မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရွှေထက် ပိုတန်ဖိုးရှိတဲ့အရာကို ရှာဖွေပါ

ရွှေထက် ပိုတန်ဖိုးရှိတဲ့အရာကို ရှာဖွေပါ

ရွှေခဲလေးတစ်ခု သင် ကောက်ရဖူးသလား။ ကောက်ရဖူးသူ သိပ်မရှိဘူး။ ဒါပေမဲ့ လူသန်းပေါင်းများစွာကတော့ ဒီထက်ပိုတန်ဖိုးရှိတာကို တွေ့ရှိထားကြတယ်။ အဲဒါကတော့ ‘ရွှေစင်နဲ့ ဝယ်လို့မရနိုင်’ တဲ့ ဘုရားရေးရာဉာဏ်ပညာပဲ။—ယောဘ ၂၈:၁၂၊ ၁၅၊ ကဘ။

စိတ်ရင်းမှန်တဲ့ ကျမ်းစာကျောင်းသားတွေဟာ ရွှေရှာဖွေရေးသမားတွေနဲ့ တော်တော်တူတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ဉာဏ်ပညာကို တွေ့ဖို့ဆိုရင် ကျမ်းစာကို သူတို့ အားစိုက်လေ့လာဖို့ လိုအပ်တယ်။ ရွှေရှာတဲ့ နည်းလမ်းသုံးခုကို လေ့လာခြင်းကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

ရွှေခဲတစ်ခဲ သင် တွေ့ရှိထား

မြစ်ကမ်းဘေး ဖြတ်လျှောက်သွားရင်း နေရောင်အောက်မှာ လက်နေတဲ့ ကျောက်ခဲလေးတစ်ခဲ သင် တွေ့လိုက်တယ်ဆိုပါစို့။ ကောက်ကြည့်လိုက်တော့ ရွှေခဲလေးဖြစ်နေလို့ သိပ်ပျော်သွားတယ်။ အဲဒီရွှေခဲက မီးခြစ်ဆံခေါင်းထက် ပိုသေးပြီး အရည်ကောင်းတဲ့ စိန်ထက် ပိုရှားတယ်။ ထပ်များတွေ့ဦးမလားလို့ ဝန်းကျင်ကို သင် ကြည့်မိတယ်။

အဲဒီလိုပဲ၊ ကျမ်းစာသတင်းတရား ပြောပြဖို့ ယေဟောဝါသက်သေတစ်ယောက် သင့်အိမ်ရှေ့ရောက်လာတဲ့နေ့၊ တစ်နည်းပြောရရင် ရွှေခဲလေးတစ်ခဲ ဦးဆုံးတွေ့မိတဲ့နေ့ကို သင် ကောင်းကောင်း အမှတ်ရနေမှာပါ။ ကျမ်းစာထဲမှာ ဘုရားသခင့်နာမည်ကို ဦးဆုံးအကြိမ် တွေ့ခဲ့တာ ဖြစ်နိုင်တယ်။ (ယေ. ၃၃:၂) ယေဟောဝါရဲ့ မိတ်ဆွေဖြစ်နိုင်မှန်း သိလာတာလည်း ဖြစ်နိုင်တယ်။ (ယာ. ၂:၂၃) ရွှေထက် ပိုတန်ဖိုးရှိတာကို ရှာတွေ့ထားမှန်း သင် ချက်ချင်း သိလိုက်တယ်။ ဘုရားရေးရာ ရွှေခဲတွေကို သင် နောက်ထပ်ရှာဖွေချင်စိတ် ပြင်းပြနေပါလိမ့်မယ်။

ထပ်တွေ့ရှိ

ရွှေမှုန်ရွှေမွှားတွေဟာ တစ်ခါတလေ မြစ်ချောင်းတွေထဲမှာ စုဝေးနေလေ့ရှိတယ်။ အလုပ်ကြိုးစားတဲ့ ရှာဖွေရေးသမားတွေဟာ အဲဒီလိုနေရာတွေမှာ ဒေါ်လာထောင်ပေါင်းများစွာ တန်ဖိုးရှိတဲ့ ရွှေပိဿာပေါင်းများစွာကို လအနည်းငယ်အတွင်း ရှာဖွေနိုင်ကြတယ်။

သင်လည်း ယေဟောဝါသက်သေ တစ်ယောက်ယောက်နဲ့ ကျမ်းစာစလေ့လာချိန်မှာ ရွှေကျင်နေသူတစ်ယောက်လို ခံစားမိနိုင်တယ်။ ကျမ်းချက် တစ်ချက်ပြီးတစ်ချက်ကို တွေးတောဆင်ခြင်တာက အသိပညာတိုးစေပြီး ဘုရားနဲ့ ဆက်ဆံရေး ပိုကောင်းစေနိုင်တယ်။ အဲဒီအဖိုးတန် ကျမ်းစာအမှန်တရားတွေကို ဝီရိယရှိရှိ တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါနဲ့ ရင်းနှီးအောင် ဘယ်လိုလုပ်ရမယ်၊ ထာဝရအသက်ကို ရည်မျှော်ရင်း ဘုရားသခင့်မေတ္တာ ဆက်ခံစားရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိလာတယ်။—ယာ. ၄:၈; ယု. ၂၀၊ ၂၁

ရွှေကို ရှာတွေ့ဖို့ အစွမ်းကုန်ကြိုးစားတဲ့ ရွှေရှာဖွေရေးသမားလိုပဲ အဖိုးတန်ကျမ်းစာအမှန်တရားတွေ ရှာတွေ့ဖို့ သင် ကြိုးစားအားထုတ်နေသလား

ရွှေရှာဖွေရေးသမားတစ်ယောက်ဟာ အဖိုးတန်ရွှေကို ကြိုးစားရှာသလို သင်လည်း အဖိုးတန်ဘုရားရေးရာဘဏ္ဍာကို ဝီရိယရှိရှိ ကြိုးစားရှာခဲ့တာဖြစ်နိုင်တယ်။ အခြေခံကျမ်းစာအမှန်တရားတွေကို သိလာပြီးနောက် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အဆင့်ကို တက်လှမ်းဖို့ သင် လှုံ့ဆော်ခံခဲ့ရနိုင်တယ်။—မ. ၂၈:၁၉၊ ၂၀

ဆက်ရှာနေပါ

ရွှေရှာဖွေရေးသမားတစ်ယောက်ဟာ မီးသင့်ကျောက်တွေထဲမှာ ရွှေစလေးတွေ တွေ့ရှိနိုင်တယ်။ အဲဒီကျောက်တွေထဲမှာ ရွှေတွေ ပါဝင်ဖွဲ့စည်းနေတဲ့အတွက် အရိုင်းတုံးကို တူးပြီး ရွှေကို ထုတ်ယူကြတယ်။ အပေါ်ယံကြည့်ရုံနဲ့တော့ အရိုင်းတုံးထဲမှာ ရွှေကို မမြင်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အရည်အသွေးမြင့် အရိုင်းတုံး တစ်တန်မှာ ရွှေ ၀.၃ အောင်စ (၁၀ ဂရမ်) ပဲ ပါဝင်လို့ပဲ။ ဒါပေမဲ့ ရွှေရှာဖွေရေးသမားအတွက် ကြိုးစားရကျိုးနပ်ပါတယ်။

လူတစ်ယောက်လည်း “ခရစ်တော်နှင့်ဆိုင်သော အခြေခံအယူဝါဒများ” ကို သိလာပြီးနောက် ဆက်ကြိုးစားနေဖို့ လိုအပ်တယ်။ (ဟေဗြဲ ၆:၁၊ ၂) ကိုယ်ပိုင်ကျမ်းစာလေ့လာမှုကနေ အချက်အလက်အသစ်တွေ၊ လက်တွေ့ကျသင်ခန်းစာတွေ ထုတ်နုတ်ဖို့ ကြိုးစားအားထုတ်ရမယ်။ ကျမ်းစာလေ့လာတာ နှစ်ပေါင်းများစွာ ရှိနေပြီဆိုရင်တောင် တိုးတက်တဲ့ ကိုယ်ပိုင်ကျမ်းစာလေ့လာမှု ဖြစ်ဖို့ ဘာလုပ်နိုင်သလဲ။

သင်ယူချင်စိတ် ပြင်းပြနေပါ။ အသေးစိတ်အချက်အလက်တွေကို အာရုံစိုက်ပါ။ ဆက်ကြိုးစားအားထုတ်ပါ။ ဒါဆို အဖိုးတန်ကျမ်းစာ ဉာဏ်ပညာနဲ့ လမ်းညွှန်ချက်တွေကို တွေ့ရှိပါလိမ့်မယ်။ (ရော. ၁၁:၃၃) ကျမ်းစာအသိပညာတိုးများလာဖို့ သင့်ဘာသာစကားနဲ့ ရရှိနိုင်တဲ့ ရှာဖွေလေ့လာရေး ကိရိယာတွေကို ကောင်းကောင်းအသုံးပြုပါ။ သင်လိုအပ်တဲ့ လမ်းညွှန်ချက်နဲ့ ကျမ်းစာမေးခွန်းတွေရဲ့ အဖြေတွေကို စိတ်ရှည်ရှည် ရှာဖွေပါ။ ဘယ်ကျမ်းချက်တွေ၊ ဆောင်းပါးတွေက အထူးအထောက်အကူပြုသလဲ၊ အားပေးမှုဖြစ်စေသလဲလို့ တခြားသူတွေကို မေးကြည့်ပါ။ သင့်ကိုယ်ပိုင်ကျမ်းစာလေ့လာမှုမှာ ရှာဖွေတွေ့ရှိတဲ့ စိတ်ဝင်စားစရာအချက်တွေကို ဝေမျှပါ။

ဒါပေမဲ့ သင့်ပန်းတိုင်က အသိပညာတိုးဖို့လောက်ပဲ မဟုတ်ဘူး။ “အသိပညာသည် ထောင်လွှားစေတတ်၏” လို့ တမန်တော်ပေါလု သတိပေးတယ်။ (၁ ကော. ၈:၁) ဒါကြောင့် နှိမ့်ချနေဖို့၊ ယုံကြည်ခြင်း ခိုင်မာနေဖို့ ကြိုးစားအားထုတ်ပါ။ ပုံမှန် မိသားစုဝတ်ပြုမှုလုပ်တာ၊ ကိုယ်ပိုင်ကျမ်းစာလေ့လာတာက ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်ဖို့၊ တခြားသူတွေကို ကူညီပေးဖို့ သင့်ကို လှုံ့ဆော်ပေးပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ရွှေထက် ပိုတန်ဖိုးရှိတဲ့အရာကို တွေ့ရှိထားလို့ သင် ပျော်ရွှင်ပါလိမ့်မယ်။—သု. ၃:၁၃၊ ၁၄