မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ရေးကို အောင်မြင်စေခြင်း

အိမ်ထောင်ရေးကို အောင်မြင်စေခြင်း

“သင်တို့အသီးသီးသည် ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ကိုယ့်ဇနီးကို ချစ်ကြလော့။ ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏။” —ဧ. ၅:၃၃

သီချင်း– ၈၇၊

၁။ အိမ်ထောင်ဟာ ပျော်ရွှင်မှုနဲ့ စလေ့ရှိပေမဲ့ အိမ်ထောင်ပြုသူတွေ ဘာမျှော်လင့်ထားနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သားနဲ့ သတို့သမီး ပျော်မဆုံးနိုင်အောင် ဖြစ်နေကြတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်လွန်းလို့ သစ္စာရှိရှိ လက်တွဲသွားပါ့မယ်လို့ သစ္စာကတိပြုဖို့ အသင့်ပဲ။ အိမ်ထောင်ပြုပြီးနောက် ဘဝသစ်တည်ဆောက်တဲ့အခါ နှစ်ယောက်စလုံးမှာ ပြုပြင်ပြောင်းလဲစရာတွေတော့ ရှိတယ်။ အိမ်ထောင်အစပြုရှင် ယေဟောဝါဟာ ဇနီးမောင်နှံတိုင်းကို အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝ ပိုင်ဆိုင်စေချင်တာမို့ ကျမ်းစာမှာ အကြံဉာဏ်ကောင်းတွေ ပေးထားတယ်။ (သု. ၁၈:၂၂) ဒါပေမဲ့ မစုံလင်တဲ့အိမ်ထောင်မှာ ပြဿနာတွေရှိမယ်၊ ‘ကာယဆင်းရဲဒုက္ခခံရ’ မယ်လို့ ကျမ်းစာပြောတယ်။ (၁ ကော. ၇:၂၈) ပြဿနာ အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်နိုင်သလဲ။ အိမ်ထောင်အောင်မြင်ဖို့ ဘာလုပ်နိုင်သလဲ။

၂။ အိမ်ထောင်ဖက်တွေဟာ ဘယ်လိုမေတ္တာတွေကို တင်ပြသင့်သလဲ။

မေတ္တာဟာ အရေးကြီးအရည်အသွေးဖြစ်တယ်လို့ ကျမ်းစာသွန်သင်တယ်။ အိမ်ထောင်မှာ တင်ပြဖို့ လိုအပ်တဲ့ မေတ္တာ အမျိုးမျိုးရှိတယ်။ ဥပမာ၊ အိမ်ထောင်မှာ ချစ်ခင်ယုယမှု (ဂရိ၊ ဖီလီယာ) နဲ့ လင်မယားမေတ္တာ (အီရော့စ်) ရှိဖို့ လိုတယ်။ သားသမီးတွေရလာတဲ့အခါ မိသားစုမေတ္တာ (စတော့ဂျီ) ရှိဖို့ ပိုအရေးကြီးလာတယ်။ ဒါပေမဲ့ အိမ်ထောင်ကို တကယ်အောင်မြင်စေတာကတော့ ကျမ်းစာမူတွေပေါ် အခြေခံတဲ့ မေတ္တာ (အဂါးပေး) ပဲ။ “သင်တို့အသီးသီးသည် ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ကိုယ့်ဇနီးကို ချစ်ကြလော့။ ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏” လို့ တမန်တော်ပေါလု ပြောတဲ့အခါ အဲဒီမေတ္တာကို ရည်ညွှန်းတယ်။—ဧ. ၅:၃၃

အိမ်ထောင်ဖက်တွေရဲ့ တာဝန်တွေကို အနီးကပ်သုံးသပ်ခြင်း

၃။ အိမ်ထောင်မှာ မေတ္တာ ဘယ်လောက် ခိုင်မြဲသင့်သလဲ။

“ခင်ပွန်းဖြစ်သူတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်သဖြင့် အသင်းတော်အတွက် အသက်စွန့်တော်မူသကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့” လို့ ပေါလုပြောတယ်။ (ဧ. ၅:၂၅) တပည့်တွေကို ယေရှုချစ်သလို အချင်းချင်း ချစ်ခြင်းအားဖြင့် ယေရှုရဲ့စံနမူနာကို ဒီနေ့ခေတ်ခရစ်ယာန်တွေ လိုက်လျှောက်နေကြတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅ နဲ့ ၁၅:၁၂၊ ၁၃ တို့ကိုဖတ်ပါ။) ခရစ်ယာန်အိမ်ထောင်သည်တွေဟာ ကိုယ့်အိမ်ထောင်ဖက်အတွက် အသေခံဝံ့တဲ့အထိ အချစ်ကြိုး ခိုင်မြဲသင့်တယ်။ ဒါပေမဲ့ အိမ်ထောင်မှာ ပြဿနာကြီးတွေ ပေါ်လာတဲ့အခါ ကိုယ့်အိမ်ထောင်ဖက်ကို အဲဒီလောက်မချစ်ပါလားလို့ တချို့ ခံစားရနိုင်တယ်။ သူတို့ကို ဘာက ကူညီပေးနိုင်သလဲ။ ကျမ်းစာမူတွေပေါ် အခြေခံတဲ့ မေတ္တာပဲ။ အဲဒီမေတ္တာက ‘အရာရာကို သည်းခံတတ်တယ်။ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်တတ်တယ်။ အရာရာကို ခံရပ်နိုင်ပြီး အစဉ်တည်တယ်။’ (၁ ကော. ၁၃:၇၊ ၈) အချင်းချင်းကို ချစ်ဖို့၊ သစ္စာရှိဖို့ သစ္စာကတိပြုထားတာကို အမှတ်ရနေရခြင်းက ယေဟောဝါရဲ့ အကူအညီကို ရှာဖို့၊ ဘယ်ပြဿနာကိုမဆို လက်တွဲဖြေရှင်းဖို့ ခရစ်ယာန်အိမ်ထောင်သည်တွေကို လှုံ့ဆော်ပေးပါလိမ့်မယ်။

၄၊ ၅။ (က) အိမ်ထောင်ဦးစီးအနေနဲ့ လင်ယောက်ျားရဲ့ တာဝန်က ဘာလဲ။ (ခ) ဦးစီးမှုကို ဇနီးဖြစ်သူ ဘယ်လို သဘောထားသင့်သလဲ။ (ဂ) ဇနီးမောင်နှံတစ်စုံဟာ ဘာတွေ ပြုပြင်ပြောင်းလဲခဲ့ရသလဲ။

အိမ်ထောင်ဖက်တွေရဲ့ တာဝန်အသီးသီးကို ပေါလု အခုလိုဖော်ပြတယ်– “ဇနီးဖြစ်သူတို့၊ သခင်ကိုလက်အောက်ခံသကဲ့သို့ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့။ ခရစ်တော်သည် . . . အသင်းတော်၏ ဦးခေါင်းဖြစ်တော်မူသကဲ့သို့ ခင်ပွန်းသည် ဇနီး၏ဦးခေါင်းဖြစ်၏။” (ဧ. ၅:၂၂၊ ၂၃) ဒီလိုပြောလို့ ခင်ပွန်းက ဇနီးထက် ပိုသာတယ်လို့ မဆိုလိုဘူး။ ဇနီးရဲ့ အဖိုးတန်အခန်းကဏ္ဍကို ယေဟောဝါ အခုလိုပြောတယ်– “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သောအထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်။” (က. ၂:၁၈) အိမ်ထောင်ဦးစီးကောင်းဖြစ်ဖို့ ခင်ပွန်းကို ဇနီးဖြစ်သူ ကူညီပေးသင့်တယ်။ လင်ယောက်ျားတွေလည်း “အသင်းတော်၏ ဦးခေါင်း” ယေရှုရဲ့ မေတ္တာစံနမူနာကို လိုက်နာသင့်တယ်။ ဒါဆို ဇနီးအနေနဲ့ လုံခြုံမှုခံစားရမှာဖြစ်ပြီး ယောက်ျားကို လေးစားဖို့၊ ထောက်မဖို့ ပိုလွယ်ကူပါလိမ့်မယ်။

ဖရက်နဲ့ အိမ်ထောင်ကျနေတဲ့ ကေသီ [၁] အခုလိုပြောတယ်– “အပျိုတုန်းကတော့ ကိုယ့်စိတ်ကြိုက်နေပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်တယ်။ အိမ်ထောင်ကျပြီးနောက်မှာတော့ ကိုယ့်ယောက်ျားကို အားကိုးတတ်ဖို့ သင်ယူရင်း ပြုပြင်ပြောင်းလဲခဲ့ရတယ်။ အမြဲတော့ မလွယ်ပေမဲ့ ကိစ္စရပ်တွေကို ယေဟောဝါရဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်တဲ့အခါ အချင်းချင်း ပိုရင်းနှီးလာတယ်။” ဖရက်လည်း အခုလိုပြောတယ်– “ဆုံးဖြတ်ချက်ချရတာ ကျွန်တော့်အတွက် တော်တော်ခက်တယ်။ အိမ်ထောင်မှာ နှစ်ယောက်အတွက် ထည့်စဉ်းစားရတော့ ပိုဆိုးတာပေါ့။ ဒါပေမဲ့ ယေဟောဝါရဲ့ လမ်းညွှန်မှုရဖို့ ဆုတောင်းပြီး ဇနီးပြောတာကို သေချာနားထောင်တဲ့အခါ ပိုလွယ်လာတယ်။ နှစ်ယောက်သား တကယ့်ရဲဘော်ရဲဘက်လို ခံစားလာရတယ်။”

၆။ အိမ်ထောင်မှာ ပြဿနာတွေ ပေါ်လာတဲ့အခါ မေတ္တာဟာ ဘယ်လိုနည်းနဲ့ “စည်းလုံးခြင်းအတွက် ခိုင်မြဲသော နှောင်ကြိုး” ဖြစ်သလဲ။

‘အချင်းချင်း ဆက်သည်းခံပြီး အကြွင်းမဲ့ခွင့်လွှတ်’ မယ်ဆိုရင် အိမ်ထောင်ခိုင်မြဲနိုင်ပါတယ်။ မစုံလင်တဲ့အတွက် အိမ်ထောင်ဖက်နှစ်ယောက်စလုံး အမှားတွေ လုပ်မိနိုင်တယ်။ အဲဒီအခါ အမှားတွေကနေ သင်ယူနိုင်တယ်။ ခွင့်လွှတ်ဖို့ သင်ယူနိုင်ပြီး ကျမ်းစာမူတွေပေါ် အခြေခံတဲ့ မေတ္တာ တင်ပြနိုင်တယ်။ မေတ္တာဟာ “စည်းလုံးခြင်းအတွက် ခိုင်မြဲသော နှောင်ကြိုး” ဖြစ်တယ်။ (ကော. ၃:၁၃၊ ၁၄) အဲဒီအပြင် ‘စိတ်ရှည်တတ်တယ်၊ ကြင်နာတတ်တယ်၊ . . . ထိခိုက်နစ်နာမှုကို မှတ်မထားတတ်’ ဘူး။ (၁ ကော. ၁၃:၄၊ ၅) ဘယ်ပြဿနာကိုမဆို တစ်နေ့တာ မကုန်ခင် အမြန်ဆုံး ဖြေရှင်းသင့်တယ်။ (ဧ. ၄:၂၆၊ ၂၇) “စိတ်ထိခိုက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်” လို့ပြောဖို့ နှိမ့်ချမှုနဲ့ သတ္တိ လိုအပ်တယ်။ ဒါပေမဲ့ အဲဒီလိုပြောခြင်းက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ အချင်းချင်း ပိုရင်းနှီးလာဖို့ ကူညီပေးတယ်။

ယုယဖို့ အထူးလိုအပ်

၇၊ ၈။ (က) အိမ်ထောင်ရဲ့ လိင်ကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်အကြံဉာဏ်ပေးထားသလဲ။ (ခ) အိမ်ထောင်ဖက် အချင်းချင်း ဘာကြောင့် ယုယုယယ ဆက်ဆံဖို့ လိုအပ်သလဲ။

အိမ်ထောင်မှာ လိင်နဲ့ပတ်သက်ပြီး အမြင်မှန်ရှိဖို့ ကျမ်းစာအကြံဉာဏ်တွေက ကူညီပေးနိုင်တယ်။ (၁ ကောရိန္သု ၇:၃–၅ ကိုဖတ်ပါ။) ကိုယ့်အိမ်ထောင်ဖက်ရဲ့ ခံစားချက်နဲ့ လိုအပ်ရာတွေကို ထည့်စဉ်းစားဖို့ အရေးကြီးတယ်။ လင်ယောက်ျားက ဇနီးကို ယုယုယယ မဆက်ဆံဘူးဆိုရင် ဇနီးအနေနဲ့ လိင်မှုပြုတာကို သာယာနိုင်မှာ မဟုတ်ဘူး။ “အသိပညာနှင့်အညီ” ဇနီးကို ဆက်ဆံသင့်တယ်။ (၁ ပေ. ၃:၇) လိင်မှုကိစ္စကို မရမနေ အတင်းအကျပ် တောင်းဆိုတာမျိုး ဘယ်တော့မှ မလုပ်သင့်ဘူး။ ဒါဟာ စိတ်လိုကိုယ်လျောက် ဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ ယောက်ျားတွေဟာ မိန်းမတွေထက် လိင်စိတ်နိုးကြွတာ ပိုမြန်လေ့ရှိပေမဲ့ နှစ်ယောက်စလုံး စိတ်ခံစားမှု အသင့်ဖြစ်မှ အတူနေသင့်တယ်။

လိင်မှုကိစ္စမတိုင်မီနဲ့ အတောအတွင်း ချစ်ခင်မှုပြတဲ့ အပြုအမူပုံစံတွေ၊ ကန့်သတ်ချက်တွေကို ကျမ်းစာမှာ တိတိကျကျ စည်းမျဉ်း မသတ်မှတ်ထားဘူး။ ဒါပေမဲ့ ချစ်ခင်ယုယမှုပြဖို့ အရေးကြီးတာကိုတော့ ဖော်ပြထားတယ်။ (သီ. ၁:၂; ၂:၆) အိမ်ထောင်ဖက်တွေဟာ အချင်းချင်းကို ယုယုယယ ဆက်ဆံသင့်တယ်။

၉။ အိမ်ထောင်ဖက်မဟုတ်သူနဲ့ လိင်မှုဖောက်ပြားတာက ဘာကြောင့် မေတ္တာမဲ့ရာကျသလဲ။

ဘုရားသခင်နဲ့ လူသားချင်းကို နှစ်နှစ်ကာကာချစ်ရင် အိမ်ထောင်ကို ထိခိုက်စေနိုင်တဲ့ ဘယ်အရာ၊ ဘယ်သူ့ကိုမှ ကျွန်တော်တို့ ခွင့်ပြုမှာမဟုတ်ဘူး။ တချို့က ညစ်ညမ်းရုပ်ပုံကြည့်တဲ့အကျင့် စွဲနေခြင်းအားဖြင့် အိမ်ထောင်ရေးကို ချည့်နဲ့၊ ပြိုကွဲစေကြတယ်။ အဲဒီအကျင့် ဒါမှမဟုတ် အိမ်ထောင်ဖက်မဟုတ်သူနဲ့ လိင်အကျင့်ယိုယွင်းမှုအမျိုးမျိုးကို ပြတ်ပြတ်သားသား တွန်းလှန်ရမယ်။ ကိုယ့်အိမ်ထောင်ဖက်မဟုတ်သူ တစ်ယောက်ယောက်ကို အီစီကစီလုပ်ခြင်းက မေတ္တာမဲ့ရာကျတဲ့အတွက် အီစီကလီလုပ်နေတယ်လို့ ထင်စေနိုင်တဲ့ အရာမှန်သမျှကို ရှောင်ရမယ်။ ကိုယ့်ရဲ့ အတွေးနဲ့ လုပ်ရပ်မှန်သမျှကို ဘုရားသခင် သိတယ်ဆိုတာ အမှတ်ရ,ရမယ်။ ဒါက ဘုရားစိတ်တော်နဲ့ တွေ့ချင်စိတ် တိုးများအောင်၊ အိမ်ထောင်ဖက်ကို ဆက်သစ္စာရှိနေအောင် ကူညီပေးပါလိမ့်မယ်။မဿဲ ၅:၂၇၊ ၂၈ နဲ့ ဟေဗြဲ ၄:၁၃ တို့ကိုဖတ်ပါ။

ပြဿနာတွေ ပေါ်လာတဲ့အခါ

၁၀၊ ၁၁။ (က) ကွာရှင်းတာ ဘယ်လောက် အဖြစ်များနေသလဲ။ (ခ) ခွဲနေတာနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ။ (ဂ) စိတ်မြန်လက်မြန် ခွဲမနေဖို့ ဘာက ကူညီပေးမလဲ။

၁၀ ကြီးလေးတဲ့ပြဿနာတွေကို ဖြေရှင်းလို့မရတဲ့အခါ ခွဲနေဖို့ ဒါမှမဟုတ် ကွာရှင်းဖို့ တချို့ ဆုံးဖြတ်နိုင်တယ်။ နိုင်ငံတချို့မှာ အိမ်ထောင်စုစုပေါင်းရဲ့ တစ်ဝက်ကျော်လောက်က ကွာရှင်းကြတယ်။ ခရစ်ယာန်အသင်းတော်မှာ အဲဒီလောက်တော့ မဆိုးပေမဲ့ ပြဿနာဖြစ်တဲ့ အိမ်ထောင်သည်တွေ တိုးများလာနေတာ စိုးရိမ်စရာပဲ။

၁၁ “ဇနီးသည် ခင်ပွန်းနှင့် မခွဲခွာသင့်။ ခွဲခွာလျှင်မူကား အိမ်ထောင်မပြုဘဲ နေစေ။ သို့မဟုတ်လျှင် မိမိခင်ပွန်းနှင့် ပြန်လည်ပေါင်းသင်းပါစေ။ ခင်ပွန်းသည်လည်း ဇနီးကို ပစ်မထားသင့်” လို့ ကျမ်းစာမှာ အကြံပေးထားတယ်။ (၁ ကော. ၇:၁၀၊ ၁၁) ပြဿနာကြီးလွန်းလို့ ခွဲနေမှ ဖြစ်တော့မယ်လို့ ဇနီးမောင်နှံတချို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ ခွဲနေတာကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ တစ်ခါတလေ ခွဲနေလိုက်လို့ ပြဿနာပိုဆိုးလာတတ်တယ်။ ယေရှုက အိမ်ထောင်နဲ့ပတ်သက်ပြီး ဘုရားသခင် ပြောခဲ့တာကို ပြန်ပြောပြီးနောက် “ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်” လို့ ပြောခဲ့တယ်။ (မ. ၁၉:၃-၆; က. ၂:၂၄) ယေဟောဝါက လင်မယားနှစ်ယောက်ကို မခွဲအတူ ရှိနေစေချင်တယ်။ (၁ ကော. ၇:၃၉) ကိုယ့်လုပ်ရပ်တွေအတွက် ယေဟောဝါရှေ့ စာရင်းရှင်းရမယ်ဆိုတာ သတိရခြင်းက ပြဿနာတွေ ပိုမဆိုးခင် အမြန်ဆုံးဖြေရှင်းဖို့ ကူညီပေးနိုင်တယ်။

၁၂။ ခွဲနေဖို့ ဘာကြောင့် စဉ်းစားလာနိုင်သလဲ။

၁၂ အိမ်ထောင်တချို့မှာ ဘာကြောင့် ပြဿနာဖြစ်ရသလဲ။ တချို့က မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်ပျက်၊ ဒေါသထွက်ပြီး အလိမ်ခံရတယ်လို့ ခံစားရနိုင်တယ်။ စိတ်လှုပ်ရှားမှုအခြေအနေ ဒါမှမဟုတ် ကြီးပြင်းလာတဲ့နောက်ခံ မတူတာကြောင့်လည်း ပြဿနာဖြစ်နိုင်တယ်။ ငွေကြေးကိစ္စ၊ ယောက္ခမ၊ ယောက်မ၊ ယောက်ဖ စတဲ့ ဆွေမျိုးကိစ္စ၊ သားသမီးကိစ္စတွေကြောင့်လည်း ကတောက်ကဆတ် ဖြစ်နိုင်တယ်။ ခရစ်ယာန်အိမ်ထောင်သည် အများစုကတော့ ဘုရားသခင့် လမ်းညွှန်မှုကို လိုက်နာတဲ့အတွက် ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့တာ ချီးမွမ်းစရာပဲ။

၁၃။ ခွဲနေဖို့ ဘယ်ခိုင်လုံတဲ့အကြောင်းရင်းတွေ ရှိသလဲ။

၁၃ ခွဲနေဖို့ ခိုင်လုံတဲ့အကြောင်းရင်းတွေ ရှိနေနိုင်တယ်။ တမင်သက်သက် ငွေကြေး မထောက်ပံ့တာ၊ အလွန်အမင်း ရိုက်နှက်နှိပ်စက်တာ၊ စစ်မှန်တဲ့ဝတ်ပြုရေးမှာ မပါဝင်ဖို့ လုံးလုံး တားဆီးတာတွေကြောင့် ခွဲနေဖို့ တချို့ ဆုံးဖြတ်ကြတယ်။ အိမ်ထောင်ရေးပြဿနာ ကြီးကြီးမားမားရှိနေရင် အကြီးအကဲတွေဆီ အကူအညီတောင်းသင့်တယ်။ ဒီအတွေ့အကြုံရှိညီအစ်ကိုတွေဟာ အိမ်ထောင်သည်တွေကို ကျမ်းစာအကြံဉာဏ်အတိုင်း လိုက်လျှောက်ဖို့ ကူညီပေးနိုင်တယ်။ အိမ်ထောင်သည်တွေကိုယ်တိုင်လည်း သန့်ရှင်းသောစွမ်းအားတော် ရဖို့ ဆုတောင်းမယ်ဆိုရင် ကျမ်းစာမူတွေကို ကျင့်သုံးနိုင်ဖို့၊ ခရစ်ယာန်အရည်အသွေးတွေ တင်ပြနိုင်ဖို့ အကူအညီရရှိပါလိမ့်မယ်။—ဂလ. ၅:၂၂၊ ၂၃ [၂]

၁၄။ ယေဟောဝါကို ဝတ်မပြုတဲ့ အိမ်ထောင်ဖက်ရှိတဲ့ ခရစ်ယာန်တွေကို ကျမ်းစာ ဘာပြောထားသလဲ။

၁၄ ယေဟောဝါကို ဝတ်မပြုတဲ့ အိမ်ထောင်ဖက်ဖြစ်နေရင်တောင် သူနဲ့ဆက်ပေါင်းဖို့ ကျမ်းစာမှာ အကြောင်းရင်းတွေ ဖော်ပြထားတယ်။ (၁ ကောရိန္သု ၇:၁၂–၁၄ ကိုဖတ်ပါ။) မယုံကြည်တဲ့အိမ်ထောင်ဖက်ဟာ ဘုရားသခင့်ကျေးကျွန်နဲ့ အိမ်ထောင်ပြုထားလို့ “သန့်ရှင်း” တယ်။ သူတို့ကနေ မွေးလာတဲ့ သားသမီးတွေလည်း “စင်ကြယ်” ပြီး ဘုရားသခင့်ကာကွယ်မှုအောက်မှာ ရှိတယ်။ “အသင်ဇနီးဖြစ်သူ၊ သင်သည် ကိုယ့်ခင်ပွန်းကို ကယ်တင်နိုင်မည်ဟု မည်သို့သိသနည်း။ အသင်ခင်ပွန်းဖြစ်သူ၊ သင်သည် ကိုယ့်ဇနီးကို ကယ်တင်နိုင်မည်ဟု မည်သို့သိသနည်း” လို့ ပေါလုပြောတယ်။ (၁ ကော. ၇:၁၆) ယေဟောဝါကို ဝတ်ပြုသူဖြစ်လာအောင် အိမ်ထောင်ဖက်တွေကို ကူညီပေးခဲ့တဲ့ ခရစ်ယာန်အိမ်ထောင်သည် များစွာရှိတယ်။

၁၅၊ ၁၆။ (က) မယုံကြည်သူအိမ်ထောင်ဖက်ရှိတဲ့ ခရစ်ယာန်ဇနီးတွေကို ကျမ်းစာမှာ ဘယ်အကြံဉာဏ် ပေးထားသလဲ။ (ခ) ‘မယုံကြည်သူက ခွဲခွာ’ ချင်တဲ့အခါ ခရစ်ယာန်တစ်ယောက် ဘာလုပ်သင့်သလဲ။

၁၅ ခင်ပွန်းကို လက်အောက်ခံမယ်ဆိုရင် “တရားစကားတော်ကို မနာခံသူအချို့ရှိလျှင်ပင် တစ်ခွန်းမျှပြောရန်မလိုဘဲ သင်တို့၏အမူအကျင့်အားဖြင့် သူတို့ကိုရလိမ့်မည်။ အကြောင်းမူကား သင်တို့၏ စင်ကြယ်သောအမူအကျင့်နှင့် အလွန်ရိုသေလေးစားမှုကို သူတို့မြင်သောကြောင့်ဖြစ်၏” လို့ ခရစ်ယာန်ဇနီးတွေကို တမန်တော်ပေတရုပြောတယ်။ သူတို့က တစ်ချိန်လုံး တရားဟောနေမယ့်အစား ‘ဘုရားသခင့်ရှေ့တော်မှာ အလွန်အဖိုးထိုက်တဲ့ နူးညံ့ငြိမ်သက်ခြင်းသဘော’ ကို တင်ပြခြင်းအားဖြင့် အမှန်တရားလက်ခံလာအောင် ခင်ပွန်းကို ကူညီပေးနိုင်တယ်။—၁ ပေ. ၃:၁-၄

၁၆ မယုံကြည်တဲ့ အိမ်ထောင်ဖက်က ခွဲနေဖို့ ရွေးချယ်တယ်ဆိုရင်ကော။ “မယုံကြည်သူသည် ခွဲခွာလိုလျှင် ခွဲခွာသွားပါစေ။ ထိုသို့သောအခြေအနေမျိုးတွင် ညီအစ်ကိုဖြစ်စေ၊ ညီအစ်မဖြစ်စေ ချည်နှောင်ခြင်းမရှိ။ ဘုရားသခင်သည် သင်တို့ကို ငြိမ်သက်ခြင်း၌ ခေါ်တော်မူပြီ” လို့ ကျမ်းစာပြောတယ်။ (၁ ကော. ၇:၁၅) ခွဲနေလိုက်လို့ ပြဿနာတချို့ ပြေလည်သွားနိုင်ပေမဲ့ ခရစ်ယာန်အိမ်ထောင်ဖက်ဟာ ကျမ်းစာအရ နောက်အိမ်ထောင်ပြုလို့ မရဘူး။ ဒါပေမဲ့ ကိုယ်နဲ့ဆက်နေဖို့လည်း မယုံကြည်သူအိမ်ထောင်ဖက်ကို ဖိအားမပေးဘူး။ အချိန်တန်တဲ့အခါ မယုံကြည်တဲ့အိမ်ထောင်ဖက်က ပြန်ပေါင်းဖို့ ဆုံးဖြတ်နိုင်တယ်။ တစ်ချိန်ချိန်မှာ သူဟာ ယေဟောဝါကိုဝတ်ပြုသူတောင် ဖြစ်လာနိုင်တယ်။

အိမ်ထောင်မှာ ဘာကို ဦးစားထားသင့်သလဲ

ဝတ်ပြုရေးကိစ္စတွေကို ဦးစားထားခြင်းက အိမ်ထောင်ကို ပိုပျော်ရွှင်စေနိုင် (အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇။ ခရစ်ယာန်အိမ်ထောင်သည်တွေ ဘာကို ဦးစားထားသင့်သလဲ။

၁၇ ‘နောက်ဆုံးကာလ’ ရဲ့ အဆုံးပိုင်းမှာ ကျွန်တော်တို့ အသက်ရှင်နေတဲ့အတွက် “ခက်ခဲကျပ်တည်း” မှုတွေ ရင်ဆိုင်နေရတယ်။ (၂ တိ. ၃:၁-၅) ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်နေခြင်းက လောကရဲ့ မကောင်းတဲ့သြဇာလွှမ်းမိုးမှုတွေကနေ ကာကွယ်ပေးပါလိမ့်မယ်။ “အချိန်အနည်းငယ်သာ ကျန်တော့သည်။ ယခုမှစ၍ ဇနီးရှိသောသူသည် ဇနီးမရှိသကဲ့သို့ ဖြစ်ရမည်။ . . . ဤလောကကို သုံးသောသူသည် အပြည့်အဝ မသုံးသကဲ့သို့ ဖြစ်ရမည်” လို့ ပေါလုပြောတယ်။ (၁ ကော. ၇:၂၉-၃၁) ကိုယ့်အိမ်ထောင်ဖက်ကို ပစ်ထားရမယ်လို့ ပေါလု ပြောနေတာ မဟုတ်ဘူး။ အဲဒီအစား အချိန်သိပ်မကျန်တော့တဲ့အတွက် ဝတ်ပြုရေးကိစ္စတွေကို ဦးစားပေးဖို့ လိုအပ်တယ်။—မ. ၆:၃၃

၁၈။ ခရစ်ယာန်တွေ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင် တည်ဆောက်ဖို့ ဘာကြောင့်ဖြစ်နိုင်သလဲ။

၁၈ ဒီခက်ခဲတဲ့ကာလမှာ အိမ်ထောင်များစွာ ပြိုကွဲနေတယ်။ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင် တည်ဆောက်ဖို့ ဖြစ်နိုင်ပါ့မလား။ ယေဟောဝါနဲ့၊ ကိုယ်တော့်လူမျိုးနဲ့ နီးနီးကပ်ကပ်နေမယ်၊ ကျမ်းစာမူတွေကို ကျင့်သုံးမယ်၊ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော် လမ်းညွှန်မှုကို လက်ခံမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဒီနည်းအားဖြင့် “ဘုရားသခင် တွဲဖက်ထား” တဲ့ အိမ်ထောင်ကို ကျွန်တော်တို့ ဂုဏ်တင်နိုင်ပါတယ်။—မာ. ၁၀:၉

^ [၁] (အပိုဒ် ၅) နာမည်တွေ ပြောင်းထားပါတယ်။

^ [၂] (အပိုဒ် ၁၃) “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” စာအုပ်၊ စာမျက်နှာ ၂၁၉-၂၂၁ မှာပါတဲ့ “ကွာရှင်းခြင်းနှင့် ခွဲနေခြင်းအပေါ် သမ္မာကျမ်းစာ ရှုထောင့်” လေးထောင့်ကွက်ကို ကြည့်ပါ။