နည်းပညာက အိမ်ထောင်ရေးကို ထိခိုက်စေနိုင်
နည်းပညာကို အကျိုးရှိရှိ သုံးမယ်ဆိုရင် ဇနီးမောင်နှံကြားမှာ ရှိတဲ့ ဆက်ဆံရေး ပိုခိုင်မြဲနိုင်တယ်။ သူတို့နှစ်ယောက်ကို တစ်နေကုန် အဆက်အသွယ်မပြတ် ရှိစေနိုင်တယ်။
ဒါပေမဲ့ နည်းပညာကို တလွဲ အသုံးပြုမယ်ဆိုရင်
-
အတူရှိနေရမယ့် တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးသွားနိုင်တယ်။
-
မလိုအပ်ဘဲ အလုပ်တွေ အိမ်ကို ပါလာနိုင်တယ်။
-
ယုံကြည်မှု ပျက်ပြားတာ၊ သစ္စာမဲ့တာ ဖြစ်သွားနိုင်တယ်။
သိထားသင့်တဲ့ အချက်များ
အတူရှိနေရမယ့် အချိန်
မိုက်ကယ်လို့ ခေါ်တဲ့ ခင်ပွန်းတစ်ယောက် ဒီလိုပြောတယ်– “တစ်ခါတလေ ကျွန်တော့်ဇနီးနဲ့ အတူရှိနေပေမဲ့ မရှိသလို ခံစားရတယ်။ သူက ဖုန်းကိုပဲ ကြည့်နေတယ်။ ဒါနဲ့တောင် ‘ကျွန်မ အခုထိ မကြည့်ရသေးဘူး’ လို့ ပြောတယ်။” ဂျိုနသန်လို့ ခေါ်တဲ့ ခင်ပွန်းတစ်ယောက်က “လင်မယားနှစ်ယောက် အတူရှိနေပေမဲ့ တစ်နယ်စီ ဝေးနေသလိုပဲ” လို့ ပြောတယ်။
စဉ်းစားကြည့်ပါ– ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူရှိနေချိန်မှာ ဖုန်း၊ စာတို ဘယ်နှခါလောက် ပြန်ဖြေနေသလဲ။—ဧဖက် ၅:၃၃။
အလုပ်
တချို့သူတွေက အလုပ်ရဲ့ သဘောသဘာဝအရ ဖုန်းတွေ၊ စာတွေကို တစ်ချိန်လုံး ဖြေနေရတယ်။ တချို့တွေရဲ့ အလုပ်ကတော့ အိမ်အထိ သယ်လာစရာ မလိုဘူး။ လီလို့ ခေါ်တဲ့ ခင်ပွန်းတစ်ယောက်က “ဇနီးနဲ့ အတူရှိနေချိန်မှာ အလုပ်က ဖုန်းတွေ၊ စာတွေကို ပြန်မဖြေဖို့ဆိုတာ နည်းနည်းတော့ ခက်တယ်” လို့ ပြောတယ်။ ဂျွိုင်းလို့ ခေါ်တဲ့ ဇနီးကလည်း “ကျွန်မ အိမ်ကနေ အလုပ်လုပ်တယ်။ ဒါကြောင့် လုပ်စရာ အမြဲ ရှိနေတယ်။ ဟန်ချက်ညီဖို့ အတော် ကြိုးစားရတယ်” လို့ ဆိုတယ်။
စဉ်းစားကြည့်ပါ– ကိုယ့်အိမ်ထောင်ဖက် စကားပြောနေတဲ့အခါ အာရုံစိုက် နားထောင်ပေးသလား။—လုကာ ၈:၁၈။
သစ္စာရှိခြင်း
အိမ်ထောင်သည်တစ်ယောက် လူမှုမီဒီယာပေါ် တင်တဲ့ အကြောင်းအရာကို သူ့ရဲ့ အိမ်ထောင်ဖက်က သံသယဝင်လို့ ကတောက်ကဆတ် ဖြစ်ကြတယ်လို့ လေ့လာဆန်းစစ်ချက် တစ်ခုက ဆိုတယ်။ ဆယ်ရာခိုင်နှုန်းက အိမ်ထောင်ဖက် မသိအောင် ခိုးပြီး တင်ကြတယ်လို့ ဝန်ခံတယ်။
အကြောင်းကောင်း ရှိလို့ လူမှုမီဒီယာကို “အိမ်ထောင်သည်တွေအတွက် မြေမြှုပ်မိုင်း နယ်မြေ၊” “အိမ်ထောင်ဖောက်ပြန်ရေး ဝန်ဆောင်မှု” လို့ ဆိုကြတယ်။ ဒါကြောင့် အိမ်ထောင်တွေ ပြိုကွဲတာ လူမှုမီဒီယာကြောင့်လို့ ရှေ့နေတွေ ပြောတာ အံ့ဩစရာ မဟုတ်ပါဘူး။
စဉ်းစားကြည့်ပါ– ကိုယ့်အိမ်ထောင်ဖက် မသိဘဲ လိင်ခြားသူတစ်ယောက်နဲ့ ပုန်းလျှိုးကွယ်လျှိုး ဆက်သွယ်နေသလား။—ပညာအလိမ္မာ ၄:၂၃။
လုပ်ဆောင်နိုင်တဲ့ အချက်များ
ဦးစားပေးရာတွေကို သတ်မှတ်ပါ
အစားမစားတဲ့သူက ကျန်းမာမှာ မဟုတ်ဘူး။ အဲဒီလိုပဲ အိမ်ထောင်ဖက်ကို အချိန်မပေးရင် ပျော်ရွှင်သာယာတဲ့ အိမ်ထောင် မဖြစ်နိုင်ဘူး။—ဧဖက် ၅:၂၈၊ ၂၉။
ကျမ်းစာ အခြေခံမူ– “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိနိုင်ကြ” ပါ။—ဖိလိပ္ပိ ၁:၁၀။
နည်းပညာကြောင့် အိမ်ထောင်ကို မထိခိုက်စေချင်လို့ ကိုယ်ကြိုးစားချင်တဲ့ အကြံပြုချက်တွေကို ဆွေးနွေးပါ။ စိတ်ကူးထားတဲ့အချက်တွေ ချရေးပါ။
-
အနည်းဆုံး တစ်နေ့ တစ်ကြိမ် အတူ လက်ဆုံစားမယ်
-
ဖုန်း/တက်ဘလက်တွေ မသုံးတဲ့အချိန်ကို သတ်မှတ်မယ်
-
အတူတွေ့ဆုံမယ့် ညနေခင်း ဒါမှမဟုတ် အထူးအချိန်တစ်ခု သတ်မှတ်မယ်
-
ညအိပ်တဲ့အခါ ဖုန်း/တက်ဘလက်တွေ ပိတ်ထားမယ်
-
ဖုန်း/တက်ဘလက်ကို အနားမှာ မထားဘဲ အိမ်ထောင်ဖက်နဲ့ တစ်ရက် ၁၅ မိနစ် စကားပြောဖို့ အချိန် ဖယ်ထားမယ်
-
အင်တာနက် ပိတ်ထားမယ့်အချိန်ကို သတ်မှတ်မယ်