မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တဆေးရဲ့ ဆဲလ်ဟာ အလွန်တရာ ဆန်းကြယ်ရှုပ်ထွေးပါတယ်။ တဆေးရဲ့ ဆဲလ်တစ်ခုချင်းစီ အလယ်မှာ ဒီအဲန်အေ ရှိတယ်။ အဲဒီအပြင် ဆဲလ်တစ်ခု ရှင်သန်ဖို့ မော်လီကျူးတွေကို အမျိုးအစား ရွေးထုတ်၊ သယ်ယူပို့ဆောင်၊ ပြုပြင်ပြောင်းလဲပေးတဲ့ သေးငယ်တဲ့ စက်ကလေးတွေ ရှိတယ်။

သက်ရှိတွေကနေ ဘာသိရသလဲ

သက်ရှိတွေကနေ ဘာသိရသလဲ

ကျွန်တော်တို့ ဝန်းကျင်မှာ ရှိတဲ့ သက်ရှိတွေဟာ ရှင်သန်၊ ကြီးထွား၊ မျိုးပွားနေကြတယ်။ သက်ရှိတွေကြောင့် ကမ္ဘာဂြိုဟ်ဟာ ထူးထူးခြားခြား ဆန်းကြယ်လှပနေပါတယ်။ လူသားတွေဟာ သက်ရှိတွေအကြောင်း အရင်ကထက် ပိုသိလာကြပြီ။ သက်ရှိတွေ ဘယ်က စသလဲ။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ။

သက်ရှိတွေဟာ ပုံစံပြုခံထားရကြောင်း ထင်ရှားတယ်။ သက်ရှိတွေဟာ သေးငယ်တဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ သက်ရှိတွေ ရှင်သန်မျိုးပွားနိုင်ဖို့ ဆဲလ်တွေဟာ စက်ရုံငယ်လေးတွေလို ဆန်းကြယ်ရှုပ်ထွေးတဲ့ အလုပ်တာဝန်များစွာကို လုပ်ဆောင်တယ်။ သာမန် သက်ရှိတွေမှာတောင် အဲဒီလို ဆန်းကြယ်ရှုပ်ထွေးတဲ့ လုပ်ဆောင်မှုတွေကို တွေ့ရတယ်။ ဥပမာ၊ ပေါင်မုန့် ဖုတ်တဲ့အခါ သုံးတဲ့ တဆေးကို စဉ်းစားကြည့်ပါ။ တဆေးဟာ ဆဲလ်တစ်မျိုး ဖြစ်တယ်။ လူ့ဆဲလ်နဲ့ နှိုင်းယှဉ်လိုက်ရင် တဆေးရဲ့ ဆဲလ်က ရိုးရှင်းပုံရတယ်။ ဒါပေမဲ့ ဆန်းကြယ်ရှုပ်ထွေးလှပါတယ်။ တဆေးရဲ့ ဆဲလ်တစ်ခုချင်းစီရဲ့ အလယ်မှာ ဒီအဲန်အေ (DNA) ရှိတယ်။ ဒီအဲန်အေက ဆဲလ်ရဲ့ လုပ်ဆောင်မှုကို ညွှန်ကြားတယ်။ အစားအစာထဲ တဆေး ထည့်လိုက်တဲ့အခါ ဆဲလ်တွေက တဆေး အာနိသင် ပြဖို့ လိုအပ်တဲ့ လောင်စာ ရရှိအောင် ဓာတုပစ္စည်းတွေကို ဖြိုခွဲပေးတယ်။ အစားအစာထဲ မထည့်ဘူး၊ ဖြိုခွဲစရာ မရှိဘူးဆိုရင် ဆဲလ်ရဲ့ လုပ်ဆောင်မှု ငြိမ်သက်သွားတယ်။ ဒါကြောင့် တဆေးကို စားဖိုဆောင်မှာ အချိန်အတော်ကြာ သိမ်းထားနိုင်တယ်။ ပေါင်မုန့် ဖုတ်ဖို့ သုံးတဲ့အချိန်မှာ တဆေးက ပြန်အလုပ်လုပ်တယ်။

သိပ္ပံပညာရှင်တွေဟာ လူ့ဆဲလ်အကြောင်း ပိုသိနိုင်ဖို့ တဆေးရဲ့ ဆဲလ်တွေအကြောင်း နှစ်ပေါင်းများစွာ သုတေသန လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ နားမလည်တဲ့ အချက်များစွာ ရှိနေသေးတယ်။ “ရိုးရှင်းတဲ့ တဆေးရဲ့ လုပ်ဆောင်မှုကို လေ့လာဖို့တောင် ဇီဝဗေဒ ပညာရှင် အလုံအလောက် မရှိဘူး” လို့ ဆွီဒင်နိုင်ငံ၊ နည်းပညာ တက္ကသိုလ်က ပါမောက္ခ ရော့စ်ကင်း ပြောခဲ့တယ်။

သင် ဘယ်လို ထင်သလဲ။ ရိုးရှင်းတဲ့ တဆေးရဲ့ ဆန်းကြယ်ရှုပ်ထွေးမှုက ပုံစံပြုခံရမှန်း ဖော်ပြတဲ့ အထောက်အထားပဲ မဟုတ်လား။ ပုံစံပြုသူ မရှိဘဲ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား။

သက်ရှိကနေပဲ သက်ရှိ ဖြစ်ပေါ်လာနိုင်တယ်။ ဒီအဲန်အေဟာ နယူကလီယိုတိုက်လို့ ခေါ်တဲ့ မော်လီကျူးနဲ့ ဖွဲ့စည်းထားတယ်။ လူ့ဆဲလ်တစ်ခုဆီမှာ နယူကလီယိုတိုက် ၃.၂ ဘီလီယံ ရှိတယ်။ ဒီအဲန်အေထဲမှာ ရှိတဲ့ ဓာတုဒြပ်ပေါင်းစုတွေက ပုံစံပြာအဖြစ် ဖွဲ့စည်းပြီး အင်ဇိုင်းတွေ၊ ပရိုတိန်းတွေ ထုတ်လုပ်ဖို့ ညွှန်ကြားတယ်။

နယူကလီယိုတိုက်တွေ အကြိမ် သန်းပေါင်းများစွာ (၁ အနောက်မှာ သုည ၁၅၀) အလိုအလျောက် ပေါင်းစပ်ရင်တောင် ဒီအဲန်အေ တစ်ကြိမ်ပဲ ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ဆိုကြတယ်။ အဲဒီလို ဖြစ်လာနိုင်စရာအကြောင်း ရှိပုံ မရပါဘူး။

သက်မဲ့ကနေ သက်ရှိ ဖြစ်လာအောင် သိပ္ပံပညာရှင်တွေ ဘယ်တုန်းကမှ မလုပ်နိုင်ခဲ့ကြဘူး။

လူ့အသက်က ထူးခြားတယ်။ လူသားတွေဟာ တခြားသက်ရှိတွေနဲ့ မတူဘဲ ဘဝကို အပြည့်အဝ ပျော်မွေ့နိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတယ်။ တီထွင်ဖန်တီးနိုင်စွမ်း၊ ပြောဆို ဆက်သွယ်နိုင်စွမ်း၊ ခံစားချက်ကို ဖော်ပြနိုင်စွမ်း ရှိကြတယ်။ ကြားနိုင်၊ မြင်နိုင်၊ အရသာခံနိုင်၊ အနံ့ခံနိုင်၊ အရောင်အသွေးတွေကို မြင်နိုင်စွမ်းလည်း ရှိကြတယ်။ အနာဂတ်ကို ကြိုတင် စီစဉ်နိုင်တယ်၊ ဘဝအဓိပ္ပာယ်ကို ရှာဖွေနိုင်တယ်။

သင် ဘယ်လို ထင်သလဲ။ သက်ရှိတွေ ရှင်သန်မျိုးပွားဖို့ လိုအပ်လို့ ဒီစွမ်းရည်တွေ ဆင့်ကဲ ဖြစ်ပေါ်လာတာလား ဒါမှမဟုတ် အသက်က မေတ္တာရှိတဲ့ ဖန်ဆင်းရှင်ဆီက လက်ဆောင် ဖြစ်မှန်း ဖော်ပြသလား။