မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ပေးကမ်းရတာ ပျော်ရွှင်လာပုံ

ပေးကမ်းရတာ ပျော်ရွှင်လာပုံ

တခြားသူတွေကို ပေးဖို့ တန်ဖိုးရှိတာတစ်ခု ရှိထားမှန်း ၁၂ နှစ် အရွယ်မှာ ကျွန်တော် သဘောပေါက်လာတယ်။ စည်းဝေးပွဲတစ်ခုမှာ ညီအစ်ကိုတစ်ယောက်က ဟောချင်သလားလို့ ကျွန်တော့်ကို မေးတယ်။ တစ်ခါမှ မဟောဖူးပေမဲ့ “ဟောချင်တာပေါ့” လို့ ဖြေလိုက်တယ်။ ရပ်ကွက်ကို ရောက်သွားတော့ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်တဲ့ စာအုပ်ငယ်တချို့ ပေးပြီး “မင်းက လမ်းရဲ့ ဟိုဘက်ခြမ်းကို ဟော၊ ငါက ဒီဘက်ခြမ်းကို ဟောမယ်” လို့ သူပြောတယ်။ ကြောက်ကြောက်နဲ့ စဟောရင်း မကြာခင်မှာပဲ စာအုပ်အားလုံး ကုန်သွားရော။ ကျွန်တော် ပေးတဲ့အရာကို လူအတော်များများ လက်ခံချင်တာ သေချာတယ်။

၁၉၂၃ တုန်းက အင်္ဂလန်နိုင်ငံ၊ ကန့်ပြည်နယ်၊ ချဲတမ်မြို့မှာ ကျွန်တော် မွေးဖွားလာတယ်။ ပထမကမ္ဘာစစ် ပြီးနောက် အဲဒီနှစ်တွေအတွင်း ကမ္ဘာကြီးဟာ ပိုကောင်းတဲ့နေရာ ဖြစ်လာမယ်လို့ လူတွေ မျှော်လင့်ထားပေမဲ့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အတွက် ကျွန်တော့်မိဘတွေ အပါအဝင် လူများစွာ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတယ်။ ကိုယ်ကြီးပွားဖို့ပဲ စိတ်ဝင်စားတဲ့ နှစ်ခြင်းဓမ္မဆရာတွေကိုလည်း မိဘတွေ စိတ်ပျက်လာတယ်။ ကျွန်တော် ကိုးနှစ်လောက်မှာ အမေက ကျမ်းစာကျောင်းသားတွေရဲ့ ခန်းမမှာ အစည်းအဝေးတွေ စတက်တယ်။ ညီအစ်မတစ်ယောက်က ကျွန်တော်တို့ကလေးတွေကို ကျမ်းစာသင်ခန်းစာတွေ သင်ပေးပြီး ဘုရားသခင့် စောင်းတော် စာအုပ် ပေးတယ်။ သိလာတာတွေကို ကျွန်တော် အရမ်းကြိုက်တယ်။

ညီအစ်ကိုကြီးတွေဆီကနေ သင်ယူခြင်း

ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ကျမ်းစာထဲက မျှော်လင့်ချက်အကြောင်း လူတွေကို ပြောပြရတာ ကျွန်တော်ကြိုက်တယ်။ တစ်ယောက်တည်း တစ်အိမ်တက်ဆင်း သွားလေ့ရှိပေမဲ့ တခြားသူတွေနဲ့ ဟောပြောတဲ့အခါ အများကြီး တတ်လာတယ်။ ဥပမာ၊ တစ်နေ့မှာ ညီအစ်ကိုကြီးတစ်ယောက်နဲ့ ကျွန်တော် ရပ်ကွက်ကို သွားနေတုန်း ဓမ္မဆရာတစ်ယောက်နဲ့ တိုးတော့ “ဆိတ်တစ်ကောင် သွားနေတယ်” လို့ ပြောမိတယ်။ ညီအစ်ကိုက စက်ဘီးကို ရပ်လိုက်ပြီး သစ်တုံးပေါ် ခဏထိုင်ဖို့ ပြောတယ်။ ပြီးတော့ “ဆိတ်လို့ တရားစီရင်ဖို့ မင်းကို ဘယ်သူ အခွင့်အာဏာ ပေးထားလဲ။ သတင်းကောင်း ဟောပြောခွင့်ရတာနဲ့တင် ကျေနပ်ကြစို့။ တရားစီရင်တာကိုတော့ ယေဟောဝါလက်ထဲ အပ်ထားကြစို့” လို့ သူပြောတယ်။ ပေးကမ်းခြင်းကနေ ရတဲ့ ပျော်ရွှင်မှုအကြောင်း အဲဒီအချိန်တွေမှာ တော်တော်သိလာရတယ်။—မ. ၂၅:၃၁-၃၃; တ. ၂၀:၃၅

နောက်ညီအစ်ကိုကြီးတစ်ယောက်ကတော့ ပေးကမ်းခြင်းကနေ ပျော်ရွှင်မှု ရဖို့ဆိုရင် စိတ်ရှည်ဖို့ လိုတဲ့အကြောင်း သင်ပေးတယ်။ သူ့ဇနီးက ယေဟောဝါသက်သေတွေကို မကြိုက်ဘူး။ တစ်နေ့၊ သူ့အိမ်မှာ မုန့်လာစားဖို့ ကျွန်တော့်ကို ဖိတ်တယ်။ သူ အမှုဆောင်ထွက်တာကို ဇနီးဖြစ်သူ စိတ်ဆိုးပြီး လက်ဖက်ရည်ထုပ်တွေနဲ့ ကျွန်တော်တို့ကို ပစ်ပေါက်တယ်။ သူက စိတ်ဆိုးမယ့်အစား ပြုံးပြုံးပြုံးပြုံးနဲ့ အထုပ်တွေကို နေရာမှာ ပြန်ထားလိုက်တယ်။ နှစ်တွေကြာပြီးနောက် သူ့စိတ်ရှည်မှုရဲ့ ရလဒ်အနေနဲ့ သူ့ဇနီးက ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံခဲ့တယ်။

၁၉၃၉၊ စက်တင်ဘာမှာ ဗြိတိန်က ဂျာမနီကို စစ်ကြေညာတယ်။ ၁၉၄၀၊ မတ်လမှာ အမေနဲ့ ကျွန်တော် ဒိုဗာမြို့မှာ နှစ်ခြင်းခံတယ်။ ၁၉၄၀၊ ဇွန်လမှာ စစ်သားထောင်ပေါင်းများစွာပါတဲ့ စစ်ကားတွေ အိမ်ရှေ့ကနေ ဖြတ်သွားတာ တွေ့တယ်။ သူတို့က ဒန်ကတ်မြို့ စစ်ပွဲကနေ အသက်ရှင်ကျန်ရစ်သူတွေဖြစ်တယ်။ မျှော်လင့်ချက်မဲ့ပြီး စိတ်ဒဏ်ရာရနေတဲ့ မျက်လုံးတွေကို အတိုင်းသားမြင်နေရတယ်။ သူတို့ကို ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောပြချင်လိုက်တာ။ နောက်တစ်နှစ်မှာ ဂျာမနီက ဗြိတိန်ကို ဗုံးကြဲတိုက်ခိုက်တော့တယ်။ ညတိုင်း ဂျာမန်ဗုံးကြဲလေယာဉ်တွေ ကျွန်တော်တို့ ရပ်ကွက်ပေါ် ပျံဝဲနေတယ်။ ဗုံးသံကြားတိုင်း ရင်တမမပဲ။ မနက်မိုးလင်းတဲ့အခါ တစ်ရပ်ကွက်လုံး ဖွတ်ဖွတ်ကြေနေလေ့ရှိတယ်။ အဲဒီအတွေ့အကြုံတွေကြောင့် ကျွန်တော့်ရဲ့ တစ်ခုတည်းသော အနာဂတ်မျှော်လင့်ချက်က နိုင်ငံတော်ဖြစ်မှန်း ပိုသဘောပေါက်လာတယ်။

ပေးကမ်းတဲ့ဘဝ အစပြု

၁၉၄၁ ရောက်တော့ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ စပါဝင်ခဲ့တယ်။ သိပ်ပျော်စရာကောင်းတဲ့ ဘဝအစပေါ့။ ချဲတမ်မြို့က ဘုရင့်သင်္ဘောကျင်းမှာ သင်္ဘောဆောက်လုပ်ရေး အလုပ်သင်အဖြစ် ကျွန်တော် လုပ်နေတယ်။ အများကြိုက်တဲ့အလုပ်၊ လခကောင်းတဲ့ အလုပ်ပဲ။ ခရစ်ယာန်တွေ စစ်မတိုက်သင့်မှန်း ယေဟောဝါရဲ့ကျေးကျွန်တွေ နားလည်ထားတာ ကြာပြီ။ ၁၉၄၁ မှာတော့ လက်နက်စက်ရုံတွေမှာ အလုပ်မလုပ်သင့်မှန်း နားလည်လာတယ်။ (ယော. ၁၈:၃၆) ကျွန်တော်လုပ်တဲ့ သင်္ဘောကျင်းက စစ်ရေငုပ်သင်္ဘောတွေ ဆောက်လုပ်တော့ အလုပ်ထွက်ပြီး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဦးဆုံးတာဝန်ကျတဲ့နေရာက ကော့စ်ဝိုးတောင်ကြောပေါ်က လှပတဲ့ စိုင်ရန်စက်စ်တာမြို့မှာဖြစ်တယ်။

ကျွန်တော် အသက် ၁၈ နှစ်မှာ စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် ထောင်ကိုးလကျတယ်။ ဂျိမ်းခနဲ ထောင်တံခါးပိတ်သွားတဲ့အခါ တစ်ယောက်တည်း ကျန်ခဲ့လို့ ကြောက်မိတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အစောင့်တွေ၊ ထောင်သားတွေက ဘာလို့ ထောင်ကျတာလဲလို့ မေးတဲ့အခါ ယုံကြည်ချက်အကြောင်း ရှင်းပြခွင့်ရခဲ့တယ်။

ထောင်ကလွတ်တော့ လဲန်နာ့ဒ်စမစ် *နဲ့ တွဲပြီး ဇာတိမြေ ကန့်ပြည်နယ်က မြို့တွေမှာ ဟောခဲ့တယ်။ နာဇီတွေက လန်ဒန်မြို့ကို ဗုံးကြဲဖို့ ကန့်ပြည်နယ်ပေါ်ကနေ လေယာဉ်တွေ ဖြတ်ပျံသန်းကြတယ်။ ၁၉၄၄ ကစပြီး ကန့်ပြည်နယ်ပေါ် ထောင်နဲ့ချီတဲ့ ဗုံးမိုးတွေ ရွာခဲ့တယ်။ တကယ်တော့ အဲဒီဗုံးတွေက ပေါက်ကွဲပစ္စည်းတွေ အပြည့်တင်ထားတဲ့ မောင်းသူမဲ့ဂျက်လေယာဉ်တွေ။ စက်သံရပ်သွားတာနဲ့ စက္ကန့်ပိုင်းအကြာမှာ လေယာဉ်ပျက်ကျပြီး ပေါက်ကွဲတော့မယ်ဆိုတာ ကျွန်တော်တို့သိတယ်။ တကယ့်ကြောက်စရာပဲ။ အဲဒီအချိန်အတွင်း မိသားစုဝင်ငါးယောက်ရှိတဲ့ မိသားစုနဲ့ ကျွန်တော်တို့ ကျမ်းစာလေ့လာနေတယ်။ အိမ်ပြိုသွားရင် ကာကွယ်ပေးဖို့ ပြုလုပ်ထားတဲ့ သံစားပွဲအောက်မှာ တစ်ခါတလေ ကျွန်တော်တို့ ထိုင်ရတယ်။ နောက်ဆုံး၊ တစ်မိသားစုလုံး နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတယ်။

သတင်းကောင်းကို နိုင်ငံရပ်ခြားဆီ သယ်ဆောင်သွား

အိုင်ယာလန်မှာ ရှေ့ဆောင်လုပ်တုန်းက စည်းဝေးကြီးတစ်ခုအကြောင်း ကြော်ငြာနေ (အောက်ပုံ)

စစ်ပြီးနောက် အိုင်ယာလန်တောင်ပိုင်းမှာ နှစ်နှစ်လောက် ရှေ့ဆောင်လုပ်ခဲ့တယ်။ ကျွန်တော်တို့က သာသနာပြုတွေဖြစ်ပြီး နေစရာရှာနေတဲ့အကြောင်း တစ်အိမ်တက်ဆင်း စုံစမ်းခဲ့ရတယ်။ လမ်းတွေပေါ်မှာ မဂ္ဂဇင်း ဝေငှတယ်။ ဒါပေမဲ့ အိုင်ယာလန်နဲ့ အင်္ဂလန် သိပ်ကွာတယ်။ ဒီလိုကက်သလစ်တိုင်းပြည်မှာ သတင်းကောင်းကို လူတွေ တုံ့ပြန်မယ်လို့ ယူဆထားတာ သိပ်မိုက်မဲရာကျတယ်လို့ အများစုထင်ကြတယ်။ လူတစ်ယောက် ကျွန်တော်တို့ကို ခြိမ်းခြောက်လို့ ရဲတိုင်တဲ့အခါ သူက “ခင်ဗျားတို့ ဘာများ မျှော်လင့်ထားလို့လဲ” ဆိုပြီး ပြောတယ်။ ဘုန်းကြီးတွေ တော်တော်အာဏာပြင်းမှန်း သိလိုက်ရတယ်။ စာပေလက်ခံသူတွေ အလုပ်ပြုတ်တာ၊ ကျွန်တော်တို့ အိမ်ကနေ မောင်းထုတ်ခံရတာ သူတို့ လက်ချက်ပဲ။

နေရာသစ်ကိုရောက်ရင် ကိုယ့်ကို ဘုန်းကြီးမသိနိုင်တဲ့ နေရာတွေမှာ သွားဟောတာ အကောင်းဆုံးဖြစ်မှန်း သိလာတယ်။ ဒါကြောင့် အရင်ဆုံး ခပ်ဝေးဝေးဒေသတွေကို စက်ဘီးနင်းသွားပြီး ဟောတယ်။ ပြီးမှ အနီးအနားမှာ ဟောတယ်။ ကီလ်ကယ်နီမြို့မှာ လူငယ်တစ်ယောက်နဲ့ ကျွန်တော်တို့ ကျမ်းစာလေ့လာတယ်။ ရမ်းကားတဲ့လူအုပ်ရဲ့ ခြိမ်းခြောက်မှုကြား တစ်ပတ်ကို သုံးကြိမ် လေ့လာတယ်။ ကျမ်းစာသင်ပေးရတာကို တအား ပျော်လို့ ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်းမှာ သာသနာပြုအဖြစ် လေ့ကျင့်မှုရဖို့ လျှောက်လွှာတင်လိုက်တယ်။

စစ်ဘီးယာ လို့ခေါ်တဲ့ ရွက်သင်္ဘောက ၁၉၄၈ ကနေ ၁၉၅၃ အတွင်း ကျွန်တော်တို့ရဲ့ သာသနာပြုအိမ်ဖြစ် (ညာပုံ)

နယူးယောက်မှာ ငါးလကြာ သင်တန်းတက်ပြီးနောက် ကျွန်တော်အပါအဝင် ဂိလဒ်ကျောင်းဆင်း လေးယောက် ကရစ်ဘီယံကျွန်းလေးတွေမှာ တာဝန်ကျတယ်။ ၁၉၄၈၊ နိုဝင်ဘာမှာ စစ်ဘီးယာ လို့ခေါ်တဲ့ ၅၉ ပေ (၁၈ မီတာ) ရှည် ရွက်သင်္ဘောနဲ့ နယူးယောက်မြို့ကနေ ထွက်ခဲ့ကြတယ်။ အရင်က တစ်ခါမှ ရွက်မလွှင့်ဖူးလို့ တော်တော်စိတ်လှုပ်ရှားမိတယ်။ ဂတ်စ်မာကီလို့ခေါ်တဲ့ ကျောင်းဆင်းတစ်ယောက်က သင်္ဘောမာလိန်မှူးလုပ်ဖူးတယ်။ ရွက်ကို ဘယ်လိုတင်ပြီး ဘယ်လိုခေါက်ရမယ်၊ သံလိုက်အိမ်မြှောင် ဘယ်လိုသုံးရမယ်၊ လေဆန်ဘက် ဘယ်လို ရွက်တိုက်ရမယ် ဆိုတာတွေကို သူ သင်ပေးတယ်။ အန္တရာယ်ရှိတဲ့ လေမုန်တိုင်းကြား ရက် ၃၀ ကြာ ရွက်လွှင့်ပြီးနောက် ဗဟားမားစ်ကို ရောက်ခဲ့တယ်။

‘ရပ်ဝေးကျွန်းတွေမှာ ကြေညာကြ’

ဗဟားမားစ်ပေါ်က ကျွန်းသေးသေးလေးတွေမှာ လအနည်းငယ် ဟောပြီးနောက် လီဝက်ကျွန်းနဲ့ ဝင်းဝက်ကျွန်းဆီ ဆက်ရွက်လွှင့်ကြတယ်။ အဲဒီကျွန်းတွေက ဗာဂျင်ကျွန်းနဲ့ ထရီနီဒက်နိုင်ငံကြားမှာ မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) နီးပါး ရှည်တယ်။ သက်သေခံမရှိတဲ့ သီးခြားကျွန်းတွေမှာပဲ ငါးနှစ်လောက် အဓိကထားဟောခဲ့တယ်။ တစ်ခါတလေ စာပို့လို့မရတာ၊ ဘာစာမှလည်း မလာတာ အပတ်ပေါင်းများစွာပဲ။ ဒါပေမဲ့ ‘ရပ်ဝေးကျွန်းတွေမှာ’ ယေဟောဝါအကြောင်း ဟောပြောနိုင်ခဲ့လို့ သိပ်ပျော်တယ်။—ယေ. ၃၁:၁၀ကဘ။

စစ်ဘီးယာ ရွက်သင်္ဘောပေါ်က သာသနာပြုအဖွဲ့ (ဘယ်မှညာ)– ရော်န်ပါကင်၊ ဒစ်ရိုက်၊ ဂတ်စ်မာကီနဲ့ စတန်လီကာတာ

ပင်လယ်အော်တစ်ခုမှာ ကျောက်ချတိုင်း ရွာသားတွေ လှုပ်လှုပ်ရွရွဖြစ်ပြီး ဆိပ်ကမ်းမှာ ကျွန်တော်တို့ကို လာကြည့်ကြတယ်။ တချို့က ကျွန်တော်တို့စီးလာတဲ့ ရွက်သင်္ဘောကိုရော လူဖြူတွေကိုပါ တစ်ခါမှ မမြင်ဖူးကြဘူး။ ကျွန်းသားတွေက ကျမ်းစာအကြောင်း ကောင်းကောင်းသိပြီး ဖော်ရွေကြတယ်။ လတ်လတ်ဆတ်ဆတ် ငါးတွေ၊ ထောပတ်သီးတွေ၊ မြေပဲတွေ ပေးလေ့ရှိတယ်။ သင်္ဘောပေါ်မှာ အိပ်ဖို့၊ ချက်ပြုတ်ဖို့၊ အဝတ်လျှော်ဖို့ နေရာသိပ်မရှိပေမဲ့ ဖြစ်အောင်တော့ လုပ်ရတာပဲ။

ကုန်းပေါ်တက်ပြီး လူတွေဆီ တစ်နေ့လုံး လည်ပတ်တယ်။ ကျမ်းစာဟောပြောချက်တစ်ခု ရှိတဲ့အကြောင်း ပြောတယ်။ အဲဒီနောက် မှောင်စပျိုးချိန်မှာ သင်္သောဥသြဆွဲလိုက်တယ်။ လူတွေ တဖွဲဖွဲလာနေတာကို ကြည့်ရတာ ကြည်နူးစရာပဲ။ သူတို့ကိုင်လာတဲ့ မီးအိမ်တွေက မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေ တောင်အောက်ကျလာသလိုပဲ။ တစ်ခါတလေ အယောက်တစ်ရာလောက် ရောက်လာပြီး ညနက်တဲ့အထိ မေးခွန်းတွေ မေးကြတယ်။ သူတို့က သီချင်းဝါသနာပါတော့ နိုင်ငံတော်သီချင်းတချို့ကို စာရိုက်ပေးရတယ်။ သီချင်းတွေကို လေးယောက်သား အကောင်းဆုံးဖြစ်အောင် ကြိုးစားဆိုကြတယ်။ အဲဒီနောက် သူတို့ လိုက်ဆိုတယ်။ အသံတွေ ကောင်းလိုက်ကြတာ။ သိပ်ပျော်စရာကောင်းတဲ့အချိန်တွေပါပဲ။

သင်သားတချို့က သင်အံမှုပြီးတဲ့အခါ ကျွန်တော်တို့နဲ့အတူ နောက်အိမ်ကို လိုက်လာပြီး သင်အံမှုမှာ ထိုင်ကြတယ်။ နေရာတစ်ခုမှာ အပတ်အနည်းငယ်နေပြီးနောက် သွားရတော့မယ်။ စိတ်အထက်သန်ဆုံးလူတွေကို ရွေးပြီး ကျွန်တော်တို့ ပြန်လာတဲ့အထိ တခြားသူတွေကို ကျမ်းစာသင်ပေးဖို့ မှာခဲ့လေ့ရှိတယ်။ တချို့က အဲဒီတာဝန်ကို သိပ်အလေးအနက်ထားကြတယ်။

ဒီနေ့ခေတ်မှာတော့ အဲဒီကျွန်းတွေမှာ ခရီးသွားဧည့်သည်တွေ အပြည့်ပဲ။ အဲဒီတုန်းကတော့ စိမ်းပြာရောင်ရေအိုင်တွေ၊ သဲသောင်ပြင်တွေ၊ အုန်းပင်တွေနဲ့ တိတ်ဆိတ်ငြိမ်သက်လို့ပဲ။ ကျွန်းတစ်ကျွန်းကနေ နောက်တစ်ကျွန်းကို ညဘက်မှာ ကျွန်တော်တို့ ရွက်လွှင့်လေ့ရှိတယ်။ သင်္ဘောဘေးမှာ လင်းပိုင်တွေ ကူးခတ်ဆော့ကစားနေတတ်တယ်။ ရေပြင်ကို ခွင်းပြီး သင်္ဘောပြေးတဲ့အသံကလွဲလို့ ဘာသံမှ မကြားရဘူး။ ထိန်ထိန်သာနေတဲ့ လရောင်က မိုးကုပ်စက်ဝိုင်းဆီ ဦးတည်သွားတဲ့ ငွေမျှင်တန်းလိုပဲ။

ကျွန်းတွေပေါ်မှာ ငါးနှစ်လောက် ဟောပြောပြီးနောက် အင်ဂျင်ပါတဲ့ သင်္ဘောအသစ်ရဖို့ ပွာတီရီကို,ကို ရွက်လွှင့်ကြတယ်။ အဲဒီကိုရောက်တော့ သိပ်လှတဲ့ သာသနာပြုညီအစ်မ မက်စီးန်ဘွိုက်နဲ့ တွေ့ပြီး ချစ်ကြိုက်သွားတယ်။ သူက ငယ်ငယ်ကတည်းက အဟောအပြော သိပ်ထက်သန်တယ်။ နောက်ပိုင်း၊ သာသနာပြုတွေကို ကက်သလစ်အစိုးရ မောင်းထုတ်တဲ့ ၁၉၅၀ အထိ ဒိုမီနီကန်သမ္မတနိုင်ငံမှာ သာသနာပြုအဖြစ် အမှုဆောင်ခဲ့တယ်။ ကျွန်တော်က သင်္ဘောအဖွဲ့သားဖြစ်လို့ ပွာတီရီကိုမှာ တစ်လပဲ နေခွင့်ရတယ်။ အဲဒီနောက် တခြားကျွန်းတွေဆီ နောက်နှစ်အနည်းငယ် ဆက်ရွက်လွှင့်ခဲ့တယ်။ ဒါပေမဲ့ ‘ရော်နယ်၊ မင်း အဲဒီကောင်မလေးကို လိုချင်ရင်တော့ အမြန်လှုပ်ရှားမှဖြစ်မယ်’ လို့ ကိုယ့်ကိုယ်ကိုယ်ပြောပြီး သုံးပတ်အကြာမှာ ချစ်ရေးဆိုလိုက်တယ်။ ခြောက်ပတ်အကြာမှာ လက်ထပ်လိုက်ကြတယ်။ မက်စီးန်နဲ့ ကျွန်တော်က ပွာတီရီကိုမှာပဲ သာသနာပြုတွေအဖြစ် ပြန်တာဝန်ကျလို့ သင်္ဘောအသစ်နဲ့ တစ်ခါမှ မသွားဖြစ်လိုက်ဘူး။

၁၉၅၆ ရောက်တော့ တိုက်နယ်လုပ်ငန်းမှာ စပါဝင်တယ်။ ညီအစ်ကိုညီအစ်မတွေဆီ လည်ပတ်ရတာ သိပ်ပျော်တာပဲ။ သူတို့အများစုက ဆင်းရဲကြတယ်။ ဥပမာ၊ ပိုတာလာပါစတီယိုရွာမှာ သားသမီးများတဲ့ မိသားစုနှစ်စုရှိတယ်။ သူတို့ကို ကျွန်တော် ပလွေမှုတ်ပြလေ့ရှိတယ်။ တစ်နေ့၊ ဟီလ်ဒါလို့ခေါ်တဲ့ သမီးလေးကို အမှုဆောင်လိုက်ချင်လားလို့ မေးတော့ သူက “လိုက်တော့လိုက်ချင်တယ်။ ဒါပေမဲ့ ဖိနပ်မရှိဘူး” လို့ပြောတယ်။ ဒါနဲ့ ဖိနပ်တစ်ရံ ဝယ်ပေးလိုက်တော့ အမှုဆောင်လိုက်ထွက်တယ်။ နှစ်တွေကြာပြီးနောက် ၁၉၇၂ မှာ မက်စီးန်နဲ့ ကျွန်တော် ဘရွတ်ကလင်ကို သွားလည်တော့ ဂိလဒ်ကျောင်းဆင်း ညီအစ်မတစ်ယောက် လာစကားပြောတယ်။ တာဝန်ကျတဲ့ အီကွေဒေါကို သူသွားတော့မှာ။ “ကျွန်မကို မမှတ်မိဘူးလား။ ပိုတာလာပါစတီယိုရွာက ဖိနပ်မရှိတဲ့ ကောင်မလေးလေ” လို့ ပြောတယ်။ သူက ဟီလ်ဒါဖြစ်နေတာကိုး။ ပျော်လွန်းလို့ ဖက်ငိုကြပါလေရော။

၁၉၆၀ ရောက်တော့ ပွာတီရီကိုဌာနခွဲမှာ စအမှုဆောင်တယ်။ စန်ယွမ်မြို့၊ စန်တာ့စ်ခရိုင်ထဲက နှစ်ထပ်အိမ်သေးသေးလေးပေါ့။ စစချင်းတော့ လဲနတ်ဂျွန်ဆင်နဲ့ ကျွန်တော်ပဲ အလုပ်အများဆုံး လုပ်ရတယ်။ သူနဲ့ သူ့ဇနီးက ဒိုမီနီကန်နိုင်ငံရဲ့ ဦးဆုံးသက်သေခံတွေလေ။ ၁၉၅၇ မှာ ပွာတီရီကိုနိုင်ငံကို သူတို့ ရောက်လာတယ်။ နောက်ပိုင်း၊ မက်စီးန်က နှစ်စဉ်ကြေးယူတဲ့လူတွေဆီ မဂ္ဂဇင်းတွေ ပို့ပေးရတယ်။ အပတ်တိုင်း မဂ္ဂဇင်း တစ်ထောင်ကျော် ပို့ပေးရတယ်။ အဲဒီလူတွေအားလုံး ယေဟောဝါအကြောင်း သင်ယူနေတယ်ဆိုတဲ့ အတွေးကြောင့် အဲဒီအလုပ်ကို သူသိပ်ပျော်တယ်။

ကျွန်တော်လည်း ကိုယ့်ခွန်အားကို ယေဟောဝါရဲ့လုပ်ငန်းမှာ သုံးခွင့်ရလို့ ဗေသလမှာ ပျော်တယ်။ ဒါပေမဲ့ အမြဲတော့ မလွယ်ဘူး။ ဥပမာ၊ ၁၉၆၇၊ ပွာတီရီကိုမှာ ဦးဆုံး အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး ကျင်းပတုန်းက တာဝန်ကြီးတွေ ရထားလို့ တော်တော်ခေါင်းကြီးခဲ့ရတယ်။ ယေဟောဝါသက်သေတွေကို အဲဒီတုန်းက ဦးဆောင်နေတဲ့ ညီအစ်ကို နေသန်နောရ် ပွာတီရီကို,ကို လာတယ်။ လာလည်တဲ့ သာသနာပြုတွေအတွက် သွားရေးလာရေး စီစဉ်ထားပေမဲ့ မစီစဉ်ထားဘူးလို့ သူ ထင်ပြီး ကျွန်တော့်ကို ဆူပါလေရော။ သူနဲ့ မငြင်းခုံချင်လို့ ဘာမှပြန်မပြောပေမဲ့ အထင်လွဲခံရတယ်လို့ ထင်ပြီး အချိန်အတော်ကြာကြာ စိတ်ဆိုးမိတယ်။ ဒါပေမဲ့ မက်စီးန်နဲ့ ကျွန်တော် နောက်တစ်ခေါက် ညီအစ်ကိုနောရ်ကို တွေ့တဲ့အခါ သူက အခန်းမှာ ထမင်းဖိတ်ကျွေးတယ်။

အင်္ဂလန်မှာရှိတဲ့ မိသားစုဆီ ကျွန်တော်တို့ မကြာခဏ သွားလည်လေ့ရှိတယ်။ အမေနဲ့ ကျွန်တော် အမှန်တရား လက်ခံချိန်မှာ အဖေကတော့ လက်မခံဘူး။ ဒါပေမဲ့ ဗေသလဟောပြောသူတွေ လည်ပတ်တိုင်း အမေက အိမ်မှာ တည်းခိုင်းလေ့ရှိတယ်။ နှိမ့်ချမှုရှိတဲ့ ဒီဗေသလကြီးကြပ်မှူးတွေဟာ ဓမ္မဆရာတွေနဲ့ သိပ်ကွာမှန်း အဖေ သိလာတယ်။ နောက်ဆုံး၊ ၁၉၆၂ မှာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံလိုက်တယ်။

လက်ထပ်ပြီး မကြာခင် မက်စီးန်နဲ့အတူ ပွာတီရီကိုမှာ၊ ၂၀၀၃ တုန်းက နှစ် ၅၀ ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ

၂၀၁၁ မှာ ချစ်ဇနီး မက်စီးန် ဆုံးသွားတယ်။ ထမြောက်ရာကာလမှာ သူ့ကို ပြန်တွေ့ရဖို့ ကျွန်တော် စောင့်မျှော်နေတယ်။ တွေးလိုက်တိုင်း သိပ်ပျော်ရတယ်။ အိမ်ထောင်သက်တမ်း ၅၈ နှစ်အတွင်း ပွာတီရီကိုမှာ ယေဟောဝါသက်သေ ၆၅၀ ကနေ ၂၆,၀၀၀ အထိ တိုးလာတာ မြင်ခဲ့ရတယ်။ ၂၀၁၃ မှာ ပွာတီရီကိုဌာနခွဲကို အမေရိကန်ဌာနခွဲနဲ့ ပေါင်းလိုက်လို့ နယူးယောက်ပြည်နယ်၊ ဝေါလ်ကီးလ်မှာ ကျွန်တော် အမှုဆောင်ရတယ်။ ကျွန်းပေါ်မှာ နှစ်ပေါင်း ၆၀ နေပြီးနောက် တကယ့်ပွာတီရီကိုလူမျိုးတစ်ယောက်လို ခံစားရတယ်။ ပွာတီရီကိုမှာ ပျော်ပါတယ်။ ဒါပေမဲ့ အခုတော့ နောက်တစ်နေရာ ပြောင်းဖို့ အချိန်တန်ပြီ။

‘စေတနာစိတ်နဲ့ လှူတဲ့သူကို ဘုရားသခင် နှစ်သက်’

ဗေသလမှာ ဘုရားအမှုဆောင်ရတာကို ကျွန်တော် ပျော်နေတုန်းပဲ။ အခု အသက် ၉၀ ကျော်ပြီ။ ကျွန်တော့်အလုပ်က ဗေသလမိသားစုဝင်တွေကို အားပေးဖို့ပဲ။ ဝေါလ်ကီးလ်ကို ရောက်တဲ့အချိန်ကစပြီး ညီအစ်ကိုညီအစ်မ ၆၀၀ ကျော်ကို လည်ပတ်အားပေးခဲ့တယ်။ တချို့က ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် မိသားစုပြဿနာတွေကို လာဆွေးနွေးကြတယ်။ တချို့ကတော့ ဗေသလလုပ်ငန်းမှာ အောင်မြင်ဖို့ အကြံဉာဏ်တောင်းကြတယ်။ ကြင်စဦးဇနီးမောင်နှံတွေကျတော့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အကြံတောင်းကြတယ်။ လယ်ကွင်းမှာ တာဝန်ပြန်ကျသူတွေလည်း ရှိတယ်။ ကိုယ့်ဆီလာတဲ့သူတွေ ပြောတာကို ကျွန်တော် နားထောင်ပေးပြီး “‘စေတနာစိတ်နဲ့ လှူတဲ့သူကို ဘုရားသခင် နှစ်သက်တယ်။’ ဒါကြောင့် ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ပါ။ ယေဟောဝါအတွက်ပဲ” လို့ သင့်တော်တဲ့အခါတိုင်း ပြောလေ့ရှိတယ်။—၂ ကော. ၉:၇

ဗေသလမှာဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ် ပျော်ရွှင်ချင်ရင် ကိုယ်လုပ်နေတဲ့အလုပ် ဘာကြောင့် အရေးကြီးမှန်း အာရုံစိုက်ရမယ်။ ဗေသလမှာ လုပ်ဆောင်သမျှဟာ မြင့်မြတ်တဲ့အမှုတော်ဖြစ်တယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေအတွက် အချိန်တန်အစာပြင်ဆင်ပေးနေတဲ့ “သစ္စာနှင့် သတိပညာရှိသောကျွန်” ကို ကူညီပေးနေတာဖြစ်တယ်။ (မ. ၂၄:၄၅) ဘယ်မှာပဲ အမှုဆောင်ပါစေ ယေဟောဝါကို ချီးမွမ်းဖို့ အခွင့်အရေးတွေ ရရှိထားကြတယ်။ ‘စေတနာစိတ်နဲ့ လှူတဲ့သူကို ဘုရားသခင် နှစ်သက်’ တဲ့အတွက် ကိုယ်တော် စေခိုင်းသမျှကို ပျော်ပျော်ရွှင်ရွှင် ဆက်လုပ်ဆောင်ကြပါစို့။

^ စာပိုဒ်၊ 13 လဲန်နာ့ဒ်စမစ်ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၂၀၁၂၊ ဧပြီ ၁၅ ကင်းမျှော်စင် မှာ ဖတ်နိုင်တယ်။