သမ္မာကျမ်းစာရှုထောင့်
ရုပ်ရည်အလှအပ
ရုပ်ရည်အလှအပအပေါ်ထားတဲ့ ကိုယ့်ရဲ့သဘောထားက စိတ်ကျေနပ်မှု ရစေသလို စိတ်တိုင်းမကျတာလည်း ဖြစ်စေတယ်။
အလှအပကို ဘာလို့ ခံစားတတ်ကြသလဲ
လူ့ဦးနှောက်ဟာ အလှအပကို သိမြင်ခံစားတတ်တယ်။ ဘာကြောင့်လဲဆိုတာ အဖြေရှာမတွေ့နိုင်သေးဘူး။ ကျမ်းစာမှာလည်း အဲဒီအကြောင်း မဖော်ပြထားပေမဲ့ အလှတရားကို လူတွေဘာလို့ သိမြင်ခံစားတတ်တယ်ဆိုတာတော့ ရှင်းပြပေးတယ်။ ဘုရားသခင်က သူ့အရည်အသွေးတွေကို လူသားတွေမှာ ထည့်သွင်းပေးထားလို့ပဲ။ (ကမ္ဘာဦး ၁:၂၇; ဒေသနာ ၃:၁၁) ဘုရားသခင်က လူ့ကိုယ်ခန္ဓာရဲ့ ပုံစံနဲ့လုပ်ဆောင်နိုင်စွမ်းကို ရှုပ်ထွေးဆန်းပြားစွာ ဖန်ဆင်းထားတယ်။ အဲဒီအကြောင်းကို ရှေးခေတ် ကျမ်းရေးသူက ‘ကျွန်တော့်ကို အံ့မခန်းဖွယ် ဖန်ဆင်းထားတဲ့အတွက် ကိုယ်တော့်ကို ချီးမွမ်းပါတယ်’ လို့ ရေးစပ်ခဲ့တယ်။—ဆာလံ ၁၃၉:၁၄၊ ကဘ။
အခုအချိန်မှာ ဖက်ရှင်ပစ္စည်းတွေနဲ့ နာမည်ကြီး မီဒီယာတွေကြောင့် ရုပ်ရည်အလှအပအပေါ် အာရုံစိုက်လွန်းတာမျိုး ဖြစ်တတ်တယ်။ အနောက်တိုင်း ယဉ်ကျေးမှုတွေကို လေ့လာထားတဲ့ စာအုပ်တစ်အုပ် (Body Image) မှာ “လူတစ်ယောက်ကို စိတ်ကျေနပ်မှု အကောင်းဆုံးပေးနိုင်တဲ့အရာက သူ့ရဲ့ ရုပ်ရည်ပဲ” လို့ ဖော်ပြတယ်။ ဒါကိုပဲ အာရုံစိုက်နေတာကြောင့် ပိုအရေးကြီးတဲ့ လူ့အတွင်းစိတ်နှလုံးကို လျစ်လျူရှုတာမျိုး ဖြစ်သွားစေတယ်။—၁ ဓမ္မရာဇဝင် ၁၆:၇။
ရုပ်ရည်ကိုယ်ခန္ဓာကိုပဲ အာရုံစိုက်လွန်းတဲ့အခါ အထူးသဖြင့် အမျိုးသမီးတွေဆိုရင် လိင်ဆိုင်ရာဆွဲဆောင်မှုအပိုင်းကိုပဲ အာရုံစိုက်တာမျိုး ဖြစ်လာတယ်။ “သတင်းမီဒီယာအားလုံးကို လေ့လာတဲ့အခါ အမျိုးသမီးတွေရဲ့ လိင်ဆိုင်ရာဆွဲဆောင်မှုကိုပဲ အသားပေးထားတယ်” လို့ ၂၀၀၇၊ အမေရိကန် စိတ်ပညာဆိုင်ရာ အဖွဲ့အစည်း (APA) က ပြောတယ်။ အဲဒီလိုအာရုံစိုက်တာမျိုးကို ရှောင်ဖို့ သမ္မာကျမ်းစာမှာ တိုက်တွန်းထားတယ်။—ကောလောသဲ ၃:၅၊ ၆။
‘ခင်ဗျားတို့ အလှဆင်တဲ့အခါ အပြင်ပန်းချည်းပဲ မဖြစ်ပါစေနဲ့။ အဲဒီအစား စိတ်ထားအလှကိုသာ ပေါ်လွင်စေပါ။ အေးချမ်းပြီး နူးညံ့တဲ့စိတ်နဲ့ ကိုယ်ကိုအလှဆင်ပါ။ အဲဒီလိုစိတ်မျိုးဟာ ဘုရားသခင့်ရှေ့မှာ အလွန်အဖိုးတန်တဲ့အပြင် မပျက်စီးတတ်တဲ့အလှလည်း ဖြစ်နေလို့ပဲ။’—၁ ပေတရု ၃:၃၊ ၄။
ရုပ်ရည်အပေါ် သဘောထားမှန်ရှိဖို့ ဘာကြောင့်အရေးကြီးသလဲ
ရုပ်ရည်အလှအပနဲ့ပတ်သက်ပြီး တချို့က “သင်က လှပတဲ့သူဆိုရင် အဲဒီအလှအပကို ထုတ်ကြွားလိုက်” လို့ ပြောကြတယ်။ အဲဒီလိုအတွေးမျိုးရှိတဲ့အသိုင်းအဝိုင်းက ဆယ်ကျော်သက်တွေနဲ့ ဆယ်ကျော်သက်မရောက်သေးတဲ့ မိန်းကလေးတွေတောင် “သူတို့ရဲ့ အလှအပကို လူတွေ ကြည့်ဖို့၊ အကဲဖြတ်ဖို့ အသုံးခံတွေအဖြစ် သူတို့ကိုယ်သူတို့ ရှုမြင်လာကြတယ်” ဆိုပြီး APA က ပြောတယ်။ အဲဒီလိုရှုမြင်တာက သိပ်အန္တရာယ်ရှိတယ်။ ဒီအမြင်မျိုးက အဓိက လူမှုပြဿနာ ဖြစ်လာပြီး ကျန်းမာရေးအရပါ စိုးရိမ်လာရပြီ။ “စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေ” ရလာနိုင်တယ်။ “စိုးရိမ်ပူပန်လွန်းတာ၊ ကိုယ့်ကိုယ်ကိုယ် ရွံမုန်းတာ၊ . . . အစာပုံမှန်မစားတော့တာ၊ သိမ်ငယ်စိတ်ဝင်တာ၊ စိတ်ဓာတ်ကျတာ” စတဲ့ အကျိုးဆက်တွေ ကြုံရနိုင်တယ်လို့ APA က ဆက်ပြောတယ်။
‘လူငယ်ဘဝနဲ့ အရွယ်ကောင်းချိန်ဟာ အချည်းနှီးပဲ။ ဒါကြောင့် စိတ်ဆင်းရဲစရာတွေကို စိတ်ထဲကနေ ထုတ်ပစ်လိုက်ပါ။ ထိခိုက်နစ်နာစေတဲ့အရာတွေ မကြုံရအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။’ —ဒေသနာ ၁၁:၁၀၊ ကဘ။
ဘယ်သဘောထားက အလှအပအပေါ် မျှတတဲ့အမြင်ရှိစေသလဲ
ကျမ်းစာမှာ ‘ချင့်ချိန်မှု’ ဒါမှမဟုတ် မျှတတဲ့အမြင်ရှိတာနဲ့ ဣန္ဒြေရှိတာကို တွဲပြီးဖော်ပြတယ်။ (၁ တိမောသေ ၂:၉) ဣန္ဒြေရှိသူတွေဟာ သူတို့ရဲ့ရုပ်ရည်အပေါ် အာရုံမစိုက်လွန်းဘဲ မျှမျှတတ ရှုမြင်ကြတယ်။ တခြားသူတွေရဲ့ ခံစားချက်ကိုလည်း ထည့်စဉ်းစားပေးတဲ့အတွက် လူတွေရဲ့ ချစ်ခင်လေးစားမှုအပြင် ဘုရားရဲ့နှစ်သက်မှုကိုပါ ရရှိကြတယ်။ (မိက္ခာ ၆:၈) လူတွေကလည်း သူတို့နဲ့ မိတ်ဆွေ ဖွဲ့ချင်ကြတယ်။ ဒါ့အပြင် ရုပ်အလှ လောက်ကိုမဟုတ်ဘဲ တည်မြဲပျော်ရွှင်တဲ့ အိမ်ထောင်ကို လိုလားသူတွေကလည်း သူတို့ကို စိတ်ဝင်စားကြတယ်။
အကြောင်းကောင်းတွေရှိလို့ ကျမ်းစာက အတွင်းလူဖြစ်တဲ့ ‘စိတ်ထားအလှကို’ အာရုံစိုက်ဖို့ တိုက်တွန်းထားပါတယ်။ (၁ ပေတရု ၃:၃၊ ၄) စိတ်ထားအလှက ဘယ်တော့မှ မအိုမင်းသွားပါဘူး။ အချိန်ကြာလေ ပိုလှလာလေပဲ။ ‘ဖြောင့်မတ်တဲ့ လမ်းစဉ်မှာ ရှိနေမယ်ဆိုရင်ဖြူတဲ့ဆံပင်ဟာ အလှသရဖူပဲ’ လို့ သုတ္တံ ၁၆:၃၁ (ကဘ) မှာပြောတယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာပါတဲ့ အကျိုးရှိတဲ့အကြံပြုချက်ကို လူကြီးလူငယ်မရွေး လိုက်လျှောက်မယ်ဆိုရင် အလှတရားအစစ်ကို ရှာတွေ့ရုံသာမက အဲဒီအလှကို တန်ဖိုးထားပြီး စိတ်ကျေနပ်မှုပါ ခံစားရပါလိမ့်မယ်။
‘ဆွဲဆောင်မှုရှိတာဟာ လှည့်စားတတ်တယ်။ အလှအပကလည်း တာရှည်မခံဘူး။ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့ မိန်းမကတော့ ချီးမွမ်းခံရလိမ့်မယ်။’—သုတ္တံ ၃၁:၃၀၊ ကဘ။