မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နည်း​ပညာ​က သားသမီးကို ထိခိုက်​စေနိုင်

နည်း​ပညာ​က သားသမီးကို ထိခိုက်​စေနိုင်

နည်း​ပညာ​နဲ့​ပတ်သက်​လာ​ရင် ကလေး​တွေ​က အတတ်မြန်​ပြီး လူကြီးတွေ​က​တော့ ခက်ခက်ခဲခဲ သင်ယူ​ရတယ်။

အွန်လိုင်းမှာပဲ အချိန်ကုန်​နေတဲ့ လူငယ်​တချို့ဟာ

  • ဖုန်း/တက်ဘလက်​တွေ​ကို မ​သုံး​ရ မနေနိုင် ဖြစ်​သွားတယ်။

  • အွန်လိုင်း​ပေါ်မှာ တခြား​သူကို အနိုင်ကျင့်​တာ၊ ကိုယ်တိုင် အနိုင်ကျင့်​ခံရတာ ဖြစ်​နိုင်တယ်။

  • မရည်ရွယ်​ဘဲ ညစ်ညမ်း​ရုပ်ပုံ​စာပေ​နဲ့ ထိတွေ့​မိ​နိုင်တယ်။

သိထား​သင့်တဲ့ အချက်များ

စွဲလမ်းခြင်း

ဂိမ်း​ကစား​တာ​လို​မျိုး အွန်လိုင်း​ပေါ်မှာ လုပ်ဆောင်​ရတာတွေ​ဟာ စွဲ​နိုင်တယ်။ ဖြတ်​ဖို့ ခက်တယ်။ “ဖုန်း​မှာ ပါတဲ့ အက်ပ်တွေက ဖုန်း​ကို လက်​က မချ​ချင်​အောင် လုပ်ထား​တယ်” လို့ စာအုပ်​တစ်အုပ်​က ဆိုတယ်။ စီးပွားရေး​နဲ့​ဆိုင်​တဲ့ အက်​ပ်​တွေ​ကို ကျွန်တော်​တို့ ကြည့်​လေ သူတို့ အကျိုးအမြတ် များ​လေ​ပဲ။

စဉ်းစား​ကြည့်​ပါ– သင့်​ကလေး​က ဖုန်း/တက်ဘလက်​ကို အလွန်အကျွံ သုံး​နေတဲ့​ပုံ ပေါက်​နေ​သလား။ အချိန်ကို အကျိုးရှိရှိ သုံး​တတ်​အောင် ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။—ဧဖက် ၅:၁၅၊ ၁၆

အနိုင်ကျင့်ခြင်း

တချို့​သူတွေက အွန်လိုင်း​ပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူ​တတ်တယ်။ အဲဒီလို လူတွေက တခြား​သူတွေကို အနိုင်ကျင့်​တတ်တယ်။

တချို့​သူတွေ လူမှု​မီဒီယာ​ပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူ​တာ​က အာရုံစိုက်​ခံ​ချင်​လို့၊ ထင်ပေါ်​ချင်​လို့​ပါ။ တချို့​ကျ​တော့ ပါတီပွဲ​ တက်​ဖို့ ဖိတ်ခေါ်​မခံရ​တဲ့​အခါ ကိုယ့်ကို အနိုင်ကျင့်​တယ်လို့ ခံစား​ရနိုင်တယ်။

စဉ်းစား​ကြည့်​ပါ– သင့်​ကလေး​တွေ အွန်လိုင်း​ပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူ​နေ​သလား။ (ဧဖက် ၄:၃၁) ဒါမှ​မဟုတ် ဖယ်ကြဉ်​ခံရတယ်လို့ ခံစား​နေရ​သလား။

ညစ်ညမ်း​ရုပ်ပုံ​စာပေ

အကျင့်ပျက် ညစ်ညမ်း​တာတွေကို အင်တာနက်​ပေါ်မှာ အလွယ်တကူ မြင်တွေ့​နိုင်တယ်။ အဲဒါတွေကို မမြင်​အောင် ပိတ်​ထား​နိုင်​တဲ့ ဆော့ဝဲလ်တွေ ရှိပေမဲ့ ကလေး​တွေ လုံးဝ မမြင်​အောင်​တော့ အပြည့်အဝ မကာကွယ်​ပေး​နိုင်ဘူး။

ဖုန်း​ကနေ ညစ်ညမ်း​ရုပ်ပုံတွေ၊ ညစ်ညမ်း​စကား​တွေ ပို့​တာ၊ လက်ခံ​တာ​က တရား​ဥပဒေ​နဲ့ မညီ​ဘူး။ ကိုယ့်​ဒေသရဲ့ ဥပဒေ​နဲ့ အသက်အရွယ်​အရ အဲဒါတွေနဲ့ ပတ်သက်​မိ​သူတွေဟာ ကလေး ညစ်ညမ်း​ရုပ်ပုံ​ ဖြန့်​တဲ့ ဥပဒေ​နဲ့ တရားစွဲခံရ​နိုင်တယ်။

စဉ်းစား​ကြည့်​ပါ– အွန်လိုင်း​ပေါ်ကနေ ညစ်ညမ်း​ရုပ်ပုံတွေ ကြည့်​တဲ့၊ ပို့​တဲ့ ထောင်ချောက်​ထဲ မကျ​အောင် သားသမီးတွေကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။—ဧဖက် ၅:၃၊ ၄

လုပ်ဆောင်​နိုင်​တဲ့ အချက်များ

သားသမီးတွေကို လေ့ကျင့်ပေး​ပါ

နည်း​ပညာ​နဲ့​ပတ်သက်​လာ​ရင် ကလေး​တွေ​က တတ်​လွယ်ပေမဲ့ ထိန်းပေး​ဖို့​တော့ လိုတယ်။ ဖုန်း​ကို ဘယ်လို အကျိုးရှိရှိ သုံး​ရမယ်ဆိုတာ မသိတဲ့ ကလေး​ကို ဖုန်း​ပေး​လိုက်တာ​က “ရေ​မ​ကူး​တတ်​တဲ့ ကလေး​ကို တာဝန်​မဲ့​စွာ​နဲ့ ရေကန်​ထဲ ဒိုင်ဗင်​ထိုးခိုင်း​တာ​နဲ့ တူတယ်” လို့ စာအုပ်​တစ်အုပ်​က ဆိုတယ်။

ကျမ်းစာ အခြေခံ​မူ– “ကလေး​ကို သူ​ သွား​သင့်တဲ့​လမ်းအတိုင်း လေ့ကျင့်ပေး​ပါ။ အသက်ကြီး​လာ​ရင်တောင် အဲဒီ​လမ်းကို သူ​ စွန့်ခွာ​မှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၂:၆

ကိုယ်​ကြိုးစား​ချင်​တဲ့ အချက်​တွေ မှတ်သားပါ။ စိတ်ကူး​ထား​တဲ့​အချက်​တွေ ချရေး​ပါ။

  • အွန်လိုင်း​ သုံးတဲ့​အခါ ရှိ​ရမယ့် အမူအကျင့်ကောင်း​တွေ​ကို သားသမီးတွေ​နဲ့ ဆွေးနွေး​မယ်။

  • ဖယ်ကြဉ်​ခံရတယ်​ဆို​တဲ့ ခံစားချက် မဝင်​အောင် ကူညီ​ပေး​မယ်။

  • မသင့်​တော်​တာ​တွေ မ​ပေါ်လာ​အောင် အတတ်နိုင်ဆုံး ပိတ်​ထား​ပေး​မယ်။

  • ကလေး​ရဲ့ ဖုန်း​ကို မကြာခဏ စစ်ဆေး​မယ်။

  • တစ်​ရက်ကို အချိန်​ဘယ်လောက်​ပဲ သုံး​ရမယ်ဆိုတာ ကန့်သတ်​ပေး​မယ်။

  • ကလေး​တစ်ယောက်တည်း ရှိတဲ့​အချိန်၊ အထူးသဖြင့် အိပ်ချိန်​မှာ ကလေး ဖုန်း​သုံးတာ​ကို တားမြစ်​မယ်။

  • ထမင်း​ဝိုင်း​မှာ ဖုန်း​မ​သုံးဖို့ တားမြစ်​မယ်။