‘ချမ်းသာကြွယ်ဝတာထက် နာမည်ကောင်းရတာ ပိုကောင်း’
နာမည်ကောင်းရှိခြင်းဟာ အလွန်တန်ဖိုးရှိလို့ နိုင်ငံတချို့မှာ ဥပဒေအရ အကာအကွယ် ပေးထားတယ်။ (စာပေ ဒါမဟုတ် အသံလွှင့်ရုံကနေ) အသရေဖျက်တာ၊ သွားပုပ်လေလွင့်ပြောတာကို အရေးယူနိုင်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားတယ်။ အဲဒါက “ချမ်းသာကြွယ်ဝဖို့ထက် နာမည်ကောင်းရဖို့ ရွေးချယ်သင့်တယ်။ ရွှေငွေတွေရတာထက် ရိုသေလေးစားခံရတာ ပိုကောင်းတယ်” ဆိုတဲ့ ဆိုရိုးစကားကို အမှတ်ရစေတယ်။ (ပညာအလိမ္မာ ၂၂:၁) နာမည်ကောင်းကိုရော လူတွေရဲ့ ရိုသေလေးစားမှုကိုပါ ဘယ်လိုရနိုင်သလဲ။ သိပ်ကောင်းတဲ့ အကြံပြုချက်တွေ ကျမ်းစာမှာ ပါတယ်။
ဥပမာ၊ ဆာလံကျမ်း ၁၅ မှာ ဘာပြောထားသလဲဆိုတာ သုံးသပ်ကြည့်ပါ။ “[ဘုရားရဲ့] တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ” ဆိုတဲ့မေးခွန်းကို ဆာလံကျမ်းရေးသူက ဒီလိုဖြေတယ်– “မှန်ရာလုပ်တဲ့သူ၊ ဟုတ်တိုင်းမှန်ရာ ပြောတဲ့သူပါ။ သူက သူတစ်ပါးအကြောင်း သွားပုပ်လေလွင့် မပြောဘူး။ လူလူချင်းအပေါ် မကောင်းတာ ဘာမှမလုပ်ဘူး။ မိတ်ဆွေတွေအကြောင်း မကောင်းသတင်း မလွှင့်တတ်ဘူး။ ယုတ်ညံ့သူကို ရှောင်ခွာတယ်။ . . . ကိုယ့်အကျိုး ပျက်မယ်ဆိုရင်တောင် ကတိတည်တတ်တယ်။ . . . သူ့ဆီ လာဘ်ထိုးလို့ မရဘူး။” (ဆာလံ ၁၅:၁-၅) ဒီလမ်းညွှန်ချက်တွေအတိုင်း နေထိုင်သူကို သင် လေးစားတယ်မဟုတ်လား။
ရိုသေလေးစားမှု ရစေတဲ့ နောက်အရည်အသွေးတစ်ခုဟာ နှိမ့်ချမှုပဲ။ “နှိမ့်ချမှုရဲ့နောက်မှာ ဂုဏ်ကျက်သရေ လိုက်လာတယ်” လို့ ပညာအလိမ္မာ ၁၅:၃၃ မှာပြောတယ်။ နှိမ့်ချသူဟာ တိုးတက်ဖို့လိုတဲ့ ကဏ္ဍတွေကို သိမြင်ပြီး အစွမ်းကုန် ကြိုးစားတယ်။ တစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် လုပ်မိခဲ့ရင် တောင်းပန်ဖို့ ဝန်မလေးဘူး။ (ယာကုပ် ၃:၂) မာနကြီးတဲ့သူကတော့ အဲဒီလိုမဟုတ်ဘူး၊ ထစ်ခနဲဆို စိတ်ခုတတ်တယ်။ “မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။ မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်” လို့ ပညာအလိမ္မာ ၁၆:၁၈ မှာပြောတယ်။
တစ်ယောက်ယောက်က သင့်ကို နာမည်ဖျက်တယ်ဆိုရင်ကော။ သူ့ကို ဒေါသတကြီး တုံ့ပြန်သင့်သလား။ ‘အသရေဆည်ဖို့ ကြိုးစားရင်း အလိမ်အညာတွေ ပိုပျံ့အောင် လုပ်မိနေသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ တရားစွဲဖို့လိုတဲ့အခါတွေ ရှိနိုင်တယ်။ ဒါပေမဲ့ “ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး အလျင်စလို မတိုင်တန်းပါနဲ့။ . . . အဲဒီကိစ္စကို သူနဲ့ ဆွေးနွေးပါ” လို့ ကျမ်းစာ အကြံပြုတယ်။ (ပညာအလိမ္မာ ၂၅:၈၊ ၉) * အဲဒီလို ချင့်ချင့်ချိန်ချိန် ဖြေရှင်းမယ်ဆိုရင် တရားရေးအတွက် ကုန်ကျစရာ မလိုတော့ဘူး။
ကျမ်းစာဟာ ဘာသာရေးစာအုပ်လောက်ပဲ မဟုတ်ဘူး။ ယုံကြည်စိတ်ချရတဲ့ ဘဝလမ်းညွှန်စာအုပ်လည်း ဖြစ်တယ်။ အဲဒီလမ်းညွှန်ချက်တွေကို လိုက်နာသူတိုင်းဟာ ရိုသေလေးစားမှုနဲ့ နာမည်ကောင်း ရစေတဲ့ အရည်အသွေးတွေ မွေးမြူကြတယ်။
^ စာပိုဒ်၊ 5 အငြင်းပွားမှု ဖြေရှင်းနည်းနဲ့ပတ်သက်တဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို မဿဲ ၅:၂၃၊ ၂၄ နဲ့ ၁၈:၁၅-၁၇ မှာလည်း တွေ့နိုင်တယ်။