မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁၉၂၀ ပြည့်လွန်နှစ်တွေလောက်မှာ ယိုဟန်းစ်ရောင်တာ လယ်ကွင်းလုပ်ငန်းမှာ ပါဝင်နေ

မော်ကွန်းတိုက်မှ

“ယေဟောဝါကို ချီးမွမ်းမှုဖြစ်စေတဲ့ အသီးတွေ ရိတ်သိမ်းနေရတယ်”

“ယေဟောဝါကို ချီးမွမ်းမှုဖြစ်စေတဲ့ အသီးတွေ ရိတ်သိမ်းနေရတယ်”

“ဥရောပမှာ လက်ရှိဖြစ်နေတဲ့ စစ်ကြီးရှေ့မှာ အတိတ်စစ်ပွဲတွေဟာ တော်တော် မှေးမှိန်သွားတယ်။” ၁၉၁၅၊ စက်တင်ဘာ ၁ ကင်းမျှော်စင် မှာ ပထမကမ္ဘာစစ်အကြောင်း အထက်ပါအတိုင်း ဖော်ပြထားတယ်။ အဲဒီစစ်မှာ တဖြည်းဖြည်း နိုင်ငံပေါင်း ၃၀ လောက် ပါဝင်လာတယ်။ မုန်းတီးမှုကြောင့် “အထူးသဖြင့် ဂျာမနီနဲ့ ပြင်သစ်မှာ နိုင်ငံတော်လုပ်ငန်း အတိုင်းအတာတစ်ခုအထိ ပိတ်ပင်ခံရတယ်” လို့ ကင်းမျှော်စင် မှာ ဖော်ပြတယ်။

ကမ္ဘာချီပဋိပက္ခနဲ့ ရင်ဆိုင်ရချိန်မှာ ခရစ်ယာန်ကြားနေမှုနဲ့ပတ်သက်တဲ့မူကို ကျမ်းစာကျောင်းသားတွေ အပြည့်အဝ နားမလည်တဲ့အတွက် တချို့က စစ်ထဲဝင်ကြတယ်။ ဒါပေမဲ့ သတင်းကောင်း ကြေညာဖို့ သူတို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ နိုင်ငံတော်လုပ်ငန်းမှာ ပါဝင်ချင်တဲ့အတွက် ဝီလ်ဟမ်ဟီဒါဘရန့်ဟာ ကျမ်းစာကျောင်းသားများ လစဉ် ဆိုတဲ့ဝေစာတွေကို ပြင်သစ်လို မှာယူတယ်။ သူက ပြင်သစ်မှာ ကော်လ်ပေါ်တာ (အချိန်ပြည့်ဟောပြောသူ) အဖြစ် မဟုတ်ဘဲ ဂျာမန်စစ်သားအဖြစ် ရောက်နေတာ။ စစ်ယူနီဖောင်းဝတ်ထားတဲ့ ဒီရန်သူဟာ အံ့အားသင့်နေတဲ့ ပြင်သစ်လမ်းသွားလမ်းလာတွေကို ငြိမ်သက်ခြင်းသတင်း ဝေမျှနေတယ်။

တခြား ဂျာမန်ကျမ်းစာကျောင်းသားတွေလည်း စစ်မှုထမ်းရင်း သတင်းကောင်း ဟောပြောလိုစိတ်ရှိမှန်း ကင်းမျှော်စင် မှာ ဖော်ပြတဲ့စာတွေအရ သိရှိရတယ်။ ရေတပ်မှာ အမှုထမ်းတဲ့ ညီအစ်ကို လမ်ကီးဟာ သူ့တပ်ဖွဲ့မှာ စိတ်ဝင်စားသူ ငါးယောက်တွေ့ရှိတယ်လို့ သတင်းပို့တယ်။ “ဒီသင်္ဘောပေါ်မှာတောင် ယေဟောဝါကို ချီးမွမ်းမှုဖြစ်စေတဲ့ အသီးတွေ ရိတ်သိမ်းနေရတယ်” လို့ သူရေးတယ်။

ဂျော့ကိုင်ဇာဟာ စစ်သားအဖြစ် စစ်တိုက်ထွက်သွားပေမဲ့ စစ်မှန်တဲ့ ဘုရားသခင့်ကျေးကျွန်အဖြစ် အိမ်ပြန်လာတယ်။ ဘာကြောင့်လဲ။ ကျမ်းစာကျောင်းသားစာပေတစ်စောင်ကို တစ်နည်းနည်းနဲ့ သူရရှိသွားပြီး နိုင်ငံတော်အမှန်တရားကို စိတ်နှလုံးအကြွင်းမဲ့ လက်ခံတဲ့အတွက် လက်နက်ကိုင်ဘဝကို စွန့်လွှတ်ခဲ့တယ်။ ပြီးနောက် စစ်မတိုက်ရတဲ့ လုပ်ငန်းတွေကိုပဲ သူ လုပ်ကိုင်ခဲ့တယ်။ စစ်ပြီးနောက် ဇွဲထက်သန်တဲ့ရှေ့ဆောင်အဖြစ် နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တယ်။

ကြားနေမှုကိစ္စကို ကျမ်းစာကျောင်းသားတွေ အပြည့်အဝ နားမလည်ခဲ့ကြပေမဲ့ သူတို့ရဲ့ သဘောထားနဲ့ အပြုအမူက စစ်ကိုကြိုဆိုတဲ့ တခြားသူတွေရဲ့ အမြင်သဘောထားနဲ့ တခြားစီပဲ။ နိုင်ငံရေးသမားတွေနဲ့ ချာ့ခ်ျခေါင်းဆောင်တွေက စစ်ကို အားပေးပေမဲ့ ကျမ်းစာကျောင်းသားတွေကတော့ “ငြိမ်သက်ခြင်းအရှင်” ကိုပဲ အားပေးထောက်ခံကြတယ်။ (ဟေရှာ. ၉:၆) တချို့က ပြတ်ပြတ်သားသား ကြားမနေကြပေမဲ့ “ခရစ်ယာန်တစ်ယောက် လူမသတ်ရဘူးလို့ ကျမ်းစာမှာ ပြောထားတာကို ကျွန်တော် ကောင်းကောင်းနားလည်တယ်” လို့ ပြောခဲ့တဲ့ ကျမ်းစာကျောင်းသား ကောန်ရတ်မာတာလို ခံယူချက်မျိုးတော့ ရှိကြတယ်။—ထွ. ၂၀:၁၃ *

ဒီလက်တွန်းလှည်းကို သုံးပြီး ရွှေခေတ် မဂ္ဂဇင်းကို ဟန်းစ်ဟော်လ်တာဟော့ဖ် ကြေညာ

ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းတာကို ခွင့်မပြုတဲ့ ဂျာမနီနိုင်ငံမှာ ကျမ်းစာကျောင်းသား ၂၀ ကျော်ဟာ စစ်မှုမှာ လုံးဝမပါဝင်ခဲ့ကြဘူး။ ဒါကြောင့် စိတ်မနှံ့သူတွေအဖြစ် တချို့ သတ်မှတ်ခံခဲ့ရတယ်။ ဥပမာ၊ ဂူစ်တာ့ဖ်ကူယတ်ဟာ စိတ်ရောဂါကုဆေးရုံကို ပို့ခံရပြီး စိတ်ပြောင်းလဲစေတဲ့ ဆေးဝါးတွေ တိုက်ကျွေးခံရတယ်။ ဟန်းစ်ဟော်လ်တာဟော့ဖ်လည်း စစ်မှုမထမ်းတဲ့အတွက် ထောင်ချခံရတယ်။ ထောင်မှာလည်း စစ်နဲ့ပတ်သက်တဲ့ အလုပ်မှန်သမျှကို သူ ငြင်းဆိုတယ်။ အစောင့်တွေက သူ့ကို ခြေလက်တွေ ထုံကျဉ်သွားတဲ့အထိ ချုပ်နှောင်ထားကြတယ်။ ဒါလည်း မရတော့ အသတ်ခံရတော့မယ်လို့ ထင်လာအောင် စိတ်ဓာတ်ပိုင်းအရ စစ်ဆင်ကြတယ်။ ဒါပေမဲ့ စစ်ပွဲတစ်လျှောက် ညီအစ်ကိုဟန်းစ် သစ္စာတည်ကြည်ခဲ့တယ်။

စစ်ထဲဝင်ဖို့ အမိန့်ချခံရတဲ့ တခြားညီအစ်ကိုတွေလည်း လက်နက်ကိုင်ဖို့ ငြင်းဆိုပြီး စစ်မတိုက်ရတဲ့ လုပ်ငန်းတွေကိုပဲ တောင်းဆိုခဲ့ကြတယ်။ * ယိုဟန်းစ်ရောင်တာဟာ အဲဒီလိုရပ်တည်ခဲ့တဲ့အတွက် ရထားလမ်းမှာ အလုပ်လုပ်ဖို့ စေလွှတ်ခံရတယ်။ ကောန်ရတ်မာတာက ဆေးရုံအမှုထမ်းအဖြစ်၊ ရိုင်ဟော့တ်ဗေဘာက သူနာပြုအဖြစ် အလုပ်လုပ်ခဲ့ရတယ်။ ဩဂတ်စ်ကရာဖ်ချစ်လည်း ရှေ့တန်းမှာ စစ်မတိုက်ရတဲ့ အလုပ်တွေ လုပ်ရလို့ ဝမ်းသာခဲ့တယ်။ အဲဒီကျမ်းစာကျောင်းသားတွေနဲ့ သူတို့လို တခြားသူတွေဟာ သူတို့နားလည်ထားတဲ့ မေတ္တာနဲ့ သစ္စာစောင့်သိမှုအပေါ် အခြေခံပြီး ယေဟောဝါကို ဝတ်ပြုဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။

စစ်အတွင်း ကျမ်းစာကျောင်းသားတွေရဲ့ အပြုအမူကြောင့် ဥပဒေအရ စစ်ဆေးခံကြရတယ်။ နောက်ပိုင်းနှစ်တွေအတွင်း ဂျာမနီမှာ ဟောပြောခြင်းလုပ်ငန်းကြောင့် တရားရုံးအမှု ထောင်ပေါင်းများစွာကို ကျမ်းစာကျောင်းသားတွေ ရင်ဆိုင်ခဲ့ကြရတယ်။ သူတို့ကို ကူညီဖို့ ဂျာမနီနိုင်ငံ၊ မဲ့ဂ်ျဘာ့ဂ်မြို့မှာရှိတဲ့ ဌာနခွဲရုံးမှာ တရားရေးဌာနကို ဖွဲ့စည်းခဲ့တယ်။

ခရစ်ယာန်ကြားနေမှုနဲ့ပတ်သက်ပြီး ယေဟောဝါသက်သေတွေရဲ့ နားလည်မှု တဖြည်းဖြည်း ပိုရှင်းလင်းလာတယ်။ ဒုတိယကမ္ဘာစစ် စတင်ချိန်မှာ စစ်ပွဲနဲ့ လုံးဝကင်းကင်းရှင်းရှင်း နေခြင်းအားဖြင့် သူတို့ ကြားနေခဲ့ကြတယ်။ ဒါကြောင့် ဂျာမနီအစိုးရက သူတို့ကို ရန်သူတွေအဖြစ် သတ်မှတ်ပြီး အကြီးအကျယ်နှိပ်စက်ညှဉ်းပန်းခဲ့တယ်။ အဲဒီအကြောင်း “မော်ကွန်းတိုက်မှ” ဆိုတဲ့ ဆောင်းပါးတွဲမှာ ဆက်ဖော်ပြပါမယ်။—ဥရောပအလယ်ပိုင်း မော်ကွန်းတိုက်မှ။

^ စာပိုဒ်၊ 7 ၂၀၁၃၊ မေ ၁၅ ကင်းမျှော်စင်၊ ကျွန်ုပ်တို့၏ မော်ကွန်းတိုက်မှ—‘စမ်းသပ်ရာအချိန်နာရီ’ မှာ သူတို့ အခိုင်အမာ ရပ်တည်ခဲ့ကြ” ဆောင်းပါးမှာပါတဲ့ ပထမကမ္ဘာစစ်အတွင်း ဗြိတိန်ကျမ်းစာကျောင်းသားတွေရဲ့ မှတ်တမ်းကို ဖတ်ကြည့်ပါ။

^ စာပိုဒ်၊ 9 အဲဒီအကြောင်းကို အနှစ်တစ်ထောင်အရုဏ်ဦး (၁၉၀၄) အတွဲ ၆ နဲ့ ၁၉၀၆၊ ဩဂုတ်လထုတ် ဂျာမန် ဇိအုန်ကင်းမျှော်စင် မှာ ဖော်ပြထားတယ်။ ၁၉၁၅၊ စက်တင်ဘာ ကင်းမျှော်စင် မှာ ပိုရှင်းလင်းလာတဲ့ နားလည်မှုအကြောင်း၊ ကျမ်းစာကျောင်းသားတွေ စစ်ထဲမဝင်ဘူးဆိုတဲ့အကြောင်း ဖော်ပြခဲ့ပေမဲ့ ဂျာမန်စကားစာစောင်မှာ အဲဒီဆောင်းပါး မပါဘူး။