မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တခြားသူတွေကို ​လေ့ကျင့်ပေးဖို့ လိုအပ်နေတာ သင် သိသလား

တခြားသူတွေကို ​လေ့ကျင့်ပေးဖို့ လိုအပ်နေတာ သင် သိသလား

‘မင်းတို့ကို ငါကောင်းကောင်း သင်ကြားပေးမယ်။’—သု. ၄:၂၊ ကဘ။

သီချင်း– ၉၃၊ ၉၆

၁၊ ၂။ ဘုရားရေးရာတာဝန်တွေ ထမ်းဆောင်နိုင်အောင် တခြားသူတွေကို ဘာကြောင့် လေ့ကျင့်ပေးရမလဲ။

ယေရှုရဲ့ အဓိကတာဝန်ကတော့ နိုင်ငံတော်သတင်း ဟောပြောခြင်းပဲ။ ဒါပေမဲ့ တပည့်တွေကိုလည်း အချိန်ယူလေ့ကျင့်ပေးခဲ့တယ်။ ဘုရားသခင့်လူမျိုးကို ဘယ်လို သွန်သင်၊ ဂရုစိုက်ရမယ်ဆိုတာ သင်ပေးတယ်။ ဒါကြောင့် တပည့်တွေဟာ သိုးတွေကို ဂရုစိုက်စောင့်ရှောက်တဲ့ သိုးထိန်းတွေ ဖြစ်လာတယ်။ (မ. ၁၀:၅-၇) ဖိလိပ္ပုဟာ ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များပေမဲ့ သမီးတွေကို လေ့ကျင့်ပေးခဲ့တယ်။ (တ. ၂၁:၈၊ ၉) ဒီနေ့ခေတ်မှာလည်း အဲဒီလိုလေ့ကျင့်ပေးဖို့ လိုအပ်နေတယ်။ ဘာကြောင့်လဲ။

ကမ္ဘာတစ်ဝန်းမှာ နှစ်ခြင်းမခံရသေးတဲ့ လူသစ်တွေ အများကြီးပဲ။ သူတို့ကို လေ့ကျင့်ပေးဖို့ လိုအပ်နေတယ်။ ကိုယ်ပိုင် ကျမ်းစာလေ့လာဖို့ ဘာကြောင့် အရေးကြီးမှန်း နားလည်အောင် သူတို့ကို ကူညီပေးရမယ်။ သတင်းကောင်းဟောပြောတတ်အောင်လည်း ကူညီပေးရမယ်။ နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေလည်း အသင်းတော်အမှုထမ်းတွေ၊ အကြီးအကဲတွေအဖြစ် တက်လှမ်းနိုင်အောင် လေ့ကျင့်မှု လိုအပ်တယ်။ ရင့်ကျက်တဲ့ခရစ်ယာန်တွေဟာ လူသစ်တွေကို ကူညီပေးဖို့ များစွာလုပ်ဆောင်နိုင်ပါတယ်။—သု. ၄:၂ကဘ။

ဘယ်လို ကျမ်းစာလေ့လာရမယ်ဆိုတာ လူသစ်တွေကို သင်ပေးပါ

၃၊ ၄။ (က) ကျမ်းစာလေ့လာတာနဲ့ အမှုဆောင်လုပ်ငန်းမှာ သီးပွင့်ဖြစ်ထွန်းတာကို ပေါလု ဘယ်လို ဆက်စပ်ခဲ့သလဲ။ (ခ) ကျမ်းစာလေ့လာဖို့ တခြားသူတွေကို အားမပေးခင် ကျွန်တော်တို့ကိုယ်တိုင် ဘာလုပ်ရမလဲ။

ကိုယ်ပိုင် ကျမ်းစာလေ့လာဖို့ ဘယ်လောက် အရေးကြီးသလဲ။ ကောလောသဲမြို့က ခရစ်ယာန်တွေကိုပြောတဲ့ တမန်တော်ပေါလုရဲ့ စကားတွေမှာ အဖြေတွေ့ရတယ်။ “သင်တို့အတွက် မပြတ်ဆုတောင်းပေးပါ၏။ သင်တို့တွင် ဘုရားသခင်ထံမှရသော သိနားလည်မှု၊ ဉာဏ်ပညာအမျိုးမျိုးရှိ၍ ဘုရားသခင့် အလိုတော်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာ ပြည့်ဝစေရန် တောင်းလျှောက်ပေးပါ၏” လို့ ပေါလုပြောတယ်။ အဲဒီအသိပညာက “ယေဟောဝါဘုရား၏ နှစ်သက်လက်ခံမှုကို အပြည့်အဝရရှိလျက် ကိုယ်တော်နှင့် ထိုက်တန်စွာ လျှောက်လှမ်း” နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ယေဟောဝါ လုပ်စေချင်တဲ့ “ကောင်းသောအမှုအမျိုးမျိုး၊” အထူးသဖြင့် သတင်းကောင်းဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်ဖို့ ကူညီပေးပါလိမ့်မယ်။ (ကော. ၁:၉၊ ၁၀) ဒါကြောင့် ပုံမှန်ကျမ်းစာလေ့လာတာက ယေဟောဝါကို ဝတ်ပြုဖို့ ကူညီပေးနိုင်တယ်ဆိုတာ ကျမ်းစာသင်သားတွေ နားလည်လာအောင် ကူညီပေးဖို့ လိုအပ်တယ်။

ကျွန်တော်တို့ကိုယ်တိုင် ကျမ်းစာ မလေ့လာရင် တခြားသူတွေကိုလည်း ကျမ်းစာလေ့လာဖို့ မကူညီပေးနိုင်ဘူး။ ပုံမှန် ကျမ်းစာလေ့လာပြီး တွေးတောဆင်ခြင်တာက ကိုယ့်ဘဝနဲ့ အမှုဆောင်လုပ်ငန်းကို ထောက်ကူပေးတယ်။ ဥပမာ၊ အမှုဆောင်လုပ်ငန်းမှာ တစ်ယောက်ယောက်က မေးခွန်းမေးတဲ့အခါ ကျမ်းစာသုံးပြီး အဖြေပေးနိုင်ပါလိမ့်မယ်။ အမှုဆောင်လုပ်ငန်းမှာ စွဲစွဲမြဲမြဲပါဝင်ခဲ့တဲ့ ယေရှု၊ ပေါလုနဲ့ တခြားသူတွေအကြောင်း ဖတ်ရတဲ့အခါ ကျွန်တော်တို့လည်း ဒီလုပ်ငန်းမှာ ဆက်ပါဝင်ဖို့ အားပေးခံရပါလိမ့်မယ်။ ကိုယ်ပိုင်လေ့လာမှုကနေ သိရှိလာတာတွေ၊ အကျိုးရခဲ့ပုံတွေအကြောင်း တခြားသူတွေကို ပြောပြတာက သူတို့ကိုလည်း ထပ်တူအကျိုးရချင်ရင် ကျမ်းစာလေ့လာပါလို့ အားပေးရာကျတယ်။

၅။ ကိုယ်ပိုင် ကျမ်းစာလေ့လာမှု အလေ့အထရှိလာအောင် လူသစ်တွေကို ကူညီပေးနိုင်တဲ့ အကြံဉာဏ်တစ်ခု ပေးပါ။

‘ကျမ်းစာ ပုံမှန်လေ့လာဖို့ ငါ့ရဲ့ကျမ်းစာသင်သားကို ဘယ်လိုအားပေးရမလဲ’ လို့ သင် တွေးမိနိုင်တယ်။ သင်နဲ့ လေ့လာနေတဲ့ စာအုပ်ကို ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ ပြပေးနိုင်တယ်။ သက်ဆိုင်တဲ့ အကြောင်းအရာကို သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ် နောက်ဆက်တွဲမှာ ဖတ်ကြည့်ဖို့၊ ညွှန်းထားတဲ့ကျမ်းချက်တွေကို ဖွင့်ဖတ်ဖို့ အကြံပြုနိုင်တယ်။ အစည်းအဝေးတွေမှာ မှတ်ချက်ပေးနိုင်ဖို့ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ ပြပေးနိုင်တယ်။ ကင်းမျှော်စင် နဲ့ နိုးလော့! စာစောင်တိုင်းကို ဖတ်ဖို့ အားပေးပါ။ ကင်းမျှော်စင်စာကြည့်တိုက် ဒါမှမဟုတ် အွန်လိုင်းစာကြည့်တိုက် ကိုသုံးပြီး ကျမ်းစာမေးခွန်းတွေရဲ့ အဖြေတွေကို ဘယ်လို ရှာရမယ်ဆိုတာ ပြပေးနိုင်တယ်။ ကိုယ်ပိုင်လေ့လာမှုမှာ အဲဒီနည်းအမျိုးမျိုးကို သုံးကြည့်တဲ့အခါ သူပျော်လာပြီး ပိုသင်ယူချင်လာပါလိမ့်မယ်။

၆။ (က) ကျမ်းစာကို ချစ်မြတ်နိုးစိတ် တိုးများလာစေဖို့ သင်သားကို ဘယ်လို ကူညီပေးနိုင်သလဲ။ (ခ) သင်သားတစ်ယောက် ကျမ်းစာကို ချစ်မြတ်နိုးလာတဲ့အခါ ဘာလုပ်နိုင်သလဲ။

ကျမ်းစာဖတ်ဖို့၊ လေ့လာဖို့ သင်သားကို အတင်းဖိအားမပေးသင့်ဘူး။ အဲဒီအစား ကျမ်းစာလေ့လာတာကို သူကိုယ်တိုင် ပျော်မွေ့ပြီး ယေဟောဝါနဲ့ ပိုရင်းနှီးလာသင့်တယ်။ ကျမ်းစာကို ချစ်မြတ်နိုးစိတ် တိုးများလာအောင် သင်သားကို ကူညီပေးတဲ့အခါ အဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ ကိရိယာတွေကို အသုံးပြုပါ။ ‘အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏။ ယေဟောဝါ၌ ခိုလှုံလျက်နေပါ၏’ လို့ပြောခဲ့တဲ့ ဆာလံဆရာလို အချိန်တန်တဲ့အခါ သူခံစားလာရပါလိမ့်မယ်။ (ဆာ. ၇၃:၂၈) ယေဟောဝါဆီ ချဉ်းကပ်လိုသူတွေကို ကိုယ်တော့်စွမ်းအားတော်က အမှန်တကယ် ကူညီပေးပါလိမ့်မယ်။

ဟောပြောသွန်သင်နိုင်ဖို့ လူသစ်တွေကို လေ့ကျင့်ပေးပါ

၇။ သတင်းကောင်းကြေညာသူတွေကို ယေရှု ဘယ်လိုလေ့ကျင့်ပေးခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

တမန်တော် ၁၂ ယောက်ကို ယေရှုပေးခဲ့တဲ့ ညွှန်ကြားချက်တွေကို မဿဲအခန်းကြီး ၁၀ မှာ တွေ့ရတယ်။ ဘယ်လိုဟောရမယ်ဆိုတာကို ခြုံငုံပြောမယ့်အစား တိတိကျကျ ပြောပြခဲ့တယ်။ []  အမှန်တရားကို ဘယ်လိုတင်ဆက်ရမယ်ဆိုတာ သူတို့ အချိန်တိုအတွင်း တတ်သိလာကြတယ်။ (မ. ၁၁:၁) အမှုဆောင်လုပ်ငန်းမှာ လူသစ်တွေကို လေ့ကျင့်ပေးနိုင်တဲ့ နည်းနှစ်နည်းကို သုံးသပ်ကြည့်ကြစို့။

၈၊ ၉။ (က) အမှုဆောင်လုပ်ငန်းမှာ လူတစ်ဦးချင်းစီကို ယေရှု ဘယ်လိုချဉ်းကပ်သလဲ။ (ခ) ယေရှုလို စကားပြောဆိုတတ်ဖို့ လူသစ်တွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

လူတွေနဲ့ စကားပြောပါ။ ယေရှုက လူအုပ်လိုက်ထက် တစ်ယောက်ချင်းကို စကားပြောလေ့ရှိတယ်။ ဥပမာ၊ ရှုခါမြို့နားက ယာကုပ်ရေတွင်းမှာ အမျိုးသမီးတစ်ယောက်ကို ရင်းရင်းနှီးနှီး စကားပြောခဲ့တယ်။ (ယော. ၄:၅-၃၀) အခွန်ခံမဿဲနဲ့လည်း စကားပြောပြီး သူ့နောက်လိုက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဖိတ်ခေါ်ချက်ကို မဿဲ လက်ခံလိုက်ပြီး နောက်ပိုင်း ယေရှုနဲ့ တခြားသူတွေကို အိမ်မှာ ထမင်းစားဖိတ်တယ်။ အဲဒီမှာ လူအများကြီးကို ယေရှု စကားပြောခဲ့တယ်။—မ. ၉:၉; လု. ၅:၂၇-၃၉

နာဇရက်မြို့သားတွေကို အကောင်းမမြင်တဲ့ နာသနေလကိုလည်း ယေရှု ရင်းရင်းနှီးနှီး ပြောဆိုတယ်။ ဒါကြောင့် နာသနေလရဲ့ တွေးခေါ်ပုံ ပြောင်းလဲသွားပြီး နာဇရက်မြို့သား ယေရှုအကြောင်း ထပ်သိချင်လာတယ်။ (ယော. ၁:၄၆-၅၁) လူတွေကို ကြင်ကြင်နာနာ၊ ရင်းရင်းနှီးနှီး စကားပြောတဲ့အခါ ကျွန်တော်တို့ပြောတဲ့ သတင်းစကားကို ပိုနားထောင်ချင်လာပါလိမ့်မယ်။ []  အဲဒီလိုပြောဆိုတတ်ဖို့ လူသစ်တွေကို လေ့ကျင့်ပေးမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ သူတို့ ပိုပျော်ရွှင်လာပါလိမ့်မယ်။

၁၀-၁၂။ (က) သတင်းကောင်း နားထောင်လိုသူတွေကို ယေရှု ဘယ်လို ဟောပြောခဲ့သလဲ။ (ခ) အမှန်တရား သွန်သင်နိုင်စွမ်း တိုးတက်လာစေဖို့ လူသစ်တွေကို ကျွန်တော်တို့ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၀ နားထောင်လိုသူတွေကို ဟောပြောပါ။ ယေရှုဟာ သိပ်အလုပ်များပေမဲ့ နားထောင်လိုသူတွေကို အချိန်ပေးပြီး သွန်သင်ပေးတယ်။ ဥပမာ၊ ကမ်းနားမှာ စုဝေးနေတဲ့ လူအုပ်ကို လှေပေါ်ကနေ ယေရှု သွန်သင်ပေးတယ်။ အဲဒီနောက် ပေတရုကိုလည်း ငါးအများကြီးဖမ်းမိအောင် အံ့ဖွယ်နည်းနဲ့ ကူညီပေးပြီး “သင်သည် ယခုမှစ၍ လူတို့ကို ဖမ်းလိမ့်မည်” လို့ ပြောတယ်။ ရလဒ်အနေနဲ့ ပေတရုနဲ့ သူ့အဖော်တွေက ‘ကမ်းနားမှာ လှေတွေကို ဆိုက်ပြီးတဲ့နောက် ရှိသမျှကိုစွန့်ပြီး ယေရှုနောက် လိုက်ကြ’ တယ်။—လု. ၅:၁-၁၁

၁၁ ဂျူးတရားရုံးချုပ် အဖွဲ့ဝင် နိကောဒင်လည်း ယေရှုရဲ့သွန်သင်ချက်ကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ လူတွေကို ကြောက်လို့ လူရှေ့သူရှေ့မှာ စကားမပြောဘဲ ညဘက်မှ ယေရှုဆီ လာတယ်။ သူ့ကို ယေရှု မောင်းထုတ်မယ့်အစား အချိန်ပေးပြီး နက်နဲတဲ့ အမှန်တရားတွေကို ရှင်းပြခဲ့တယ်။ (ယော. ၃:၁၊ ၂) ဘာသင်ခန်းစာ ရရှိသလဲ။ ယေရှုဟာ လူတွေကို သွန်သင်ပေးဖို့၊ သူတို့ရဲ့ယုံကြည်ခြင်းကို တည်ဆောက်ပေးဖို့ လိုလိုလားလား အချိန်ပေးခဲ့တယ်။ ကျွန်တော်တို့လည်း လူတွေ အဆင်ပြေမယ့်အချိန်မှာ ပြန်လည်ပတ်ဖို့၊ အချိန်ပေးပြီး သူတို့နဲ့ ကျမ်းစာလေ့လာဖို့ လိုလိုလားလား ရှိသင့်တယ် မဟုတ်လား။

၁၂ အမှုဆောင်လုပ်ငန်းမှာ လူသစ်တွေနဲ့အတူ အမှုဆောင်တဲ့အခါ စိတ်ဝင်စားတဲ့ အရိပ်အယောင် ပြသူတွေဆီ ပြန်လည်ပတ်ဖို့ သင်ပေးနိုင်တယ်။ ကိုယ်နဲ့အတူ ပြန်လည်ပတ်မှုတွေ၊ ကျမ်းစာသင်အံမှုတွေ လိုက်ဖို့လည်း ဖိတ်နိုင်တယ်။ အဲဒီလို အားပေးလေ့ကျင့်မှုအားဖြင့် လူသစ်တွေဟာ ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှု လုပ်တတ်လာပြီး စိတ်ရှည်တတ်ဖို့၊ အလွယ်တကူ လက်မလျှော့ဖို့ သိရှိလာပါလိမ့်မယ်။—ဂလ. ၅:၂၂; “ သူ လက်မလျှော့ခဲ့” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။

ညီအစ်ကိုညီအစ်မတွေအတွက် အစေခံဖို့ လူသစ်တွေကို လေ့ကျင့်ပေးပါ

၁၃၊ ၁၄။ (က) တခြားသူတွေအတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့ ဘယ်ကျမ်းစာပုံနမူနာတွေ ရှိသလဲ။ (ခ) ညီအစ်ကိုညီအစ်မတွေကို မေတ္တာပြဖို့ လူသစ်တွေနဲ့ လူငယ်တွေကို ဘယ်လက်တွေ့ကျနည်းလမ်းတွေနဲ့ လေ့ကျင့်ပေးနိုင်သလဲ။

၁၃ “ညီရင်းအစ်ကိုကဲ့သို့ချစ်” တာ၊ အချင်းချင်းအတွက် အစေခံတာနဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းတွေ ရှိတယ်။ (၁ ပေတရု ၁:၂၂ နဲ့ လုကာ ၂၂:၂၄–၂၇ တို့ကိုဖတ်ပါ။) ယေရှုဟာ တခြားသူတွေကို ကူညီဖို့ အသက်ပါမကျန် အားလုံးကို ပေးဆက်ခဲ့တယ်။ (မ. ၂၀:၂၈) ဒေါ်ကာဟာ “ကောင်းသောအကျင့်၊ ပေးကမ်းစွန့်ကြဲခြင်းအကျင့်နှင့် ပြည့်စုံသူ” ဖြစ်တယ်။ (တ. ၉:၃၆၊ ၃၉) မာရိဟာ ရောမမြို့မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေအတွက် “များစွာအားထုတ်လုပ်ဆောင်ပေးခဲ့” တယ်။ (ရော. ၁၆:၆) ညီအစ်ကိုညီအစ်မတွေကို ကူညီဖို့ သိပ်အရေးကြီးမှန်း လူသစ်တွေ နားလည်လာအောင် ကျွန်တော်တို့ ဘယ်လို ကူညီပေးနိုင်သလဲ။

ယုံကြည်သူချင်းတွေကို မေတ္တာပြတတ်ဖို့ လူသစ်တွေကို လေ့ကျင့်ပေးပါ (အပိုဒ် ၁၃၊ ၁၄ ကိုကြည့်ပါ)

၁၄ အသက်ကြီးသူတွေ ဒါမှမဟုတ် လူနာတွေဆီ လည်ပတ်ချိန်မှာ လူသစ်တွေကို ခေါ်သွားနိုင်တယ်။ မိဘတွေဆိုရင် ဖြစ်နိုင်တဲ့အခါ ကလေးတွေကို ခေါ်သွားနိုင်တယ်။ အကြီးအကဲတွေအနေနဲ့ အသက်ကြီးသူတွေအတွက် အစားအစာ ပြင်ဆင်ပေးတဲ့အခါ ဒါမှမဟုတ် အိမ်ပြင်ပေးတဲ့အခါ ကူညီပေးဖို့ လူသစ်တွေကို တောင်းဆိုနိုင်တယ်။ ဒီနည်းအားဖြင့် လူငယ်တွေနဲ့ လူသစ်တွေဟာ ညီအစ်ကိုညီအစ်မတွေကို မေတ္တာပြတတ်လာပါလိမ့်မယ်။ ဥပမာ၊ အကြီးအကဲတစ်ယောက်ဟာ ကျေးလက်ဒေသတစ်ခုမှာ အမှုဆောင်ထွက်ပြီးနောက် အနီးတစ်ဝိုက်မှာ နေထိုင်တဲ့ ညီအစ်ကိုညီအစ်မတွေဆီ လည်ပတ်လေ့ရှိတယ်။ သူနဲ့ လိုက်ပါလေ့ရှိတဲ့ ညီအစ်ကိုငယ်က သူ့ပုံသက်သေကောင်းကို ကြည့်ပြီး ညီအစ်ကိုညီအစ်မတွေကို ကူညီပေးတတ်လာတယ်။—ရော. ၁၂:၁၀

၁၅။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုတွေ တိုးတက်ဖို့ အကြီးအကဲတွေ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။

၁၅ အသင်းတော်မှာ သွန်သင်သူအဖြစ် ညီအစ်ကိုတွေကို ယေဟောဝါ အသုံးပြုနေတဲ့အတွက် သူတို့အနေနဲ့ ဟောပြောခြင်းစွမ်းရည် တိုးတက်နေဖို့ အရေးကြီးတယ်။ သင်ဟာ အကြီးအကဲဖြစ်မယ်ဆိုရင် အသင်းတော် အမှုထမ်းတစ်ယောက် ဟောပြောချက် အစမ်းလေ့ကျင့်တာကို နားထောင်ပေးနိုင်မလား။ သင့်အကူအညီကြောင့် သူ့ရဲ့ ဟောပြောခြင်းစွမ်းရည် တိုးတက်လာနိုင်ပါတယ်။—နေ. ၈:၈ [] 

၁၆၊ ၁၇။ (က) တိမောသေရဲ့ တိုးတက်မှုကို ပေါလု ဘယ်လို စိတ်ဝင်စားခဲ့သလဲ။ (ခ) အသင်းတော်မှာ အနာဂတ်သိုးထိန်းတွေကို အကြီးအကဲတွေ ဘယ်လို ထိထိရောက်ရောက် လေ့ကျင့်ပေးနိုင်သလဲ။

၁၆ အသင်းတော်မှာ သိုးထိန်းအဖြစ် ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ ပိုလိုအပ်နေတယ်။ တိမောသေကို ပေါလု လေ့ကျင့်ပေးပြီး တခြားသူတွေကိုလည်း လေ့ကျင့်ပေးဖို့ အားပေးခဲ့တယ်။ ပေါလု အခုလိုပြောတယ်– “ငါ့သား၊ သင်သည် ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိခြင်းကြောင့်ရသော မဟာကရုဏာအားဖြင့် အစွမ်းခွန်အား တိုးပွားလျက်နေလော့။ သက်သေအများရှေ့ ငါ့ထံမှ ကြားနာရသောအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့။ သို့ဖြင့် သူတို့သည် အခြားသူများကို အရည်အချင်းပြည့်မီစွာ သွန်သင်ပေးနိုင်လိမ့်မည်။” (၂ တိ. ၂:၁၊ ၂) အကြီးအကဲနဲ့ တမန်တော်ဖြစ်သူ ပေါလုဆီကနေ တိမောသေ အများကြီး သင်ယူခဲ့တယ်။ ပေါလုရဲ့ နည်းလမ်းတွေကို အမှုဆောင်လုပ်ငန်းနဲ့ အသင်းတော်မှာ တိမောသေ ကျင့်သုံးခဲ့တယ်။—၂ တိ. ၃:၁၀-၁၂

၁၇ တိမောသေကို ပေါလု ကောင်းကောင်း လေ့ကျင့်ပေးချင်တဲ့အတွက် သူနဲ့ အချိန်ပေးပေါင်းသင်းခဲ့တယ်။ (တ. ၁၆:၁-၅) အကြီးအကဲတွေလည်း သင့်တော်တဲ့အခါ အသင်းတော်အမှုထမ်းတွေကို သိုးထိန်းလည်ပတ်မှု ခေါ်သွားခြင်းအားဖြင့် ပေါလုရဲ့ ပုံသက်သေကို တုပနိုင်တယ်။ ဒီနည်းအားဖြင့် အကြီးအကဲတွေရဲ့ သွန်သင်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းနဲ့ မေတ္တာကို ဘယ်လို တုပရမယ်၊ သိုးတော်စုကို ထိန်းကျောင်းရာမှာ ယေဟောဝါကို ဘယ်လို အားကိုးရမယ်ဆိုတာ သူတို့ တတ်သိလာပါလိမ့်မယ်။—၁ ပေ. ၅:၂

လေ့ကျင့်ပေးဖို့ အရေးကြီး

၁၈။ ယေဟောဝါရဲ့ လုပ်ငန်းမှာ တခြားသူတွေကို လေ့ကျင့်ပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၈ ဟောပြောခြင်းလုပ်ငန်းမှာ စွမ်းရည် တိုးတက်လာအောင် လူသစ်တွေကို လေ့ကျင့်ပေးဖို့၊ အသင်းတော်ကို ထိန်းကျောင်းတတ်အောင် ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ လိုအပ်နေတယ်။ ယေဟောဝါဟာ မိမိကျေးကျွန်တွေကို ကောင်းကောင်း လေ့ကျင့်ခံထားရသူတွေ ဖြစ်စေချင်တယ်။ လူသစ်တွေကို ကူညီပေးဖို့လည်း အခွင့်အရေး ပေးထားတယ်။ ဒါကြောင့် တခြားသူတွေကို ယေရှုနဲ့ ပေါလုလို ကြိုးစားလေ့ကျင့်ပေးဖို့ အရေးကြီးတယ်။ အဆုံးမလာခင် ဟောပြောခြင်းလုပ်ငန်းမှာ လုပ်စရာများစွာ ရှိတဲ့အတွက် လူများနိုင်သမျှ များများကို လေ့ကျင့်ပေးဖို့ လိုအပ်တယ်။

၁၉။ ယေဟောဝါရဲ့ လုပ်ငန်းမှာ တခြားသူတွေကို လေ့ကျင့်ပေးဖို့ သင့်ကြိုးစားမှု အောင်မြင်မယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

၁၉ လူသစ်တွေကို လေ့ကျင့်ပေးဖို့ အချိန်နဲ့ ကြိုးစားမှု လိုအပ်တယ်။ ဒါပေမဲ့ လိုအပ်တဲ့ အကူအညီနဲ့ ဉာဏ်ပညာကို ယေဟောဝါနဲ့ ယေရှု ပေးပါလိမ့်မယ်။ ကိုယ်လေ့ကျင့်ပေးလိုက်သူတွေက အသင်းတော်မှာဖြစ်စေ၊ ဟောပြောခြင်းလုပ်ငန်းမှာဖြစ်စေ “အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်” တာကို ကျွန်တော်တို့ မြင်ရတဲ့အခါ သိပ်ဝမ်းသာရပါလိမ့်မယ်။ (၁ တိ. ၄:၁၀) တစ်ချိန်တည်းမှာ ကိုယ်တိုင်လည်း ခရစ်ယာန်အရည်အသွေးတွေ တိုးတက်အောင်၊ ယေဟောဝါနဲ့ ရင်းနှီးနေအောင် ဆက်ကြိုးစားဖို့ လိုတယ်။

^ [၁] (အပိုဒ် ၇) အောက်ပါအချက်တွေကို ယေရှု အကြံပြုတယ်– (၁) နိုင်ငံတော်အကြောင်း ဟောပြောပါ။ (၂) ဘုရားသခင် ပေးသလောက်နဲ့ ကျေနပ်ရောင့်ရဲပါ။ (၃) အိမ်ရှင်တွေနဲ့ အငြင်းအခုံ မလုပ်ပါနဲ့။ (၄) ဆန့်ကျင်မှုတွေ ကြုံရတဲ့အခါ ဘုရားကို အားကိုးပါ။ (၅) လူတွေကို မကြောက်ပါနဲ့။

^ [၂] (အပိုဒ် ၉) အမှုဆောင်လုပ်ငန်းမှာ လူတွေနဲ့ စကားလက်ဆုံပြောဆိုနိုင်ပုံ အကြံပြုချက်တွေကို သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပညာရေးမှ အကျိုးရယူ စာအုပ် စာမျက်နှာ ၆၂-၆၄ မှာ တွေ့ရှိနိုင်တယ်။

^ [၃] (အပိုဒ် ၁၅) လူထုရှေ့ ထိထိရောက်ရောက် ဟောပြောနိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးတွေကို သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပညာရေးမှ အကျိုးရယူ စာအုပ် စာမျက်နှာ ၅၂-၆၁ မှာ ရှင်းပြထားတယ်။