ကိုယ်နဲ့မတူတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ
ပြဿနာ
ကိုယ်မကြိုက်တဲ့ လူမျိုးထဲက လူတွေကို ရှောင်နေမယ်ဆိုရင် မလိုမုန်းထားစိတ် ပိုကြီးထွားလာမယ်။ ကိုယ်နဲ့တူတဲ့သူတွေနဲ့ပဲ မိတ်ဆွေဖွဲ့မယ်ဆိုရင် ကိုယ့်ရဲ့ အတွေးအခေါ်၊ ခံစားချက်၊ လုပ်ရပ်တွေကပဲ မှန်တယ်လို့ ယူဆလာနိုင်တယ်။
ကျမ်းစာအခြေခံမူ
“နှလုံးသားကို ကျယ်ကျယ် ဖွင့်ထားပါ။” —၂ ကောရိန္သု ၆:၁၃၊ အောက်ခြေမှတ်ချက်။
ဘာကို ဆိုလိုသလဲ။ “နှလုံးသား” ဆိုတာ စိတ်လှုပ်ရှားမှု၊ ချစ်ခင်စုံမက်မှုကို ရည်ညွှန်းလေ့ရှိတယ်။ ကိုယ်နဲ့တူတဲ့သူတွေကိုပဲ ချစ်ခင်မယ်ဆိုရင် ကိုယ့်ရဲ့ နှလုံးသားတံခါး ပိတ်သွားမယ်။ အဲဒီလို မဖြစ်အောင် ကိုယ်နဲ့မတူတဲ့သူတွေကိုလည်း မိတ်ဆွေဖွဲ့ဖို့ လိုတယ်။
မိတ်ဆွေဖွဲ့တာက ကူညီပေးနိုင်ပုံ
တခြားသူတွေနဲ့ ရင်းနှီးအောင် ကြိုးစားတဲ့အခါ ကိုယ်နဲ့ ဘာကြောင့် မတူသလဲဆိုတာ သိလာမယ်။ သူတို့နဲ့ ရင်းနှီးလာလေ ကိုယ်နဲ့ တသားတည်း ဖြစ်လာလေပဲ။ သူတို့ကို ပိုတန်ဖိုးထားလာတဲ့အခါ သူတို့ရဲ့ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေကို ဝေမျှခံစားတတ်လာတယ်။
နာဇရင်းရဲ့ နမူနာကို စဉ်းစားကြည့်ပါ။ အရင်တုန်းက သူဟာ တိုင်းတစ်ပါးက ပြောင်းရွှေ့လာသူတွေအပေါ် အပျက်သဘောထား ရှိခဲ့တယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်မ သူတို့နဲ့ ပေါင်းပြီး အတူတူ အလုပ်လုပ်တဲ့အခါ သူတို့အုပ်စုနဲ့ပတ်သက်ပြီး ကျွန်မ ကြားထားတာနဲ့ လုံးဝ မတူတဲ့သူတွေကို တွေ့ခဲ့ရတယ်။ ကိုယ်နဲ့ ယဉ်ကျေးမှု မတူတဲ့သူတွေနဲ့ ရင်းနှီးလာတဲ့အခါ သူတို့အားလုံးက ဒီပုတ်ထဲက ဒီပဲ မဟုတ်ဘူးဆိုတာ သိလာတယ်။ သူတို့ကို ပိုချစ်ခင်လာတယ်။ တစ်ယောက်ချင်းစီကို ပိုတန်ဖိုးထားလာတယ်။”
လုပ်ဆောင်နိုင်တဲ့အချက်
ကိုယ်နဲ့ နိုင်ငံ၊ လူမျိုး၊ ဘာသာစကား မတူတဲ့သူတွေနဲ့ စကားပြောဖို့ အခွင့်အရေး ရှာပါ။ ဒါတွေ လုပ်ကြည့်နိုင်တယ်–
-
သူတို့အကြောင်း မေးကြည့်ပါ။
-
အတူစားသောက်ဖို့ ဖိတ်ခေါ်ပါ။
-
သူတို့အကြောင်း ပြောပြတဲ့အခါ နားထောင်ပါ။ သူတို့ အလေးထားတာတွေကို သိအောင် လုပ်ပါ။
သူတို့ တွေ့ကြုံခဲ့တာတွေကို သိလာတဲ့အခါ သူတို့ရဲ့ ဘဝအခြေအနေကို ပိုနားလည်လာတယ်။ အဲဒီအခါ သူတို့ကို အကောင်းမြင်လာမယ်။