မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်ခြင်းရှိရှိ လုပ်ဆောင်ခြင်းက ဘုရားသခင့်နှစ်သက်မှု ရရှိစေ

ယုံကြည်ခြင်းရှိရှိ လုပ်ဆောင်ခြင်းက ဘုရားသခင့်နှစ်သက်မှု ရရှိစေ

‘ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းအားဖြင့် ကတိတော်များကို အမွေခံရသူများအား အတုယူကြပါ။’—ဟေဗြဲ ၆:၁၂

သီချင်း– ၈၆၊ ၅၄

၁၊ ၂။ ယေဖသနဲ့ သမီး ဘာအခက်အခဲ ရင်ဆိုင်ခဲ့ရသလဲ။

ဖခင်ကို ကြိုဖို့ မိန်းကလေးတစ်ယောက် ပြေးထွက်လာတယ်။ တိုက်ပွဲကနေ အဖေ ဘေးကင်းစွာ ပြန်လာလို့ သူ သိပ်ပျော်နေတယ်။ ပျော်လွန်းလို့ သီဆိုကခုန်နေတယ်။ ဒါပေမဲ့ အဖေ့စကားနဲ့ အဖေ့လုပ်ရပ်ကြောင့် သူ သိပ်အံ့သြသွားတယ်။ အဖေဖြစ်သူက အဝတ်ကို ဆွဲဆုတ်ပြီး ‘အို သမီးရယ်။ အဖေတော့ ရင်ကွဲရပါပြီ’ လို့ ပြောတယ်။ ယေဟောဝါကို ကတိတစ်ခု ပေးထားတဲ့အကြောင်း၊ အဲဒီကတိကြောင့် သမီးဘဝ ထာဝစဥ် ပြောင်းလဲသွားတော့မှာဖြစ်ပြီး အိမ်ထောင်သားမွေး လုပ်လို့ မရတော့မယ့်အကြောင်း အဖေဖြစ်သူ ပြောပြတယ်။ ဒါပေမဲ့ သမီးက ချက်ချင်းပဲ အဖေ့ကို အားပေးပြီး ကတိအတိုင်း လုပ်ဖို့ ပြောတယ်။ သမီးဖြစ်သူရဲ့ စကားတွေက ယေဟောဝါ တောင်းဆိုတာမှန်သမျှဟာ သူ့အကျိုးအတွက်ပဲဆိုတာ အခိုင်အမာ ယုံကြည်မှန်း ဖော်ပြနေတယ်။ (သူကြီး. ၁၁:၃၄-၃၇ကဘ) အဖေ တအား ဂုဏ်ယူမိတယ်။ သမီးဖြစ်သူရဲ့ လိုလိုလားလား ရှိမှုက ယေဟောဝါကို ပျော်ရွှင်စေမယ်ဆိုတာ သူ သိတယ်။

ယေဖသနဲ့ သမီးဟာ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ကိုးစားတယ်။ ခက်ခဲချိန်တွေမှာတောင် ယေဟောဝါကို ယုံကြည်ခဲ့တယ်။ ယေဟောဝါရဲ့နှစ်သက်မှု ရရှိဖို့ ဘာကိုမဆို စွန့်လွှတ်အနစ်နာခံထိုက်တယ်ဆိုတာ သူတို့ ယုံကြည်စိတ်ချတယ်။

၃။ ယေဖသနဲ့ သူ့သမီးရဲ့ ပုံနမူနာက ကျွန်တော်တို့ကို ဘာကြောင့် အကျိုးပြုနိုင်သလဲ။

ယေဟောဝါကို ယုံကြည်ကြောင်းပြဖို့ အမြဲတော့ မလွယ်ပါဘူး။ “ယုံကြည်ခြင်းအတွက် ကြိုးစား၍တိုက်လှန်” ဖို့ လိုတယ်။ (ယု. ၃) အဲဒီလိုလုပ်နိုင်ဖို့ ယေဖသနဲ့ သမီး အောင်မြင်စွာ ရင်ဆိုင်ခဲ့တဲ့ အခက်အခဲတွေကို သုံးသပ်ကြည့်ကြစို့။ ယေဟောဝါကို ယုံကြည်ကြောင်း သူတို့ ဘယ်လို ပြခဲ့သလဲ။

လောကရဲ့ သြဇာလွှမ်းမိုးမှုတွေကြား ယုံကြည်ခြင်း ဆက်တင်ပြ

၄၊ ၅။ (က) ကတိထားရာပြည်ထဲ ဝင်ခါနီးမှာ အစ္စရေးတွေကို ယေဟောဝါ ဘာမိန့်မှာသလဲ။ (ခ) ဆာလံ ၁၀၆ အရ အစ္စရေးတွေရဲ့ မနာခံမှုကြောင့် ဘယ်ဆိုးကျိုးတွေ ကျရောက်ခဲ့သလဲ။

အစ္စရေးလူမျိုးရဲ့ ယုံကြည်ခြင်းကင်းမဲ့မှုကြောင့် ဖြစ်လာတဲ့ဆိုးကျိုးတွေကို ယေဖသနဲ့ သမီးလည်း နေ့တိုင်း ခံစားခဲ့ရမှာပဲ။ ဒီမတိုင်ခင် နှစ်ပေါင်း ၃၀၀ လောက်က ကတိထားရာပြည်မှာရှိတဲ့ အယူမှားဝတ်ပြုသူမှန်သမျှကို သတ်ပစ်ဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာခဲ့တယ်။ (တရား. ၇:၁-၄) ဒါပေမဲ့ အစ္စရေးတွေ မနာခံဘူး။ နောက်ပိုင်းမှာ အစ္စရေးလူများစွာဟာ ခါနာန်လူမျိုးတွေကို အတုခိုးလာကြတယ်။ သူတို့ရဲ့ အယူမှားဘုရားတွေကို ဝတ်ပြုလာပြီး အကျင့်ပျက်ဘဝပုံစံအတိုင်း နေထိုင်လာကြတယ်။ဆာလံ ၁၀၆:၃၄–၃၉ ကိုဖတ်ပါ။

အစ္စရေးတွေ မနာခံတဲ့အတွက် ယေဟောဝါ မကာကွယ်ပေးတော့ဘူး။ (သူကြီး. ၂:၁-၃၊ ၁၁-၁၅; ဆာ. ၁၀၆:၄၀-၄၃) ယေဟောဝါကိုချစ်တဲ့ မိသားစုတွေအတွက် အဲဒီနှစ်တွေတစ်လျှောက် ယုံကြည်ခြင်း ဆက်တင်ပြဖို့ တော်တော်ခက်မှာပဲ။ ဒါပေမဲ့ ယေဖသနဲ့ သူ့သမီး၊ ဧလကာန၊ ဟန္န၊ ရှမွေလစတဲ့ ယုံကြည်ခြင်းရှိသူတွေ ရှိခဲ့တဲ့အကြောင်း ကျမ်းစာ ဖော်ပြတယ်။ သူတို့ဟာ ဘုရားသခင့်နှစ်သက်မှု ရရှိအောင် နေထိုင်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေ ဖြစ်တယ်။—၁ ရာ. ၁:၂၀-၂၈; ၂:၂၆

၆။ ဒီနေ့ခေတ်မှာ လောကရဲ့ ဘယ်သြဇာလွှမ်းမိုးမှုတွေ ရှိနေသလဲ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။

ဒီနေ့ခေတ်လူတွေလည်း ရှေးခေတ်ခါနာန်လူတွေလို စဥ်းစားတွေးခေါ်ပြုမူကြတယ်။ လိင်ရူးထကြ၊ ရက်စက်ကြမ်းတမ်းကြပြီး ငွေမှငွေ ဖြစ်နေကြတယ်။ ယေဟောဝါကတော့ အဲဒီသြဇာလွှမ်းမိုးမှုတွေကနေ ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ ရှင်းရှင်းလင်းလင်း သတိပေးထားတယ်။ အစ္စရေးတွေကိုလည်း အဲဒီလိုပဲ သတိပေးခဲ့တယ်။ သူတို့ရဲ့အမှားတွေကနေ ကျွန်တော်တို့ သင်ခန်းစာယူမလား။ (၁ ကော. ၁၀:၆-၁၁) လောကအတွေးအခေါ်ကို ရှောင်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ (ရော. ၁၂:၂) အဲဒီလိုရှောင်ဖို့ သင် ယုံကြည်ခြင်းရှိရှိ ကြိုးစားနေသလား။

စိတ်ပျက်စရာတွေကြား ယုံကြည်ခြင်း ဆက်တင်ပြ

၇။ (က) ယေဖသကို သူ့လူမျိုးချင်းက ဘယ်လို ဆက်ဆံခဲ့သလဲ။ (ခ) ယေဖသ ဘယ်လို တုံ့ပြန်ခဲ့သလဲ။

အစ္စရေးတွေရဲ့ မနာခံမှုကြောင့် အကျိုးဆက်အနေနဲ့ ယေဖသခေတ်မှာ ဖိလိတ္တိနဲ့ အမ္မုန်လူတွေရဲ့ ဖိနှိပ်မှုခံခဲ့ရတယ်။ (သူကြီး. ၁၀:၇၊ ၈) ယေဖသဟာ အဲဒီရန်သူတွေရဲ့ ဖိနှိပ်မှုသာမက သူ့ညီတွေနဲ့ အစ္စရေးခေါင်းဆောင်တွေရဲ့ မတရားဆက်ဆံမှုကိုပါ ကြံုခဲ့ရတယ်။ ယေဖသရဲ့ ညီတွေဟာ သူ့ကို မနာလိုဖြစ်ပြီး မုန်းတီးတဲ့အတွက် သားဦးအဖြစ် သူပိုင်ထိုက်တဲ့အမွေမြေကနေ နှင်ထုတ်လိုက်ကြတယ်။ (သူကြီး. ၁၁:၁-၃) ဒါပေမဲ့ သူတို့ရဲ့ ရက်စက်မှုကြောင့် စိတ်မထိခိုက်အောင် ယေဖသ ထိန်းခဲ့တယ်။ ဘယ်လို သိရသလဲဆိုတော့ အစ္စရေးအကြီးအကဲတွေ အကူအညီလာတောင်းတဲ့အခါ သူ ချက်ချင်း ကူညီပေးခဲ့လို့ပဲ။ (သူကြီး. ၁၁:၄-၁၁) အဲဒီလို တုံ့ပြန်ဖို့ ယေဖသကို ဘာက လှုံ့ဆော်ပေးခဲ့တာ ဖြစ်နိုင်သလဲ။

၈၊ ၉။ (က) ပညတ်တရားမှာပါတဲ့ ဘယ်မူတွေက ယေဖသကို ကူညီပေးခဲ့တာ ဖြစ်နိုင်သလဲ။ (ခ) ယေဖသအတွက် ဘာက အရေးကြီးဆုံးလဲ။

စစ်သူကြီးယေဖသဟာ အစ္စရေးသမိုင်းကြောင်းနဲ့ ပညတ်တရားကို ကောင်းကောင်း သိကျွမ်းတယ်။ မိမိလူမျိုးနဲ့ ယေဟောဝါ ဆက်ဆံပုံကနေ ယေဟောဝါရဲ့ အမှားအမှန်စံနှုန်းတွေကို ယေဖသ သိရှိခဲ့တယ်။ (သူကြီး. ၁၁:၁၂-၂၇) အဲဒီအသိပညာကို အခြေခံပြီး သူ ဆုံးဖြတ်ချက်တွေ ချတယ်။ ယေဟောဝါဟာ အငြိုးထားတာ၊ လက်စားချေတာကို မကြိုက်မှန်း၊ အချင်းချင်း ချစ်စေချင်မှန်း ယေဖသ သိတယ်။ ကိုယ့်ကို မုန်းတဲ့သူတွေကိုတောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာ ပညတ်တရားကနေ သူ သိထားတယ်။ထွက်မြောက်ရာ ၂၃:၅ နဲ့ ဝတ်ပြုရာ ၁၉:၁၇၊ ၁၈ တို့ကိုဖတ်ပါ။

ယောသပ်ရဲ့ ပုံနမူနာက ယေဖသကို ကူညီပေးခဲ့ပုံရတယ်။ ကိုယ့်ကိုမုန်းတဲ့ အစ်ကိုတွေကိုတောင် ယောသပ် ဘယ်လို မေတ္တာပြခဲ့တယ်ဆိုတာ ယေဖသ သိမှာပဲ။ (က. ၃၇:၄; ၄၅:၄၊ ၅) အဲဒီပုံနမူနာကို တွေးတောခြင်းက ယေဟောဝါနှစ်သက်တဲ့နည်းနဲ့ ပြန်တုံ့ပြန်ဖို့ ယေဖသကို ကူညီပေးခဲ့တာ ဖြစ်နိုင်တယ်။ ညီတွေရဲ့ လုပ်ရပ်ကြောင့် ယေဖသ တော်တော် ထိခိုက်နာကျင်ခဲ့ပေမဲ့ ယေဟောဝါရဲ့ နာမည်နဲ့ ယေဟောဝါရဲ့ လူမျိုးအတွက် တိုက်ခိုက်ခြင်းက သူ့အတွက် ပုဂ္ဂိုလ်ရေးမပြေလည်မှုတွေထက် ပိုအရေးကြီးတယ်။ (သူကြီး. ၁၁:၉) ဒါကြောင့် ယေဟောဝါကို ဆက်ယုံကြည်ကိုးစားဖို့ သူ စိတ်ပိုင်းဖြတ်ထားတယ်။ အဲဒီသဘောထားကြောင့် ကိုယ်တိုင်ရော၊ တခြားသူတွေပါ ယေဟောဝါရဲ့ ကောင်းချီးခံစားခဲ့ရတယ်။—ဟေဗြဲ ၁၁:၃၂၊ ၃၃

စိတ်ထိခိုက်ပြီး ယေဟောဝါကို ဝတ်မပြုတော့တာမျိုး မဖြစ်အောင် ဂရုပြုသင့်တယ်

၁၀။ ဒီနေ့ခေတ်မှာ ခရစ်ယာန်တွေအဖြစ် ပြုမူနေထိုင်ဖို့ ကျမ်းစာမူတွေက ဘယ်လို ကူညီပေးနိုင်သလဲ။

၁၀ ယေဖသရဲ့ ပုံနမူနာကနေ ကျွန်တော်တို့ သင်ယူမလား။ ကိုယ့်ကို ညီအစ်ကိုညီအစ်မတွေ စိတ်ပျက်အောင်လုပ်တဲ့အခါ၊ ကောင်းကောင်း မဆက်ဆံဘူးလို့ ထင်ရတဲ့အခါ ဘာလုပ်ကြမလဲ။ စိတ်ထိခိုက်ပြီး ယေဟောဝါကို ဝတ်မပြုတော့တာ၊ အစည်းအဝေးတွေ မတက်တော့တာ၊ အသင်းတော်နဲ့မပူးပေါင်းတော့တာမျိုး မဖြစ်အောင် ဂရုပြုသင့်တယ်။ ယေဖသကို တုပတဲ့အနေနဲ့ ယေဟောဝါကို ဆက်နာခံကြပါစို့။ ဒီနည်းအားဖြင့် စိတ်ပျက်စရာအခြေအနေတွေကို ကျော်လွှားနိုင်မှာဖြစ်ပြီး တခြားသူတွေအတွက် ပုံနမူနာကောင်း ဆက်ဖြစ်နိုင်ပါလိမ့်မယ်။—ရော. ၁၂:၂၀၊ ၂၁; ကော. ၃:၁၃

လိုလိုလားလား စွန့်လွှတ်အနစ်နာခံခြင်းက ယုံကြည်ခြင်းကို ဖော်ပြ

၁၁၊ ၁၂။ ယေဖသ ဘယ်လို သစ္စာကတိပြုသလဲ။ အဲဒီထဲမှာ ဘာပါဝင်သလဲ။

၁၁ အစ္စရေးတွေကို အမ္မုန်လူတွေလက်ကနေ ကယ်တင်ဖို့ဆိုရင် ဘုရားသခင့်အကူအညီ လိုအပ်မှန်း ယေဖသ သိတယ်။ တိုက်ပွဲမှာ အနိုင်ရအောင် ကူညီပေးရင် အောင်ပွဲခံပြီး ပြန်လာတဲ့အခါ ဦးဆုံးထွက်ကြိုသူကို “မီးရှို့ရာယဇ်” အဖြစ် ပေးလှူပါ့မယ်လို့ ယေဟောဝါကို ယေဖသ ကတိပေးတယ်။ (သူကြီး. ၁၁:၃၀၊ ၃၁) ဘာကိုဆိုလိုသလဲ။

၁၂ လူတွေကို ယဇ်အဖြစ် ပူဇော်တာ ယေဟောဝါ မုန်းတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို တကယ် ယဇ်ပူဇော်ဖို့ ယေဖသ မဆိုလိုတာ သေချာတယ်။ (တရား. ၁၈:၉၊ ၁၀) ပညတ်တရားအရ မီးရှို့ရာယဇ်ဆိုတာ ယေဟောဝါဆီ တစ်ကောင်လုံး ပူဇော်တဲ့ အထူးလက်ဆောင် ဖြစ်တယ်။ ဒါကြောင့် ဦးဆုံးထွက်ကြိုသူဟာ ကျန်တစ်သက်တာလုံး တဲတော်မှာ အမှုဆောင်လိမ့်မယ်လို့ ယေဖသ ဆိုလိုနေတာ ဖြစ်တယ်။ ယေဖသရဲ့ ကမ်းလှမ်းမှုကို ယေဟောဝါ လက်ခံလိုက်ပြီး တိုက်ပွဲမှာ အနိုင်ရအောင် ကူညီပေးခဲ့တယ်။ (သူကြီး. ၁၁:၃၂၊ ၃၃) ဒါပေမဲ့ ဘယ်သူ့ကို ယေဟောဝါဆီ ယေဖသ ပေးဆက်မလဲ။

၁၃၊ ၁၄။ တရားသူကြီး ၁၁:၃၅ မှာပါတဲ့ ယေဖသရဲ့စကားတွေက သူ့ယုံကြည်ခြင်းအကြောင်း ဘာဖော်ပြသလဲ။

၁၃ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ တိုက်ပွဲကနေ ယေဖသ ပြန်လာတော့ ဦးဆုံးထွက်ကြိုသူဟာ သူ့ရဲ့တစ်ဦးတည်းသောချစ်သမီးလေး ဖြစ်နေတယ်။ စမ်းသပ်မှု စပါပြီ။ ကတိအတိုင်း သမီးကို ကျန်တစ်သက်တာလုံး တဲတော်မှာ အမှုဆောင်ဖို့ ယေဖသ ပေးဆက်မလား။

၁၄ ဒီတစ်ကြိမ်မှာလည်း မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်ဖို့ ဘုရားသခင့်ပညတ်မှာပါတဲ့ မူတွေက ယေဖသကို ကူညီပေးခဲ့တယ်။ ထွက်မြောက်ရာ ၂၃:၁၉ ကို ယေဖသ ပြန်တွေးမိနိုင်တယ်။ ယေဟောဝါအတွက် အကောင်းဆုံးကို လိုလိုလားလား ပေးဆက်ဖို့ အဲဒီကျမ်းချက်မှာ ဘုရားသခင့်လူမျိုးကို ညွှန်ကြားထားတယ်။ လူတစ်ယောက်ဟာ ယေဟောဝါကို သစ္စာကတိပြုပြီးရင် ‘အဲဒီသစ္စာကတိအတိုင်း လုပ်ရမယ်’ လို့လည်း ပညတ်တရားမှာ ဖော်ပြထားတယ်။ (တော. ၃၀:၂ကဘ) သူနဲ့ တစ်ခေတ်တည်းသား ဖြစ်နိုင်တဲ့ သစ္စာရှိဟန္နလိုပဲ ယေဖသဟာ ကတိအတိုင်း လုပ်ဆောင်ရင် ကိုယ်တိုင်နဲ့ သမီးရဲ့အနာဂတ် ဘယ်လိုဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ ကတိအတိုင်း လုပ်ဆောင်ရတော့မယ်။ တစ်ဦးတည်းသောသမီးက တဲတော်မှာ အမှုဆောင်ရတော့မယ်၊ အိမ်ထောင်သားမွေး မလုပ်ရတော့ဘူးဆိုတော့ ယေဖသရဲ့ နာမည်နဲ့ အမွေမြေကို ဆက်ခံမယ့် မျိုးဆက် ပြတ်ပြီပေါ့။ (သူကြီး. ၁၁:၃၄) ဒါတောင် ‘ယေဟောဝါဘုရားဆီမှာ အဖေကတိပေးထားပြီးပြီ။ ပြန်ရုပ်သိမ်းလို့ မရတော့ဘူး’ လို့ ပြောခဲ့တယ်။ (သူကြီး. ၁၁:၃၅ကဘ) ယေဖသဟာ အကြီးအကျယ် စွန့်လွှတ်အနစ်နာခံရပေမဲ့ ယုံကြည်ခြင်းကြောင့် ဘုရားသခင့်နှစ်သက်မှုနဲ့ ကောင်းချီး ရရှိခဲ့တယ်။ သင်လည်း ယေဖသလို ယုံကြည်ခြင်းရှိမလား။

၁၅။ ကျွန်တော်တို့များစွာဟာ ဘယ်လို ကတိပေးခဲ့ကြသလဲ။ ယုံကြည်ခြင်းရှိမှန်း ဘယ်လို သက်သေပြနိုင်သလဲ။

၁၅ ကျွန်တော်တို့ရဲ့ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံတုန်းက ဘာပဲဖြစ်ဖြစ် ဘုရားသခင့်အလိုတော် ထမ်းဆောင်ပါ့မယ်လို့ ကတိပေးခဲ့ကြတယ်။ အဲဒီကတိတည်ဖို့ အမြဲတော့ မလွယ်မှန်း ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ ကိုယ်မကြိုက်တာ တစ်ခုခုလုပ်ဖို့ တောင်းဆိုခံရတဲ့အခါ ဘယ်လို တုံ့ပြန်သလဲ။ ကိုယ့်ရဲ့ ခံစားချက်တွေကို အနိုင်ယူပြီး ဘုရားသခင်ကို လိုလိုလားလား နာခံမယ်ဆိုရင် ကျွန်တော်တို့ ကတိတည်မှန်း၊ ယုံကြည်ခြင်းရှိမှန်း သက်သေပြရာရောက်တယ်။ စွန့်လွှတ်အနစ်နာခံရတဲ့အတွက် ထိခိုက်နာကျင်မှုတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ပြန်ရရှိတဲ့ ကောင်းချီးတွေက အဲဒါတွေထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ (မာလ. ၃:၁၀) ယေဖသရဲ့သမီးအကြောင်း ဆက်ဆွေးနွေးကြစို့။ အဖေဖြစ်သူရဲ့ ကတိကို သူ ဘယ်လို တုံ့ပြန်ခဲ့သလဲ။

ယေဖသနဲ့ သူ့သမီးရဲ့ ယုံကြည်ခြင်းမျိုး ဘယ်လို တင်ပြနိုင်သလဲ (အပိုဒ် ၁၆၊ ၁၇ ကိုကြည့်ပါ)

၁၆။ ယေဖသရဲ့သမီးဟာ အဖေ့ကတိနဲ့ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၆ ယေဖသရဲ့ ကတိဟာ ဟန္နရဲ့ကတိနဲ့ ကွာခြားတယ်။ ဟန္နက သားဖြစ်သူရှမွေလကို တဲတော်မှာ နာဇရိလူအဖြစ် အမှုဆောင်ဖို့ ပေးဆက်ပါ့မယ်လို့ ယေဟောဝါကို ကတိပေးခဲ့တယ်။ (၁ ရာ. ၁:၁၁) နာဇရိလူဟာ အိမ်ထောင်ပြုပြီး မိသားစုဘဝ ထူထောင်နိုင်တယ်။ ယေဖသရဲ့သမီးကျတော့ “မီးရှို့ရာယဇ်” အဖြစ် အပြီးအပိုင် ပေးဆက်ခံရတာ ဖြစ်တယ်။ ဒါကြောင့် ဇနီးမယားဘဝ၊ မိခင်ဘဝရဲ့ ပျော်ရွှင်မှုကို ဘယ်တော့မှ ရရှိတော့မှာမဟုတ်ဘူး။ (သူကြီး. ၁၁:၃၇-၄၀) စဥ်းစားကြည့်ပါ။ အစ္စရေးခေါင်းဆောင်ရဲ့ သမီးဆိုတော့ တစ်ပြည်လုံးမှာ အတော်ဆုံးယောက်ျားကို သူ အိမ်ထောင်ပြုနိုင်မှာပဲ။ အခုတော့ တဲတော်မှာ ရိုးရိုးကုပ်ကုပ် အမှုဆောင်ရတော့မယ်။ ဒီမိန်းကလေး ဘယ်လို တုံ့ပြန်သလဲ။ ‘ကတိအတိုင်းသာ လုပ်ပါ’ လို့ အဖေကို ပြန်ပြောခြင်းအားဖြင့် ယေဟောဝါရဲ့အမှုတော်ကို ပထမနေရာမှာ ထားတယ်ဆိုတာ ဖော်ပြခဲ့တယ်။ (သူကြီး. ၁၁:၃၆ကဘ) ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်နိုင်ဖို့ အိမ်ထောင်ပြုချင်တဲ့၊ သားသမီးလိုချင်တဲ့ ပင်ကိုဆန္ဒကို စွန့်လွှတ်ခဲ့တယ်။ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံလိုစိတ်ကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။

ယေဖသရဲ့သမီးဟာ ယေဟောဝါရဲ့ အမှုတော်ကို ထမ်းဆောင်နိုင်ဖို့ အိမ်ထောင်ပြုချင်တဲ့၊ သားသမီးလိုချင်တဲ့ ပင်ကိုဆန္ဒကို စွန့်လွှတ်ခဲ့တယ်

၁၇။ (က) ယေဖသနဲ့ သူ့သမီးရဲ့ ယုံကြည်ခြင်းကို ဘယ်လို တုပနိုင်မလဲ။ (ခ) ဟေဗြဲ ၆:၁၀-၁၂ မှာပါတဲ့ စကားတွေက စွန့်လွှတ်အနစ်နာခံဖို့ သင့်ကို ဘယ်လို အားပေးမှု ဖြစ်စေသလဲ။

၁၇ ခရစ်ယာန်လူငယ် အမျိုးသား၊ အမျိုးသမီး ထောင်ပေါင်းများစွာဟာ အနည်းဆုံး အခုအချိန်မှာ အိမ်ထောင်ပြုဖို့ ဒါမှမဟုတ် သားသမီးယူဖို့ ကိစ္စကို လိုလိုလားလား စွန့်လွှတ်အနစ်နာခံနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါရဲ့ အမှုတော်ကို ပိုအာရုံစိုက်လုပ်ဆောင်ချင်ကြလို့ပဲ။ အသက်ကြီးသူများစွာလည်း သားသမီးတွေ၊ မြေးတွေနဲ့ အသုံးပြုမယ့်အချိန်ကို စွန့်လွှတ်အနစ်နာခံနေကြတယ်။ အဲဒီအချိန်ကို ဘုရားသခင့်အဖွဲ့အစည်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့၊ သတင်းကောင်းဟောပြောသူများအတွက်သင်တန်း တက်ဖို့၊ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့အမှုဆောင်ဖို့ အသုံးပြုနေကြတယ်။ တချို့ကျတော့ အောက်မေ့ရာပွဲကာလအတွင်း ဟောပြောခြင်းကင်ပိန်းတွေမှာ ပါဝင်ဖို့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘေးဖယ်ထားကြတယ်။ အဲဒီလို မေတ္တာပါပါ စွန့်လွှတ်အနစ်နာခံတာကို ယေဟောဝါ သိပ်နှစ်သက်ပြီး ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ (ဟေဗြဲ ၆:၁၀–၁၂ ကိုဖတ်ပါ။) သင်ကော ယေဟောဝါကို ပိုအပြည့်အဝ အမှုဆောင်ဖို့ စွန့်လွှတ်အနစ်နာခံနိုင်မလား။

သင်ယူရရှိတဲ့ သင်ခန်းစာတွေ

၁၈၊ ၁၉။ ယေဖသနဲ့ သူ့သမီးအကြောင်း ကျမ်းမှတ်တမ်းကနေ ဘာသင်ယူရရှိသလဲ။ သူတို့ကို ဘယ်လို တုပနိုင်သလဲ။

၁၈ အခက်အခဲတွေကို အနိုင်ယူဖို့ ယေဖသကို ဘာက ကူညီပေးခဲ့သလဲ။ ယေဖသဟာ ယေဟောဝါရဲ့ လမ်းညွှန်မှုအတိုင်း ရွေးချယ်ဆုံးဖြတ်ခဲ့တယ်။ ပတ်ဝန်းကျင်က လူတွေရဲ့ သြဇာလွှမ်းမိုးမှုကို လက်မခံခဲ့ဘူး။ တခြားသူတွေ စိတ်ပျက်အောင်လုပ်တဲ့အခါမှာတောင် ယေဟောဝါကို ဆက်ယုံကြည်ကိုးစားခဲ့တယ်။ သူနဲ့ သူ့သမီးရဲ့ လိုလိုလားလား စွန့်လွှတ်အနစ်နာခံမှုတွေကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။ စစ်မှန်တဲ့ဝတ်ပြုရေး တိုးမြှင့်ရာမှာ သူတို့နှစ်ယောက်စလုံးကို ယေဟောဝါ အသုံးပြုခဲ့တယ်။ ဘုရားသခင့်စံနှုန်းတွေအတိုင်း တခြားသူတွေ မလိုက်လျှောက်ချိန်မှာတောင် သူတို့ကတော့ စွဲစွဲမြဲမြဲ လိုက်လျှောက်ခဲ့တယ်။

၁၉ ‘ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းအားဖြင့် ကတိတော်များကို အမွေခံရသူများအား အတုယူကြပါ’ လို့ ကျမ်းစာပြောတယ်။ (ဟေဗြဲ ၆:၁၂) ယေဖသနဲ့ သူ့သမီးကို တုပကြပါစို့။ ကျွန်တော်တို့မှာ ယုံကြည်ခြင်းရှိမယ်ဆိုရင် ဘုရားသခင့်နှစ်သက်မှု ရရှိပါလိမ့်မယ်။