မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံး​အကြောင်းအရာ | ဖတ်​သင့်​ဖတ်​ထိုက်တဲ့ အကောင်းဆုံး​စာအုပ်

သမ္မာကျမ်းစာ—ကဏ္ဍတိုင်းမှာ တိကျမှန်ကန်

သမ္မာကျမ်းစာ—ကဏ္ဍတိုင်းမှာ တိကျမှန်ကန်

သိပ္ပံပညာ​အရ တိကျမှန်ကန်

သမ္မာကျမ်းစာ​ဟာ သိပ္ပံ​ပြဋ္ဌာန်း​စာအုပ် မဟုတ်​ပေ​မဲ့ သဘာဝ​လောက​အကြောင်း ပြောတဲ့အခါ တိကျမှန်ကန်​တယ်။ မိုးလေဝသ​ပညာနဲ့ မျိုးရိုးဗီဇ​ပညာ​နယ်ပယ်​က နမူနာ​တွေကို လေ့လာ​ကြည့်ပါ။

မိုးလေဝသ​ပညာ—မိုး​ရေ​ဖြစ်ပေါ်လာပုံ

မိုးလေဝသ​ပညာရပ်

‘ဘုရားက ရေ​စက်​တွေကို ဆွဲယူ​တယ်။ ရေခိုးရေငွေ့​တွေ​က မိုး​ရေ​အဖြစ် ငွေ့ရည်​ဖွဲ့​တယ်။ အဲဒီနောက် မိုးတိမ်​တွေကနေ မိုးရွာ​ချ​တော့​တယ်’ လို့ ကျမ်းစာ​ပြောတယ်။—ယောဘ ၃၆:၂၇၊ ၂၈

သမ္မာကျမ်းစာ​က ရေသံသရာ​ရဲ့ အဓိက​အဆင့် သုံးဆင့်​ကို ဖော်ပြတယ်။ အပူ​ကို ဖြစ်ပေါ်​စေတဲ့​အရှင် ဘုရားသခင်​ဟာ (၁) ရေငွေ့ပြန်ခြင်း​အားဖြင့် “ရေ​စက်​တွေကို ဆွဲယူ​တယ်။” အဲဒီနောက် (၂) ငွေ့ရည်​ဖွဲ့​ခြင်းအားဖြင့် အငွေ့​ပြန်သွား​တဲ့ ရေခိုးရေငွေ့​တွေဟာ တိမ်​တိုက်​အဖြစ် ပြောင်းလဲ​သွားပြီး (၃) မိုး​ရေ​အဖြစ် ရွာ​ချ​တယ်။ မိုးလေဝသ​ပညာရှင်တွေဟာ မိုး​ရေ​ဖြစ်ပေါ်လာပုံ အသေးစိတ်​ကို အခုထိ အပြည့်အဝ နားမလည်​ဘူး။ “တိမ်​လွှာ​တွေအကြောင်း . . . ဘယ်သူ သိနားလည်​နိုင်သလဲ” လို့ ကျမ်းစာမှာ မေး​ထားတာ စိတ်ဝင်စား​စရာ​ပဲ။ (ယောဘ ၃၆:၂၉) ဖန်ဆင်းရှင်​က​တော့ ရေသံသရာ​အကြောင်း နားလည်​ပြီး အချက်အလက် အတိအကျ​ကို ကျမ်းစာမှာ ရေးသား​စေခဲ့တယ်။ ရေသံသရာ​အကြောင်းကို သိပ္ပံ​နည်း​အရ လူတွေ မရှင်းပြ​နိုင်​ခင် ကြာမြင့်စွာ​ကတည်းက ရေးသား​စေခဲ့​တာ ဖြစ်တယ်။

မျိုးရိုးဗီဇ​ပညာ—သန္ဓေသားလောင်း ကြီးထွားလာပုံ

မျိုးရိုးဗီဇ​ပညာ

ကျမ်းရေးသူ ဘုရင်ဒါဝိဒ်က “ကျွန်တော် သန္ဓေသားလောင်း​အရွယ်မှာ​တောင် ကိုယ်တော်​မြင်​တယ်။ [အင်္ဂါ​အစိတ်အပိုင်း​လေး​တွေကို] ကိုယ်တော့်​စာစောင်​ထဲမှာ တစ်ခု​မကျန် ရေးမှတ်​ထားတယ်” လို့ ဘုရားသခင်ကို ပြောခဲ့တယ်။ (ဆာလံ ၁၃၉:၁၆) ရှိ​နှင့်​ပြီးသား “စာစောင်” မှာ ရေးထားတဲ့ ညွှန်ကြားချက်​တွေ​အတိုင်း သန္ဓေသား​ကြီးထွားလာပုံ​ကို ဒါဝိဒ် ကဗျာဆန်ဆန် ရေးခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၃,၀၀၀ လောက်​က အဲဒီလို​ရေးခဲ့​တာ အံ့သြစရာ​ပဲ။

၁၈​၆​၀ ဝန်းကျင်​လောက်မှာ သြစတြီးယား​လူမျိုး ရုက္ခဗေဒ​ပညာရှင် ဂရက်ဂါ မန်ဒဲလ်​က မျိုးရိုးဗီဇ​ရဲ့ အခြေခံ​သဘောတရား​ကို တွေ့ရှိခဲ့တယ်။ ၂၀​၀၃၊ ဧပြီလ​ရောက်မှပဲ သုတေသီ​တွေဟာ သက်ရှိ​လူသား​တစ်ယောက် ဖြစ်တည်​နိုင်​ဖို့ လိုအပ်တဲ့ မျိုးရိုးဗီဇ​အချက်အလက်​အားလုံး ပါဝင်တဲ့ လူ့​မျိုးရိုးဗီဇ​ဖြစ်​စဉ်​ကို သိရှိ​သွားတယ်။ အဘိဓာန်​တစ်အုပ်​မှာ စကားလုံးတွေ​ကို စနစ်တကျ စီစဉ်​ထား​သလို မျိုးရိုးဗီဇ​မှာပါတဲ့ မျိုးရိုးဗီဇ​ညွှန်ကြားချက်​တွေကို စနစ်တကျ စီစဉ်​ထားတယ်။ အဲဒီ​ညွှန်ကြားချက်​တွေ​အတိုင်း သန္ဓေသား​ရဲ့ ဦးနှောက်၊ နှလုံး၊ အဆုတ်​နဲ့ ခြေလက်အင်္ဂါ​တွေဟာ အစီအစဉ်​တ​ကျ သူ့​အချိန်နဲ့​သူ ဖြစ်တည်​လာတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေ​က မျိုးရိုးဗီဇ​ကို “အသက်​စာအုပ်” လို့ခေါ်​ကြတာ သင့်လျော်ပါတယ်။ ကျမ်းရေး​သူ ဒါဝိဒ်ဟာ ဘယ်လို​လုပ်ပြီး အဲဒီလောက် အတိအကျ ပြော​နိုင်ခဲ့​တာလဲ။ “ယေဟောဝါရဲ့ စွမ်းအားတော်​က ငါ​က​တစ်ဆင့် ပြောတယ်။ နှုတ်တော်ထွက်​စကားဟာ ငါ့​လျှာ​ပေါ်မှာ ရှိတယ်” လို့ သူ နှိမ့်ချ​စွာ ဝန်ခံ​ခဲ့တယ်။ *၂ ရှမွေလ ၂၃:၂

အနာဂတ်​အကြောင်း အတိအကျ ကြိုဟော

တိုင်းနိုင်ငံ​တွေ၊ မြို့​တွေ ဘယ်​အချိန်​မှာ၊ ဘယ်လိုနည်းနဲ့၊ ဘယ်​အတိုင်းအတာ​အထိ တည်ရှိ​လာမယ်၊ ဒါမှမဟုတ် ကျရှုံး​သွားမယ်​ဆိုတာ သိ​ဖို့ လုံးဝ​မဖြစ်နိုင်ဘူး။ ကျမ်းစာက​တော့ အင်အားကြီး​တဲ့ နိုင်ငံ​တွေ၊ မြို့​တွေ ပျက်စီးခြင်း​အကြောင်း အသေးစိတ် ကြိုဟော​ခဲ့တယ်။ နမူနာ​နှစ်ခု​ကို သုံးသပ်ကြည့်ပါ။

ဗာဗုလုန်မြို့ ကျရှုံး​ပျက်စီးခြင်း

ရှေးခေတ်​ဗာဗုလုန်မြို့​ဟာ အနောက်​အာရှတစ်ခွင်​ကို ရာစုနှစ်​နဲ့​ချီ သြဇာလွှမ်းမိုး​ထားတဲ့ အင်အားကြီး အင်ပါယာ​ရဲ့ အချက်အချာ​ဖြစ်တယ်။ ဒါပေမဲ့ ဆိုင်းရပ်​လို့ခေါ်တဲ့ အောင်နိုင်သူ​က ဗာဗုလုန်မြို့​ကို သိမ်းပိုက်​ပြီး ထာဝစဉ် လူသူကင်းမဲ့​တဲ့​နေရာ ဖြစ်စေ​မယ်​ဆိုတာ အနှစ် ၂၀​၀ လောက်​ကြိုဟော​ဖို့ ကျမ်းရေးသူ ဟေရှာယ​ကို ဘုရားသခင် လှုံ့ဆော်​ခဲ့တယ်။ (ဟေရှာယ ၁၃:၁၇-၂၀။ ၄၄:၂၇၊ ၂၈။ ၄၅:၁၊ ၂) တကယ်ပဲ အဲဒီလို​ဖြစ်ခဲ့​သလား။

သမိုင်း

ဘီစီ ၅၃၉၊ အောက်တိုဘာ​လ တစ်ည​မှာ မဟာ​ဆိုင်းရပ်​ က ဗာဗုလုန်​ကို သိမ်းပိုက်​ခဲ့တယ်။ တစ်ချိန်​တုန်းက မြေ​သြဇာ​ကောင်းတဲ့ ပတ်ဝန်းကျင်​ဒေသ​ကို ရေ​ဖြန့်ဝေပေး​တဲ့ တူးမြောင်း​တွေဟာ နောက်ပိုင်းမှာ ခန်းခြောက်​လာတယ်။ အေဒီ ၂၀၀ ရောက်​တော့ အဲဒီ​ဒေသ​ဟာ ကန္တာရ​ဖြစ်သွား​တယ်လို့ ပြော​ကြ​တယ်။ အခု​ချိန်မှာ ဗာဗုလုန်မြို့​နေရာမှာ အပျက်အယွင်း​တွေပဲ ရှိနေ​တယ်။ ကျမ်းစာမှာ အတိအကျ ကြိုဟော​ထားတဲ့​အတိုင်း ဗာဗုလုန်မြို့​ဟာ “လူသူကင်းမဲ့” နေတယ်။—ယေရမိ ၅၀:၁၃

ကျမ်းရေးသူ​ဟာ ဘယ်လို​လုပ်ပြီး ဒီလောက် အတိအကျ ကြိုဟော​နိုင်တာ​လဲ။ “အာမွတ်​ရဲ့​သား ဟေရှာယ​က ဗာဗုလုန်​ခံရ​မယ့် တရားစီရင်ချက်​ကို စိတ်အာရုံ​မှာ မြင်ခဲ့တယ်” လို့ ကျမ်းစာ ဖော်ပြတယ်။—ဟေရှာယ ၁၃:၁

“ကန္တာရ​လို ခြောက်သွေ့” တဲ့ နိ​န​ဝေ​မြို့

အဆီးရီးယား​အင်ပါယာ​ရဲ့ မြို့တော် နိ​န​ဝေ​ဟာ ဗိသုကာ​လက်ရာမြောက်​တဲ့​မြို့ ဖြစ်တယ်။ လမ်းမကြီး​တွေ၊ ဥယျာဉ်​တွေ၊ ဗိမာန်တွေ​နဲ့ နန်းတော်ကြီး​တွေကြောင့် ခမ်းနားထည်ဝါ​တယ်။ ဒါပေမဲ့ ဒီ​မြို့ကြီး​ဟာ “ကန္တာရ​လို ခြောက်သွေ့​သွားမယ်” လို့ ပရောဖက်​ဇေဖနိ ကြိုဟော​တယ်။—ဇေဖနိ ၂:၁၃-၁၅

ဘီစီ ခုနစ်ရာစု​မှာ ဗာဗုလုန်​နဲ့ မီးဒီးယား​တပ်ပေါင်းစု​က နိ​န​ဝေ​မြို့​ကို အစ​တုံး ဖျက်ဆီး​လိုက်တယ်။ ဖျက်ဆီး​ခံ​လိုက်ရတဲ့​မြို့​ဟာ “နှစ်ပေါင်း ၂,၅၀၀ ကြာ တိမ်​ကော​သွားခဲ့တယ်” လို့ အ​ကိုး​အကား​တစ်ခုက ဆိုတယ်။ လူတွေဟာ နိ​န​ဝေ​မြို့ တကယ်​တည်ရှိ​ခဲ့သလား​ဆိုတာ အချိန်​အတန်ကြာ သံသယဝင်ခဲ့ကြတယ်။ ၁၉ ရာစု​အလယ်ပိုင်း​ကျ​မှ ရှေးဟောင်း​သုတေသန​ပညာရှင်တွေက နိ​န​ဝေ​မြို့​အပျက်အယွင်း​တွေကို တူးဖော်​တွေ့ရှိ​ခဲ့ကြတယ်။ အခု​ချိန်မှာ အဲဒီ​ဒေသ​ဟာ ပျက်စီးယိုယွင်း​လာတဲ့အတွက် ကမ္ဘာ့​အမွေအနှစ် ရန်ပုံငွေ​အဖွဲ့​က​တောင် “နိ​န​ဝေ​မြို့​ရဲ့ ရှေးဟောင်း​အပျက်အယွင်း​တွေဟာ ထပ်​ပြီး ပျောက်ကွယ်​သွားနိုင်တယ်” လို့ သတိပေး​ခဲ့ရတယ်။

ဇေဖနိ​ဟာ ဘယ်လို​လုပ်ပြီး အဲဒီလို ကြိုဟော​နိုင်ခဲ့​တာလဲ။ “ယေဟောဝါရဲ့ စကားတော် [သူ့​ဆီ] ရောက်လာ​တယ်” လို့ သူပြောတယ်။—ဇေဖနိ ၁:၁

သမ္မာကျမ်းစာ​က ဘဝနဲ့​ဆိုင်တဲ့ အရေးကြီး​မေးခွန်းတွေကို ဖြေဆို​ပေး

ဘဝနဲ့​ဆိုင်တဲ့ အရေးကြီး​မေးခွန်းတွေရဲ့ ကျေနပ်စရာ​ကောင်းတဲ့ အဖြေ​တွေ ကျမ်းစာ​ထဲမှာ ပါတယ်။ အောက်ပါ​နမူနာ​တွေကို သုံးသပ်ကြည့်ပါ။

ကမ္ဘာပေါ်မှာ ဆိုးသွမ်းမှု​တွေ၊ ဆင်းရဲဒုက္ခ​တွေ ဘာကြောင့် ဒီလောက်​များ​ရတာလဲ

ဆိုးသွမ်းမှု​တွေ၊ ဆင်းရဲဒုက္ခ​တွေအကြောင်း ကျမ်းစာမှာ အများကြီး ဖော်ပြထားတယ်။

  1. ၁။ “လူ​လူ​ချင်း အုပ်ချုပ်​တာဟာ ထိခိုက်နစ်နာ​စရာ​တွေပဲ ဖြစ်စေတယ်။”ဒေသနာ ၈:၉

    အရည်အချင်း​မရှိ၊ အကျင့်ပျက်​ခြစား​တဲ့ လူ့အုပ်ချုပ်မှု​ကြောင့် ဒုက္ခ​တွေ အများကြီး ကြုံနေ​ရတယ်။

  2. ၂။ ‘လူအားလုံး​ဟာ မျှော်လင့်မထားတဲ့ အချိန်​မှာ မျှော်လင့်မထားတဲ့ဖြစ်ရပ်​တွေ ကြုံရ​တတ်တယ်။’ဒေသနာ ၉:၁၁

    ရောဂါဆိုး​တွေ၊ ဘေးဆိုး​တွေ၊ မတော်တဆမှု​တွေ စတဲ့ ကြိုမမြင်နိုင်​တဲ့ ဖြစ်ရပ်တွေကို အချိန်မရွေး၊ နေရာ​မရွေး၊ လူတိုင်း ကြုံတွေ့​နိုင်တယ်။

  3. ၃။ “အပြစ်​ဟာ လူတစ်ယောက်​ကြောင့် လူ့လောက​ထဲ ရောက်လာ​တယ်။ အပြစ်​ကြောင့် သေခြင်း​လည်း ပေါ်ပေါက်​လာတယ်။”ရောမ ၅:၁၂

    ပထမ​လူသား​မောင်နှံ ဖန်ဆင်းခံ​ရချိန် အစ​ကနဦး​က ပြည့်ဝ​စုံလင်​တယ်၊ သေခြင်း မရှိဘူး။ ဖန်ဆင်းရှင်ကို သူတို့ တမင်တကာ မနာခံ​ချိန်မှာ အပြစ်​ဟာ “လူ့လောက​ထဲ ရောက်လာ​တယ်။”

ကျမ်းစာမှာ လူတွေ ဆင်းရဲဒုက္ခ​ကြုံရတဲ့ အကြောင်းရင်းကို ရှင်းပြ​ရုံမက​ဘူး။ ဆိုးသွမ်းမှု​ကို ဘုရား ဖယ်ရှားပစ်​မယ်၊ “သူတို့ရဲ့ မျက်ရည်​ရှိသမျှ​ကို သုတ်​ပေး​လိမ့်မယ်။ သေခြင်း​ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်း​တာ၊ အော်ဟစ်​တာ၊ နာကျင်​တာ​တွေလည်း ရှိတော့မှာ မဟုတ်ဘူး” လို့လည်း ကျမ်းစာ ကတိပေး​ထားတယ်။—ဗျာဒိတ် ၂၁:၃၊ ၄

လူသေ​တဲ့အခါ ဘာဖြစ်​သွား​သလဲ

သေခြင်း​ဆိုတာ ဘာမှ မသိ​တော့၊ မလုပ်ဆောင်​နိုင်​တော့​တဲ့ အခြေအနေ​ဖြစ်တယ်လို့ ကျမ်းစာ ရှင်းပြ​တယ်။ “အသက်ရှင်နေ​သူက သေ​ရမှာ​ကို သိတယ်။ သေလွန်သူ​က​တော့ ဘာမှ​မသိ​ဘူး” လို့ ဒေသနာ ၉:၅ မှာ ပြောတယ်။ သေသွား​ရင် “အကြံအစည်​တွေ ပျက်စီး​သွားတယ်။” (ဆာလံ ၁၄၆:၄) သေ​တဲ့အခါ အာရုံခံ​အင်္ဂါ​တွေရဲ့ လုပ်ဆောင်မှု​အပါအဝင် ဦးနှောက်​လုပ်ဆောင်မှု​မှန်သမျှ ရပ်ဆိုင်း​သွားတယ်။ ဒါကြောင့် သေ​ပြီ​ဆိုရင် ဘာမှ မလုပ်ဆောင်​နိုင်၊ မခံစား​နိုင်၊ မစဉ်းစား​နိုင်​တော့ဘူး။

ကျမ်းစာမှာ လူသေ​တွေရဲ့​အခြေအနေကို ရှင်းပြ​ရုံ​တင်​မက​ဘူး။ သေခြင်း​မှာ အိပ်ပျော်​ရာ​က​နေ ပြန်​နိုးထ​ပြီး အသက်ပြန်​ရှင်​လာ​ကြ​မယ်ဆို​တဲ့ စိတ်ချမ်းသာ​စရာ မျှော်လင့်ချက်​ကိုပါ​ ဖော်ပြထားတယ်။—ဟောရှေ ၁၃:၁၄။ ယောဟန် ၁၁:၁၁-၁၄

ဘဝရည်ရွယ်ချက်​ဟာ ဘာလဲ

ယေဟောဝါဘုရား​သခင်​ဟာ လူယောက်ျား​နဲ့ မိန်းမ​ကို ဖန်ဆင်း​တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (ကမ္ဘာဦး ၁:၂၇) ဒါကြောင့် ပထမ​လူ​အာဒံ​ကို “ဘုရားသခင်ရဲ့​သား” လို့ခေါ်​တယ်။ (လုကာ ၃:၃၈) လူ​ကို ဖန်ဆင်း​ရတဲ့ ရည်ရွယ်ချက်​ဟာ ကောင်းကင်ဖခင်​နဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ရှိ​ဖို့၊ ကမ္ဘာပေါ်မှာ ပျော်ပျော်ရွှင်ရွှင်၊ အကျိုးရှိရှိ ထာဝစဉ် နေထိုင်​ဖို့​ပဲ။ ဒါကြောင့် ဘုရားသခင်​အကြောင်း သိ​လို​တဲ့ မွေးရာပါ​ဆန္ဒ လူတိုင်း​မှာ ရှိတယ်။ “ဘုရားသခင်ကို မှီခို​ဖို့ လိုအပ်​မှန်း သိမြင်​သူတွေ ပျော်ရွှင်ချမ်းမြေ့​တယ်” လို့ ကျမ်းစာ ပြောတယ်။—မဿဲ ၅:၃

‘ဘုရားသခင်ရဲ့ တရားစကား​ကို ကြားနာ​ပြီး လိုက်လျှောက်​တဲ့​သူဟာ ပျော်ရွှင်ချမ်းမြေ့​တယ်’ လို့လည်း ကျမ်းစာ​ပြောတယ်။ (လုကာ ၁၁:၂၈) ကျမ်းစာ​ဟာ ဘုရားသခင်​အကြောင်း သိ​စေ​ရုံ​တင်​မက​ဘူး၊ ပျော်ရွှင်​တဲ့ဘဝနဲ့ နေထိုင်​နိုင်အောင် ကူညီပေးတယ်။ အနာဂတ်​မျှော်လင့်ချက်​လည်း ရှိစေတယ်။

ကျမ်းစာ​အာဘော်ရှင်​နဲ့ အသင်

အထောက်အထားတွေ​ကို သုံးသပ်​ပြီးတဲ့နောက် သမ္မာကျမ်းစာ​ဟာ ရှေးဟောင်း​စာပေ​တစ်ခုလောက်​ပဲ မဟုတ်မှန်း ကမ္ဘာ​တစ်ဝန်း​မှာရှိတဲ့ လူသန်းပေါင်းများစွာ ကောက်ချက်ချ​ကြ​တယ်။ ကျမ်းစာ​ဟာ စွမ်းအားတော် လမ်းညွှန်မှု​နဲ့​ရေးထားတဲ့ ဘုရားရဲ့​စကား​ဖြစ်မှန်း၊ သင်​အပါအဝင် လူသားတွေနဲ့ ဘုရား​ဆက်သွယ်​တဲ့ လမ်းကြောင်း​ဖြစ်မှန်း သူတို့ ယုံကြည်ကြတယ်။ ဘုရားသခင်​က သူနဲ့​သိကျွမ်း​ပြီး မိတ်ဆွေ​ဖြစ်အောင်​လုပ်ဖို့ ကျမ်းစာမှာ ဖိတ်ခေါ်​ထားတယ်။ “ဘုရားသခင်​နဲ့ ရင်းနှီး​အောင် ကြိုးစားပါ။ ဒါဆို​ရင် ဘုရားသခင်​လည်း ခင်ဗျား​တို့​နဲ့ ရင်းနှီး​လာ​လိမ့်မယ်” လို့ ကျမ်းစာ ကတိ​ပေးတယ်။—ယာကုပ် ၄:၈

ကျမ်းစာကို အပတ်တကုတ် လေ့လာ​မယ်ဆိုရင် ပီတိဖြစ်​စရာ အလားအလာ​ကို ရရှိ​စေတယ်။ ဘာ​အလားအလာ​လဲ။ စာအုပ်တစ်အုပ်​ကို ဖတ်​ရင် စာရေးသူ​ရဲ့​စိတ်​ကို အရိပ်အမြွက်​သိနိုင်​သလို ကျမ်းစာ ဖတ်​မယ်ဆိုရင် ကျမ်းစာ​အာဘော်ရှင် ဘုရားသခင်ရဲ့ အတွေးအခေါ်​နဲ့ ခံစားချက်တွေ​ကို သိလာ​နိုင်တယ်။ ဒါဟာ သင့်အတွက် ဘာ​အဓိပ္ပာယ်​ရှိမှန်း စဉ်းစားကြည့်ပါ​ဦး။ သင့်ကို​ဖန်ဆင်း​တဲ့​အရှင်​ရဲ့ စိတ်သဘောထား​နဲ့ ခံစားချက်တွေ​ကို​တောင် သိနိုင်တဲ့​အလားအလာ ရှိနေ​တယ်။

ပိုသိချင်ပါသလား။ သင့်ကို ယေဟောဝါသက်သေ​တွေ ဝမ်းမြောက်ဝမ်းသာ ကူညီပေး​ချင်​ပါတယ်။ သင်​နဲ့ အခမဲ့ ကျမ်းစာလေ့လာ​ဖို့ သူတို့ စီစဉ်​ပေးပါ​လိမ့်မယ်။ ကျမ်းစာလေ့လာ​မယ်ဆိုရင် ကျမ်းစာ​အာဘော်ရှင် ယေဟောဝါဘုရား​သခင်နဲ့ ပို​ရင်းနှီး​လာနိုင်တယ်။

ကျမ်းစာ​ဟာ စွမ်းအားတော်​လမ်းညွှန်မှု​နဲ့ ရေးထားတဲ့​ စာအုပ်​ဖြစ်မှန်း အထောက်အထား​တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေး​ထားတယ်။ ပို​သိချင်ရင် သမ္မာကျမ်းစာ အမှန်တကယ်​သွန်သင်ရာ​က ဘာလဲ စာအုပ် အခန်း ၂ ကို ဖတ်ကြည့်ပါ။ ယေဟောဝါသက်သေ​တွေ​ထုတ်ဝေတဲ့ အဲဒီစာအုပ်ကို www.pr418.com/mya မှာ ကူးယူ​နိုင်တယ်။

www.pr418.com/mya မှာ သမ္မာကျမ်းစာ အာဘော်ရှင်​က ဘယ်သူ​လဲ ဆိုတဲ့ ဗီဒီယိုကို​လည်း ကြည့်နိုင်တယ်။

စာအုပ်​စာပေများ > ဗီဒီယိုများ ခေါင်းစဉ်​အောက်မှာ ကြည့်ပါ။

^ အပိုဒ်၊ 10 ယေဟောဝါ​ဆိုတာ ကျမ်းစာ​ထဲမှာ​ပါတဲ့ ဘုရားရဲ့​နာမည်​ဖြစ်တယ်။—ဆာလံ ၈၃:၁၈