မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ကို ယေဟောဝါ ဘာကြောင့် အစပြုခဲ့သလဲ

အိမ်ထောင်ကို ယေဟောဝါ ဘာကြောင့် အစပြုခဲ့သလဲ

‘ယေဟောဝါဘုရားကလည်း “ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း၊ သူနှင့်တော်သောအထောက်အမကို သူ့ဖို့ ငါလုပ်ဦးမည်” ဟု အကြံရှိတော်မူ၏။’—က. ၂:၁၈

သီချင်း– ၃၆၊ ၁၁

၁၊ ၂။ (က) အိမ်ထောင် ဘယ်လို အစပြုခဲ့သလဲ။ (ခ) ဦးဆုံးယောက်ျားနဲ့ မိန်းမဟာ အိမ်ထောင်နဲ့ပတ်သက်ပြီး ဘာကို သိရှိခဲ့နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

လူတွေ အိမ်ထောင်ပြုကြတာ သဘာဝပဲ။ ဒါပေမဲ့ အိမ်ထောင်ရဲ့ အစနဲ့ ရည်ရွယ်ချက်ကို သိရှိခြင်းက အိမ်ထောင်အပေါ် အမြင်မှန်ရှိဖို့၊ အိမ်ထောင်ရေးကောင်းချီးတွေ ခံစားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဦးဆုံးလူသား အာဒံကို ဘုရားသခင် ဖန်ဆင်းပြီးနောက် တိရစ္ဆာန်တွေကို နာမည်ပေးဖို့ တာဝန်ပေးတယ်။ တိရစ္ဆာန်တွေမှာ အတွဲကိုယ်စီရှိပေမဲ့ သူ့မှာတော့ ‘အထောက်အမ မရှိသေး’ တာကို အာဒံ သတိထားမိတယ်။ ဒါကြောင့် အာဒံကို ဘုရားသခင် အိပ်မောကျစေပြီး နံရိုးတစ်ချောင်း ထုတ်ပြီးနောက် မိန်းမတစ်ယောက် ဖန်ဆင်းပြီး အာဒံဆီ ခေါ်လာတယ်။ (ကမ္ဘာဦး ၂:၂၀–၂၄ ကိုဖတ်ပါ။) ဒီနည်းနဲ့ အိမ်ထောင်ကို ဘုရား အစပြုပေးခဲ့တယ်။

“ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်” ဆိုတဲ့စကားကို ယေဟောဝါပြောခဲ့တာဖြစ်မှန်း ယေရှု အတည်ပြုခဲ့တယ်။ (မ. ၁၉:၄၊ ၅) အာဒံရဲ့နံရိုးနဲ့ ဦးဆုံးမိန်းမကို ဘုရားဖန်ဆင်းခဲ့လို့ သူတို့နှစ်ယောက် သိပ်ရင်းနှီးမှန်း သိခဲ့မှာပဲ။ လင်မယား ကွာရှင်းဖို့၊ အိမ်ထောင်ဖက် တစ်ယောက်ထက်မက ယူဖို့ ယေဟောဝါ လုံးဝ မစီစဉ်ခဲ့ဘူး။

ယေဟောဝါရဲ့ ရည်ရွယ်ချက်မှာ အိမ်ထောင်ရေး ပါဝင်

၃။ အိမ်ထောင်ရဲ့ အရေးကြီးရည်ရွယ်ချက်တစ်ခုက ဘာလဲ။

အာဒံဟာ ဇနီးကို ချစ်သွားပြီး နောက်ပိုင်းမှာ ဧဝလို့ နာမည်ပေးခဲ့တယ်။ သူဟာ အာဒံအတွက် အထောက်အမ ဖြစ်တယ်။ လင်မယားအဖြစ် သူတို့နှစ်ယောက် ပျော်ရွှင်ကြပါလိမ့်မယ်။ (က. ၂:၁၈) အိမ်ထောင်ရဲ့ အရေးကြီးရည်ရွယ်ချက်တစ်ခုက မြေကြီးကို လူတွေနဲ့ ပြည့်စေဖို့ပဲ။ (က. ၁:၂၈) သားသမီးတွေဟာ မိဘကို ချစ်ပေမဲ့ ကြီးလာတဲ့အခါ အိမ်ထောင်ပြုပြီး ကိုယ်ပိုင်မိသားစုဘဝကို တည်ထောင်ကြပါလိမ့်မယ်။ ဒီလိုနဲ့ ကမ္ဘာမှာ လူသားတွေ ပြည့်လာပြီး တစ်ကမ္ဘာလုံး ပရဒိသု ဖြစ်လာပါလိမ့်မယ်။

၄။ ဦးဆုံးအိမ်ထောင်ရေး ဘာဖြစ်သွားသလဲ။

ယေဟောဝါကို အာဒံနဲ့ ဧဝ မနာခံတဲ့အခါ ဦးဆုံးအိမ်ထောင်ရေး ပျက်စီးသွားတယ်။ “မူလမြွေ” လို့ခေါ်တဲ့ စာတန်မာရ်နတ်ဟာ ဧဝကို လှည့်စားပြီး ‘ကောင်းမကောင်း သိကျွမ်းရာ အပင်’ ရဲ့ အသီးကိုစားရင် ဉာဏ်ပွင့်လာမယ်၊ အကောင်းအဆိုးကို ကိုယ်တိုင် ဆုံးဖြတ်လာနိုင်မယ်လို့ ပြောတယ်။ ခင်ပွန်းကို မတိုင်ပင်ဘဲ အသီးစားဖို့ ဧဝ ဆုံးဖြတ်လိုက်တယ်။ ခင်ပွန်းရဲ့ ဦးစီးမှုကို မလေးစားမှန်း ပြလိုက်တာပဲ။ အာဒံလည်း ဇနီးကျွေးတဲ့ အသီးကို ယူစားခြင်းအားဖြင့် ဘုရားကို မနာခံမှန်း ပြခဲ့တယ်။—ဗျာ. ၁၂:၉; က. ၂:၉၊ ၁၆၊ ၁၇; ၃:၁-၆

၅။ ယေဟောဝါကို အာဒံနဲ့ ဧဝ တုံ့ပြန်ပုံကနေ ဘာသင်ယူနိုင်သလဲ။

ယေဟောဝါ မေးတဲ့အခါ အာဒံက ဧဝအပေါ် အပြစ်ပုံချပြီး “ကျွန်တော်၌ အပ်ပေးတော်မူသောမိန်းမသည် ထိုအပင်၏အသီးကို ပေး၍ ကျွန်တော် စားမိပါသည်” လို့ ပြောတယ်။ ဧဝလည်း သူ့ကိုလှည့်စားတဲ့မြွေအပေါ် အပြစ်ပုံချတယ်။ (က. ၃:၁၂၊ ၁၃) ခပ်ညံ့ညံ့ အကြောင်းပြချက်တွေပဲ။ အဲဒီပုန်ကုန်သူတွေကို ယေဟောဝါ တရားစီရင်ခဲ့တယ်။ ကျွန်တော်တို့အတွက် သတိပေးပုံနမူနာပါပဲ။ အိမ်ထောင် အောင်မြင်ဖို့ဆိုရင် လင်မယားနှစ်ယောက်ဟာ ယေဟောဝါကို နာခံဖို့၊ ကိုယ့်တာဝန် ကိုယ်ယူဖို့ လိုအပ်တယ်။

၆။ ကမ္ဘာဦး ၃:၁၅ ကို သင် ဘယ်လို ရှင်းပြမလဲ။

ဧဒင်မှာ စာတန် ဝင်ရှုပ်ခဲ့ပေမဲ့ လူသားတွေကို ယေဟောဝါ မျှော်လင့်ချက် ဆက်ပေးခဲ့တယ်။ ဒါကို ဦးဆုံးပရောဖက်ပြုချက်မှာ တွေ့နိုင်တယ်။ (ကမ္ဘာဦး ၃:၁၅ ကိုဖတ်ပါ။) “မိန်းမ” ရဲ့ “အမျိုးအနွယ်” အားဖြင့် စာတန် ဖျက်ဆီးခံရမယ်ဆိုတာ အဲဒီပရောဖက်ပြုချက်က ဖော်ပြတယ်။ ကောင်းကင်မှာ အမှုဆောင်နေတဲ့ ဖြောင့်မတ်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်များစွာဟာ ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိကြတယ်။ သူတို့ဟာ ယေဟောဝါရဲ့ ဇနီးမယားနဲ့ တူတယ်။ မာရ်နတ်ကို ဖျက်ဆီးဖို့ အဲဒီအုပ်စုထဲက တစ်ယောက်ယောက်ကို ဘုရားသခင် စေလွှတ်ပါလိမ့်မယ်။ ဦးဆုံးဇနီးမောင်နှံ ဆုံးၡုံးခဲ့တာကို နာခံမှုရှိတဲ့လူသားတွေ ပြန်ခံစားရဖို့ အမျိုးအနွယ်က လုပ်ဆောင်ပေးလိမ့်မယ်။ နာခံမှုရှိတဲ့လူသားတွေဟာ ယေဟောဝါရဲ့ မူလရည်ရွယ်ချက်အတိုင်း မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခွင့် ရရှိကြပါလိမ့်မယ်။—ယော. ၃:၁၆

၇။ (က) အာဒံနဲ့ ဧဝ ပုန်ကန်ချိန်ကစပြီး အိမ်ထောင် ဘယ်လိုဖြစ်ခဲ့သလဲ။ (ခ) လင်ယောက်ျားနဲ့ ဇနီးတွေဆီကနေ ကျမ်းစာ ဘာတောင်းဆိုထားသလဲ။

အာဒံနဲ့ ဧဝရဲ့ ပုန်ကန်မှုဟာ သူတို့ရဲ့အိမ်ထောင်ကိုသာမက နောက်ပိုင်း အိမ်ထောင်အားလုံးကိုပါ အကြီးအကျယ် ထိခိုက်ခဲ့တယ်။ ဥပမာ၊ ဧဝနဲ့ သူ့မျိုးဆက် မိန်းမအားလုံးဟာ မီးဖွားချိန်အတွင်း ဝေဒနာ အပြင်းအထန် ခံစားရလိမ့်မယ်။ ကိုယ့်ယောက်ျားကို တမ်းတမ်းစွဲ ဖြစ်ကြလိမ့်မယ်။ ယောက်ျားတွေကတော့ ကိုယ့်မိန်းမကို ဩဇာလွှမ်းမိုးပြီး တစ်ခါတလေ ဒီနေ့ခေတ်မှာ တွေ့ရတဲ့အတိုင်း မတော်မတရားတောင် ဆက်ဆံကြလိမ့်မယ်။ (က. ၃:၁၆) လင်ယောက်ျားတွေအနေနဲ့ မေတ္တာရှိတဲ့ အိမ်ထောင်ဦးစီးဖြစ်ဖို့၊ ဇနီးတွေအနေနဲ့ လင်ယောက်ျားကို လက်အောက်ခံဖို့ ကျမ်းစာ တောင်းဆိုထားတယ်။ (ဧ. ၅:၃၃) ခရစ်ယာန်အိမ်ထောင်ဖက် အချင်းချင်း ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပြဿနာများစွာကို ရှောင်နိုင်ပါလိမ့်မယ်။

အာဒံခေတ်ကနေ ရေလွှမ်းမိုးဘေးခေတ်အထိ အိမ်ထောင်ရေး

၈။ အာဒံခေတ်ကနေ ရေလွှမ်းမိုးဘေးခေတ်အထိ အိမ်ထောင်ရဲ့ သမိုင်းကြောင်းကို ပြောပြပါ။

အာဒံနဲ့ ဧဝ မသေဆုံးခင် သားသမီးတွေ ထွန်းကားခဲ့တယ်။ (က. ၅:၄) သားဦးက ကာဣနဖြစ်ပြီး ဆွေမျိုးတော်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ နောက်ပိုင်းမှာ အိမ်ထောင်ပြုခဲ့တယ်။ မိန်းမနှစ်ယောက်ရှိတယ်လို့ ကျမ်းစာမှာ ဦးဆုံးအကြိမ် ဖော်ပြခံရသူကတော့ ကာဣနရဲ့ မျိုးဆက် လာမက်ပဲ။ (က. ၄:၁၇၊ ၁၉) အာဒံခေတ်ကနေ နောဧခေတ်အတွင်း ယေဟောဝါကို ဝတ်ပြုသူ အနည်းငယ်ပဲရှိတယ်။ အဲဒီသစ္စာရှိသူတွေထဲမှာ အာဗေလ၊ ဧနောက်၊ နောဧနဲ့ သူ့မိသားစု ပါဝင်တယ်။ နောဧခေတ်မှာ “ဘုရားသခင်၏သားတို့သည် လူသမီးတို့ လှကြောင်းကို မြင်၍ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏” လို့ ကျမ်းစာပြောတယ်။ ဒါပေမဲ့ သဘာဝလွန်ပေါင်းစပ်မှုဖြစ်တာကြောင့် နက်ဖလင်လို့ခေါ်တဲ့ လူထွားကြီးတွေ မွေးဖွားလာတယ်။ အဲဒီအချိန်အတွင်း “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည် ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိ” ခဲ့တယ်။—က. ၆:၁-၅

၉။ နောဧခေတ် လူဆိုးတွေကို ယေဟောဝါ ဘာလုပ်ခဲ့သလဲ။ အဲဒီခေတ်မှာ ဖြစ်ခဲ့တာကနေ ဘာသင်ခန်းစာ သင်ယူသင့်သလဲ။

နောဧခေတ်မှာ ရေလွှမ်းမိုးဘေးအားဖြင့် လူဆိုးတွေကို ယေဟောဝါ ဖျက်ဆီးခဲ့တယ်။ အဲဒီဘေးအကြောင်း လူတွေကို “ဖြောင့်မတ်ခြင်းတရား ဟောပြောသူ နောဧ” သတိပေးခဲ့တယ်။ (၂ ပေ. ၂:၅) ဒါပေမဲ့ အိမ်ထောင်ပြုခြင်းအပါအဝင် နေ့စဉ်ဘဝကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ နောဧပြောတာကို သူတို့ နားမထောင်ကြဘူး။ ယေရှုက နောဧခေတ်ကို ကျွန်တော်တို့ခေတ်နဲ့ နှိုင်းယှဉ်ခဲ့တယ်။ (မဿဲ ၂၄:၃၇–၃၉ ကိုဖတ်ပါ။) ဒီနေ့ခေတ်မှာလည်း ဒီစနစ်ဆိုး ဖျက်ဆီးမခံရခင် လူမျိုးအပေါင်းအတွက် သက်သေဖြစ်စေဖို့ ကျွန်တော်တို့ဟောနေတဲ့ နိုင်ငံတော်သတင်းကောင်းကို လူများစွာ နားမထောင်ကြဘူး။ ဘာသင်ခန်းစာ သင်ယူနိုင်သလဲ။ အိမ်ထောင်ပြုတာ၊ သားသမီးယူတာ စတဲ့ကိစ္စတွေကြောင့် ယေဟောဝါရဲ့ နေ့ကြီး နီးနေတာကို မေ့သွားတာမျိုး မဖြစ်သင့်ဘူး။

ရေလွှမ်းမိုးဘေးခေတ်ကနေ ယေရှုခေတ်အထိ အိမ်ထောင်ရေး

၁၀။ (က) ယဉ်ကျေးမှုများစွာက လိင်အကျင့်ယိုယွင်းမှုကို ဘယ်လိုယူမှတ်သလဲ။ (ခ) အာဗြဟံနဲ့ စာရာဟာ အိမ်ထောင်မှာ ဘယ်လို ပုံသက်သေကောင်း ချမှတ်ခဲ့သလဲ။

၁၀ နောဧမှာရော သားသုံးယောက်မှာပါ ဇနီးတစ်ယောက်စီပဲ ရှိကြတယ်။ ဒါပေမဲ့ ရေလွှမ်းမိုးဘေးပြီးနောက် လူများစွာဟာ မယားအများယူစနစ် ကျင့်သုံးလာကြတယ်။ ယဉ်ကျေးမှုများစွာမှာ လိင်အကျင့်ယိုယွင်းတာဟာ သာမန်ကိစ္စဖြစ်ပြီး ဘာသာရေးဓလေ့တွေမှာတောင် ပါဝင်လာတယ်။ ခါနာန်ပြည်ကို အာဗြဟံနဲ့ စာရာ ပြောင်းရွှေ့သွားတုန်းက အဲဒီပြည်မှာ အိမ်ထောင်ရေးကို မလေးစားတဲ့ အကျင့်ပျက်သူတွေ အပြည့်ပဲ။ ဒါကြောင့် သောဒုံနဲ့ ဂေါမောရမြို့ကို ယေဟောဝါ ဖျက်ဆီးခဲ့တယ်။ အာဗြဟံကတော့ သူတို့နဲ့ မတူဘူး။ အိမ်ထောင်ဦးစီးကောင်း ဖြစ်တယ်။ စာရာလည်း လက်အောက်ခံတတ်တဲ့ ဇနီးမယားအဖြစ် ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ (၁ ပေတရု ၃:၃–၆ ကိုဖတ်ပါ။) ယေဟောဝါကို ဝတ်ပြုတဲ့ အမျိုးသမီးနဲ့ပဲ သားဣဇာက် အိမ်ထောင်ပြုဖို့ အာဗြဟံ အသေအချာစီစဉ်ခဲ့တယ်။ ဣဇာက်လည်း သူ့သားယာကုပ်အတွက် အဲဒီလိုပဲ စီစဉ်ပေးခဲ့တယ်။ နောက်ပိုင်း ယာကုပ်ရဲ့သားတွေဟာ အစ္စရေး ၁၂ နွယ်ရဲ့ ဘိုးဘေးတွေဖြစ်လာတယ်။

၁၁။ ပညတ်တရားက အစ္စရေးတွေကို ဘယ်လို ကာကွယ်ပေးသလဲ။

၁၁ နောက်ပိုင်းမှာ ယေဟောဝါက အစ္စရေးလူမျိုးနဲ့ ပဋိညာဉ်ဖွဲ့ပြီး ပညတ်တရားပေးခဲ့တယ်။ မယားအများယူစနစ် အပါအဝင် အခြေခံ အိမ်ထောင်ရေးစည်းမျဉ်းတွေကို ပညတ်တရားမှာ ပြဋ္ဌာန်းခဲ့တယ်။ ဒါက မှားယွင်းတဲ့ဘုရား ဝတ်ပြုသူတွေနဲ့ အိမ်ထောင်မပြုမိအောင် အစ္စရေးတွေကို ကာကွယ်ပေးတယ်။ (တရားဟောရာ ၇:၃၊ ၄ ကိုဖတ်ပါ။) အိမ်ထောင်မှာ ကြီးလေးတဲ့ပြဿနာတွေ ပေါ်လာတဲ့အခါ အကြီးအကဲတွေ ကူညီပေးကြတယ်။ သစ္စာဖောက်တာ၊ သဝန်တိုတာ၊ မယုံသင်္ကာဖြစ်တာတွေကိုလည်း သင့်တော်သလို ဖြေရှင်းပေးတယ်။ ကွာရှင်းခွင့် ပြုထားပေမဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေရှိတယ်။ ဥပမာ၊ ယောက်ျားတစ်ယောက်ဟာ ‘အပြစ်တင်စရာတစ်ခုခု’ ကြောင့် မိန်းမကို ကွာရှင်းနိုင်တယ်။ (တရား. ၂၄:၁ကဘ) ‘အပြစ်တင်စရာတစ်ခုခု’ က ဘာဖြစ်မှန်း ကျမ်းစာမှာ မဖော်ပြထားပေမဲ့ အသေးအဖွဲအမှားတွေကိုတော့ ခုတုံးလုပ်လို့ မရဘူး။—ဝတ်. ၁၉:၁၈

အိမ်ထောင်ဖက်ကို ဘယ်တော့မှ သစ္စာမဖောက်ပါနဲ့

၁၂၊ ၁၃။ (က) မာလခိခေတ်က လူတချို့ ဘာလုပ်ခဲ့ကြသလဲ။ (ခ) ဒီနေ့ခေတ်မှာ နှစ်ခြင်းခံပြီးသူတစ်ယောက်က တခြားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်နဲ့ ခိုးပြေးသွားတယ်ဆိုရင် ဘာအကျိုးဆက်တွေ ရရှိမလဲ။

၁၂ ပရောဖက်မာလခိခေတ်မှာ ဂျူးယောက်ျားများစွာဟာ အကြောင်းအမျိုးမျိုးပြပြီး ဇနီးမယားတွေကို ကွာရှင်းခဲ့ကြတယ်။ မိန်းမ ငယ်ငယ်လေးတွေ ဒါမှမဟုတ် ယေဟောဝါကို ဝတ်မပြုတဲ့ မိန်းမတွေကို ယူဖို့ အဲဒီလိုကွာရှင်းခဲ့ကြတာဖြစ်တယ်။ ယေရှုခေတ်မှာလည်း ဂျူးယောက်ျားတွေဟာ “မည်သည့်အကြောင်းဖြင့်မဆို” ဇနီးမယားတွေကို ကွာရှင်းခဲ့ကြတယ်။ (မ. ၁၉:၃) ဒါကို ယေဟောဝါ မုန်းတယ်။မာလခိ ၂:၁၃–၁၆ ကိုဖတ်ပါ။

၁၃ ဒီနေ့ခေတ် ယေဟောဝါရဲ့ လူမျိုးအလယ်မှာ အိမ်ထောင်ရေးသစ္စာဖောက်မှုကို လက်မခံဘူး။ ဒါပေမဲ့ နှစ်ခြင်းခံပြီးသား အိမ်ထောင်သည်တစ်ယောက်က တခြားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်နဲ့ ခိုးပြေးတယ်၊ အရင်အိမ်ထောင်နဲ့ ကွာရှင်းပြီးနောက် အဲဒီတစ်ယောက်နဲ့ လက်ထပ်လိုက်တယ် ဆိုပါစို့။ နောင်တမယူဘူးဆိုရင် အသင်းတော်ရဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့ သူ့ကို နှင်ထုတ်ပါလိမ့်မယ်။ (၁ ကော. ၅:၁၁-၁၃) အသင်းတော်မှာ ပြန်လက်မခံခင် “နောင်တနှင့် ထိုက်တန်သောအကျင့်များကို” သူ တင်ပြရမယ်။ (လု. ၃:၈; ၂ ကော. ၂:၅-၁၀) ဘယ်လောက်ကြာပြီးမှ ပြန်လက်ခံရမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက် မရှိဘူး။ တကယ်နောင်တရကြောင်း တင်ပြဖို့ တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက်မက လိုအပ်နိုင်တယ်။ အသင်းတော်ထဲ ပြန်ရောက်လာပြီဆိုရင်တောင် “ဘုရားသခင်၏တရားပလ္လင်တော်ရှေ့” မှာ စာရင်းရှင်းဖို့ သူ့မှာ တာဝန်ရှိနေတုန်းပဲ။—ရော. ၁၄:၁၀-၁၂; ၁၉၇၉၊ နိုဝင်ဘာ ၁၅ ကင်းမျှော်စင်၊ စာ. ၃၁-၃၂ [လိပ်] ကိုကြည့်ပါ။

ခရစ်ယာန်အိမ်ထောင်ရေး

၁၄။ ပညတ်တရားရဲ့ ခြုံငုံရည်ရွယ်ချက်က ဘာလဲ။

၁၄ အစ္စရေးတွေဟာ ပညတ်တရားအောက်မှာ နှစ်ပေါင်း ၁,၅၀၀ ကျော် နေထိုင်ခဲ့ကြတယ်။ ပညတ်တရားက သူတို့ကို နည်းလမ်းများစွာနဲ့ ကူညီပေးတယ်။ ဥပမာ၊ မိသားစုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေးပြီး မေရှိယဆီ ပို့ဆောင်ပေးတယ်။ (ဂလ. ၃:၂၃၊ ၂၄) ယေရှု သေဆုံးတဲ့အခါ ပညတ်တရား အဆုံးတိုင်သွားပြီး အစီအစဉ်သစ်တစ်ခုကို ဘုရားသခင် အစပြုခဲ့တယ်။ (ဟေဗြဲ ၈:၆) ဒါပေမဲ့ ပညတ်တရားမှာ ခွင့်ပြုတဲ့ အရာတချို့ကိုတော့ ခရစ်ယာန်တွေအတွက် ခွင့်မပြုတော့ဘူး။

၁၅။ (က) ခရစ်ယာန်အသင်းတော်မှာ ဘယ်အိမ်ထောင်ရေးစံနှုန်းကို လိုက်လျှောက်ရမလဲ။ (ခ) ကွာရှင်းချင်တဲ့ ခရစ်ယာန်တစ်ယောက်ဟာ ဘယ်အချက်တွေကို ထည့်စဉ်းစားသင့်သလဲ။

၁၅ တစ်နေ့မှာ ဖာရိရှဲတွေက ယေရှုကို အိမ်ထောင်ရေးအကြောင်း မေးခွန်းတစ်ခု မေးတယ်။ ဘုရားသခင်က ပညတ်တရားမှာ အစ္စရေးတွေကို ကွာရှင်းခွင့် ပေးခဲ့ပေမဲ့ “အစအဦး၌ကား ထိုသို့မဟုတ်” လို့ ယေရှု ပြန်ဖြေတယ်။ (မ. ၁၉:၆-၈) အိမ်ထောင်နဲ့ပတ်သက်ပြီး ဧဒင်မှာ ချမှတ်ခဲ့တဲ့ မူလစံနှုန်းအတိုင်း ခရစ်ယာန်တွေ အခု လိုက်လျှောက်ရတော့မယ်ဆိုတာ ယေရှုရဲ့စကားက ဖော်ပြတယ်။ (၁ တိ. ၃:၂၊ ၁၂) အိမ်ထောင်ဖက်တွေဟာ “တစ်သားတစ်ကိုယ်တည်း” အဖြစ် မခွဲအတူ ရှိနေရမယ်။ ဘုရားကိုချစ်တဲ့မေတ္တာနဲ့ အချင်းချင်း ချစ်တဲ့မေတ္တာက သူတို့ကြားမှာရှိတဲ့ နှောင်ကြိုးကို ပိုခိုင်မြဲစေပါလိမ့်မယ်။ လိင်အကျင့်ယိုယွင်းမှုကြောင့် မဟုတ်ဘဲ တရားဝင်ကွာရှင်းထားသူဟာ နောက်အိမ်ထောင်ပြုလို့ မရဘူး။ (မ. ၁၉:၉) အကျင့်ယိုယွင်းသွားပေမဲ့ ပြန်နောင်တယူတဲ့ အိမ်ထောင်ဖက်ကို လူတစ်ယောက် ခွင့်လွှတ်ဖို့ ရွေးချယ်နိုင်တယ်။ ပရောဖက်ဟောရှေက အကျင့်ပျက်ဇနီး ဂေါမာကို ခွင့်လွှတ်ခဲ့ပြီး ယေဟောဝါလည်း နောင်တယူတဲ့ အစ္စရေးတွေကို ခွင့်လွှတ်ခဲ့တယ်။ (ဟော. ၃:၁-၅) အဲဒီအပြင် ကိုယ့်အိမ်ထောင်ဖက် အကျင့်ယိုယွင်းမှန်း သိထားပြီး သူနဲ့ ပြန်ဆက်ဆံဖို့ ရွေးချယ်တာလည်း အပြစ်ရှိတဲ့ အိမ်ထောင်ဖက်ကို ခွင့်လွှတ်တယ်ဆိုတဲ့ သဘောပဲ။ အဲဒီလိုပြန်ဆက်ဆံလိုက်ပြီဆိုရင် ကျမ်းစာအရ ကွာရှင်းလို့ မရတော့ဘူး။

၁၆။ တစ်ကိုယ်ရေဘဝနဲ့ပတ်သက်ပြီး ယေရှု ဘာပြောသလဲ။

၁၆ ခရစ်ယာန်စစ်တွေအတွက် ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသောအကြောင်းရင်းက လိင်အကျင့်ယိုယွင်းခြင်းဖြစ်တယ်လို့ ယေရှုပြောတယ်။ အဲဒီနောက် တစ်ကိုယ်ရေဘဝ ‘ဆုကျေးဇူးရထားသူတွေ’ အကြောင်း ပြောပြီး “ထိုစကားကို ခံယူနိုင်သောသူသည် ခံယူပါစေ” လို့ ဆက်ပြောတယ်။ (မ. ၁၉:၁၀-၁၂) ယေဟောဝါရဲ့ လုပ်ငန်းမှာ စိတ်နှစ်ထားနိုင်အောင် တစ်ကိုယ်ရေနေဖို့ လူများစွာ ရွေးချယ်ကြတယ်။ ချီးမွမ်းစရာပါပဲ။

၁၇။ အိမ်ထောင်ပြု,မပြု ဆုံးဖြတ်ဖို့ ခရစ်ယာန်တစ်ယောက်ကို ဘာက ကူညီပေးနိုင်သလဲ။

၁၇ တစ်ကိုယ်ရေနေမလား၊ အိမ်ထောင်ပြုမလားဆိုတာ ဆုံးဖြတ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ တစ်ကိုယ်ရေဆုကျေးဇူးကို ရယူနိုင်,မနိုင် ဆုံးဖြတ်ဖို့ လိုအပ်တယ်။ တစ်ကိုယ်ရေသမားတွေကို တမန်တော်ပေါလု ချီးမွမ်းပေမဲ့ “မတရားမေထုန်အမှု ပျံ့နှံ့နေခြင်းကြောင့် ယောက်ျားတိုင်း ဇနီးရှိစေ။ မိန်းမတိုင်းလည်း ခင်ပွန်းရှိစေ” လို့ ပြောတယ်။ “ကိုယ်ကိုမချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြစေ။ ရာဂမီးတောက်လောင်နေခြင်းထက် အိမ်ထောင်ပြုခြင်းက သာ၍ကောင်း၏” လို့လည်း ဆက်ပြောတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ လိင်စိတ်ကြောင့် တစ်ကိုယ်တည်း ရာဂစိတ်ဖြေတာမျိုး၊ လိင်အကျင့်ယိုယွင်းတာမျိုး မလုပ်မိအာင် အိမ်ထောင်ပြုဖို့ ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ အသက်အရွယ်ကိုလည်း ထည့်စဉ်းစားသင့်တယ်။ “မည်သူမဆို အပျိုလူပျိုဘဝဖြင့် မနေနိုင်ဟု ထင်မှတ်လျှင်၊ အပွင့်လန်းဆုံးအချိန်လည်း လွန်ပြီဖြစ်လျှင် ထိုသူ၏ဆန္ဒအတိုင်း အိမ်ထောင်ပြုပါစေ။ ထိုသို့ပြုသော် အပြစ်မရှိ။ ထိမ်းမြားကြပါစေ” လို့ ပေါလု ပြောတယ်။ (၁ ကော. ၇:၂၊ ၉၊ ၃၆; ၁ တိ. ၄:၁-၃) လူတစ်ယောက်ဟာ လူငယ်ဘဝမှာ ဖြစ်ပေါ်နိုင်တဲ့ ရာဂစိတ်ကြောင့်သာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တာမျိုး မဖြစ်သင့်ဘူး။ အိမ်ထောင်တာဝန်တွေထမ်းဖို့ မရင့်ကျက်သေးတာ ဖြစ်နေနိုင်တယ်။

၁၈၊ ၁၉။ (က) ခရစ်ယာန်အိမ်ထောင် ဘယ်လို အစပြုသင့်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးကြမလဲ။

၁၈ ခရစ်ယာန်အိမ်ထောင်ဟာ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ချစ်တဲ့ နှစ်ခြင်းခံပြီးသား အမျိုးသား၊ အမျိုးသမီးနဲ့ အစပြုသင့်တယ်။ တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိလွန်းလို့ ဘဝတစ်လျှောက်လုံး သူတို့ လက်တွဲချင်ကြတယ်။ “သခင်၌ရှိသောသူကိုသာ” လက်ထပ်ပါဆိုတဲ့ ယေဟောဝါရဲ့ မိန့်မှာချက်ကို နာခံတဲ့အတွက် သူတို့ကို ကိုယ်တော် ကောင်းချီးပေးပါလိမ့်မယ်။ (၁ ကော. ၇:၃၉) ကျမ်းစာအကြံဉာဏ်ကို သူတို့ ဆက်နာခံမယ်ဆိုရင် အိမ်ထောင် အောင်မြင်ပါလိမ့်မယ်။

၁၉ ‘နောက်ဆုံးကာလ’ မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ အောင်မြင်တဲ့အိမ်ထောင် တည်ဆောက်ဖို့ လိုအပ်တဲ့ အရည်အသွေးတွေ လူများစွာမှာ မရှိကြဘူး။ (၂ တိ. ၃:၁-၅) အခက်အခဲတွေကြားမှာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင် တည်ဆောက်နိုင်ဖို့ ခရစ်ယာန်တွေကို ကူညီပေးနိုင်တဲ့ အဖိုးတန်ကျမ်းစာမူတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒါက ထာဝရအသက်လမ်းပေါ် ဆက်လျှောက်နိုင်အောင် သူတို့ကို ကူညီပေးပါလိမ့်မယ်။—မ. ၇:၁၃၊ ၁၄