မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်ကို လေးစားခြင်း

အသက်ကို လေးစားခြင်း

အသက်ကို လေးစားဖို့ ဘာကြောင့် အရေးကြီးသလဲ

အသက်ကို မလေးစားကြောင်းပြတဲ့ အကျင့်တွေ၊ လုပ်ရပ်တွေက ကိုယ့်ကျန်းမာရေးနဲ့ တခြားသူတွေရဲ့ဘေးကင်းရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေလို့ပါ။

  • စီးကရက်သောက်တာက ကင်ဆာဖြစ်စေတဲ့အပြင် ရောဂါခုခံကာကွယ်နိုင်စွမ်းကိုလည်း ကျဆင်းစေတယ်။ အဆုတ်ကင်ဆာကြောင့် သေဆုံးသူ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်တာ၊ ဆေးလိပ်ငွေ့ ရှူမိတာကြောင့်ပါ။

  • နှစ်စဉ် အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် စိတ်ဒဏ်ရာရသွားသူတွေ အများကြီးပဲ။ စတန်းဖို့ဒ်တက္ကသိုလ်သတင်းတစ်ပုဒ်မှာ အခုလိုဖတ်ရတယ်– “[ကျောင်းတွင်း] ပစ်ခတ်မှုကနေ လွတ်မြောက်လာသူတွေဟာ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတောင် စိတ်ဒဏ်ရာတွေ ခံစားနေရတုန်းပဲဆိုပြီး လေ့လာမှုတစ်ရပ်က ဖော်ပြတယ်။”

  • အရက်သောက်၊ မူးယစ်ဆေးသုံးပြီး ကားမောင်းသူတွေကြောင့် လမ်းပေါ်က ယာဉ်မောင်းတွေသာမက လမ်းဘေးမှာ သွားလာနေသူတွေတောင် ဘေးမကင်းတော့ဘူး။ အသက်ကို ပေါ့ပေါ့တန်တန် သဘောထားသူတွေကြောင့် အပြစ်မဲ့သူတွေ မကြာခဏ ထိခိုက်ရတယ်။

လုပ်ဆောင်နိုင်ရာ

ကျန်းမာရေး ဂရုစိုက်ပါ။ ဆေးလိပ်သောက်တာ၊ အီးစီးကရက်သောက်တာ၊ အရက်အလွန်အကျွံသောက်တာ၊ အပျော်သဘောနဲ့ မူးယစ်ဆေးသုံးတာ စတဲ့အကျင့်ဆိုးတွေကို ဖြတ်ဖို့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အဲဒီအကျင့်တွေကို လုပ်နေတာက မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့အသက်ကို မလေးစားရာရောက်တဲ့အပြင် သင့်ကိုလည်း အသက်အန္တရာယ်ရှိစေတယ်။

“ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။”—၂ ကောရိန္သု ၇:၁

ဘေးအန္တရာယ်ကင်းရှင်းရေးကို အမြဲသတိပြုပါ။ အိမ်မှာ မတော်တဆ ဖြစ်စေနိုင်တဲ့အရာတွေရှိရင် ပြုပြင်ပါ။ ယာဉ်ကို အမြဲစစ်ဆေးပြီး ဂရုစိုက်မောင်းနှင်ပါ။ ဆိုးဆိုးဝါးဝါး ဒဏ်ရာရစေနိုင်တဲ့ ဒါမှမဟုတ် အသက်အန္တရာယ်ရှိစေတဲ့ အရာတွေ လုပ်ဆောင်ဖို့ တခြားသူတွေ ဖိအားပေးတာကို မခံပါနဲ့။

“အိမ်သစ်ဆောက်တဲ့အခါ အိမ်မိုးပတ်လည်မှာ အကာအရံ လုပ်ထားရမယ်။ အိမ်မိုးပေါ်ကနေ တစ်ယောက်ယောက် ပြုတ်ကျလို့ အိမ်သားတွေအပေါ် အပြစ်သင့်တာမျိုး မဖြစ်စေဖို့ပဲ။”—တရားဟောရာ ၂၂:၈ a

တခြားသူတွေကို ကြင်ကြင်နာနာ ဆက်ဆံပါ။ လူမျိုး၊ နိုင်ငံ၊ နောက်ခံအသိုင်းအဝိုင်းပေါင်းစုံက လူတွေကို ကြင်ကြင်နာနာ ဆက်ဆံတာလည်း အသက်ကို လေးစားတာပါပဲ။ တကယ်ဆိုရင် ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေ များနေရတဲ့ အဓိကအကြောင်းရင်းဟာ ဘက်လိုက်မှုနဲ့ အမုန်းတရားတွေကြောင့်ပါ။

“အမျိုးမျိုးသော နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းနဲ့ မကောင်းမှုရှိသမျှကို ဖယ်ရှားကြပါ။ အချင်းချင်း သနားကြင်နာကြပါ။”—ဧဖက် ၄:၃၁၊ ၃၂

ကျွန်တော်တို့လုပ်ဆောင်ရာ

ယေဟောဝါသက်သေတွေက ကျန်းမာတဲ့ ဘဝပုံစံနဲ့နေဖို့ တခြားသူတွေကို အားပေးကြတယ်။ ကျွန်တော်တို့ရဲ့ ကျမ်းစာပညာပေးအစီအစဉ်က စွဲစေတဲ့အကျင့်၊ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတတ်တဲ့အကျင့်တွေကို ဖြတ်နိုင်ဖို့ ကူညီပေးတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘေးကင်းရေး စံချိန်စံညွှန်းတွေကို တိတိကျကျ လိုက်နာကြတယ်။ ကျွန်တော်တို့ရဲ့ ကျမ်းစာပညာပေးအလုပ်ကို တိုးချဲ့ဖို့ အစည်းအဝေးခန်းမနဲ့ တခြားအဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ လုပ်ငန်းခွင်က စေတနာ့ဝန်ထမ်းတွေကို ဘေးကင်းရေးနဲ့ပတ်သက်တဲ့ လေ့ကျင့်မှုတွေ ပေးထားတယ်။ ကျွန်တော်တို့ရဲ့အဆောက်အအုံတွေကိုလည်း ဒေသခံအာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ ဘေးကင်းရေးစည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ပုံမှန် စစ်ဆေးကြတယ်။

လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးကြတယ်။ လွန်ခဲ့တဲ့ ၁၂ လအတွင်း ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားခဲ့တဲ့ သဘာဝဘေး၊ လူလုပ်ဘေး အခု ၂၀၀ ကြောင့် ထိခိုက်ခဲ့သူတွေကို ကူညီဖို့ အလှူငွေ ဒေါ်လာ ၁၂ သန်းနီးပါး ယေဟောဝါသက်သေတွေ သုံးစွဲခဲ့တယ်။

အနောက်အာဖရိက (၂၀၁၄ ခုနှစ်) နဲ့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ (၂၀၁၈ ခုနှစ်) မှာ အသက်အန္တရာယ်ဖြစ်စေတဲ့ အီဘိုလာရောဂါ ဖြစ်ပွားခဲ့တယ်။ ရောဂါမပျံ့နှံ့စေဖို့ ဘယ်လိုကာကွယ်ရမလဲဆိုတာ လူတွေကို ပညာပေးဖို့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တယ်။ “နာခံခြင်းက အသက်အန္တရာယ်ကို ကာကွယ်ပေး” ဆိုတဲ့အကြောင်းအရာနဲ့ ဟောပြောပညာပေးဖို့ ကိုယ်စားလှယ်တွေ စေလွှတ်တယ်။ လက်ဆေးဖို့၊ ရောဂါမကူးစက်အောင် ကာကွယ်ဖို့ အလေးပေးဖော်ပြပြီး ဝတ်ပြုရာနေရာတိုင်းရဲ့ အဝင်အဝမှာ လက်ဆေးစင်တွေ ထားပေးခဲ့တယ်။

ဆီရာလီယွန်နိုင်ငံ၊ ရေဒီယိုသတင်းဌာနတစ်ခုက အီဘိုလာဗိုင်းရတ် မပျံ့နှံ့အောင် ကူညီပေးခဲ့ကြတဲ့ ယေဟောဝါသက်သေတွေကို ချီးမွမ်းခဲ့တယ်။

၂၀၁၄ တုန်းက လိုင်ဘေးရီးယားမှာ အီဘိုလာရောဂါ ဖြစ်ပွားချိန်အတွင်း အစည်းအဝေးခန်းမမှာ လက်ဆေးဖို့စီစဉ်ပေးထား။

a မိသားစုဝင်နဲ့ တခြားသူတွေရဲ့ဘေးကင်းရေးကို မပေါ့ဆစေဖို့ ရှေးခေတ်အရှေ့အလယ်ပိုင်းဒေသမှာ နေထိုင်သူတွေကို အဲဒီလိုပညာရှိရှိ မှာကြားခဲ့တာဖြစ်တယ်။