နည်းပညာက ခင်မင်ရင်းနှီးမှုကို ထိခိုက်စေနိုင်
လူနှစ်ဦးဟာ ရေခြားမြေခြား ဝေးကွာနေရင်တောင် စာတို၊ အီးမေးလ်၊ ဗီဒီယို ခေါ်ဆိုမှုနဲ့ လူမှုမီဒီယာကနေတစ်ဆင့် အလွယ်တကူ ဆက်သွယ်နိုင်တယ်။ သူတို့အတွက် နည်းပညာဟာ အကျိုးရှိတယ်။
ဒါပေမဲ့ အဲဒါကိုပဲ အဓိကသုံးပြီး ဆက်သွယ်မယ်ဆိုရင်
-
မိတ်ဆွေတွေကို ကိုယ်ချင်းစာနာစိတ် နည်းပါးလာမယ်။
-
အထီးကျန်စိတ် ဝင်လာမယ်။
-
ကိုယ့်အရေးကိုပဲ အဓိက ထားလာမယ်။
သိထားသင့်တဲ့ အချက်များ
ကိုယ်ချင်းစာနာခြင်း
တစ်ယောက်ယောက်ကို ကိုယ်ချင်းစာနာဖို့ဆိုရင် သူ့အကြောင်း အချိန်ယူ စဉ်းစားဖို့ လိုတယ်။ စာတိုတွေ ဖတ်ဖို့၊ စာပြန်ဖို့၊ လူမှုမီဒီယာ သုံးဖို့နဲ့ပဲ အလုပ်များနေရင် အဲဒီလိုလုပ်ဖို့ ခက်ပါလိမ့်မယ်။
စာတွေ အများကြီး ဝင်နေတယ်ဆိုရင် စာအားလုံးကို ပြီးအောင် ပြန်ဖို့လောက်ပဲ အာရုံစိုက်နေလို့ အကူအညီ လိုနေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ စာကို သတိမထားမိဘဲ ဖြစ်သွားနိုင်တယ်။
စဉ်းစားကြည့်ပါ– မိတ်ဆွေတွေကို နည်းပညာ သုံးပြီး ဆက်သွယ်တဲ့အခါ “ကိုယ်ချင်းစာ” ကြောင်း ဘယ်လို ပြနိုင်သလဲ။—၁ ပေတရု ၃:၈။
အထီးကျန်ခြင်း
လူမှုမီဒီယာကို အချိန်အကြာကြီး ကြည့်သူတွေဟာ ပိုပြီး အထီးကျန်သူတွေ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုတယ်။ တခြားသူတွေရဲ့ ဓာတ်ပုံတွေ၊ လုပ်နေတာတွေကို လိုက်ကြည့်တဲ့သူဟာ “အရည်မရ အဖတ်မရ အချိန်ဖြုန်းနေတာ” လို့ ခံစားမိနိုင်တယ်ဆိုပြီး ပြောတယ်။
ဒါ့အပြင် တခြားသူတွေရဲ့ စိတ်လှုပ်ရှားစရာ ဓာတ်ပုံတွေကို ကြည့်တဲ့အခါ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်ပြီး အပျက်သဘောတွေ ဝင်လာနိုင်တယ်။ တခြားသူတွေရဲ့ ဘဝက သာယာစိုပြည်နေပြီး ကိုယ့်ဘဝကတော့ ငြီးငွေ့စရာ ကောင်းတယ်လို့ မြင်လာနိုင်တယ်။
စဉ်းစားကြည့်ပါ– လူမှုမီဒီယာ သုံးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး အပျက်သဘော မဝင်လာအောင် ဘာလုပ်နိုင်သလဲ။—ဂလာတိ ၆:၄။
ကိုယ့်အရေးကိုပဲ အဓိကထားခြင်း
ကျောင်းသားတချို့ဟာ ကိုယ့်အတွက်ပဲ တွေးပြီး “ငါ့ဘက် ဘယ်သူ ပါသလဲ” ဆိုတာကိုပဲ စဉ်းစားကြတာကို ဆရာတစ်ယောက် သတိထားမိတယ်။ သူငယ်ချင်းတွေကို လိုရင် ဖွင့်ပြီး မလိုရင် ပိတ်လို့ ရတဲ့ ကွန်ပြူတာ/ဖုန်းလိုပဲ သဘောထားတော့တယ်။
စဉ်းစားကြည့်ပါ– အွန်လိုင်းမှာ ကိုယ်တင်လိုက်တဲ့ အရာတွေက အပြိုင်အဆိုင် သဘောထား ရှိကြောင်း၊ အာရုံစိုက်ခံချင်ကြောင်း ပြနေသလား။ —ဂလာတိ ၅:၂၆။
လုပ်ဆောင်နိုင်တဲ့ အချက်များ
နည်းပညာ အသုံးပြုပုံကို ဆန်းစစ်ပါ
နည်းပညာကို အကျိုးရှိရှိ အသုံးပြုနေတယ်ဆိုရင် မိတ်ဆွေတွေနဲ့ အမြဲ ဆက်သွယ်နိုင်မယ်၊ ပိုရင်းနှီးစေမယ်။
ကျမ်းစာ အခြေခံမူ– “မေတ္တာဟာ . . . ကိုယ်ကျိုး မရှာတတ်ဘူး။”—၁ ကောရိန္သု ၁၃:၄၊ ၅။
ကိုယ်ကြိုးစားချင်တဲ့ အချက်တွေ မှတ်သားပါ။ စိတ်ကူးထားတဲ့ အချက်တွေ ချရေးပါ။
-
စကားပြောဖို့ ကြိုးစားပါ (စာတို ပြန်တာ၊ အီးမေးလ် ပို့တာပဲ မလုပ်ပါနဲ့)
-
တခြားသူတွေနဲ့ စကားပြောနေချိန်မှာ ဖုန်းကို အဝေးမှာ ထားပါ (အသံ ပိတ်ထားပါ)
-
လူမှုမီဒီယာ သုံးမယ့် အချိန်ကို ကန့်သတ်ထားပါ
-
အာရုံစိုက် နားထောင်တတ်သူ ဖြစ်ပါ
-
အခက်အခဲ ကြုံနေတဲ့ မိတ်ဆွေကို ဆက်သွယ်ပါ