဲ​နိုင်ဘူး။ သေ​ရ​မှာ​ကို လူတွေ တွေး​ကြောက်​ကြ​တယ်။ ဒီ​ရန်သူကြီး​ကို အနိုင်ယူ​နိုင်​ပါ့​မလား။ အနိုင်​ယူ​ဖို့ တကယ်​ဖြစ်​နိုင်​ပါ့​မလား။

မျှော်လင့်ချက် ရှိ

လူသားတွေ သေ​ဖို့ ဘုရား မရည်ရွယ်​ခဲ့​ဘူး​ဆို​တာ သိ​ရင် အံ့ဩ​သွား​မလား။ လူသားတွေ ကမ္ဘာပေါ်​မှာ ထာဝစဉ် အသက်​ရှင်​ဖို့ ဘုရား ရည်ရွယ်​ထား​ကြောင်း ကမ္ဘာဦး​ကျမ်း​မှာ ဖော်ပြ​ထား​တယ်။ လူတွေ နေထိုင်​နိုင်​ဖို့ ကမ္ဘာမြေ​ကို လိုလေသေး​မရှိ ယေဟောဝါ​ဘုရား ပြင်ဆင်​ပေး​ထား​တယ်။ အဲဒီနောက် ပထမ​လူသား အာဒံ​ကို ဖန်ဆင်း​ပြီး ပရဒိသု ဧဒင်​ဥယျာဉ်​မှာ နေရာ​ချ​ပေး​တယ်။ “ဘုရား​သခင်​က ဖန်ဆင်း​ထားရာ​အားလုံး သိပ်​ကောင်း​တယ်​ဆိုတာ​ကို မြင်တယ်။”—ကမ္ဘာဦး ၁:၂၆၊ ၃၁

အာဒံဟာ ဘုရား​သခင့်​ပုံသဏ္ဌာန်​အတိုင်း ပြီးပြည့်​စုံလင်​စွာ ဖန်ဆင်း​ခံ​ရ​တယ်။ (တရားဟောရာ ၃၂:၄) အာဒံ့​ဇနီး ဧဝ​လည်း စိတ်ရော ကိုယ်​ပါ အပြစ်​အနာ​အဆာ မရှိဘူး။ “သားသမီးတွေ အများကြီး မွေး​ကြ။ ကမ္ဘာမြေ​ကို ပြည့်စေပြီး အုပ်ထိန်းကြ။ ပင်လယ်​ငါး​တွေ၊ မိုး​ကောင်းကင်မှာ​ပျံ​တဲ့ ငှက်တွေ၊ ကုန်း​သတ္တဝါတွေ​ကို အုပ်စိုးကြ” လို့ သူတို့ကို ယေဟောဝါ မိန့်မှာ​တယ်။—ကမ္ဘာဦး ၁:၂၈

ကမ္ဘာမြေ​ကို သားသမီးတွေ​နဲ့ ပြည့်​စေ​ဖို့ အချိန်​ယူ​ရ​မယ်။ ဘုရား ရည်ရွယ်​ထားတဲ့​အတိုင်း ကမ္ဘာမြေ​မှာ လူတွေ ပြည့်​လာ​တဲ့​အထိ ဧဝရဲ့ သားသမီးတွေ​က​လည်း သားသမီးတွေ ထပ်​မွေး​ကြ​ရ​မယ်။ (ဟေရှာယ ၄၅:၁၈) ဘာတွေ ဖြစ်​လာ​မလဲ မသိ​ရ​ဘဲ သားသမီးတွေ၊ မြေးတွေ မြင်​ရ​တဲ့​အထိပဲ အသက်​ရှင်​ဖို့ အာဒံနဲ့ ဧဝကို ဖန်ဆင်း​ထား​ရင် ဘုရား​သခင် အဲဒီလို​မိန့်မှာ​မယ် ထင်​သလား။

တိရစ္ဆာန်တွေ​ကို အုပ်စိုး​ရ​မယ့် တာဝန်​ကို​လည်း စဉ်းစား​ကြည့်ပါ။ အာဒံဟာ တိရစ္ဆာန်တွေ​ကို နာမည်​ပေး​ဖို့ မိန့်မှာ​ခံ​ရ​လို့ အချိန်​ယူ​ရ​မယ်။ (ကမ္ဘာဦး ၂:၁၉) တိရစ္ဆာန်တွေ​ကို အုပ်စိုး​နိုင်​ဖို့ တိရစ္ဆာန်တွေ​အကြောင်း လေ့လာ​ရမယ်။ ဘယ်လို ကြည့်ရှု​စောင့်ရှောက်​ရ​မလဲ​ဆိုတာ​ကို​လည်း နားလည်​ရ​မယ်။ ဒါကြောင့် အချိန်​အများကြီး ယူ​ရ​မယ်။

ကမ္ဘာမြေ​ကို ပြည့်​စေ​ဖို့၊ တိရစ္ဆာန်တွေ​ကို အုပ်စိုး​ဖို့ ဘုရား​မိန့်မှာချက်​က ပထမ​လူသား​မောင်နှံကို အသက်​ရှည်ရှည်​နေဖို့ ဖန်ဆင်း​ထား​မှန်း သိ​နိုင်​တယ်။ အာဒံ တကယ်လည်း အသက်​ရှည်​ခဲ့​ပါ​တယ်။

မြေကြီးပရဒိသုမှာ လူတွေ ထာဝစဉ် အသက်ရှင်ဖို့ ဘုရား ရည်ရွယ်ထား

အလွန်​အသက်​ရှည်​ခဲ့​ကြ​သူများ

အာဒံ အနှစ် ၉၃၀

မသုရှလ ၉၆၉ နှစ်

နောဧ အနှစ် ၉၅၀

ယနေ့ အနှစ် ၇၀-၈၀

တစ်ချိန်​တုန်း​က လူသားတွေ​ဟာ အခုခေတ် လူတွေ​ထက် အသက်​ရှည်​ခဲ့​ကြ​ကြောင်း ကျမ်းစာ ဖော်ပြတယ်။ “အသက် ၉၃၀ မှာ အာဒံ သေဆုံး​သွား​တယ်” လို့ ကျမ်းစာ ဆို​တယ်။ အသက် ၉၀၀ ကျော် အသက်​ရှင်​ခဲ့​သူ ခြောက်ယောက်​ကိုလည်း ဖော်ပြ​ထား​တယ်။ ရှေသ၊ ဧနုတ်၊ ကေနန်၊ ယာရက်၊ မသုရှလ၊ နောဧ​တို့ ဖြစ်​တယ်။ သူတို့​အားလုံး​ဟာ နောဧ​ခေတ် ရေ​လွှမ်းမိုး​ဘေး မတိုင်​ခင် အသက်​ရှင်​ခဲ့​ကြ​တယ်။ ရေ​လွှမ်းမိုး​တဲ့​အခါ နောဧ​အသက် ၆၀၀ ရှိ​နေ​ပြီ။ (ကမ္ဘာဦး ၅:၅-၂၇။ ၇:၆။ ၉:၂၉) ဘာကြောင့် အဲဒီလောက် အသက်​ရှည်​ခဲ့​ကြ​သလဲ။

သူတို့​အားလုံး​ဟာ လူသားတွေ စုံလင်မှု​နဲ့ နီးစပ်​တဲ့​အချိန်​မှာ အသက်​ရှင်​ခဲ့​ကြ​လို့​ပါ။ ဒါဟာ အသက်​ရှည်​ရ​တဲ့ အဓိက​အကြောင်းရင်း ဖြစ်​နိုင်​တယ်။ ဒါဆိုရင် စုံလင်​ခြင်း​နဲ့ အသက်​ရှည်​ခြင်း ဘယ်လို ဆက်စပ်​နေ​သလဲ။ သေခြင်း​ကို ဘယ်လို အနိုင်​ယူ​နိုင်​မလဲ။ အိုရ​သေရ​တဲ့ အကြောင်းရင်း​ကို အရင်​နားလည်​မှ အဖြေ သိ​ရ​မယ်။