မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားရေးရာဘက်မှာ တိုးတက်ဖို့ လိုအပ်နေတာ သင် သိသလား

ဘုရားရေးရာဘက်မှာ တိုးတက်ဖို့ လိုအပ်နေတာ သင် သိသလား

“လူထုရှေ့ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း၊ သွန်သင်ခြင်းတို့ကို အဆက်မပြတ် ကြိုးစားလုပ်ဆောင်လော့။” —၁ တိ. ၄:၁၃

သီချင်း– ၄၅၊ ၇၀

၁၊ ၂။ (က) ဒီနောက်ဆုံးကာလမှာ ဟေရှာယ ၆၀:၂၂ ဘယ်လိုပြည့်စုံနေသလဲ။ (ခ) ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းမှာ အခု ဘာတွေ လိုအပ်နေသလဲ။

‘လူနည်းစုလေးဟာ လူတစ်ထောင် ဖြစ်လာမယ်။ အရေးမပါတဲ့သူဟာ အားကြီးတဲ့လူမျိုး ဖြစ်လာမယ်။’ (ဟေရှာ. ၆၀:၂၂ကဘ) ဒီနောက်ဆုံးကာလမှာ အဲဒီစကားတွေ ပြည့်စုံနေတယ်။ ၂၀၁၅ လုပ်ငန်းတော်နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ နိုင်ငံတော်သတင်းကြေညာသူ ၈,၂၂၀,၁၀၅ ယောက်ရှိတယ်။ ‘အချိန်တန်တဲ့အခါ ငါယေဟောဝါကိုယ်တိုင် အရှိန်အဟုန် မြှင့်မယ်’ ဆိုတဲ့ ယေဟောဝါရဲ့စကားက ဘုရားသခင့်လူမျိုး တိုးတက်ရတဲ့အကြောင်းရင်းကို ဖော်ပြတယ်။ ရှေ့ဆက် လုပ်စရာပိုများလေ ဖြစ်လိမ့်မယ်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပါဝင်နေသလား။ ညီအစ်ကိုညီအစ်မများစွာဟာ မှန်မှန်ရှေ့ဆောင်၊ အရန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေကြတယ်။ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့နေကြတယ်။ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်နေကြတယ်။

နှစ်တိုင်း အသင်းတော်သစ် ၂,၀၀၀ လောက် တိုးများလာနေတယ်။ အဲဒီအသင်းတော်တွေမှာ အကြီးအကဲနဲ့ အသင်းတော်အမှုထမ်းတွေ လိုအပ်နေတယ်။ နှစ်တိုင်း အမှုထမ်းထောင်ပေါင်းများစွာဟာ အကြီးအကဲတွေ ဖြစ်လာဖို့၊ တခြားညီအစ်ကို ထောင်ပေါင်းများစွာလည်း အမှုထမ်းတွေ ဖြစ်လာဖို့ လိုအပ်နေတယ်။ ညီအစ်ကိုတွေသာမက ညီအစ်မတွေလည်း ‘သခင့်အမှုတော်မှာ အလုပ်များစွာ’ ရှိနေတာ ထင်ရှားတယ်။—၁ ကော. ၁၅:၅၈

ဘုရားရေးရာဘက် တိုးတက်နေဖို့ ဘာလိုအပ်သလဲ

၃၊ ၄။ ဘယ်ဘုရားရေးရာပန်းတိုင်တွေကို သင် ချမှတ်နိုင်သလဲ။

၁ တိမောသေ ၃:၁ ကိုဖတ်ပါ။ ကြီးကြပ်မှူးဖြစ်ဖို့ ကြိုးစားနေသူတွေကို တမန်တော်ပေါလု ချီးမွမ်းထားတယ်။ အဝေးမှာရှိတာတစ်ခုခုကို လှမ်းမီဖို့ဆိုရင် လက်ဆန့်ပြီး ကြိုးစားယူဖို့ လိုအပ်တယ်။ ညီအစ်ကိုတစ်ယောက်က အမှုထမ်းအဖြစ် အရည်အချင်း ပြည့်မီချင်တယ် ဆိုပါစို့။ ဒါဆို ခရစ်ယာန်အရည်အသွေးတွေ တိုးတက်အောင် လုပ်ရမယ်ဆိုတာ သူ သိတယ်။ အမှုထမ်းဖြစ်လာပြီဆိုရင်လည်း ကြီးကြပ်မှူးအဖြစ် အရည်အချင်း ပြည့်မီနိုင်ဖို့ ဆက်ကြိုးစားရမယ်။

ညီအစ်ကိုညီအစ်မတချို့က ယေဟောဝါရဲ့ လုပ်ငန်းမှာ ပိုပါဝင်ချင်လို့ ဘဝမှာ အပြောင်းအလဲတွေ ပြုလုပ်ကြတယ်။ ရှေ့ဆောင်လုပ်ချင်တာ၊ ဗေသလမှာ အမှုဆောင်ချင်တာ၊ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးမှာ ကူညီချင်တာ ဖြစ်နိုင်တယ်။ ဘုရားရေးရာဘက် ဆက်တိုးတက်နေဖို့ ကျမ်းစာက ကျွန်တော်တို့အားလုံးကို ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာ ကြည့်ကြစို့။

ဘုရားရေးရာဘက်မှာ ဆက်တိုးတက်နေပါ

၅။ လူငယ်တွေဟာ နိုင်ငံတော်လုပ်ငန်းမှာ သူတို့ရဲ့ခွန်အားကို ဘယ်လို အသုံးပြုနိုင်သလဲ။

လူငယ်တွေဟာ ကျန်းမာသန်စွမ်းတဲ့အတွက် ယေဟောဝါရဲ့ လုပ်ငန်းမှာ အများကြီးပါဝင်နိုင်တယ်။ (သုတ္တံ ၂၀:၂၉ ကိုဖတ်ပါ။) ဗေသလမှာ လူငယ်တချို့ဟာ ကျမ်းစာနဲ့ စာပေတွေ ပုံနှိပ်၊ ချုပ်လုပ်ပေးကြတယ်။ လူငယ်များစွာဟာ ခန်းမ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးတွေမှာ ပါဝင်ကြတယ်။ တချို့က သဘာဝဘေးသင့်ဒေသတွေမှာ ကူညီပေးကြတယ်။ ရှေ့ဆောင်လူငယ်များစွာဟာ ဘာသာစကားအသစ်သင်ယူဖို့၊ တခြားဒေသမှာ သတင်းကောင်းဟောဖို့ ကြိုးစားနေကြတယ်။

၆-၈။ (က) လူငယ်တစ်ယောက်ဟာ ယေဟောဝါရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး သူ့သဘောထားကို ဘယ်လို ပြောင်းလဲခဲ့သလဲ။ ဘာရလဒ် ရရှိသလဲ။ (ခ) ဘယ်လိုနည်းနဲ့ ‘ယေဟောဝါ ကောင်းမြတ်တာကို မြည်းစမ်းသိမှတ်’ နိုင်သလဲ။

ယေဟောဝါကို ကျွန်တော်တို့ ချစ်ပြီး အကောင်းဆုံး ပေးဆက်ချင်တယ်။ ဒါပေမဲ့ ညီအစ်ကို အေရွန်လို သင် ခံစားနေရရင် ဘယ်လိုလုပ်မလဲ။ သူဟာ ခရစ်ယာန်မိသားစုမှာ ကြီးပြင်းလာပေမဲ့ “အစည်းအဝေးတက်ရတာ၊ အမှုဆောင်ထွက်ရတာကို သိပ်ပျင်းတာပဲ” လို့ ပြောတယ်။ ယေဟောဝါကို ပျော်ပျော်ရွှင်ရွှင် ဝတ်ပြုချင်ပေမဲ့ မပျော်နိုင်ဘဲ ဖြစ်နေတယ်။ ဒါနဲ့ သူ ဘာလုပ်သလဲ။

ကျမ်းစာပုံမှန်ဖတ်ဖို့၊ အစည်းအဝေးတွေအတွက် ပြင်ဆင်ဖို့၊ မှတ်ချက်ပေးဖို့ သူ ကြိုးစားတယ်။ ခါတိုင်းထက်လည်း ပိုဆုတောင်းတယ်။ အဲဒါတွေက ဘုရားရေးရာဘက်မှာ တိုးတက်လာဖို့ သူ့ကို ကူညီပေးခဲ့တယ်။ ယေဟောဝါကို ပိုသိကျွမ်းလာပြီး ပိုချစ်လာတဲ့အတွက် ပိုပျော်လာတယ်။ ရှေ့ဆောင်လုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်း၊ နိုင်ငံရပ်ခြား ဟောပြောခြင်းလုပ်ငန်းတွေမှာ ပါဝင်ခဲ့တယ်။ အခု သူ အကြီးအကဲဖြစ်နေပြီး ဗေသလမှာ အမှုဆောင်နေတယ်။ ဘဝနဲ့ပတ်သက်ပြီး သူ ဘယ်လိုခံစားရသလဲ။ “‘ယေဟောဝါ ကောင်းမြတ်တာကို ကျွန်တော် မြည်းစမ်းပြီး သိမှတ်’ ခဲ့တယ်။ ကိုယ်တော့်ကောင်းချီးကြောင့် ကိုယ်တော့်အပေါ် အကြွေးတင်နေတယ်လို့ ခံစားရပြီး လုပ်ငန်းတော်မှာ ပိုပါဝင်ခဲ့တယ်။ ပိုပါဝင်တော့ ပိုကောင်းချီးရတယ်” လို့ သူပြောတယ်။

‘ယေဟောဝါကို ရှာသောသူတို့၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုရာ’ လို့ ဆာလံဆရာ ပြောတယ်။ (ဆာလံ ၃၄:၈-၁၀ ကိုဖတ်ပါ။) မှန်ပါတယ်။ ယေဟောဝါကို အကောင်းဆုံးပေးဆက်တဲ့အခါ ကိုယ်တော့်စိတ်တော်ကို ပျော်ရွှင်စေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ပျော်ရွှင်မှုအစစ်အမှန် ခံစားရတယ်။ ကျွန်တော်တို့ကို ကြည့်ရှုစောင့်ရှောက်မယ်ဆိုတဲ့ ကတိအတိုင်း ကိုယ်တော်လုပ်ဆောင်ပါလိမ့်မယ်။

အၡုံးမပေးပါနဲ့

၉၊ ၁၀။ ‘စိတ်ရှည်ရှည်စောင့်’ ဖို့ ဘာကြောင့် အရေးကြီးသလဲ။

ပန်းတိုင်ရောက်အောင် ကြိုးစားချိန်မှာ ‘စိတ်ရှည်ရှည်စောင့်’ ပါ။ (မိ. ၇:၇ကဘ) အခွင့်ထူးတွေရဖို့ ဒါမှမဟုတ် အခြေအနေတွေ အကောင်းဘက် ပြောင်းလဲလာဖို့ စောင့်နေရတာ ကြာနေပြီဆိုရင်ကော။ ဒီအခြေအနေတွေကို ယေဟောဝါ ခွင့်ပြုထားပေမဲ့ ကျွန်တော်တို့ကို အမြဲကူညီမယ်ဆိုတာ စိတ်ချနိုင်တယ်။ အာဗြဟံရဲ့ ပုံသက်သေကနေ သင်ယူနိုင်တယ်။ သားတစ်ယောက်ရမယ်လို့ သူ့ကို ယေဟောဝါ ကတိပေးပေမဲ့ ဣဇာက်မွေးလာဖို့ နှစ်ပေါင်းများစွာ စောင့်ခဲ့ရတယ်။ အဲဒီအချိန်အတွင်း အာဗြဟံဟာ စိတ်ရှည်ရှည်ထားပြီး ယေဟောဝါအပေါ် လုံးဝ အယုံအကြည်မပျက်ခဲ့ဘူး။—က. ၁၅:၃၊ ၄; ၂၁:၅; ဟေဗြဲ ၆:၁၂-၁၅

၁၀ စောင့်ရတာ မလွယ်ပါဘူး။ (သု. ၁၃:၁၂) ဒါပေမဲ့ စိတ်ပျက်စရာတွေကိုပဲ တွေးနေရင် စိတ်ဓာတ်ကျလာပါလိမ့်မယ်။ အဲဒီအစား ဘုရားရေးရာ အရည်အသွေးတွေ တိုးတက်လာဖို့ အချိန်ကို အကျိုးရှိရှိ အသုံးပြုနိုင်တယ်။

၁၁။ ဘယ်ဘုရားရေးရာ အရည်အသွေးတွေ မွေးမြူနိုင်သလဲ။ အဲဒီအရည်အသွေးတွေက ဘာကြောင့် အရေးကြီးသလဲ။

၁၁ ဘုရားရေးရာ အရည်အသွေးတွေ မွေးမြူပါ။ ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်ခြင်းအားဖြင့် ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ ချင့်ချိန်နိုင်စွမ်း၊ အသိပညာ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ရှိလာနိုင်တယ်။ အသင်းတော်ကို ဦးဆောင်သူတွေမှာ အဲဒီအရည်အသွေးတွေ လိုအပ်တယ်။ (သု. ၁:၁-၄ကဘ; တိ. ၁:၇-၉) ကျမ်းစာအခြေပြုစာပေတွေကို ဖတ်တဲ့အခါ ကိစ္စရပ်တွေကို ဘုရားသခင် ဘယ်လိုရှုမြင်တယ်ဆိုတာ သိလာနိုင်တယ်။ အဲဒီနောက် သိရှိလာတာတွေကို ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချရမှာ နေ့တိုင်း အသုံးပြုနိုင်တယ်။ ဥပမာ၊ တခြားသူတွေကို ဘယ်လို ပြုမူဆက်ဆံရမယ်၊ ငွေကြေး ဘယ်လို သုံးစွဲရမယ်၊ အဝတ်အစားနဲ့ ဖျော်ဖြေမှု ဘယ်လို ရွေးချယ်ရမယ်ဆိုတဲ့ ကိစ္စတွေဖြစ်တယ်။

၁၂။ အသင်းတော်မှာရှိသူတွေဟာ ယုံကြည်စိတ်ချထိုက်သူဖြစ်ကြောင်း ဘယ်လို သက်သေပြနိုင်သလဲ။

၁၂ ယုံကြည်စိတ်ချထိုက်သူဖြစ်ကြောင်း သက်သေပြပါ။ ဘုရားသခင့်လူမျိုးတွေ ဗိမာန်တော် ပြန်ဆောက်တုန်းက တာဝန်အသီးသီး ထမ်းဆောင်ဖို့ အမျိုးသားတွေကို နေဟမိ ခန့်အပ်ခဲ့တယ်။ ဘယ်သူတွေကို သူ ရွေးသလဲ။ ဘုရားကို ကြောက်ရွံ့သူ၊ ယုံကြည်စိတ်ချထိုက်သူတွေကို ဖြစ်တယ်။ (နေ. ၇:၂; ၁၃:၁၂၊ ၁၃ကဘ) ဒီနေ့ခေတ်မှာလည်း သစ္စာရှိသူ၊ အလုပ်ကြိုးစားသူတွေဟာ နာမည်ကောင်းရပြီး တာဝန်တွေ ထပ်ရရှိနိုင်တယ်။ (၁ ကော. ၄:၂) ဒါကြောင့် ညီအစ်ကိုဖြစ်စေ၊ ညီအစ်မဖြစ်စေ ဘာတာဝန်ပဲရရ အကောင်းဆုံးလုပ်ဆောင်သင့်တယ်။၁ တိမောသေ ၅:၂၅ ကိုဖတ်ပါ။

၁၃။ မတရားဆက်ဆံခံရတဲ့အခါ ယောသပ်ရဲ့ ပုံသက်သေကို ဘယ်လို လိုက်လျှောက်နိုင်သလဲ။

၁၃ ယေဟောဝါကို အားကိုးပါ။ တခြားသူတွေ သင့်ကို မတရားဆက်ဆံတဲ့အခါ ဘာလုပ်နိုင်သလဲ။ သင့်ခံစားချက်ကို ပြောပြနိုင်တယ်။ ဒါပေမဲ့ ပြောပြတဲ့အခါ လိပ်လို ကိုယ့်ဘက်ပဲကိုယ်ယက်ရင်တော့ ပြဿနာ ပိုဆိုးလာနိုင်တယ်။ ယောသပ်ရဲ့ ပုံသက်သေကနေ သင်ယူနိုင်တယ်။ သူဟာ အစ်ကိုတွေရဲ့ မတရားဆက်ဆံတာ ခံခဲ့ရတယ်။ မဟုတ်မမှန် စွပ်စွဲခံရလို့ အပြစ်မရှိဘဲ ထောင်ချခံရတယ်။ ဒါပေမဲ့ ယေဟောဝါကို ယောသပ် အားကိုးတယ်။ ယေဟောဝါရဲ့ ကတိတွေအကြောင်း စဉ်းစားပြီး ဆက်သစ္စာရှိခဲ့တယ်။ (ဆာ. ၁၀၅:၁၉) အဲဒီခက်ခဲချိန်တွေအတွင်း အရည်အသွေးကောင်းတွေ မွေးမြူနိုင်ခဲ့တယ်။ ဒါကြောင့် နောက်ပိုင်းရရှိမယ့် တာဝန်ကြီးအတွက် အရည်အချင်း ပြည့်မီလာတယ်။ (က. ၄၁:၃၇-၄၄; ၄၅:၄-၈) တခြားသူတွေ သင့်ကို မတရားဆက်ဆံတဲ့အခါ ဉာဏ်ပညာရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ဖို့၊ ကြင်ကြင်နာနာ ပြုမူပြောဆိုနိုင်ဖို့ ယေဟောဝါ ကူညီပေးပါလိမ့်မယ်။၁ ပေတရု ၅:၁၀ ကိုဖတ်ပါ။

အမှုဆောင်လုပ်ငန်းမှာ တိုးတက်နေပါ

၁၄၊ ၁၅။ (က) ဟောပြောနည်းကို ဘာကြောင့် “အမြဲဂရုပြု” နေရမလဲ။ (ခ) ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့အညီ ဘယ်လို အလိုက်သင့် လုပ်ဆောင်နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံနဲ့ “ နောက်နည်းတစ်နည်းကို သင် စမ်းသုံးကြည့်ချင်သလား” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၄ ကျမ်းစာသွန်သင်တဲ့နည်း ဆက်တိုးတက်အောင်လုပ်ဖို့ တိမောသေကို ပေါလု အားပေးပြီး “ကိုယ်ကိုလည်းကောင်း၊ ကိုယ့်သွန်သင်ခြင်းကိုလည်းကောင်း အမြဲဂရုပြုလျက်နေလော့” လို့ ပြောတယ်။ (၁ တိ. ၄:၁၃၊ ၁၆) တိမောသေ ဟောပြောလာတာ နှစ်ပေါင်းများစွာရှိပြီ။ ဒါဆို ဘာကြောင့် တိုးတက်အောင်လုပ်ဖို့ လိုအပ်သလဲ။ လူတွေ၊ အခြေအနေတွေ ပြောင်းလဲနေမှန်း သူသိတယ်။ သတင်းစကားကို လူတွေ နားထောင်ဖို့ဆိုရင် သူ့ရဲ့သွန်သင်ပုံ တိုးတက်ပြောင်းလဲနေဖို့ လိုတယ်။ ကျွန်တော်တို့လည်း အဲဒီလိုလုပ်ဖို့ လိုအပ်တယ်။

၁၅ ဒေသတချို့မှာ တစ်အိမ်တက်ဆင်း ဟောပြောတဲ့အခါ အိမ်တွေမှာ လူမရှိသလောက်ပဲ။ လူရှိရင်တောင် သူတို့နေတဲ့ အဆောက်အဦထဲ ဝင်လို့မရတာမျိုး ရှိတယ်။ သင့်ဒေသမှာလည်း အဲဒီလိုပဲဆိုရင် လူတွေကို တွေ့ဖို့ တခြားနည်းလမ်းတွေ စမ်းကြည့်နိုင်မလား။

၁၆။ လူထုရှေ့သက်သေခံခြင်းက ဘာကြောင့် ထိရောက်မှုရှိနိုင်သလဲ။

၁၆ လူထုရှေ့သက်သေခံခြင်းဟာ သတင်းကောင်းပျံ့နှံ့စေတဲ့ အကောင်းဆုံးနည်းတစ်ခုဖြစ်တယ်။ သက်သေခံများစွာဟာ ဘူတာရုံ၊ ကားဂိတ်၊ ဈေး၊ ကားရပ်နားတဲ့နေရာတွေမှာ သက်သေခံကြတယ်။ သက်သေခံတစ်ယောက်က လောလောလတ်လတ် သတင်းတစ်ပုဒ်အကြောင်း ပြောပြီး၊ သားသမီးတွေကို ချီးမွမ်းပြီး ဒါမှမဟုတ် အလုပ်အကြောင်း မေးပြီး စကားစပြောနိုင်တယ်။ စိတ်ဝင်စားပုံရတယ်ဆိုရင် ကျမ်းချက်တစ်ချက်လောက် ဖတ်ပြပြီး ဘယ်လိုထင်သလဲလို့ မေးနိုင်တယ်။ အများအားဖြင့် လူတွေက ကျမ်းစာအကြောင်း ပိုသိချင်လေ့ရှိတယ်။

၁၇၊ ၁၈။ (က) လူထုရှေ့သက်သေခံခြင်းမှာ ယုံကြည်စိတ်ချမှု သင် ဘယ်လိုရရှိနိုင်သလဲ။ (ခ) ဒါဝိဒ်ရဲ့ စကားက အမှုဆောင်လုပ်ငန်းမှာ သင့်ကို ဘယ်လို ထောက်ကူပေးသလဲ။

၁၇ လူထုရှေ့သက်သေခံခြင်းမှာ လူတွေကို စကားစပြောဖို့ ခက်တယ်လို့ ထင်ရင် အၡုံးမပေးပါနဲ့။ နယူးယောက်မြို့မှာနေတဲ့ ရှေ့ဆောင်ညီအစ်ကို အယ်ဒီလည်း အဲဒီလိုခံစားခဲ့ရတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိအောင် ကူညီပေးတဲ့အရာတစ်ခုကို သူတွေ့ရှိခဲ့တယ်။ “လူတွေရဲ့ ဆန့်ကျင်မှုနဲ့ တုံ့ပြန်ပုံအမျိုးမျိုးကို ဘယ်လို ပြန်ဖြေရမယ်ဆိုတာ မိသားစုဝတ်ပြုမှုမှာ ကျွန်တော့်ဇနီးနဲ့ ကျွန်တော် ရှာဖွေလေ့လာတယ်။ တခြားသက်သေခံတွေဆီမှာလည်း အကြံဉာဏ်တောင်းတယ်” လို့ သူပြောတယ်။ အခု လူထုရှေ့သက်သေခံခြင်းမှာ အယ်ဒီ ပျော်နေပြီ။

၁၈ အမှုဆောင်လုပ်ငန်းမှာ စွမ်းရည်နဲ့ ယုံကြည်စိတ်ချမှု ရှိလာတာနဲ့အမျှ သင့်တိုးတက်မှု ထင်ရှားလာပါလိမ့်မယ်။ (၁ တိမောသေ ၄:၁၅ ကိုဖတ်ပါ။) ‘ယေဟောဝါကို အချိန်တိုင်း ချီးမွမ်းမယ်။ မရပ်မနား ချီးမွမ်းမယ်။ ယေဟောဝါအကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောမယ်။ စိတ်နူးညံ့သူတွေ ကြားပြီး ဝမ်းမြောက်လိမ့်မယ်’ လို့ သီဆိုခဲ့တဲ့ ဒါဝိဒ်လို သင်လည်း ကောင်းကင်ဖခင်ကို ချီးမွမ်းမှာ သေချာပါတယ်။ (ဆာ. ၃၄:၁၊ ၂ကဘ) သင့်ရဲ့အမှုဆောင်လုပ်ငန်းအားဖြင့် စစ်မှန်တဲ့ဝတ်ပြုရေးမှာ စိတ်နူးညံ့သူတွေ ပါဝင်လာအောင် သင် ကူညီပေးနိုင်တယ်။

ဘုရားရေးရာဘက်မှာ တိုးတက်ခြင်းအားဖြင့် ယေဟောဝါကို ဆက်ချီးမွမ်းပါ

၁၉။ ခက်ခဲတဲ့ အခြေအနေတွေမှာတောင် ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေ ဘာကြောင့် ပျော်ရွှင်သင့်သလဲ။

၁၉ ‘အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတိုင်းဟာ ကိုယ်တော့်ကို ဂုဏ်တင်လိမ့်မယ်။ သစ္စာစောင့်သိသူတွေ ကိုယ်တော့်ကို ချီးမွမ်းလိမ့်မယ်။ မင်းအာဏာတော်ရဲ့ ဘုန်းတန်ခိုးအကြောင်း သူတို့ ကြေညာလိမ့်မယ်။ ကိုယ်တော်ရဲ့ အစွမ်းခွန်အားအကြောင်း ပြောဆိုပြီး၊ တန်ခိုးကြီးလုပ်ရပ်တွေ၊ မင်းအာဏာတော်ရဲ့ ခမ်းနားလှတဲ့ ဘုန်းတန်ခိုးတွေအကြောင်း လူတွေကို ကြားသိစေလိမ့်မယ်’ လို့လည်း ဒါဝိဒ် သီဆိုခဲ့တယ်။ (ဆာ. ၁၄၅:၁၀-၁၂ကဘ) ဘုရားသခင့် သစ္စာရှိ သက်သေခံအားလုံးမှာလည်း အဲဒီသဘောထားရှိတယ်။ ဒါပေမဲ့ ကျန်းမာရေး မကောင်းတာ၊ ဇရာထောင်းတာတွေကြောင့် အမှုဆောင်လုပ်ငန်းမှာ သင် အကန့်အသတ်ပဲ ပါဝင်နိုင်ရင် ဘယ်လိုလုပ်မလဲ။ သူနာပြု၊ ဆရာဝန် စတဲ့ သင့်ဝန်းကျင်မှာရှိသူ တစ်ယောက်ယောက်ကို ယေဟောဝါအကြောင်း ပြောပြတိုင်း ကိုယ်တော့်ကို ချီးမွမ်းနေတာဖြစ်မှန်း အမြဲသတိရပါ။ ယုံကြည်ချက်ကြောင့် သင် ထောင်ကျနေရင်လည်း အခြေအနေခွင့်ပြုသလောက် သက်သေခံနိုင်ပြီး ယေဟောဝါရဲ့စိတ်တော်ကို ရွှင်လန်းစေနိုင်တယ်။ (သု. ၂၇:၁၁) ယုံကြည်ခြင်းမတူသူတွေနဲ့ နေထိုင်ရရင်လည်း ယေဟောဝါကို ဝတ်ပြုနေရွေ့ သင့်ကို ကိုယ်တော် ချစ်မြတ်နိုးတယ်။ (၁ ပေ. ၃:၁-၄) သိပ်ခက်ခဲတဲ့ အခြေအနေတွေမှာတောင် ယေဟောဝါကို သင် ချီးမွမ်းနိုင်ပြီး ဆက်တိုးတက်နေနိုင်တယ်။

၂၀၊ ၂၁။ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ တာဝန်တွေ သင် ပိုရရှိလာတာက တခြားသူတွေအတွက် ဘယ်လိုနည်းနဲ့ ကောင်းချီးဖြစ်နိုင်သလဲ။

၂၀ ဘုရားရေးရာဘက်မှာ ဆက်တိုးတက်အောင် လုပ်ဆောင်နေရင် ယေဟောဝါ ကောင်းချီးပေးမှာ သေချာတယ်။ သင့်အစီအစဉ်ဇယား ဒါမှမဟုတ် ဘဝပုံစံကို အနည်းငယ် ပြုပြင်ပြောင်းလဲခြင်းအားဖြင့် ဘုရားကတိတွေအကြောင်း လူတွေသိအောင် ကူညီပေးနိုင်တဲ့ အခွင့်အရေး ပိုရရှိလာပါလိမ့်မယ်။ ညီအစ်ကိုညီအစ်မတွေကိုလည်း ပိုကူညီပေးနိုင်ပါလိမ့်မယ်။ အသင်းတော်မှာ သင် ကြိုးစားလုပ်ဆောင်တာကို ညီအစ်ကိုညီအစ်မတွေ မြင်တဲ့အခါ သင့်ကို ဘယ်လောက်ချစ်မယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါ။

၂၁ ယေဟောဝါကို ဝတ်ပြုလာတာ ဘယ်လောက်ပဲကြာနေပါစေ ကျွန်တော်တို့အားလုံး ဘုရားရေးရာဘက်မှာ ဆက်တိုးတက်နိုင်တယ်။ လူသစ်တွေကို ဘုရားရေးရာဘက် တိုးတက်လာအောင် ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာ နောက်ဆောင်းပါးမှာ လေ့လာကြပါမယ်။